← Chapters

ကြောက်မက်ဖွယ် အကောင်းဆုံးလေထုသည် ရုတ်တရက် ငြိမ်သက်သွားခဲ့သည်

Vol. 2 Ch. 19

ကြောက်မက်ဖွယ် အကောင်းဆုံးလေထုသည် ရုတ်တရက် ငြိမ်သက်သွားခဲ့သည်

Vol. 2 Ch. 19

ဝမ်လင်းက လူကြီးမင်းလီနှင့် တွေ့ဆုံရန် အမြဲကြောက်နေခဲ့သည်။

သူ့အသက်အမှန်ကို လူကြီးမင်းလီကို ပြောပြခဲ့လျှင် လီလူကြီးမင်းက သူ့ကို မကောင်းဆိုးဝါး တစ်ကောင် ကဲ့သို့ သဘောထားလိမ့်မည် မဟုတ်ပါလား။

သို့သော် ပြဿနာကို သူကိုယ်တိုင် မရှင်းလင်းလျှင် ဤနားလည်မှုလွဲခြင်းက ဆက်လက် တည်ရှိနေလိမ့်မည်။

လူကြီးမင်းလီက သူ၏ နှစ်ပေါင်းများစွာ အတွေ့အကြုံများကို အခြေခံ၍ သူတို့၏ အတိုင်ပင်ခံကြီး ဤနေရာ ရောက်နေရသည့် အကြောင်းအရင်း နှစ်ရပ်သာ ရှိလိမ့်မည်ဟု မှန်းဆလိုက်သည်။

ပထမ အကြောင်းပြချက်မှာ ရုပ်ဖျက်ပြီး လှည့်လည် သွားလာခြင်း ဖြစ်ပြီး ဒုတိယ အကြောင်းပြချက်မှာမူ အချစ်ကိုတပ်မက်စွာ လိုက်ရှာနေခြင်း ဖြစ်၏။

ဝမ်လင်းက ကြယ်ခုနှစ်ပွင့် ကျင့်ကြံခြင်း အထူးအဖွဲ့၏ အတိုင်ပင်ခံအနေဖြင့် ရက်ပိုင်းခန့် လုပ်ကိုင်ခဲ့ဖူးသည်။

အဖွဲ့ဝင်တိုင်းက သူ့ကို လှောင်ပြောင်စရာ ပြောသည့်တိုင် သိုသိုဝှက်ဝှက် နေလေ့ရှိသည်။

ရုပ်ဖျက်ပြီး လှည့်လည်သွားလာခြင်းက အတိုင်ပင်ခံ၏ စရိုက်နှင့် မလျော်ညီပေ။

ထို့ကြောင့် လူကြီးမင်းလီက ပထမ အကြောင်းပြချက်ကို ပယ်ချခဲ့သည်။

လွန်ခဲ့သည့် နှစ်ရက်ကျော်ခန့်က ဝမ်လင်း နှင့် စွန်းရုံတို့ ရှောင်ပန်းခြံတွင် လုပ်ကြံသူများ၏ ပြန်ပေးဆွဲခြင်းကို ခံရသည့် သတင်းကို သူကြားမိခဲ့သည်။

ထိုအတွေးကြောင့် လူကြီးမင်းလီက တိမ်များကင်းစင်သွားသလို ရှင်းလင်းသော အတွေးတစ်ခု ပေါ်ပေါက်လာ၏။

သူက အရာရာကို တတ်ကျွမ်း နားလည်သူ ကဲ့သို့ ဝမ်လင်းကို ငေးစိုက်ကြည့်နေသည်။

"ရှောင်ပန်းခြံမှာ မမလေးစွန်းရုံကို အရိပ်လုပ်ကြံသူ အဖွဲ့ရဲ့လက်ထဲကနေ ကယ်တင်ခဲ့တာ အတိုင်ပင်ခံဝမ် မဟုတ်လား"

"အင်း"

ဝမ်လင်းက ပွင့်ပွင့်လင်းလင်း ပြန်ဖြေလိုက်သည်။

သူ့စွမ်းအား အစစ်အမှန်ကို သိထားသည့် လူကြီးမင်းလီက ယခုလို ကောက်ချက်ဆွဲနိုင်ခြင်းမှာ အံ့ဩစရာတော့ မဟုတ်ပေ။

ထို့ကြောင့် ဝမ်လင်းကလည်း ဖုံးကွယ်မည့် အတွေးမျိုး မရှိခဲ့ချေ။

"ဒါဆိုရင် ကျောင်းသူစွန်းရုံနဲ့က ဘယ်လို ဆက်ဆံရေးမျိုးလဲ.. ကျနော် မေးလို့ရမလား"

"အတန်းဖော်အဆင့်ပါပဲ"

ဝမ်လင်းက ပုံမှန်အတိုင်း ဆိတ်ဆိတ်နေ၍ ပြန်ဖြေလိုက်သည်။

ထိုစကားကြောင့် လူကြီးမင်းလီက အံံဩတုန်လှုပ်သော မျက်နှာအမူအရာဖြင့် ဝမ်လင်းကို ငေးစိုက်ကြည့်လိုက်၏။

အတိုင်ပင်ခံဝမ်က ဤကျောင်းနယ်မြေသို့ သူ့ထူးခြားသော ဆန္ဒကို ဖြည့်ဆည်းရန် (ဝါ) ငယ်ရွယ်သော ကျောင်းသူလေးများ၏ အရသာကို ခံစားရန် လာရောက်ခဲ့ခြင်း မဟုတ်ပေ။

အတိုင်ပင်ခံက အမျိုးသမီးများကို သဘောမကျခြင်းလည်း ဖြစ်နိုင်လောက်သည်။

".........."

လူကြီးမင်းလီ၏ အတွေးရိုင်းကြောင့် ဝမ်လင်းကို သူ့ကို ခြေထောက်ရိုက်ချိုးချင်စိတ် ပေါက်နေသည်။

ကြယ်ခုနှစ်ပွင့် ကျင့်ကြံခြင်း အထူးအဖွဲ့၏ ခေါင်းဆောင် ရာထူးမှ ပင်စင်ယူထားသော လူကြီးမင်းလီသည် မိမိကိုယ်မိမိ နှိမ့်ချပြီး သာမန် အထက်တန်းကျောင်းလေး၏ ကျောင်းလုံခြုံရေးခေါင်းဆောင် ဖြစ်လာရသည့် အကြောင်းအရင်း ရှိနိုင်သည်။

ဝမ်လင်းက ထိုကိစ္စကို တကယ် စိတ်ဝင်စားမိသည်။

လူကြီးမင်းလီ၏ အရည်အချင်းဖြင့် ပင်စင်ယူပြီး နောက်ပိုင်းလည်း နောက်ကွယ်မှ ကြိုးကိုင် အလုပ်လုပ်ရသော အမိန့်ပေးသူ အနေဖြင့် ဆက်လက် တာဝန်ထမ်းဆောင်နိုင်သည်။

တစ်နေ့လုံး မျက်နှာပြစရာ မလိုအပ်ဘဲ နောက်ကွယ်မှ အမိန့်ပေး စေခိုင်းခြင်းက လူကြီးမင်းလီ၏ စရိုက်နှင့်လည်း ကိုက်ညီသည်ဟုလည်း ဝမ်လင်း ခံစားမိသည်။

"ခင်ဗျားက ခန္ဓာကိုယ်ထဲမှာ ဒဏ်ရာ ရခဲ့တာလား"

ဝမ်လင်းက လူကြီးမင်းလီ၏ မူမမှန်မှုကို ချက်ချင်း ခံစားမိလိုက်သည်။

ကောင်းကင်မျက်လုံးကို အသုံးမပြုသည့်တိုင် ဝမ်လင်း၏ မျက်လုံးများက ယနေ့ခေတ်၏ အတိုးတက်ဆုံး စက်ပစ္စည်းများထက် အဆပေါင်းများစွာ ပိုမို ကောင်းမွန်နေသည်။

လူကြီးမင်းလီက ခါးသက်စွာ ပြုံးလိုက်၏။

"ကမ္ဘာခြားဂိတ်က ပြန်လာပြီး သတိရလာချိန်မှာ အသေးအမွှား ဖြစ်ရပ်တချို့ကြောင့် ကျနော့်ရဲ့ အတွင်းဒဏ်ရာက ပိုမို ဆိုးရွားလာပြီး အရင်လို မြန်ဆန် ဖျတ်လတ်တဲ့သူ မဟုတ်တော့ဘူးလေ"

"ဘယ်လိုဖြစ်ရတာလဲ"

ဝမ်လင်းက မျက်ခုံးတစ်ဖက်ကို ပင့်လိုက်ပြီး သူ့အကျင့်အတိုင်း စိတ်ချင်းဆက်သွယ်၍ ပြောဆိုလိုက်သည်။

"ကျနော် သတိရလာတော့ အတိုင်ပင်ခံဝမ်ကို ကိုယ်တိုင်ကိုယ်ကျ ကျေးဇူးတင်စကား ပြောချင်လို့ စိုးရိမ်တကြီး လိုက်ရှာခဲ့တယ်.. လူသွားစင်္ကြန်ဘက်တောင် မရောက်ခဲ့ပါဘူး.. ကျနော့်ရဲ့ ကျန်းမာရေး အခြေအနေကို စစ်ဆေးပေးတဲ့ သူနာပြုက အရိပ်ပေါင်းစည်းခြင်း မန္တန်သုံးပြီး ဆေးရုံကုတင်ပေါ် ပြန်ခေါ်ခဲ့တယ်လေ"

".........."

"ဒုတိယအကြိမ် ဆေးရုံရဲ့ အဓိကဝင်ပေါက်ကနေ အပြင်ဘက် ခိုးထွက်တော့လည်း သူဌေးဟောင်းနဲ့ ထိပ်တိုက်တိုးခဲ့တယ်.. သူက ကျနော့်ကို စကားတစ်ခွန်းမှ မပြောဘဲ နဂါးပျံမန္တန်သုံးပြီး တိုက်ခိုက်ခဲ့တယ်.. သူရဲ့အပြင်းအထန် တိုက်ခိုက်တာကို ခုခံဖို့ မနည်းရုန်းကန်ခဲ့ရတယ်.. အဆုံးသတ်မှာတော့ သူဖမ်းတာကို ခံရပြီး ဆေးရုံမှာပဲ ဆေးကုရပြန်တယ်"

"..........."

"တတိယ တစ်ခေါက်မှာတော့ ဓားပျံကို သုံးပြီး ဆေးရုံ ပြတင်းပေါက်ကနေ အပြင်ထွက်ဖို့ ကြိုးစားခဲ့တယ်.. ဒါပေမဲ့ ဆေးရုံက ဝိညာဉ်စွမ်းအား အသုံးပြုလို့မရအောင် ချုပ်နှောင်ထားတာ ကျနော် မေ့သွားခဲ့တော့ ဝိညာဉ်စွမ်းအားကို အသုံးမပြုနိုင်တော့ဘဲ ဆေးရုံအထပ် ၁၃ထပ်ကနေ ပြုတ်ကျသွားခဲ့တယ်"

စကားဆုံးသည်နှင့် လူကြီးမင်းလီက နာကြည်း ခါးသီးစွာ သက်ပြင်းချလိုက်သည်။

"အဲဒီ အခြေအနေကြောင် အခုချိန်အထိ မသက်သာသေးတာပေါ့"

"........."

လူကြီးမင်းလီ၏ အတွင်းဒဏ်ရာက ကမ္ဘာခြားဂိတ်မှ အဆိပ်ငွေ့ကြောင့်မှန်း ဝမ်လင်း မြင်တွေ့နိုင်သည်။

အဆိပ်ငွေ့ကို ကုသပြီးသည့်တိုင် ထပ်တလဲလဲ ထိခိုက်ဒဏ်ရာ ရမှုကြောင့် အပြီးတိုင် ကုသနိုင်မည်ဟု ပြောလျှင် ရယ်စရာ ကောင်းလိမ့်မည်သာ။

လီလူကြီးမင်း၏ ဇာတ်ကြောင်းကို နားထောင်ပြီးနောက် ဝမ်လင်းက သက်ပြင်းကို လေးလံစွာ ချလိုက်သည်။

ကြယ်ခုနှစ်ပွင့် ကျင့်ကြံခြင်း အထူးအဖွဲ့၏ ခေါင်းဆောင်က ကမ္ဘာခြားဂိတ်၏ အဆိပ်ငွေ့ကြောင့် မှတ်ဉာဏ် အားနည်းသွားခဲ့သည်။

လီလူကြီးမင်း၏ လက်ရှိဉာဏ်ရည်ဖြင့် တိုက်ပွဲအမိန့်ပေးသူ အလုပ်မဆိုထားနှင့်.. နှစ်ယောက်တွဲ ဉာဏ်စမ်းဂိမ်းမျှလောက်သာ ဆော့နိုင်လောက်ပေသည်။

ဝမ်လင်းက အသက်ခပ်ပြင်းပြင်း ရှုလိုက်ပြီးနောက် သူ့လက်ဖဝါးပေါ်တွင် သန့်စင်ခြင်း အလင်းတန်းတစ်ခု ပေါ်ထွက်လာသည်။

မရေမတွက်နိုင်သော မန္တန်များထဲတွင် ကြီးမြတ်သော သန့်စင်ခြင်း မန္တန်သည် မကောင်းသော အရာအားလုံးကို သန့်စင်ပေးနိုင်သည်။

မန္တန်၏ ပထမအဆင့်သည် အဆိပ်အတောက် အားလုံးကို အပြီးတိုင် သန့်စင်ဖယ်ထုတ် ပေးနိုင်သည့် အကျိုးသက်ရောက်မှုရှိပြီး အဆင့်မြင့် အဆင့်သည် နှလုံးသားထဲမှ မကောင်းသော ဆန္ဒအားလုံးကိုပင် သန့်စင်စေနိုင်၏။

ဝမ်လင်း၏ လက်ရှိကျွမ်းကျင်မှု အဆင့်ဖြင့် နှာဘူးတစ်ယောက်ကို ရှောင်လင် ဘုန်းကြီး ဘဝသို့ ပြောင်းလဲပေးလိုပါက ဘာမှမခက်ခဲချေ။

လူကြီးမင်းလီက ဝမ်လင်း၏ လက်ထဲမှ ဝိညာဉ်အလင်းတန်းကို မြင်တွေ့သောအခါ မှင်တက်သွားသည်။

ယင်းက သူတစ်ခါမျှ မမြင်ဖူးသော မန္တန် ဖြစ်၏။

အသေးစိတ် စီစဉ်ထားသော မန္တန် နှင့် သန့်စင်သော ဝိညာဉ်စွမ်းအားများ စုဆောင်းထားခြင်းသည် ဝမ်လင်း၏ ကျွမ်းကျင်မှုကို လုံလုံလောက်လောက် သက်သေပြနေသည်။

သူ့မျက်ဝန်းများက မန္တန်ကို မလွတ်တမ်း ကြည့်နေရင်း ဝမ်လင်းကို မရပ်မနား ချီးမွမ်းနေမိသည်။

"အတိုင်ပင်ခံဝမ်က အရင်အတိုင်း မပြောင်းမလဲ သန်မာနေတုန်းပဲ"

"ဒီအလင်းတန်းက ခင်ဗျားရဲ့ကိုယ်တွင်း ဒဏ်ရာကို အပြီးတိုင် ကုသပေးနိုင်လိမ့်မယ်"

ဝမ်လင်းက စကားအပို မပြောတော့ဘဲ သူ့လက်ဖဝါးကို လူကြီးမင်းလီ၏ နဖူးပေါ်သို့ တင်လိုက်သည်။

လူကြီးမင်းလီက နွေးထွေးသော မန္တန်အလင်းကို တဖြည်းဖြည်းချင်း စုပ်ယူလိုက်ရာ သူ့ဦးနှောက်ထဲသို့ အေးမျှသော တစ်စုံတစ်ရာက စိမ့်ဝင် ပျံံ့နှံံ့သွားသည်ဟု ခံစားလိုက်ရ၏။

သူ့ခန္ဓာကိုယ်ထဲတွင် နှစ်ပေါင်းများစွာ အမြစ်တွယ်နေသော အဆိပ်များကို သန့်စင်သော ဝိညာဉ်စွမ်းအားများက နည်းနည်းချင်းစီ ဖြေဖျောက်ပေးနေသည်။

အဆုံးသတ်တွင် အဆိပ်အားလုံး ရှင်းလင်းသွားခဲ့၏။

ဝမ်လင်းက သူ့လက်ချောင်းထိပ်မှ အနက်ရောင် ချီစွမ်းအားကို သန့်စင်သော အလင်းတန်းဖြင့် ရောနှောက ပြာမှုန့်အဖြစ် ပြောင်းလဲစေလိုက်သည်။

"အရမ်းမိုက်တယ်"

လူကြီးမင်းလီက အောဂလီဆန်စရာ ကောင်းသော အသံဖြင့် ပြောဆိုလိုက်သည်။

သူ့ခန္ဓာကိုယ်ထဲ ကိန်းအောင်းနေသော အဆိပ်များ ပြယ်လွင့်သွားပြီးနောက် နှစ်၁၀၀ခန့် နုပျိုသွားသလို ခံစားမိလိုက်သည်။

သူ့ခန္ဓာကိုယ်က ပို၍ ပေါ့ပါးသွားပြီး သူ့ဝိညာဉ်စွမ်းအားက ရေကဲ့သို့ ချောမောစွာ စီးဆင်းနေမှန်း သဘောပေါက်လိုက်သည်။

ထိုဖြစ်ရပ်ကြောင့် သူ၏ ဝိညာဥ်သွေးကြောများက ပိတ်ဆို့ခြင်း မရှိတော့ကြောင်း နားလည်ခဲ့၏။

"အတိုင်ပင်ခံဝမ်က တကယ်ကို ထူးချွန်တယ်"

လူကြီးမင်းလီက ဝမ်လင်းကို ပို၍ အထင်ကြီးလေးစား လာခဲ့သည်။

လွန်ခဲ့သော နှစ်အနည်းငယ်ခန့်က သူ့ဒဏ်ရာကို ကုသရန် ကျော်ကြားသော ဆရာဝန်များနှင့် ပြသခဲ့သော်လည်း မည်သူ တစ်ဦးတစ်ယောက်ကမှ သူ့ကို မကုသနိုင်ခဲ့ပေ။

တိုးတက်သော နည်းပညာ နှင့် အကောင်းဆုံးသော ၉၆ပါး ရောဂါပျောက်ဆေးများက ဝမ်လင်း၏မန္တန်ကို ယှဉ်နိုင်စွမ်း မရှိပေ။

"ငါက အတိုင်ပင်ခံ မဟုတ်တော့ဘူး.. အခုကစပြီးတော့ ငါ့ကို ကျောင်းမှာ တွေ့ရင် ကျောင်းသားဝမ်လင်းလို့ပဲ ခေါ်ပါ"

ဝမ်လင်းက အမိန့်ပေးလိုက်သည်။

"ကောင်းပါပြီ.. ကျောင်းသားဝမ်လင်း"

လူကြီးမင်းလီက သူ့အတွင်းဒဏ်ရာကို ကုသပေးခဲ့သည့် မဟာဆရာသခင်၏ စကားကို မနာခံစရာ အကြောင်း မရှိပေ။

ထို့နောက် လီလူကြီးမင်း၏ အကြည့်က မြေကြီးပေါ် လှဲလျောင်းနေသော ခန္ဓာကိုယ်ပေါ်သို့ ကျရောက်သွားသည်။

"ရှယင်းရဲ့ ခန္ဓာကိုယ်ကို ဘယ်လိုလုပ်ကြမလဲ"

ဝမ်လင်းက စကားတစ်ခွန်းမျှ မပြောဘဲ လီလူကြီးမင်းကို ပြန်ကြည့်လိုက်သည်။

အဆိပ်အတောက်များကို ဦးနှောက်မှ ဖယ်ရှားပစ်လိုက်၍ အရင်လိုဉာဏ်ရည်မျိုး ပြန်လည်ပိုင်ဆိုင်သွားသော လီလူကြီးမင်းက ဝမ်လင်း၏ မျက်ဝန်းမှ တဆင့် ရည်ရွယ်ချက်ကို သဘောပေါက်လိုက်သည်။

ဝမ်လင်းက လူကြီးမင်းလီကို ပြဿနာ ဖြေရှင်းခိုင်းလိုက်ခြင်း ဖြစ်၏။

အရိပ်လုပ်ကြံသူ အဖွဲ့အစည်း၏ ဖဲပြားနီ လုပ်ကြံသူကို သတ်ခဲ့သည့် ကျောင်းသားက ဝမ်လင်းဟုသာ သတင်းပေါက်ကြားသွားလျှင် နောက်တစ်လခန့် အထိ သတင်းခေါင်းစည်တွင် ရှိနေနိုင်သည်။

ဤသည်ကား ဝမ်လင်း၏ သိုသိပ်စွာ နေထိုင်တတ်သော အကျင့်နှင့် ဆန့်ကျင်နေ၏။

ဤတစ်ကြိမ်တွင် ဝမ်လင်းက လီလူကြီးမင်း၏ မှတ်ဉာဏ်ကို အတင်းအကျပ် မဖျက်ပစ်ခဲ့ပေ။

လူကြီးမင်းလီက အနာဂတ်တွင် သူ့အတွက် အထောက်အပံ့ ဖြစ်လာနိုင်သည်။

ယင်းအချိန်တွင် လေညင်းတိုက်ခတ်လာပြီး ဝမ်လင်းက အနီးအနားရှိ ခြေသံများကို အာရုံခံမိလိုက်သည်။

ပြဿနာကို ဖြေရှင်းနိုင်ရန် သူ ပြန်သင့်ပေပြီ။

ခွဲခွာခြင်း မန္တန်ကို အသုံးပြုထားသည်မှာကြာပြီ ဖြစ်၍ အတန်းထဲမှ ဝမ်လင်း၏ ကိုယ်ပွားမှာ အခြေအနေ မဟန်ပေ။

မျက်စိတစ်မှိတ် အတွင်း နေရာမှ ဝမ်လင်း ပျောက်ကွယ်သွားခဲ့သည်။

လီလူကြီးမင်းက ပျောက်ကွယ်သွားသော ဝမ်လင်းကို ငေးကြည့်ရင်း သက်ပြင်းချလိုက်သည်။

မည်သို့သော အကြောင်းပြချက်ကြောင့် မဟာ ဆရာသခင်က ကျောင်းလာတက်နေသည်ကို သူမသိသော်လည်း သူက အခွင့်အရေးကောင်းကို လက်လွတ်ခံမည် မဟုတ်ချေ။

မဟာ ဆရာသခင်ကို ဆရာ တင်မြှောက်နိုင်မည့် အခွင့်အရေးကို ရှာကြံရပေမည်။

လူကြီးမင်းလီ သက်ပြင်းချနေစဉ် ဝမ်လင်း ခန့်မှန်းထားသည့် အတိုင်း ကျောင်းလုံခြုံရေး အုပ်စု ရောက်ရှိလာသည်။

သူတို့အုပ်စုက သစ်ပင်အောက် ရပ်နေသော အမျိုးသားနှင့် မြေကြီးပေါ် လဲလျောင်းနေသော ခန္ဓာကိုယ်ကို မြင်တွေ့ရသောအခါ အတော်ကလေး တုန်လှုပ်သွားသည်။

"ဒါ ဘယ်သူ့ လက်ချက်လဲ"

လီလူကြီးမင်းက လက်နှစ်ဖက် နောက်ပစ်ကာ ဟန်ပါပါဖြင့် သစ်ပင်အောက်မှ ထွက်လာခဲ့သည်။

"ငါ့လက်ချက်ပဲ"

"ခင်ဗျားက ခေါင်းဆောင်လီ မဟုတ်လား"

ကျောင်းလုံခြုံရေး အဖွဲ့က ချက်ချင်း တန်းစီလိုက်ပြီး ရိုသေစွာ ဂါဝရပြုလိုက်သည်။

"ရပါပြီ"

လူကြီးမင်းလီက ခေါင်းညိတ်လိုက်ပြီး မြေကြီးပေါ် လှဲလျောင်းနေသော ခန္ဓာကိုယ်ကို လက်ညိုးထိုးပြလိုက်သည်။

"စောနလေးတင် အရိပ်လုပ်ကြံသူကို ငါရှင်းပစ်လိုက်တယ်.. ငါ့ကို ကူညီတဲ့အနေနဲ့ သူ့ကို မြေမြှုပ်ပေးပါဦး"

အမိန့်ပေးပြီးနောက်တွင် လူကြီးမင်းလီက နောက်လှည့်မကြည့်တော့ဘဲ လှည့်ထွက်သွားခဲ့သည်။

ကျောင်းလုံခြုံရေးအဖွဲ့က ရှေ့တိုးပြီး အလောင်းကို အကဲခတ်လိုက်ရာ ဇောချွေးများ ပြန်သွားခဲ့၏။

ဤသေဆုံးခြင်းက ကြောက်ခမန်းလိလိ ဖြစ်နေသည်။

ခန္ဓာကိုယ်ထဲရှိ အရိုးအားလုံးက ကြေမွနေပြီး ခန္ဓာကိုယ်က ပုံပျက်ပန်းပျက် ဖြစ်နေသည်။

All Chapters