← Chapters

ဒေါသဘုရားရဲ့ မီးကြာပန်း

Vol. 1 Ch. 13

ဒေါသဘုရားရဲ့ မီးကြာပန်း

Vol. 1 Ch. 13

သူတို့ချင်း တွေ့ဆုံမှုသည် မျှော်မှန်းထားသည့်အတိုင်း အဆင်ပြေ ချောမွေ့မှု ရှိခဲ့သည်။

ယေဘုယျပြောရမည်ဆိုလျှင် ဝမ်လင်း အတော်အတန် ကျေနပ်မှု ရှိသည်။

သူလုပ်ဆောင်ရမည့် နောက်ဆုံးအလုပ်က မီးပန်းများ ပစ်လွှတ်မည့် အချိန်ကို စောင့်ရန်သာ ဖြစ်၏။

သို့မှသာ သူလည်း အိမ်ပြန်ခွင့်ရလိမ့်မည်။

သူ့တာဝန်ပြီးမြောက်သည်ဟုလည်း ယူဆနိုင်မည် မဟုတ်ပါလား။

စွန်းရုံ၏ အတွေးကမူ ဝမ်လင်းနှင့် ဆန့်ကျင်ဘက် ဖြစ်သည်။

ဤဒိတ်က သူမ မျှော်မှန်းထားသော အခြေအနေထက် စိတ်ဝင်စားဖွယ် မကောင်းချေ။

အတန်းဖော် ဝမ်လင်းနှင့် ဒိတ်လုပ်ခြင်းက လွယ်ကူသော ကိစ္စရပ် မဟုတ်၍ သူမအနေဖြင့် အလွယ်တကူ လက်မလျော့ချင်ပေ။

အပျိုဖြန်းလေး စွန်းရုံက သူမ၏ လှပသော မျက်ဝန်းများကို တဖျတ်ဖျတ် ခတ်လိုက်ပြီး ဝမ်လင်းကို အပိုင်ချုပ်ရန် ဦးနှောက်ကို အသားကုန် အသုံးပြုကာ တွေးကြံနေသည်။

"မီးပန်းလွှတ်တင်ပြီးရင် ငါတို့ တစ်ခုခု လုပ်သင့်လား"

"လူသူကင်းမဲ့တဲ့ အမှောင် တစ်နေရာရာကို ရှာပြီး စကားပြောကြမလား.. ဒါမှမဟုတ် တစ်ခုခု လုပ်ကြမလား"

ညလယ်ချိန်တွင် အတွဲအများစုသည် ရှောင်ပန်းခြံ၏ မီးပန်းလွှတ်တင်ခြင်းကို ကြည့်ရှုရန် ပန်းခြံအလယ်တွင် စုဝေးနေကြ၏။

အတွဲများက တစ်ယောက်ကို တစ်ယောက် ပွေ့ဖက်ပြီး ကြီးမားသော ဓားပျံကြီးများ ပေါ်တွင် ထိုင်နေကြသည်။

အတွဲအားလုံးက မီးပန်းလွှတ်ခြင်းကို စောင့်ကြည့်ရန် နေရာမျိုးစုံတွင် နေရာယူထားကြ၏။

ဝမ်လင်းနှင့် စွန်းရုံတို့က အတော်အတန် လူသူကင်းမဲ့သော နေရာတွင် ထိုင်ရန် ရွေးချယ်ခဲ့ပြီး မီးပန်းလွှတ်မည့် အချိန်ကို တည်ငြိမ်စွာ စောင့်ဆိုင်းနေကြသည်။

အခြေအနေက ကသိကအောင့် ဖြစ်စေသော အနေအထားသို့ ထပ်ရောက်သွားပြန်သည်။

သူတို့ချင်း အနီးကပ်ဆုံး အခြေအနေ ရှိသော်လည်း စွန်းရုံက နောက်ဆုံး ခြေတစ်လှမ်း လှမ်းရန် ခက်ခဲနေသည်။

ယင်းက စွန်းရုံအတွက် အလွန်နေရခက်သော အခြေအနေ ဆိုလည်းမမှားပေ။

ဤဒိတ်လေးကို ဖန်တီးရန် မလွယ်ကူသော်လည်း သူမ ပြောချင်သော စကားများကို ပြောဆိုရန် ခက်ခဲနေသည်။

အစောပိုင်းတုန်းက သူမ ရည်စူးထားသော စကားများကို မရည်ရွယ်ဘဲ မျိုသိမ့်ထားမိသည်။

ဝမ်လင်းကလည်း စွန်းရုံနှင့် ခံစားချက် ထပ်တူကျနေသည်။

သူ့အတွက် ယခုလို ပြဿနာကို ပုံမှန်ဖြေရှင်းနည်းမှာ တစ်ဖက်သူ၏ မှတ်ဉာဏ် နှင့် သူ့အပေါ်ထားရှိသာ မေတ္တာစိတ်ကို ဖယ်ရှားပစ်ခြင်း ဖြစ်သည်။

ထိုမှသာ သူ့ဘဝ အဆင်ပြေ ချောမွေ့လိမ့်မည် မဟုတ်လော။

ဝမ်လင်းက ညဥ့်ကောင်းကင်ယံကို ငေးစိုက်ကြည့်ပြီး မန္တန် အသုံးပြုနိုင်သော အခွင့်အရေးကို ရှာကြံနေသည်။

ထိုစဉ် သူ့ညာဘက်မျက်ခုံး မရပ်မနား လှုပ်ခတ်လာသည်။

ယင်းအတွက်ကြောင့် ဝမ်လင်း၏ နှလုံးသား တဒိတ်ဒိတ်ခုန်သွားရသည်။

ဤအရာက ကပ်ဘေးသတိပေးချက် ဖြစ်နေသည် မဟုတ်လော။

ဤတစ်ကြိမ်တွင် အဘယ်ကြောင့် ကပ်ဘေး သတိပေးချက် ပေါ်ထွက်လာရသနည်း။

မည်သည့် အကြောင်းကိစ္စကြောင့် ဖြစ်စေ သူ့မျက်ခုံး လှုပ်ခတ်နေ၍ ဝမ်လင်း ချက်ချင်း သတိကပ်ထားရသည်။

သိပ်မကြာမီမှာပင် ရှောင်ကလန်က မီးပန်းများကို တရားဝင် ပစ်လွှတ်လိုက်သည်။

အမြင့်တစ်နေရာမှ နေ၍ ပစ်လွှတ်လိုက်သော မီးရှူးမီးပန်းများက လေထဲ ရောက်သွားသောအခါ မီးကြာပန်း အဖြစ် ပြောင်းလဲသွား၏။

မီးကြာပန်း၏ ပွင့်ဖက်များက ခုနှစ်ရောင်ခြယ် အသွင် တဖြည်းဖြည်းချင်း ပြောင်းလဲနေသည်။

လူတိုင်းက ဤမြင်ကွင်းတွင် ပျော်မွေ့နေကြသည်။

ဝမ်လင်းက အာရုံခံစားမှုမှ တဆင့် သူတို့အနားသို့ အလျင်အမြန် ချဉ်းကပ်လာသော အနက်ရောင်ဝတ်စုံနှင့် အမျိုးသားနှစ်ဦးကို ချက်ချင်း သတိပြုမိလိုက်သည်။

သူ၏ ထိုးထွင်းသိမြင်ဉာဏ်မှ တဆင့် ဤနှစ်ယောက်က စွန်းရုံကြောင့် ရောက်လာမှန်း သူ အတပ်ပြောနိုင်သည်။

စွန်းရုံကမူ သူတို့နား ချဉ်းကပ်လာသည့် ထိုနှစ်ယောက်ကို လုံးဝ သတိပြုမိပုံမရပေ။

သူမ အာရုံခံစားမိစဉ် အရာအားလုံး နောက်ကျသွားခဲ့ချေပြီ။

အမျိုးသားတစ်ဦးက လက်တစ်ဖက်ကို ဆန့်ထုတ်ပြီး စွန်းရုံ၏ ပခုံးကို ထိန်းချုပ်ထားစဉ် တခြားတစ်ယောက်က ဝမ်လင်း၏ ကျောကုန်းကို သေနတ်ဖြင့် ချိန်ရွယ်ထားလိုက်သည်။

"နင်တို့က ဘယ်သူလဲ.. ဘာလိုချင်တာလဲ"

စွန်းရုံက ရုတ်တရက်မို့ အံ့အားသင့်သွားသော်လည်း ဝမ်လင်း မျှော်မှန်းထားသည်ထက် ပို၍ တည်ငြိမ်နေသည်။

သူမက စိန်ပြေနပြေဖြင့် မျက်ခုံး တစ်ဖက်ကို ပင့်၍ ကြည့်လိုက်၏။

မည်သို့ပင်ဆိုစေကာမူ စွန်းရုံသည် ဟွာကော ရေတံခွန် အုပ်စု၏ ကောင်းမွန်စွာ ပျိုးထောင်ထားသော အနာဂတ် ဆက်ခံသူ ဖြစ်နေ၍ သူမ၏အမူအရာက ပျက်ယွင်းသွားခြင်း မရှိချေ။

အမျိုးသားတစ်ဦးက စွန်းရုံကို မသိမသာ ခြိမ်းခြောက် ပြောဆိုလိုက်သည်။

"ကျွန်တော်တို့က မမလေးစွန်းရုံကိုရော မမလေးရဲ့ ချစ်သူကိုပါ ထိခိုက်စေလိုတဲ့ ရည်ရွယ်ချက် မရှိပါဘူး.. မမလေး စွန်းရုံ မခုခံဘဲ ကျွန်တော်တို့နောက် အေးအေးဆေးဆေး လိုက်ခဲ့ပေးမယ် ဆိုရင် သူ့ကို သေနတ်နဲ့ မပစ်ပါဘူးလို့ အာမခံပါတယ်"

စွန်းရုံ၏ နဖူးပေါ်တွင် ချွေးစေးများ ထွက်ပေါ်လာသည်။

သေနတ်က ဝိညာဉ်စွမ်းအား ကျည်ဆန်ဖြင့် ပေါင်းစည်းထားသောကြောင့် အခြေတည် အဆင့် ကျင့်ကြံသူ၏ ခန္ဓာကိုယ်ကို အလွယ်တကူ ထိုးဖောက်နိုင်စွမ်း ရှိသည်။

စွန်းရုံက ဟွာကောရေတံခွန် အုပ်စု၏ အထူး လေ့ကျင့်မှု နှင့် လမ်းညွှန်မှုကို ရရှိထား၍ ဤကဲ့သို့သော အရေးပေါ် အခြေအနေကို မည်ကဲ့သို့ ကိုင်တွယ်သင့်သလဲ သိနေသည်။

သူမက အံကြိတ်၍ ပြောချလိုက်သည်။

"သူက ငါ့ရဲ့အတန်းဖော်ပဲ.. ငါ့ချစ်သူ မဟုတ်ဘူး.. နင်တို့ အလိုရှိတာ ငါပဲမလား.. ငါ နင်တို့နဲ့ လိုက်ခဲ့ရင် အဆင်ပြေတယ်မလား.. အတန်းဖော်ဝမ်ကို ထွက်သွားခွင့် ပေးလိုက်ပါ"

လုပ်ကြံသူ၏ ခွန်အားကို ခန့်မှန်းကြည့်လျှင် ရွေအမြုတေအဆင့် ဆရာသခင် နှစ်ဦးဖြစ်နေ၍ ရင်ဆိုင်ရန် မလွယ်ကူပေ။

၎င်းတို့က ထိပ်တန်းလုပ်ကြံသူ ဖြစ်နိုင်ချေများသည်။

သူမ၏ အတွေ့အကြုံအရ ထိုနှစ်ယောက် လက်ထဲမှ လွတ်မြောက်နိုင်သော အခွင့်အရေး မှာ အလွန် နည်းပါးသည်။

"နင်တို့က အရိပ်လုပ်ကြံသူ အဖွဲ့က လုပ်ကြံသူတွေလား"

တစ်ချက်ကြည့်လိုက်ရုံဖြင့် စွန်းရုံက ထိုနှစ်ယောက်၏ ဝတ်စုံပေါ်မှ အမှတ်တံဆိပ်ကို သတိပြုမိလိုက်သည်။

အရိပ်လုပ်ကြံသူ အဖွဲ့သည် နာမည်ဆိုးဖြင့် ကျော်စောသော လုပ်ကြံသူ အဖွဲ့အစည်း ဖြစ်ပြီး သူတို့၏ အသက်ကို စွန့်ရသည့်တိုင် သူတို့ကို ငှားရမ်းသူအား ထုတ်ပြောလေ့ မရှိပေ။

သူမ၏ ခန့်မှန်းချက်အရ အရိပ်လုပ်ကြံသူ အဖွဲ့ကို ငှားရမ်းနိုင်သူသည် ဟွာကောရေတံခွန် အုပ်စုထက် မလျော့သော အင်အားကို ပိုင်ဆိုင်နိုင်သည်။

ဟွာကောရေတံခွန် အုပ်စုသည် တိုင်းပြည်တွင်း နှင့် နိုင်ငံရပ်ခြားများတွင်ပါ ရန်သူများ ရှိသဖြင့် သူမကို လုပ်ကြံချင်သူအား စုံစမ်းရန်မှာ မလွယ်ကူလောက်ချေ။

ယခုအချိန်တွင် အကောင်းဆုံး အစီအစဉ်မှာ အပြင်ဘက်သို့ မဆက်သွယ်နိုင်ခင် ဓားစာခံ အရေအတွက်ကို တတ်နိုင်သမျှ လျော့ချရန် ဖြစ်သည်။

ထိုစဉ် ဝမ်လင်းက စွန်းရုံ၏စိတ်ကို ဖတ်ရှုလိုက်သည်။

တကယ်တမ်း ဤအပြုအမူက အရေးပေါ် အခြေအနေတွင် ပုံမှန်တုံ့ပြန်လိုက်ခြင်းသာ ဖြစ်သည်။

သို့သော် အနက်ရောင်ဝတ်စုံဝတ် လုပ်ကြံသူ နှစ်ဦးက သေချာ ပြင်ဆင်ထားပုံရသည်။

အမျိုးသားတစ်ဦးက သူ့ဘောင်းဘီအိတ်ကပ်ထဲမှ အမည်းရောင်ဆေးကို ထုတ်လိုက်သည်။

"ဒါက အမြန််ဆုံး အိပ်ပျော်စေတဲ့ဆေးပဲ.. ဒါကို မျိုချပြီးရင် ချက်ချင်း အိပ်ပျော်သွားမယ်.. မင်းရဲ့အတန်းဖော်သာ ဒီဆေးကို သောက်မယ်ဆိုရင် သူ့ကို လွှတ်ပေးလိုက်မယ်"

ထိုသို့လုပ်ဆောင်မှသာ ဤကောင်ငယ်လေးက တခြားသူများကို အသိပေးခြင်းမှ ဟန့်တားနိုင်လိမ့်မည် မဟုတ်ပါလား။

ပွင့်လင်းစွာ ပြောရလျှင် ဤနေရာတွင် လူအများကြီး ရှိနေခဲ့ပါက ဝမ်လင်းက လက်တစ်ဖက်ပင် မြှောက်ချင်သော ဆန္ဒ မရှိပေ။

တခြားသူများ သတိထားမိမည်ကို လျော့ချနိုင်သော အကောင်းဆုံး နည်းလမ်းသည် သူတို့ပေးသော ဆေးကို သောက်လိုက်ပြီး အိပ်ချင်ဟန် ဆောင်လိုက်ခြင်းသာ ဖြစ်သည်။

ဤအကြံအစည်က မဆိုးလှချေ။

ဤအခွင့်အရေးကို အသုံးချလျှင် စွန်းရုံလက်မှ လွတ်နိုင်မည်ဟု ဝမ်လင်း တစ်ယောက် တွေးလိုက်မိသည်။

သို့သော် ဆေးကို လက်ခံယူရန် လက်ဆန့်ထုတ်လိုက်စဉ် စွန်းရုံ၏စိတ်ထဲမှ အတွေးကို ရှင်းရှင်းလင်းလင်း ကြားလိုက်ရ၏။

"အတန်းဖော်ဝမ်လင်း ဘေးကင်းရင် ငါ့အတွက် အဆင်ပြေတယ်.. သူ ဘေးမသီရန်မခ လွတ်မြောက်နိုင်ပါစေ"

"........."

ထိုအခိုက်အတန့်တွင် ဝမ်လင်း မှင်တက်သွားသည်။

သူ့မျက်ဝန်းများလည်း ပြူးကျယ်သွားရ၏။

လေထုက အလွန်အမင်း ငြိမ်သက်သွားသည်။

ဖရိုဖရဲ ပြဿနာအလယ်မှာ သူ ခေါင်းကို ငုံံ့ထားလိုက်သည်။

သူ၏ အာရုံခံစားမှုမှ တဆင့် စွန်းရုံ၏ ကြောက်လန့်နေသော ခံစားချက်ကို အာရုံခံနိုင်သည်။

စွန်းရုံသည် ဟွာကောအုပ်စု၏ လေ့ကျင့်ထားသူ ဖြစ်သည့်တိုင် သူမက နူးညံ့သော မိန်းမသားလေးသာ ဖြစ်သည်။

".........."

ဝမ်လင်း၏ မျက်နှာက ဒေါသစိတ်ကြောင့် မည်းမှောင်သွားပြီး စကားတစ်ခွန်းမျှ မပြောဖြစ်ခဲ့ပေ။

ထို့နောက် အမျိုးသားနှစ်ဦး စောင့်ကြည့်နေစဉ်မှာပင် ဝမ်လင်းက ဆေးကို ကြိတ်ချေလိုက်ပြီး အမှုန့်အဖြစ် ပြောင်းလဲလိုက်၏။

၁၆နှစ်အရွယ် ကျောင်းသားလေးက သူတို့၏ သည်းခံနိုင်စွမ်းကို စိန်ခေါ်လာ၍ လုပ်ကြံသူ နှစ်ဦး ဒေါသထွက်သွားသည်။

ဤကျောင်းသားလေးက သူ့ကိုယ်သူ စိတ်ဝိညာဉ် အဆင့် ကျင့်ကြံသူဟု ထင်နေပါသလော။

ဝမ်လင်းက ခက်ထန်သော အမူအရာဖြင့် လုပ်ကြံသူ နှစ်ဦးကို ကြည့်လိုက်သည်။

ထိုနှစ်ယောက် သေနတ်ခလုတ် နှိပ်ခါနီးတွင် ဝမ်လင်းက တစ်ပြိုင်နက်တည်း လှုပ်ရှားလိုက်သည်။

သူက လျှပ်စီးကဲ့သို့ အမြန်နှုန်းဖြင့် သေနတ်ကို ချက်ချင်း လုယူလိုက်သည်။

သေနတ်၏ အရည်အသွေးက သိပ်မဆိုးဟု ဝမ်လင်း တွေးတောလိုက်သည်။

သူ့မျက်နှာအမူအရာက အရုပ်ဖြင့် ဆော့ကစားနေသော ကလေးငယ်နှင့် တူနေသည်။

"မင်း..."

အရိပ်လုပ်ကြံသူအဖွဲ့၏ လုပ်ကြံသူ နှစ်ဦးက ဝမ်လင်းထက် လက်နှေးနေခဲ့သည်။

ထိုအချိန်မှာပင် ကျိုးပဲ့သော အသံက ထွက်ပေါ်လာရာ လုပ်ကြံသူ နှစ်ဦးက မျက်စိသူငယ်အိမ် ကျုံ့သွားသည်အထိ မှင်တက်သွားခဲ့သည်။

ဝမ်လင်းက သူ့လက်ထဲမှ သေနတ်ကို လက်ဗလာဖြင့်ပင် အမှုန့်ချေပစ်လိုက်၏။

သူတို့အရှေ့မှ မြင်ကွင်းကြောင့် လုပ်ကြံသူ နှစ်ဦး ချွေးပြန်လာသည်။

သေနတ်က စိစိညှက်ညှက် ကြေမွသွားပြီး လေထဲတွင် အမှုန်အမွှား အဖြစ် ပျောက်ကွယ်သွားသည်။

"ဘယ်လိုဖြစ်ရတာလဲ"

လုပ်ကြံသူနှစ်ဦး မျက်စိအပြူးသား ဖြစ်နေရသည်။

သူတို့အသုံးပြုသည့် သေနတ်ကို ဘုံကိုးပါး အနက်ရောင် သံထည်ဖြင့် တည်ဆောက်ထားခြင်း ဖြစ်သည်။

စွန်းရုံလည်း မှင်တက်နေရ၏။

သူမသည်လည်း ဖြစ်ပျက်သမျှ အခြေအနေကို မယုံကြည်နိုင်ဖြစ်နေသည်။

အတန်းဖော်ဝမ်လင်းက အခြေတည်အဆင့် ကျင့်ကြံသူသာ ဖြစ်သော်လည်း စွမ်းအား ကြီးမားလွန်းနေသည် မဟုတ်ပါလား။

"ဆရာသမား.. ခင်ဗျားက ဘယ်လိုလူလဲ"

လုပ်ကြံသူနှစ်ဦး လွတ်မြောက်ရန် ကြိုးစားသော်လည်း ဝမ်လင်း၏ ပြင်းထန်သော ဝိညာဉ်စွမ်းအားက ချုပ်နှောင်ထား၍ လှုပ်မရပေ။

ဝမ်လင်းက သူ၏ စတိုင်ဘောင်းဘီတွင် ကပ်ငြိနေသော ဖုန်မှုန့်များကို စိမ်ပြေနပြေ ခါလိုက်ပြီး ခေါင်းမော့ကာ လုပ်ကြံသူနှစ်ဦးကို ကြည့်လိုက်၏။

သူ၏ အကြည့်က သာမန်သာဖြစ်သော်လည်း လုပ်ကြံသူ နှစ်ဦးကို ထိတ်လန့်စေသည်။

၁၆နှစ်အရွယ် ကောင်လေး၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာသော အရှိန်အဝါက သူတို့လုပ်ကြံခဲ့ဖူး သမျှ လူအားလုံး၏ စွမ်းအားထက် ၁၀သန်းမျှ ကွာခြားမှု ရှိနေသည်။

ကောင်လေးထံမှ ထွက်ပေါ်လာသည့် မရဏ အငွေ့အသက်က သူတို့ကို မွန်းကျပ်သော ခံစားချက် ဖြစ်ပေါ်စေ၏။

ဝမ်လင်းက စကားတစ်ခွန်းမျှ မဆိုဘဲ လက်တစ်ဖက်ချင်းစီဖြင့် ထိုနှစ်ယောက်၏ ခေါင်းကို ရုတ်တရက် ဆုပ်ကိုင်လိုက်ရာ လုပ်ကြံသူနှစ်ဦး ထိတ်လန့်သွားသည်။

အဖွဲ့အစည်း၏ စည်းမျဥ်းအရ သူတို့ သေရမည်ဆိုလျှင်ပင် ငှားရမ်းသူ အကြောင်း ထုတ်ပြောရန် မဖြစ်နိုင်ပေ။

"မင်း ဘာလိုချင်တာလဲ"

"ဘာမှ မလိုချင်ပါဘူး.. မင်းတို့ကို ကောင်းကင်ဘုံ ပို့ပေးမလို့ပါ"

ဝမ်လင်းက သူတို့ကို စိတ်အာရုံမှ တဆင့် ပြန်ဖြေလိုက်သည်။

သူက ကြက်နှစ်ကောင်ကို မြှောက်ကိုင် သကဲ့သို့ ထိုနှစ်ယောက်ကို လေပေါ်သို့ မြှောက်လိုက်သည်။

ဝမ်လင်းက သူတို့ခန္ဓာကိုယ်ကို ဘောလုံး တစ်လုံး အသွင် ပြောင်းလဲလိုက်ပြီး ကောင်းကင်ပေါ်သို့ ပစ်တင်လိုက်သည်။

ခဏကြာပြီးနောက် ရှောင်ကလန်၏ မီးပန်းများ လွှတ်လာသည်။

လုပ်ကြံသူ နှစ်ဦးကလည်း မီးပန်းများနှင့် အပြိုင် ကောင်းကင်ယံတွင် ပျံသန်းနေသည်။

ဝမ်လင်းက မီးရှူးမီးပန်းများကို စောင့်ကြည့်ပြီး သူ့လက်မှ ဖုန်မှုန့်များကို ခါလိုက်သည်။

ဝမ်လင်းက လုပ်ကြံသူနှစ်ဦးကို လေထဲ ပစ်လွှင့်လိုက်စဉ် သူတို့၏ မှတ်ဉာဏ်တချို့ကို ဖယ်ထုတ်ပြီး မှတ်ဉာဏ်အသစ် ဖန်တီးပေးလိုက်သည်။

ယင်းနောက် ထိုနှစ်ယောက်၏ ခန္ဓာကိုယ်ကို ဟွာကောရေတံခွန် အုပ်စုစီသို့ အရောက် ပို့ပေးလိုက်၏။

ဝမ်လင်းက သူနှင့် ဆက်စပ်မှု ရှိနေသော တခြားသူများ၏ မှတ်ဉာဏ်ကိုလည်း စွမ်းအား အသုံးပြု၍ ဖယ်ရှားခဲ့သည်။

All Chapters