ယုံကြည်ရခက်သော အလိမ်အညာများ နှင့် အတင်းအဖျင်းများ
Vol. 1 Ch. 14
ဝမ်လင်း၏ မှတ်ဉာဏ် အစားထိုးသော နည်းလမ်းသည် မှတ်ဉာဏ်ဖယ်ရှားခြင်း နည်းလမ်းထက် ပို၍ ယုံကြည်ကိုးစားနိုင်သည်။
နည်းစနစ်ကျကျ ပြောရမည်ဆိုလျှင် မှတ်ဉာဏ်ဖယ်ရှားခြင်းနှင့် နှိုင်းယှဉ်လိုက်လျှင် ဤနည်းလမ်းသည် သူ့သရုပ်အမှန်ကို ဖုံးကွယ်ရန် ပိုမို ကောင်းမွန်သော နည်းလမ်း ဖြစ်သည်။
မှတ်ဉာဏ်ဖယ်ရှားခြင်းသည် ဦးနှောက်၏ အကန့်ငယ်များအတွင်း ကွက်လပ်ငယ်များ ကျန်ခဲ့နိုင်သည်။
မှတ်ဉာဏ်အစားထိုးခြင်းကမူ လူတစ်ဦးကို မေ့လျော့သွားသော ခံစားချက်မျိုး ဖြစ်ပေါ်စေပြီး ထိုလူ၏ စိတ် နှင့် ခန္ဓာကိုယ် အပေါ် သက်ရောက်မှု မရှိပေ။
ကံဆိုးစွာဖြင့် ဝမ်လင်းက အစားထိုးရမည့် မှတ်ဉာဏ်ကို အတိအကျ မရွေးချယ်နိုင်ခဲ့ပေ။
ထို့ကြောင့်လည်း စွန်းရုံက ဖြစ်ပျက်သမျှ အခြေအနေကို အတိအကျ မမှတ်မိခဲ့ချေ။
မီးရှုးမီးပန်းများ ပစ်လွှတ်သည့် အခြေအနေ မဆိုထားဘိ.. သူတို့ကို ကယ်တင်ပေးခဲ့သည့်သူကိုပင် မေ့လျော့သွားခဲ့သည်။
သူမ၏ စိတ်ကို လှည့်ဖြားနိုင်ရန် ဝမ်လင်းက မန္တန်သုံးပြီး မှတ်ဉာဏ်အသစ် အစားထိုးပေးခဲ့သည်။
စွန်းရုံ၏ မှတ်ဉာဏ်တွင် ဝမ်လင်း နှင့် စွန်းရုံတို့ကို အမည်မသိ လူထူးဆန်း သူရဲကောင်းက ကယ်တင်ခဲ့ခြင်းဟု အမှတ်ရစေခဲ့သည်။
သို့သော်လည်း ဒီကနေ့ အဖြစ်အပျက်ကို စွန်းရုံလည်း အတိအကျ မရှင်းပြနိုင်ခဲ့ပေ။
ထို့ကြောင့် ကျောင်းတက်သည့် ဒုတိယအပတ် နံနက်ခင်းတွင် ဝမ်လင်းက အတင်းအဖျင်း သတင်းများကို ကြားသိခဲ့ရသည်။
မြေပဲလေး " အတန်းဖော်ဝမ်လင်း နဲ့ အတန်းဖော် စွန်းရုံတို့ ဒိတ်လုပ်တဲ့ နေ့တုန်းက လူယုတ်မာ နှစ်ယောက်နဲ့ ထပ်တိုက်ဆုံခဲ့တယ်ဆိုပဲ"
ချန်းချောင် " ဟုတ်ပါ့.. သူတို့ကို လူယုတ်မာ နှစ်ကောင်က ဖမ်းချုပ်သွားတာလေ.. ကံကောင်းချင်တော့ သူတို့ကို အမည်မသိ သူရဲကောင်း တစ်ယောက်က ကယ်တင်ပေးခဲ့တယ်"
ကော်ဟောက် " အတန်းဖော် ဝမ်လင်း နဲ့ အတန်းဖော် စွန်းရုံတို့ ချိန်းတွေ့တဲ့ နေ့တုန်းက အမြှောက်ကြီး စီးနေတဲ့ လူထူးဆန်း သူရဲကောင်းကြီးကို လူတချို့က တွေ့ခဲ့တယ်လို့ ငါကြားတယ်"
ကြက်တူရွေးလေး ဒိုပီ "ကျွန်တော် ကြားတာတော့ အတန်းဖော်ဝမ်လင်း နဲ့ အတန်းဖော် စွန်းရုံတို့ ချိန်းတွေ့တဲ့ နေ့တုန်းက လူယုတ်မာ နှစ်ကောင်က သူတို့ကို ပြဿနာ လာရှာတယ်တဲ့.. အဲဒီ အမြှောက်ကြီး စီးလာတဲ့ သူရဲကောင်းကြီးက လူဆိုးနှစ်ကောင်ကို ကောင်းကင်ပေါ် ပိတ်ကန်ပစ်လိုက်တာတဲ့.. သူရဲကောင်းကြီးရဲ့ စွမ်းအား အရှိန်ကြောင့် သူတို့တွေ ကောင်းကင်ပေါ် ဒုံးပျံလို လွင့်ထွက်သွားတယ်လေ"
လင်းရှောင်ယု " ငါကြားတာတော့ အဲဒီသူရဲကောင်းကြီးက ဝမ်လင်းရဲ့ အချစ်ဆုံး သူငယ်ချင်းတဲ့"
ဝမ်လင်း "တော်လိုက်ကြပါတော့"
ဤသို့ဖြင့် လူထူးဆန်း သူရဲကောင်းကြီးသည် သူတို့အတန်း၏ ဖြေရှင်းရခက်သည့် လျှို့ဝှက်ဆန်းကြယ်သော ပုစ္ဆာတစ်ပုဒ် ဖြစ်လာခဲ့သည်။
..........
အတင်းအဖျင်း ပြောဆိုခြင်း နှင့် ပတ်သက်လာလျှင် လူတစ်ဦးကို ညွှန်ဆိုရမည်။
ထိုလူမှာ ၆၀ အထက်တန်းကျောင်း၏ သမိုင်းကြောင်း သီအိုရီကို သင်ကြားပေးသော ဆရာ ဝမ်ကျူးခန်း ဖြစ်လေ၏။
ဆရာဝမ်ကျူးခန်း၏ ထူးခြားသော သင်ကြားမှု ပုံစံကြောင့် ကျောင်းသားများက ဝါရင့်ပုဂ္ဂိုလ်ကြီးဟု ခေါ်ဆိုလေ့ရှိသည်။
ဆရာ ဝမ်ကျူးခန်း၏ ဝါရင့်ပုဂ္ဂိုလ်ကြီး ဟူသော နာမည်ပြောင် ဖြစ်ပေါ်လာရခြင်းမှာ ဖတ်စာအုပ်ပါ လေးနက်သော သမိုင်းကြောင်းများကို သင်ကြားခြင်း မဟုတ်ဘဲ အတင်းအဖျင်း သတင်းများကို အခြေတည်ကာ သင်ကြားပေးသောကြောင့် ကျောင်းသားများက နာမည်ပြောင်ပေးခဲ့ခြင်း ဖြစ်သည်။
ကျောင်းသား အများစုက သူပြောပြသည့် ဇာတ်လမ်းများကို သေချာ မသိကြသော်လည်း ကျင့်ကြံခြင်းလောက၏ အတင်းအဖျင်းများကို ပို၍ စိတ်ဝင်စားကြသည်။
ထို့ကြောင့်လည်း ငြီးငွေ့ဖွယ်ကောင်းသော ဖတ်စာအုပ်ပါ အကြောင်းအရာများကို နားထောင်ရခြင်းထက် ဝမ်ကျူးခန်း ပြောပြတတ်သော အတင်းအဖျင်း သတင်းများကို နားထောင်ချင်ကြသည်။
ထို့ကြောင့်လည်း ဝမ်ကျူးခန်း၏ နောက်ထပ် နာမည်ပြောင်သည် အတင်းအဖျင်း ဆရာတဆူ ဖြစ်၏။
ဆရာ ဝမ်ကျူးခန်းသည် အတင်းအဖျင်း သတင်းများကို အလဟဿ ပြောဆိုခဲ့ခြင်း မဟုတ်ပေ။
သူ့ စာသင်ခန်းကို ပို၍ သက်ဝင်လှုပ်ရှားသော ပတ်ဝန်းကျင် ဖြစ်အောင် ဖန်တီးချင်၍သာ ပြောဆိုခြင်း ဖြစ်သည်။
ထို့ကြောင့်လည်း သူ့အတန်းသည် အိပ်ပျော်နေသူ မရှိလောက်သည်အထိ တက်ကြွလှုပ်ရှားနေသည်။
အကယ်၍ အိပ်ပျော်နေသူ တစ်ဦး နှစ်ဦးခန့် ရှိနေသည် ဆိုလျှင်လည်း ဘေးပတ်ဝန်းကျင်မှ ရယ်မောသံများကြောင့် လန့်နိုးသွားနိုင်ပေသည်။
စိတ်မကောင်းစရာ ကောင်းသည့် တစ်ခုတည်းသော အခြေအနေ တစ်ရပ်မှာ သမိုင်းသီအိုရီ အချိန်သည် ရက်သတ္တပတ် တစ်ပတ်ခန့်တွင် အချိန်တစ်ချိန်တည်းသာ ပါဝင်ခြင်း ဖြစ်၏။
ထို့ကြောင့်လည်း ပုံမှန်အတန်း နှင့် နှစ်ကျ အတန်းမှ အတန်းသားတို့သည် သမိုင်းသီအိုရီ အတန်းကို လေးစားတန်ဖိုးထားကြသည်။
ဝါရင့်ပုဂ္ဂိုလ်ကြီး၏ အတန်းချိန် မစတင်မီ ပထမ ခေါင်းလောင်း မတီးခင် အချိန်ကတည်းက အတန်းသားများသည် အခန်းထဲ ဝင်ကာ ထိုင်ခုံတွင် နေရာယူထားကြ၏။
"အရင်တစ်ပတ် စာသင်ချိန်တုန်းက ဟွားရှိုးနိုင်ငံရဲ့ ရုပ်သံအစီအစဉ် တဆင့်ချင်း တိုးတက်မှုကို သင်ကြားပေးခဲ့တယ်.. ဒါကြောင့် အဲဲဒါကို ဆက်ပြောကြမယ်.. မနက်စာ မစားလာတဲ့ ကျောင်းသားတွေက ဆရာ မမြင်ရင်တော့ မနက်စာ ပေါင်မုန့်ကို ခိုးစားလို့ရတယ်.. ဆရာ တွေ့သွားရင်တော့ မင်းတို့ရဲ့ပေါင်မုန့်က ဆရာ့အပိုင်ပဲ.. ဆရာလည်း မနက်စာ မစားဘဲ အတန်းချိန် အမီလာခဲ့တာပဲလေ"
ဝါရင့်ပုဂ္ဂိုလ်ကြီး မနက်စာ မစားရသေးသည့် အကြောင်းကို ကြားရသော အခါ မုန့်ယူဆောင်လာသော ကျောင်းသားများက အလုအယက် မုန့်လာပေးကြသည်။
"မင်းတို့က အတန်းတွင်း စည်းမျဉ်းကို ချိုးဖောက်ချင်တာလား.. ဆရာက စာသင်နေတုန်း မုန့်စားလို့ ရပါ့မလား"
ဝါရင့်ပုဂ္ဂိုလ်ကြီး ပါးစပ်ကသာ လေးနက်စွာ ပြောဆိုနေသော်လည်း ရှေ့ဆုံးအတန်းမှ ကျောင်းသားများ ပေးသော မုန့်ကို လက်ခံယူနေသည်။
ထို့နောက် သူက အော်ပြောလိုက်သည်။
"မင်းတို့ပေးတဲ့ မုန့်ကို မယူရင် မင်းတို့ရဲ့ စေတနာကို စော်ကားရာ ရောက်မှာပေါ့.. "
"အရင်တစ်ပတ် အတန်းချိန်က သင်ခန်းစာတွေ မင်းတို့ နားမလည်တာ ရှိလား.. ဆရာ့ကို ပြန်မေးနိုင်တယ်နော်"
ဆရာဝမ်ကျူးခန်းသည် ဟောပြောစင်ကို မှီပြီး လက်တစ်ဖက်က ပေါင်မုန့်ကိုင်ကာ အရသာခံ၍ စားနေသည်။
ယင်းအချိန်တွင် တစ်စုံတစ်ယောက်က လက်ကို မြှောက်လိုက်သည်။
"အရင်တစ်ပတ် အတန်းချိန်တုန်းက စာသင်တာ အရမ်းမြန်တော့ အဓိကအချက်တွေကို လိုက်မှတ်လို့ မမှီခဲ့ဘူး.. အဓိကအချက်က ဘာလဲဆိုတာ ရှင်းရှင်းလင်းလင်း မသိခဲ့လို့ပါ"
"ကောင်းပြီလေ ဆရာ သဘောပေါက်ပြီ.. ဒါဆိုရင် မြန်မြန်ဆန်ဆန်လေး ပြန်သုံးသပ်ပေးမယ်ကွာ.. အရင် သင်ခန်းစာကို မှတ်မိသွားရင် ပုလဲမင်းသမီးလေးရဲ့ အနောက်ဘက်ခရီးသွားခြင်းကို ဆက်လေ့လာကြမယ်.. ကဲကဲ အားလုံးက ဒီသင်ခန်းစာရဲ့ အဓိကအချက်တွေကို အသေအချာ လိုက်မှတ်ထားကြပါ"
"စာမျက်နှာ ၁၁မှာဆိုရင် အရင်ခေတ်တွေက အနမ်းပေးတဲ့ ဇာတ်ဝင်ခန်းတွေနဲ့ ညစ်ညမ်းတဲ့ ဇာတ်ဝင်ခန်းတွေကို ဆင်ဆာ ဖြတ်ခဲ့ကြတယ်"
"စာမျက်နှာ ၁၂မှာဆိုရင် စိတ်ကူးယဉ်ဆန်တဲ့ ဇာတ်လမ်းတွေ ခေတ်စားလာတယ်.. အဲဒီမှာ ဓားပျံတွေ အကြောင်း ရိုက်ကူးလာကြတယ်.. မြင်သာအောင် ပြောရရင် ယနေ့ခေတ် မော်တော်ကားတွေ လေယာဉ်ပျံတွေလိုပဲ.. လေပေါ်ပျံသန်းလို့ရတဲ့ ဓားတွေ အကြောင်းပေါ့"
"စာမျက်နှာ ၁၃မှာဆိုရင် တော်ဝင်မိသားစု ကိုယ်လုပ်တော်တွေကြားက မိသားစု အရှုပ်အထွေးတွေနဲ့ ကိုယ်ဝန်မရတဲ့ ဇာတ်လမ်းတွေကို ရိုက်ကူးကြတယ်"
"စာမျက်နှာ၁၄မှာ သဘာဝလွန် အက်ရှင် ဇာတ်လမ်းတွဲတွေကို အသားပေး ရိုက်ကူးကြတယ်"
"အပေါ်မှာ ပြောခဲ့တာတွေက အရေးကြီးတဲ့ အချက်တွေပဲ.. လူတိုင်း သေချာမှတ်ထားဖို့ ဆရာ မျှော်လင့်တယ်"
သူ၏ စကား အဆုံးသတ်သည်နှင့် ဆရာဝမ်ကျူးခန်းက လက်ထဲမှ ပေါင်မုန့်ကို အပြတ်ရှင်းလိုက်ပြီး ပေကျံနေသော လက်ကို တစ်ရှူးဖြင့် သုတ်လိုက်သည်။
"ဒါဆိုရင် ပုလဲမင်းသမီးလေး အကြောင်း ဆက်ပြောကြမယ်"
ဝါရင့်ပုဂ္ဂိုလ်ကြီး ဆရာဝမ်၏ အံ့ဩဖွယ်ကောင်းသော ပို့ချမှု မစတင်ခင် ကျောင်းသားအားလုံးက လက်ခုပ်တီး အားပေးလိုက်ကြသည်။
"ထူးချွန် ထက်မြက်တဲ့ အစ်ကိုကြီးခန်း"
"ဆရာသမားကြီး သက်တော်ရာကျော် ရှည်ပါစေ"
"ဟုတ်ပြီ ဟုတ်ပြီ ကောင်းလေစွ.. အဟမ်း.. အဟမ်း"
ဝါရင့်ဆရာသမားကြီးက ပေါ့ပေါ့ပါးပါး ချောင်းခြောက်ဟန့်လိုက်၏။
သူ့စာသင်ခန်း ပထမနှစ် အခန်း၃တွင် သူ့အသံမှ လွဲ၍ တခြားအသံကို ကြားနိုင်မည် မဟုတ်ပေ။
"ပုလဲမင်းသမီးလေးရဲ့ တီဗီဇာတ်လမ်းတွဲကို မင်းတို့တွေ အရင်တုန်းက ကြည့်ခဲ့ဖူးမှာပေါ့.. ဒါပေမဲ့ မူလဇာတ်ကြောင်းရဲ့ ပရိသတ်အနေနဲ့ ဆရာကတော့ ဇာတ်ကြောင်း လေ့လာရတာကို ပိုနှစ်သက်တယ်.. ဆရာတို့ရဲ့ ကျောင်းစာကြည့်တိုက်မှာ ပုလဲမင်းသမီးလေး ဇာတ်လမ်းကို ရှာဖတ်လို့ရပါတယ်.. မင်းတို့ စိတ်ဝင်စားရင် ကိုယ်တိုင်ကိုယ်ကျ သွားလေ့လာကြည့်နိုင်ပါတယ်"
"မင်းတို့အားလုံး သိထားကြတဲ့ အတိုင်း ချီတိုက်ပွဲခေတ် နှောင်းပိုင်းမှာ ပရမ်းပတာ အခြေအနေတွေကြောင့် ကမ္ဘာမှာ အက်ကြောင်းကြီး ဖြစ်ပေါ်လာခဲ့တယ်.. အဲဒီ အက်ကြောင်းကြီးကြောင့်ပဲ ဒီကမ္ဘာမြေကြီးမှာ ဝိညာဉ်စွမ်းအားတွေ ယုတ်လျော့လာခဲ့တယ်.. ဖရိုဖရဲ ဖြစ်နေတဲ့ နေရာက အက်ကြောင်းကို ပြန်လည်ပြုပြင်ဖို့ ကြိုးစားရင်းနဲ့ ပုလဲမင်းသမီးလေးရဲ့ ဇာတ်လမ်းက ဖြစ်ပေါ်လာတာပဲ.. အကယ်၍ အဲဒါကို မပြုပြင်ခဲ့ရင် ဝိညာဉ်စွမ်းအားတွေက ဒီကမ္ဘာမှာ သိပ်မကြာခင် ပျောက်ကွယ်သွားနိုင်တယ်လေ"
ထိုစကားကို ပြောနေစဉ် ဝါရင့်ဆရာသမား၏ မျက်ဝန်းများ လင်းလက်နေသည်။
"ဒါဆိုရင် မင်းသမီးလေးရဲ့ မိသားစု နောက်ခံကို အရင်ဆုံး ပြောကြတာပေါ့.. သူမက နိမ့်ကျတဲ့ မိသားစုကနေ မွေးဖွားလာပြီး မသန်မစွမ်းတောင် ဖြစ်ခဲ့လို့ ချီတိုက်ပွဲခေတ်မှာ သူမက ထူးခြားသူ မဖြစ်ခဲ့ဘူး.. ဒါပေမဲ့ သူမရဲ့ မဆုတ်မနစ် ကြိုးစားတတ်တဲ့ စိတ်ဆန္ဒကြောင့် မင်းသမီးလေးက ကျင့်ကြံခြင်းလောကရဲ့ ထိပ်တန်း ၁၀ဦး စာရင်းဝင်ခဲ့တယ်.. ဝိညာဉ်စွမ်းအား ယိုစိမ့်နေတဲ့ အက်ကြောင်းကို ချိတ်ပိတ်ဖို့ တစ်လောကလုံး အနှံံ့ ပြန့်ကြဲနေတဲ့ ပုလဲ ၁၀လုံးကို လိုက်လံ စုဆောင်းခဲ့တယ်.. အဆုံးသတ်မှာ မင်းသမီးလေးက ပုလဲ ၁၀လုံးကို စုဆောင်းနိုင်ခဲ့ပြီး အက်ကြောင်းကို ချိတ်ပိတ်နိုင်ခဲ့လို့ သူမရဲ့ဇာတ်ကြောင်းကို တီဗီဇာတ်လမ်းတွဲ ရိုက်ကူးကြတာပဲ.. နောက်ပိုင်း သူမကို ပုလဲမင်းသမီးလေးလို့ နာမည်ပေးခဲ့တယ်.. ဒါကတော့ ပုလဲမင်းသမီးလေးရဲ့ အနှစ်ချုပ် ဇာတ်ကြောင်းပဲ"
"ဖျောင်း.. ဖျောင်း.. ဖျောင်း..."
ဝါရင့်ဆရာသမားကြီး၏ စကား အဆုံးသတ်သည်နှင့် သမိုင်းသင်ခန်းစာ ပို့ချသော အတန်း တစ်တန်းလုံးက လက်ခုပ်သံများဖြင့် ဆူညံသွားသည်။