← Chapters

ကျောင်းလုံခြုံရေးခေါင်းဆောင် လူကြီးမင်းလီ

Vol. 2 Ch. 18

ကျောင်းလုံခြုံရေးခေါင်းဆောင် လူကြီးမင်းလီ

Vol. 2 Ch. 18

ဝမ်လင်းက နှစ်ပေါင်းများစွာ ကြာပြီးနောက်မှ ဖေဖေဝမ်နှင့် မေမေဝမ်တို့က စွမ်းအား ထိန်းချုပ်တတ်အောင် လမ်းညွှန်ပေးရသည့် အမှန်တရားကို နားလည်ခဲ့သည်။

လုပ်ကြံသူ ခေါင်းဆောင်က ရူပဗေဒ၏ အခြေခံနိယာမ ဖြစ်သည့် "သက်ရောက်မှုတိုင်းတွင် တန်ပြန်သက်ရောက်မှု ရှိသည်" ဟူသော စည်းမျဉ်းကို သိခဲ့ပုံ မရပေ။

ဝမ်လင်းက သူ့ကိုယ်သူ လောကဝတ် ပညာရပ်များကို အလေးပေး သင်ကြားရန် လိုအပ်သည်ဟု ခံစားမိသည်။

သို့တိုင် ဝမ်လင်းက သူ့ခန္ဓာကိုယ်မှ တုံ့ပြန်မှုကို လျှော့တွက်ခဲ့မိသည်။

ရှယင်းက အမှန်တကယ် သေဆုံးသွားခဲ့သည်။

ဝမ်လင်း ခန္ဓာကိုယ်၏ တန်ပြန် သက်ရောက်မှုက ပြင်းထန်သောကြောင့် ရှယင်းက အစောပိုင်းလေးတင် သေဆုံးခဲ့ခြင်း ဖြစ်သည်။

ရှယင်း၏ ဝိညာဉ်စွမ်းအား အငွေ့အသက် နှင့် ရွှေအမြုအတေတို့က ချောကလက်ထက် ပို၍ မည်းနက်သွား၏။

ထိုလက္ခဏာမှာ ရှယင်း သေဆုံးခြင်းကို သက်သေထူနေသည်။

ရှယင်းက ပုံပန်းသွင်ပြင် ပျောက်ဆုံးပြီး ခန္ဓာကိုယ်အတွင်းရှိ အရေးကြီးသော အစိတ်အပိုင်းများ ပျက်စီးသွားခဲ့သည်။

ခေါင်မိုးထပ်က အမြဲတမ်းလိုလို ပိတ်ထားတတ်သော နေရာဖြစ်၏။

ဤနေရာတွင် ရှယင်း၏ ခန္ဓာကိုယ်ကို မတော်တဆ ရှာတွေ့သွားခဲ့လျှင် ကျောင်း၌ လျှို့ဝှက် ဆန်းကြယ်သော ဖြစ်ရပ် အသစ် ထပ်ပေါ်လာနိုင်ပေသည်။

ဖြစ်ပေါ်လာနိုင်သည့် ပြဿနာ အရှုပ်အထွေးများကို ရှောင်တိမ်းရန် ဝမ်လင်းက ရှယင်း၏ ခန္ဓာကိုယ်ကို မြင်သာသော နေရာသို့ ရွေ့ပြောင်းရန် ဆုံးဖြတ်ခဲ့သည်။

သူ့အထင် အားကစားကွင်း၏ အရိပ်ရသော သစ်ပင်အောက်သည် နေရာကောင်း ဖြစ်နိုင်သည်။

သူက ရှယင်း၏ ခန္ဓာကိုယ်ကို ငါးစက္ကန့်အတွင်း အားကစားဝင်းထဲ ပို့လိုက်ပြီး ခေါင်မိုးထပ်သို့ တည်နေရာ ရွှေ့ပြောင်းသည့် နည်းစနစ်ဖြင့် ပြန်လာရန် ပြင်လိုက်သည်။

ထိုအချိန်တွင် သူ့အနောက်ဘက်မှ အသံတစ်သံ ထွက်ပေါ်လာသည်။

"မင်း ဘယ်သူလဲ"

ဝမ်လင်း"........."

သူ ခေါင်းလှည့်မကြည့်ရဲသော်လည်း သူ့နောက်ကျောပြင်ကို ငေးစိုက်ကြည့်နေသည်ဟု ခံစားမိ၍ ခေါင်းအစ ခြေအဆုံး အဆင်မပြေသော ခံစားချက်များ ဖြစ်ပေါ်လာ၏။

သို့သော်လည်း အသံပိုင်ရှင်က သူနှင့် ရင်းနီးနေသည်။

ဤအသံက လူကြီးမင်းလီ၏ ထူးခြားသော အသံ ဖြစ်သည်။

လူကြီးမင်းလီက ကျောင်းလုံခြုံရေး ခေါင်းဆောင်လည်း ဖြစ်၏။

လူကြီးမင်းလီသည် ဆရာမဖန် နှင့် လင်းရှောင်ယုတို့ ထက်ပင် ရှောင်တိမ်းရန် ခက်ခဲသောသူ ဖြစ်သည်။

အမှတ်၆၀ အထက်တန်းကျောင်းတွင် ပုန်းလျှိုးနေသော ပါရမီရှင်များ ရှိသည်ဟု ပြောခဲ့ဖူးသည်။

သမိုင်းစာအုပ်ကြီး(ခေါ်) ဝါရင့်ဆရာသမားဝမ် နည်းတူ လူကြီးမင်းလီကလည်း ထူးကဲသော အရည်အချင်းကို ပိုင်ဆိုင်ထားသောကြောင့် ဝမ်လင်းကို ထိတ်လန့်သော ခံစားချက်များ ဖြစ်ပေါ်စေသည်။

လူကြီးမင်းလီက ဝမ်လင်း ဝတ်ဆင်ထားသော ကျောင်းဝတ်စုံကို မြင်တွေ့သောအခါ မျက်မှောင်ကြုတ်လိုက်ပြီး တည်ငြိမ်သော လေသံဖြင့် မေးခွန်းထုတ်လိုက်သည်။

"မင်းက ငါတို့ကျောင်းက ကျောင်းသားလား"

လူကြီးမင်းလီက ကြယ်ခုနှစ်ပွင့် ကျင့်ကြံခြင်း အထူးအဖွဲ့မှ ပင်စင်ယူပြီးနောက် အမှတ်၆၀ အထက်တန်းကျောင်းတွင် လုံခြုံရေး ခေါင်းဆောင် အနေဖြင့် ဝင်ရောက် လုပ်ကိုင်နေသူ ဖြစ်၏။

ဝမ်လင်းက စကားပြန်မပြော၍ လီလူကြီးမင်းက ဝမ်လင်း အောက်ချထားသော ခန္ဓာကိုယ်ကို သေချာ ငေးစိုက်ကြည့်လိုက်သည်။

"မင်း သူ့ကို သတ်လိုက်တာလား"

ဤလူက သူ့သေတွင်း သူတူးမိပြီး ဇီဝိန်ချုပ်သွားသည် ဖြစ်၍ ဝမ်လင်းအနေဖြင့် သူ့ကို သတ်ခဲ့သည်ဟု ဝန်မခံချင်ပေ။

ရှယင်းက ကိုယ့်အတိုင်းအတာကိုယ် မသိဘဲ သူ၏ အင်မော်တယ် ခန္ဓာကိုယ်ကို တိုက်ခိုက်ခဲ့၍ တန်ပြန်စွမ်းအားကြောင့် သေဆုံးခဲ့ရခြင်း မဟုတ်ပါလား။

လူကြီးမင်းလီ"........."

သူက လူငယ်၏ နောက်ကျောပြင်ကိုသာ မြင်နိုင်သော်လည်း လုပ်ကြံသူကို သတ်ခဲ့သူက လူငယ်လေးမှန်း သူ အတပ်ပြောနိုင်သည်။

"ဒီဘက်လှည့်လိုက်စမ်း"

လူကြီးမင်းလီက သတိပေးသော လေသံဖြင့် ဒုတိယ အကြိမ် အော်ပြောလိုက်၏။

သို့သော် ဝမ်လင်းက မလှုပ်ရှားသေးပေ။

လက်ရှိအချိန်တွင် ဝမ်လင်းက သူ့ကို အမိန့်လာပေးနေသော အဘိုးကြီးကို ခေါင်းခေါက်ချင်သော ဆန္ဒ ဖြစ်ပေါ်နေသော်လည်း သူ့စွမ်းအားကို မထိန်းချုပ်နိုင် ဖြစ်ကာ အဘိုးကြီးကို သတ်သလို ဖြစ်သွားမည်ကိုလည်း စိုးရိမ်ရသေးသည်။

"လှည့်စမ်း.. မြန်မြန်လေး ဒီဘက်ကို လှည့်စမ်း"

လီလူကြီးမင်းက နောက်တစ်ကြိမ် အော်ဟစ်လိုက်သည်။

ဤတစ်ကြိမ်တွင်မူ ဝမ်လင်းက ကူကယ်ရာမဲ့သော ဟန်ပန်ဖြင့် လှည့်လိုက်သည်။

သို့သော် သူ၏ ကိုယ်ရေးအချက်အလက်ကို တချို့တစ်ဝက် ဖုံးကွယ်ထားရန် ဆုံးဖြတ်လိုက်၏။

အဆုံးသတ်တွင် ဝမ်လင်းက လှည့်ကြည့် လိုက်သော်လည်း မျက်နှာကို လက်ဖြင့် ကွယ်ထားခဲ့သည်။

ကြီးမြတ်သော အသွင်ပြောင်း မန္တန်က အသုံးပြုရန် အချိန်အတော်ယူရသဖြင့် ဝမ်လင်း ကြံရာမရ ဖြစ်နေခြင်း ဆိုလည်းမမှားချေ။

"........."

လူကြီးမင်းလီ "မင်းလက်ကို အောက်ချထားလိုက်စမ်း"

ပြစ်မှုကြီးများကို ကျူးလွန်ထားသည့် ရာဇဝင် လူဆိုးလူမိုက်ကြီးများကို သူကိုင်တွယ်ခဲ့ဖူးသည်။

၎င်းတို့ကိုပင် သုံးကြိမ်ထက် ပို၍ အော်ဟစ်ရန် မလိုအပ်ခဲ့ချေ။

အဆုံးသတ်တွင် ဝမ်လင်းက စိတ်ထဲတွင် သက်ပြင်းချလိုက်ကာ ခုခံရန် လုံးဝ လက်လျှော့လိုက်တော့သည်။

................

ဤသည်က ကံတရား ဖြစ်နိုင်သည်။

လူကြီးမင်းလီက ဝမ်လင်း၏မျက်နှာ အစစ်အမှန်ကို မြင်တွေ့သွားသောအခါ ရုတ်တရက် ထအော်မိလိုက်သည်။

"အိုး.. အတိုင်ပင်ခံဝမ်ပါလား"

လူကြီးမင်းလီ၏ စိတ်လှုပ်ရှားနေသော မျက်နှာ အမူအရာကို ကြည့်ရုံဖြင့် သူ့ဖုံးကွယ်မှု မအောင်မြင်မှန်း ဝမ်လင်း ခန့်မှန်းမိလိုက်သည်။

လူကြီးမင်းလီက မျက်လုံးကို လက်ဖြင့် ပွတ်သပ်လိုက်ပြီး သူ့မျက်ဝန်းနက်များဖြင့် ဝမ်လင်းကို သေချာ အကဲခတ်လိုက်၏။

သူ့အရှေ့သို့ ရောက်နေသူမှာ သူတို့ဌာနချုပ်က လွန်ခဲ့သော သုံးနှစ်ခန့်က ငှားရမ်းခဲ့သော အတိုင်ပင်ခံဝမ် ဖြစ်နေသည်။

"..........."

ဝမ်လင်း ဘာဆိုဘာမှ မပြောနိုင်တော့ပေ။

သူ့ဘဝ၏ အဆိုးရွားဆုံး ဖြစ်ရပ်မှာ အတိုင်ပင်ခံ ရာထူးကို ယူခဲ့မိခြင်းပင် ဖြစ်သည်။

ထို့ကြောင့်သာ သူနှင့် တွေ့ကြုံခဲ့ဖူးသော အဘိုးကြီးက သူ့ကို ယခုထိတိုင် မှတ်မိနေခြင်း ဆိုလည်းမမှားပေ။

ထိုအဘိုးကြီးက ကြယ်ခုနှစ်ပွင့် ကျင့်ကြံခြင်း အထူးအဖွဲ့မှ ပင်စင်ယူပြီးသည့်တိုင် သူနှင့် တစ်ကျောင်းတည်း အတူ ရှိနေခဲ့သည်။

စိတ်ဝိညာဉ်ဖြစ်တည်ခြင်း အဆင့် ကျင့်ကြံသူက ကျောင်းလုံခြုံရေးအစောင့် ဖြစ်လာသည်။

လူကြီးမင်းလီ၏ အတွေးကို ဝမ်လင်းတစ်ယောက် လိုက်မမီနိုင်တော့ပေ။

တစ်ဖက်တွင်လည်း လူကြီးမင်းလီက ပြိုင်ဘက်ကင်း အထူးစွမ်းရည်ကို ပိုင်ဆိုင်ထားသော လူငယ်လေးမှာ သာမန် အထက်တန်း ကျောင်းသားလေး ဖြစ်နေ၍ အံ့အားသင့်နေသည်။

ထိုအခိုက်အတန့်တွင် သူတို့နှစ်ဦးစလုံးက အတွေးထဲ ကိုယ်စီ လွင့်မျောနေကြသည်။

...............

တစ်ခဏတာ တိတ်ဆိတ်နေပြီးနောက်တွင် လူကြီးမင်းလီက မြေကြီးပေါ် လှဲလျောင်းနေသော အလောင်းကို အကဲခတ်လိုက်သည်။

တစ်ချက်ကြည့်ရုံဖြင့် နိုင်ငံတကာတွင် နာမည်ကျော်ကြားသော အနီရောင်ဖဲပြား လုပ်ကြံသူ ရှယင်းမှန်း သူသိလိုက်၏။

သူ့ဝိညာဉ်အာရုံဖြင့် အလောင်းကို စစ်ဆေး ကြည့်လိုက်ရာ လူကြီးမင်းလီက ချက်ချင်း တုန်လှုပ်သွားသည်။

ရှယင်း၏ သေဆုံးခြင်းက ကြောက်မက်ဖွယ်ရာ ကောင်းလွန်းနေ၏။

သူ့ဦးခေါင်းခွံမှ ခြေဖျားအရိုး အထိ အရိုးများ အားလုံးက ကျိုးကြေနေခဲ့သည်။

ရွှေအမြူတေသာ အကောင်း ပကတိအတိုင်း ရှိနေခဲ့လျှင် ပြန်လည် သက်သာလာနိုင်သေးသော်လည်း ရှယင်း၏ ရွှေအမြူတေက ပျက်စီးသွားပြီးနောက် ဘာမှ မရှိခဲ့သလို ပျောက်ကွယ်သွားသည်။

ဤရာဇဝတ်ကောင်က ဝမ်လင်းကို ရူးမိုက်စွာ အရင် တိုက်ခိုက်ခဲ့ခြင်း ဖြစ်နိုင်သည်။

ဝမ်လင်း၏ တန်ပြန်စွမ်းအားကြောင့် သေဆုံးခဲ့ခြင်းဖြစ်နိုင်သည်ဟု လူကြီးမင်းလီက ခန့်မှန်းမိလိုက်သည်။

ဝမ်လင်းတွင် ဤကဲ့သို့ စွမ်းရည်မျိုး ပိုင်ဆိုင်ထားမှန်း သူသိသည်။

လူကြီးမင်းလီက သူ ပင်စင်မယူခင် လွန်ခဲ့သော သုံးနှစ်ခန့်က နောက်ဆုံး ထမ်းဆောင်ခဲ့သော တာဝန်ကို ပြန်လည် အမှတ်ရမိသည်။

ထိုစဉ်က ညဥ့်ကောင်းကင်ယံ အမည်ရှိသော အကြမ်းဖက် အုပ်စုသည် ကမ္ဘာခြားဂိတ်ကို ဖွင့်ရန် ကြိုးစားခဲ့ပြီး တစ်ညတည်းဖြင့် နိုင်ငံများ၏ အဓိက မြို့ကြီးများကို တိုက်ခိုက်ရန် စီစဉ်ထားခဲ့သည်။

ထိုသတင်းကို ရရှိပြီးနောက် လူကြီးမင်းလီတို့ အဖွဲ့က ညဥ့်ကောင်းကင်ယံအဖွဲ့၏ အကြံအစည်ကို ဟန့်တားရန် ချက်ချင်းပင် လုပ်ဆောင်ခဲ့သည်။

နောက်ဆုံးတွင် သူတို့အဖွဲ့ဝင် အားလုံးက ညဥ့်ကောင်းကင်ယံအဖွဲ့၏ ထောက်ချောက်ထဲသို့ ရောက်ရှိသွားခဲ့သည်။

သူတို့ သတိမထားမိလိုက်ချိန်မှာပင် သူတို့ကို ကမ္ဘာခြားဂိတ်ကြီးက စုပ်ယူသွားခဲ့သည်။

ကမ္ဘာခြားဂိတ်ကြီးတွင် အဆိပ်မီးခိုးငွေ့များ နှင့် အလောင်းများမှ ထွက်လာသော ဓာတ်ငွေ့များဖြင့် ပြည့်နှက်နေရာ သူတို့ဝိညာဉ်စွမ်းအားကို ပြန်လည် ဖြည့်တင်းနိုင်သော ရေနှင့် ဆေးမြစ်များကို မရှာတွေ့နိုင်ပေ။

သို့သော် ထိုအရာထက် သူတို့အားလုံး အစိုးရိမ်ဆုံး ဖြစ်ရပ်မှာ ထိုနေရာတွင် ပုန်းအောင်းနေသော မကောင်းဆိုးဝါး ဘုရင်များကိုပင် ဖြစ်သည်။

သုံးညတာ ကာလပတ်လုံး မကောင်းဆိုးဝါး ဘုရင်များဖြင့် တိုက်ခိုက်ခဲ့ရပြီးနောက် သူတို့အဖွဲ့က လူစုကွဲသွားကြသည်။

အဆုံးသတ်တွင် သူတို့အဖွဲ့ဝင် ခုနှစ်ဦး အနက် သုံးဦးသာ အသက်ရှင် ကျန်ရစ်ခဲ့သည်။

လူကြီးမင်းလီ ကိုယ်တိုင်လည်း ဤနေရာတွင်သာ သေဆုံးရတော့မည်ဟု တွေးခဲ့မိသည်။

သို့သော် အရေးပေါ် အခြေအနေတွင် ဝမ်လင်း ရုတ်ခြည်း ရောက်လာခဲ့ပြီး မကောင်းဆိုးဝါး ရာကျော်ကို သတ်ဖြတ်ခဲ့၏။

လူကြီးမင်းလီ သတိရလာချိန်တွင် သွေးစီးကြောင်းသာကျန်ရစ်ခဲ့တော့သည်။

ထို့နောက် ဝမ်လင်းက လီလူကြီးမင်းတို့ ခုနှစ်ဦးစလုံးကို ရှာဖွေပြီး ပြန်ခေါ်လာခဲ့သည်။

ဝမ်လင်း မှတ်မိသလောက် လူကြီးမင်းလီတို့ အဖွဲ့က အဆိပ်ငွေ့များကြောင့် သတိလစ်နေခဲ့၍ ၎င်းတို့၏ မှတ်ဉာဏ်ကို သူ မဖျက်ဆီးခဲ့ခြင်း ဖြစ်သည်။

လူကြီးမင်းလီက သူတို့ကမ္ဘာသို့ ပြန်လာသည့် ခရီးတစ်လျောက်လုံး သတိ ပြန်လည် ရနေလိမ့်မည်ဟု သူ မမျှော်လင့်ခဲ့ပေ။

ဆိုရလျှင် လူကြီးမင်းလီက သူတို့ကို ကယ်တင်ပေးခဲ့သည့် သူကို ရှာဖွေနေခဲ့သည်။

သူ့ဘဝ တစ်လျှောက်လုံး ဤအဖြစ်အပျက်ကို မမေ့ပျောက်နိုင်ပေ။

ဝမ်လင်းကို သူတို့ အထက်လူကြီးက သူတို့အဖွဲ့ အတွက် အတိုင်ပင်ခံအဖြစ် ယာယီ ခန့်အပ်ခဲ့ခြင်းသာ ဖြစ်သည်။

အတိုင်ပင်ခံများသည် သီအိုရီသာ သိသူများဟု ခံယူထားသော လူကြီးမင်းလီတို့ အဖွဲ့က ဝမ်လင်းကို သဘောမကျခဲ့ကြပေ။

အဆုံးသတ်တွင် သူတို့ကို ကယ်တင်ခဲ့သူမှာ သူတို့ အထင်မကြီးခဲ့သော ဝမ်လင်း ဖြစ်နေခဲ့သည်။

မကောင်းဆိုးဝါး အားလုံးကို ရှင်းလင်းပြီး သူတို့ကို ပြန်ခေါ်လာနိုင်သော ဝမ်လင်း၏ စွမ်းအားအဆင့်က မယုံကြည်နိုင်လောက်အောင် မြင့်မားမည်မှာ တွေးကြည့်ရန်ပင် မလိုအပ်ချေ။

သူ့ဒဏ်ရာ သက်သာပြီး ဆေးရုံမှ ဆင်းလာသည့် အချိန်မှစ၍ အကြံပေး ဝမ်လင်းက ခြေရာလက်ရာပင် မကျန် ပျောက်ကွယ်သွားခဲ့သည်။

.................

ဝမ်လင်းက ယာယီ အတိုင်ပင်ခံ အနေဖြင့် တိုက်တိုက်ဆိုင်ဆိုင် လုပ်ဆောင်ခဲ့ခြင်း ဖြစ်၏။

ကမ္ဘာခြား ဂိတ်ကြီးထဲ ဝင်ရောက်ပြီး လူကြီးမင်းလီတို့ အဖွဲ့ကို ပြန်လည် ခေါ်ဆောင်ရန် သူ့စွမ်းအား အစစ်အမှန်ကို ထုတ်ဖော်ရခြင်းမှာ လူသားများကို အကျိုးပြုလိုသော ဆန္ဒကြောင့်သာ ဖြစ်သည်။

ဤလောကကြီးထဲ ဝမ်လင်း၏ စွမ်းအား အစစ်အမှန်ကို သိထားသောသူ အများကြီး မရှိပေ။

သို့သော် ဝမ်လင်းက သူ့အကြောင်း သိနေသော လူကြီးမင်းလီကို ညှာတာပေးရန် ဆုံးဖြတ်လိုက်၏။

သို့ရာတွင် လူကြီးမင်းလီက ဇာတ်လမ်း တစ်ခုလုံးကို ခရေစေ့တွင်းကျ မသိထားပေ။

သူ့စိတ်ထဲတွင် ဝမ်လင်းက ငယ်ရွယ်သော ရုပ်ရည်ရှိသည့် နှစ်တစ်ထောင် မကောင်းဆိုးဝါးကြီးဟု တွေးထားခဲ့သည်။

သို့သော် တကယ့် အမှန်တရားမှာ ဝမ်လင်းက ယခုမှ အသက် ၁၆နှစ်သာ ရှိသေးသည့် အထက်တန်း ကျောင်းသားလေးမျှသာဖြစ်၏။

All Chapters