← Chapters

ဝါရင့်ဆရာသမားကြီး၏ အတင်းပြောချိန်

Vol. 1 Ch. 15

ဝါရင့်ဆရာသမားကြီး၏ အတင်းပြောချိန်

Vol. 1 Ch. 15

"ရုပ်ရှင်တီဗီရှိုးလ်တွေ ဆင့်ကဲ တိုးတက်လာမှုတွေက ဟွာရှို့နိုင်ငံမှာ ဖုံးဖိထားလို့ ရတာမှ မဟုတ်တာပဲလေ.. ပုလဲမင်းသမီးလေး ဇာတ်လမ်းကိုပဲ နမူနာ အနေနဲ့ ကြည့်ပေါ့.. ကျင့်ကြံသူ ဇာတ်ကြောင်းကို စိတ်ဝင်စားအောင် ရုပ်ရှင်ရိုက်ကူးရင်း သရုပ်ဖော်ခဲ့တာပဲ"

"ရုပ်ရှင်ရဲ့ အဓိက ရည်ရွယ်ချက်က ကျင့်ကြံသူတွေရဲ့ အောင်ပွဲတွေကို သိစေချင်လို့ ရိုက်ကူးခဲ့တာပဲ.. ဒါပေမဲ့ ခေတ်တော်တော်များများမှာ ထူးခြားတဲ့ ယဉ်ကျေးမှုတွေနဲ့ မှတ်ထားသင့်တဲ့ နေ့ထူးနေ့မြတ်တွေကို သိထားဖို့တော့ လိုအပ်တယ်.. ဒါမှ နောက်လ သမိုင်းစာမေးပွဲကို မင်းတို့တွေ သေချာ ဖြေနိုင်ကြမှာ"

သမိုင်းအတန်းချိန် အများကြီး မရှိသော်လည်း မသင်မနေရ သင်ကြားရသော သင်ခန်းစာ ဖြစ်နေသည်။

အကယ်၍ သမိုင်းအတန်းချိန်ကို နှစ်ကြိမ်ထပ် ပို၍ ပျက်ကွက်ခဲ့လျှင် ဘွဲ့လက်မှတ် ရယူရန် ခက်ခဲလိမ့်မည်။

ထို့ကြောင့်လည်း လက်ရွေးစင် အတန်းသား စွန်းရုံ နှင့် ချန်းချောင်တို့က အတန်းချိန် ပြင်ပတွင်လည်း ပြင်ပ ဗဟုသုတများကို လေ့လာ လိုက်စားကြခြင်း ဖြစ်၏။

သို့သော် ဝမ်လင်းကမူ တခြားသူများနှင့် ခြားနားသည်။

သူက ဓာတ်ပုံရိုက်ကူး သကဲ့သို့ လျင်မြန် ထက်မြက်သော မှတ်ဉာဏ်ဖြင့် မွေးဖွားလာသောကြောင့် ဟွာရှို့နိုင်ငံ၏ နှစ်ငါးထောင်ခန့် သမိုင်းကြောင်း အားလုံးနီးပါးကို သိနေခဲ့သည်။

သို့တိုင် သူက ဝါရင့် ဆရာသမားဝမ်၏ အတန်းကို တက်ရောက်ချင်သော ဆန္ဒ ရှိသည်။

ဆရာဝမ်၏ အတင်းအဖျင်း သတင်းများကို အကြောင်းအားလျော်စွာ နားထောင်ရခြင်းက စိတ်နှင့် ခန္ဓာကိုယ် အတွက် ကောင်းမွန်သည်ဟု သူခံစားရ၏။

သို့တိုင် မူရင်း ဇာတ်လမ်း ဇာတ်ကွက်များသည် ဝါရင့် ဆရာသမားဝမ် ဖန်တီးထားသော အတင်းအဖျင်းများနှင့် ဆန့်ကျင်ဘက် ဖြစ်နေတတ်သည်။

ဆရာသမားသည် အတင်းအဖျင်း သတင်းများကို ပြောတိုင်း မရပ်မနား ပြောဆိုတတ်သည်။

"ဒါပေမဲ့ ရှောင်မိသားစု ခြံဝင်းအကြောင်း သရုပ်ဖော်ထားတဲ့ ဇာတ်လမ်းကတော့ သူတို့ မိသားစုကလန် ဘယ်လိုတွေ တိုးတက်လာလဲ.. အချိန်နဲ့ အမျှ ဘယ်လိုတွေ ပြောင်းလဲသွားလည်း ဆိုတာ အသေးစိတ် ပေါ်လွင်တယ်"

ဝါရင့်ဆရာသမားကြီး ထိုစကားကို ပြောလိုက်သောအခါ သူ၏ အတင်းအဖျင်း သတင်း စတင်တော့မည်မှန်း သိလိုက်၍ ကျောင်းသားများက ပြုံးလိုက်ကြသည်။

"ဒီအတန်းထဲက ကျောင်းသားနှစ်ယောက် ပန်းခြံထဲ လျှောက်လည်ရင်း အရိပ် လုပ်ကြံသူ အဖွဲ့အစည်းရဲ့ ချောင်းမြောင်း တိုက်ခိုက်တာကို ခံရတယ်လို့ ကြားမိတယ်.. အဲဒါ ဟုတ်လား"

ဟွာကောရေတံခွန် အုပ်စု၏ ဆက်ခံသူ သခင်မလေး စွန်းရုံကို အရိပ်လုပ်ကြံသူ အဖွဲ့အစည်းက ပြန်ပေးဆွဲရန် ကြိုးစားခဲ့ကြ၍ အမှတ်၆၀ အထက်တန်းကျောင်း၏ ရှယ်ရာရှင်များ အလွန်အမင်း စိုးရိမ်ခဲ့ကြ၏။

စွန်းရုံက လုပ်ကြံခံခဲ့ရ၍ ကျောင်းအုပ်ကြီးချန်းက အရေးပေါ် အစည်းအဝေးပင် ခေါ်ခဲ့ရသည်။

အစည်းအဝေး၏ ဆုံးဖြတ်ချက်အရ ကျောင်းမြေပြင် နှင့် လူသွားစင်္ကြန်တွင် အစောင့်အရေအတွက်ကို တိုးထားလိုက်ပြီး စွန်းရုံကို အရိပ်လုပ်ကြံသူ အဖွဲ့အစည်းမှ နောက်ထပ် လုပ်ကြံခြင်းကို ဟန့်တားရန် ဆရာ ၂ဦး (ဝါ) သုံးဦးခန့် အဖွဲ့ ဖွဲ့ထား၍ စောင့်ရှောက်စေခဲ့၏။

ကျောင်းပြင်ပတွင်လည်း မသင်္ကာဖွယ်ကောင်းသော လူများကို ဟန့်တားရန် ဟွာကော ရေတံခွန် အုပ်စုက သက်တော်စောင့်များ ခန့်အပ်ထားသည်။

အရိပ်လုပ်ကြံသူများက ပထမ တာဝန်ကျရှုံးခဲ့သော်လည်း ၎င်းတို့ ခေါင်းဆောင်၏ အမိန့်ကို အသက်နှင့်လဲ၍ ထမ်းဆောင်သူများ ဖြစ်၍ သူတို့ရည်ရွယ်ချက် အောင်မြင်အောင် နည်းလမ်းမျိုးစုံဖြင့် ကြိုးစားလိမ့်မည် ဖြစ်သည်။

ကျောင်းသားများ၏ ဘေးကင်းလုံခြုံရေး အတွက် အမှတ်၆၀ အထက်တန်းကျောင်းမှ ဆရာများက လွန်ခဲ့သော နှစ်ရက်ခန့်တည်းက ကာကွယ်ရေး အစီအစဉ်များဖြင့် လုံးပန်းနေကြသည်။

နှစ်စဉ် နှစ်တိုင်း ကျောင်း၏ထိပ်တန်း ဆရာဖြစ်သော အတင်းအဖျင်း ဆရာကြီးဝမ်ကမူ သူ့ အရည်အချင်းဖြင့် အတင်းအဖျင်း သတင်းများကို တူးဖော်ရန်သာ တွေးတောနေသည်။

"အဲဒီ အရိပ်လုပ်ကြံသူ အဖွဲ့အစည်းက အရမ်းကို လျှို့ဝှက်ဆန်းကြယ်ပြီး သူတို့ရဲ့ ကျွမ်းကျင်မှု အဆင့်အတန်းကြောင့် နိုင်ငံတကာမှာ အတော်လေး လူသိများတယ်.. ဒါကြောင့်မို့ ဟွာရှို့နိုင်ငံက သူတို့ အဖွဲ့အစည်းရဲ့ လှုပ်ရှားမှုကို မထိန်းချုပ်နိုင်ခဲ့ဘူး"

ဝါရင့်ဆရာသမားကြီး ခပ်ယဲ့ယဲ့ ပြုံးလိုက်ပြီး အတင်းအဖျင်းသတင်းကို စတင် ပြောဆိုတော့သည်။

"ဒါပေမဲ့ ဆရာ သိထားရသလောက်တော့ နောက်ကွယ်မှာ ကြိုးကိုင်နေတဲ့သူက ဒီတိုင်းပြည်ထဲမှာ နေတဲ့သူပဲ.. ငါတို့ကျောင်းထွက် သူရဲကောင်း ကျိုးရီက ကျင့်ကြံခြင်းကျောင်း ၁၀၀ကို အုပ်ချုပ်ရတဲ့ လက်ထောက် ညွှန်ကြားရေးမှူးချုပ်ပဲ.. သူက ရွှေအမြုတေအဆင့် ကျင့်ကြံသူ ၁၀၀ကျော်ကို အသုံးပြုပြီး အရိပ်လုပ်ကြံသူ အဖွဲ့အစည်းကို စုံစမ်းခဲ့ဖူးသေးတယ်"

ထိုစကားကြောင့် လူတိုင်း မှင်တက်သွားရသည်။

ချန်းချောင်က မနေနိုင် မထိုင်နိုင် မေးမြန်းလိုက်၏။

"နောက်တော့ ဘာဆက်ဖြစ်သွားလဲ"

"အင်း.. သူတို့ ကျရှုံးသွားခဲ့တယ်"

ဝါရင့်ဆရာသမားဝမ်က သက်ပြင်းချလိုက်ပြီး နောင်တရသည့် ဟန်ပန်ဖြင့် ခေါင်းခါလိုက်သည်။

"အဲဒီအချိန်တုန်းက လူတိုင်းလိုလို ရည်မှန်းချက် တူညီခဲ့ကြတယ်.. အားလုံးရဲ့ပန်းတိုင်က လူဆိုးတွေနဲ့ သူတို့ရဲ့ ဂိုဏ်းခေါင်းဆောင်ကို ဖမ်းဆီးဖို့ပဲ.. နှိမ်နင်းရေးအဖွဲ့က သူတို့ရဲ့ သတင်းရလို့ ကျင့်ကြံသူ ၁၀၀ကျော်က ဓားပျံမျိုးစုံကို စီးနင်းပြီး အရိပ်လုပ်ကြံသူ ဌာနချုပ်ကို ဝင်စီးခဲ့တယ်.. အဲဒါတောင် သူတို့တွေ လွတ်မြောက်သွားသေးတယ်.. ဒီလို အခြေအနေမလှဘဲ အဆုံးသတ်ရတာ ငါတို့ ကျင့်ကြံသူ အဖွဲ့က ရွပ်ရွပ်ချွံချွံ မကြိုးစားလို့ မဟုတ်ဘူး.. ရန်သူကိုက အရမ်းကို ဉာဏ်များလွန်းနေလို့ပါ"

ကျောင်းသားအားလုံး ဆူဆူညံညံ ဖြစ်သွားသည်။

ကျင့်ကြံခြင်းကျောင်း ၁၀၀ကျော်ကို အုပ်ချုပ်ရသော လက်ထောက် ညွှန်ကြားရေးမှူးချုပ်သည် တာဝန်ယူတတ်ပြီး သူရဲကောင်းဆန်သူ ဖြစ်လိမ့်မည်ဟု သူတို့ မတွေးခဲ့မိပေ။

ဝါရင့်ဆရာသမားကြီးဝမ်က သူ့ကို ပေးထားသော အတင်းအဖျင်းဆရာကြီး အမည်ဖြင့် ထိုက်တန်လွန်းသည်။

အဖြစ်အပျက် အလုံးစုံကို ခရေစေ့တွင်းကျ ရှင်းပြပြီးနောက် ဇာတ်လမ်း၏ အဓိက အချက်ကို အာရုံစိုက် ပြောဆိုလိုက်၏။

သူ့ ဇာတ်ကြောင်းကို ပို၍ ပီပြင်အောင် သွေးစွန်းနေသော ပုံရိပ်များကို ပန်းချီပါ ဆွဲပြခဲ့သည်။

ဝါရင့်ဆရာသမားကြီး၏ သွေးစွန်းသော မြင်ကွင်းများကြောင့် ကျောင်းသူတချို့က ကြောက်လန့်တကြား အော်ဟစ်လိုက်ကြ၏။

ဇာတ်လမ်း အဆုံးသတ်တွင် ဝါရင့်ဆရာသမားကြီးက သက်ပြင်း အရှည်ကြီးကို ချလိုက်ပြန်သည်။

"အကြမ်းဖက် နှိမ်နင်းရေး အဖွဲ့က သူတို့တာဝန် ကျရှုံးခဲ့ပေမဲ့ အပြီးတိုင် ရှုံးနိမ့်တာတော့ မဟုတ်ပါဘူး.. အရိပ်လုပ်ကြံသူ အဖွဲ့အစည်းရဲ့ ခေါင်းဆောင်က ယောက်ျားလား မိန်းမလား ဆိုတာကိုတော့ သိခွင့်ရခဲ့တယ်"

ထိုစကားကို ကြားရလျှင် ချန်းချောင်က ကျီစယ်လိုက်သည်။

"အရိပ်လုပ်ကြံသူ အဖွဲ့အစည်း ခေါင်းဆောင်ရဲ့ လိင် အမျိုးအစားက ရင်ဘတ်မှာ အမွေးတွေ အပြည့်ရှိတဲ့ ယောက်ျားသားကြီးလား"

လင်းရှောင်ယုက သူ့အတွေးကို ချက်ချင်း ထုတ်ပြောလိုက်သည်။

"စိတ်တိုလွယ်တဲ့ လူဆိုးဂိုဏ်းဝင် အောက်ငနဲပဲ ဖြစ်မယ်"

မှတ်ချက်။ ( ယောကျာ်းချင်း ချစ်ကြိုက်ရာတွင် အထက်နှင့်အောက် ခွဲခြားထားရာ အောက်တွင်နေသောသူကို အောက်ငနဲဟု ဆိုလိုသည်)

ကော်ဟောက်က မျက်မှန်ကို ပင့်တင်လိုက်သည်။

"နောက်ကွယ်က လုပ်ကြံသူက ခွေးချစ်သူပဲ ဖြစ်ရမယ်"

တပည့်များက ပေါက်ကရ ပြော၍ မှန်းဆနေသောကြောင့် အဆုံးသတ်တွင် ဝါရင့်ဆရာသမားက သူကိုယ်တိုင် အဖြေကို ပြောပြလိုက်တော့သည်။

"ဌာနချုပ်ကို ဝင်စီးခဲ့တဲ့ သူတွေရဲ့ ပြောပြချက် အရတော့ အရိပ်လုပ်ကြံသူ အဖွဲ့အစည်းရဲ့ ခေါင်းဆောင်က ရုပ်ပြောင်းရုပ်လွှဲ ပညာကို အသုံးပြုပြီး ထွက်ပြေးသွားတာတဲ့"

" ဒါဆိုရင် သူတို့ခေါင်းဆောင်ရဲ့ လိင်အမျိုးအစားကို ဘယ်လို ဆုံးဖြတ်ခဲ့တာလဲ"

"အရိပ်ခေါင်းဆောင်နေတဲ့ အခန်းထဲမှာ ဖွင့်ရက်သား ကျန်ခဲ့တဲ့ မိတ်ကပ်ဘူးတွေကို တွေ့ရတယ်လေ.. အိပ်ရာပေါ်မှာလည်း အတွင်းခံ အဝတ်တွေနဲ့ ဘောလီတွေ ပြန့်ကြဲနေတယ်ဆိုပဲ.. ဘော်လီဆိုဒ်ကတော့ ၃၆တဲ့.. ဆိုဒ်၃၆ ဆိုရင်တော့ ယောက်ျားလေးတွေ ကောင်းကောင်း သိလောက်မှာပါ"

"ဒီကနေ့ သင်ခန်းစာက ဒီလောက်ပါပဲ.. ဒီနေ့တော့ အိမ်စာ မပေးလိုက်တော့ဘူး.. နောက်ထပ် သင်ကြားမယ့် အနောက်ဘက်သို့ ခရီးသွားခြင်း ဇာတ်လမ်းကို မင်းတို့တွေ ကြိုလေ့လာထားလို့ ရတယ်.. မင်းတို့ အပြင်သွားရင် သတိထား သွားလာဖို့ လည်း မမေ့ပါနဲ့.. မင်းတို့တွေ မကောင်းတဲ့ လူတွေနဲ့ ကြုံခဲ့ရင် ဆရာ့ကိုသာ ဖုန်းဆက်ခေါ်လိုက်.. သူတို့ကို ဆရာက မြေဖြူနဲ့ ပစ်ပေါက်ပြီး သ-တ်ပစ်ပေးမယ်"

သင်ခန်းစာ အဆုံးသတ်ပြီးနောက် ကျောင်းသားများက ဆရာဝမ်ကို နှုတ်ဆက်လိုက်ကြသည်။

အရိပ်လုပ်ကြံသူ ခေါင်းဆောင်၏ လိင်အမျိုးအစားက ကျောင်းသားများ၏ အငြင်းပွားဖွယ်ရာ ဖြစ်လာခဲ့သည်။

ဆရာဝမ်၏ အတင်းအဖျင်း သတင်းက တစ်နေ့တည်းဖြင့် ၆၀ အထက်တန်းကျောင်း တစ်ကျောင်းလုံးကို သတင်းပြန့်သွားခဲ့သည်။

အမှတ်၆၀ အထက်တန်းကျောင်းမှ ထုတ်သော လူပိန်းကြိုက် သတင်းစာ၏ စာမျက်နှာပေါ်တွင် ထိုအကြောင်းကို တင်ခဲ့၍ လူသိများလာခဲ့ခြင်း ဆိုလည်းမမှားပေ။

"နိုင်ငံရပ်ခြားအထိ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ အရိပ်လုပ်ကြံသူ အဖွဲ့အစည်း ခေါင်းဆောင်က ရင်သားဆိုဒ် ၃၆ ရှိတဲ့ အယ်စတုန် စော်ကြီးတဲ့ဟေ့"

ဤသတင်းက နာရီပိုင်းအတွင်း လူမှုကွန်ယက်ပေါ်တွင်ပါ ပျံ့နှံ့၍ နာမည်ကြီးသွားခဲ့သည်။

ယင်းနောက်တွင် လုံးဝ မမျှော်လင့်ထားသော ပြဿနာတစ်ရပ် ပေါ်ပေါက် လာခဲ့တော့သည်။

နောက်တစ်နေ့ နေ့လည်ခင်းခန့်မှာပင် အမှတ်၆၀ အထက်တန်းကျောင်း၏ လုံခြုံရေး အခန်းက အရိပ်လုပ်ကြံသူ အဖွဲ့အစည်းထံမှ စိန်ခေါ်စာကို လက်ခံရရှိခဲ့သည်။

All Chapters