ခွေးကလေးထွင်ထျန်းဟာ
Vol. 2 Ch. 21
မြေဖြူခဲအပိုင်းအစလေးက ကျောင်းပရဝုဏ်ထဲရှိ နံပါတ်တစ် လျှို့ဝှက် လက်နက် ဖြစ်နေ၏။
ယနေ့တွင် စွန်းရုံ အတော်လေး အမြင်ကျယ်သွားသည်။
လက်နက်၏ အရည်အသွေး ရှိ၊ မရှိသည် ရန်သူကို မည်မျှ ထိခိုက်စေသည့် အချက် နှင့် အသုံးပြုသူ၏ ခွန်အားပေါ်တွင်သာ မူတည်သည်။
အရိပ်လုပ်ကြံသူ၏ ဓားပျံ (ဝါ) အထူးစီရင်ထားသော ဝိညာဉ်ကျည်ဆန်တို့က လူ့ခန္ဓာကိုယ်ကို အလွယ်တကူ ထိုးဖောက်နိုင်၏။
သို့သော် မြေဖြူခဲ အပိုင်းအစလေးတွင်လည်း ကြောက်ခမန်းလိလိ စွမ်းအားမျိုး ရှိလိမ့်မည်ဟု ရှဖန်း မတွေးမိခဲ့ပေ။
ဆရာဝမ်က ခြေထောက်ကို ဆန့်ထုတ်လိုက်ပြီး ရှဖန်း၏ ခန္ဓာကိုယ်ကို ဖက်ထုပ်ကြော်ကဲ့သို့ လှန်လိုက်ကာ ကျေနပ်ဟန်ဖြင့် ခေါင်းညိတ်သည်။
"အွန်း မဆိုးဘူးပဲ.. မြေဖြူခဲက ရှဖန်း နှလုံးသားရဲ့ ညာဘက်ထောင့်စွန်းကို ထိသွားလို့ ဒီကောင် ပွဲချင်းပြီး သေသွားတာပဲ.. ဒါပေမဲ့ သွေးတွေ အများကြီး ထွက်နေတာကတော့ ကြည့်ရ အဆင်မပြေဘူး"
ထို့နောက် ဆရာဝမ်က ခါးကိုင်းလိုက်ပြီး ရှဖန်၏ မေးဖျားကို ညှစ်ကာ ပါးစပ်ကို အတင်းဟ၍ အံသွားကို ဆွဲနုတ်လိုက်၏။
အံသွားက အစိမ်းပုတ်ရောင် ပြောင်းလဲသွားသည့် အကြောင်းအရင်းကို စွန်းရုံ သဘောပေါက်သွားသည်။
ဝါရင့်ဆရာသမားဝမ်က ခေါင်းလှည့်လာပြီး မျက်လုံးများ မှေးကျဉ်းသည်အထိ စွန်းရုံကို ပြုံးပြလိုက်သည်။
"မင်းကို ကြောက်လန့်သွားစေလား"
စင်စစ် သူမက ကြောက်လန့်ခြင်း မဟုတ်ဘဲ ထိုထက်ပို၍ တုန်လှုပ်နေခြင်းသာ ဖြစ်သည်။
သူမတို့ကို သမိုင်းဘာသာရပ် သီအိုရီကို သင်ကြားပေးသော ဆရာဝမ်က အမြဲတမ်း ရယ်မောနေတတ်ပြီး ကျောင်းသားများကို ချစ်ခင် အလိုလိုက်လေ့ ရှိသည်။
သို့တိုင် ဆရာဝမ်က ရန်သူကို တိုက်ခိုက်သောအခါတွင် ထောက်ထား ညှာတာမှု ကင်းမဲ့စွာဖြင့် ဇီဝိန်ခြွေတတ်လိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ။
ပထမတန်းစာ ဖဲပြားနီ လုပ်ကြံသူပင် ဆရာဝမ်ကို တန်ပြန်တိုက်ခိုက်နိုင်သော အခွင့်အရေး မရခဲ့ပေ။
"ဆရာဝမ်.. အဲဒါက ဘာလဲ"
စွန်းရုံက ဝါရင့်ဆရာသမား ဝမ်၏ လက်ထဲမှ အံသွားကို ငေးကြည့်ရင်း မေးလိုက်သည်။
"ဒါက အရိပ်လုပ်ကြံသူတွေ နောက်ဆုံး ချန်ခဲ့တတ်တဲ့ ပစ္စည်းပဲ.. အဲဒီအံသွားမှာ အဆိပ်နဲ့ အလောင်းကောင် အမှုန့်တွေ ပါဝင်နေတဲ့ အဆိပ်ထုပ်ကို မြုပ်ထားတယ်.. တာဝန် ကျရှုံးတော့မယ်လို့ ခံစားရတာနဲ့ သူတို့တွေက အံသွားထဲမှာ မြှုပ်ထားတဲ့ အဆိပ်ထုပ်ကို ကိုက်ချလိုက်တာပဲ"
ဝါရင့်ဆရာသမား ဝမ်က ရှင်းပြလိုက်၏။
ထိုအခါမှ စွန်းရုံက နားလည် သဘောပေါက်သွားတော့သည်။
အရိပ်လုပ်ကြံသူ အဖွဲ့အစည်းက သူတို့၏ အံ့ဩဖွယ် ဂုဏ်သတင်းကြောင့် နိုင်ငံတကာတွင် ကျော်ကြား၏။
၎င်းတို့က ငှားရမ်းသူ အပေါ် သစ္စာဖောက်လေ့ မရှိသလို သက်သေချန်ခဲ့လေ့လည်း မရှိပေ။
အရိပ်လုပ်ကြံသူအဖွဲ့၏ ကျရှုံးသော တာဝန်များကို နိုင်ငံတကာ မှတ်တမ်းတွင် မှတ်တမ်း တင်ထားသော်လည်း လုပ်ကြံသူတို့၏ ရုပ်အလောင်းကိုမူ မတွေ့ရတတ်ပေ။
ထိုသို့ ဖြစ်ရသည့် အဓိကသော့ချက်မှာ သူတို့၏ အံသွားထဲတွင် မြုပ်ထားသော အဆိပ်နှင့် အလောင်းကောင် အမှုန့် တို့ကြောင့် ဖြစ်သည်။
လုပ်ကြံသူများက ငှားရမ်းသူကို သစ္စာမဖောက်ဟု အမြဲတမ်း အာမခံ၍ မရနိုင်ပေ။
လုပ်ကြံသူတို့၏ ရုပ်အလောင်း ကျန်ခဲ့လျှင်လည်း အစိုးရ အဖွဲ့အစည်းများက အရိပ်အဖွဲ့ကို ထောက်လှမ်းမိနိုင်သည်။
ထို့ကြောင့် အရိပ်လုပ်ကြံသူအဖွဲ့အစည်းက အဆိပ်အိတ်ကို အံသွားထဲ ထည့်ပေးထားခြင်း ဖြစ်သည်။
သို့မှသာ သူတို့ ရင်ဆိုင်ရနိုင်သော အခက်အခဲများကို ကျော်လွှားနိုင်လိမ့်မည် မဟုတ်ပါလား။
ဝါရင့်ဆရာသမား ဝမ်၏ လက်ထဲမှ အံသွားကို ငေးစိုက်ကြည့်ရင်း စွန်းရုံက နောက်တစ်ကြိမ် အံ့အားသင့်နေရပြန်သည်။
ပထမတန်းစား ဖဲပြားနီ လုပ်ကြံသူက သေဆုံးရတော့မည်ကို သဘောပေါက်သော်လည်း ဆရာဝမ်၏ မြေဖြူခဲက သူ့ကို အပိုင်နှိပ်ကွပ် စေနိုင်မည်ဟု မထင်ခဲ့လောက်ချေ။
ယခုတော့ ရှဖန်း၏ ရုပ်အလောင်းသာ သက်သေအနေဖြင့် ကျန်ရစ်ခဲ့သည်။
အရိပ််လုပ်ကြံသူ အဖွဲ့အစည်း၏ ကျရှုံးခြင်းက ခြေရာခံနိုင်သော သက်သေများကို ကျန်ရစ်စေခဲ့သည်။
အရိပ်လုပ်ကြံသူ၏ အလောင်းက ဟွားရှို့နိုင်ငံ၏ အကြမ်းဖက်မှုကို နှိမ်နင်းသော အဖွဲ့အစည်းအတွက် အထောက်အကူ ဖြစ်စေလိမ့်မည်။
ဝါရင့်ဆရာသမားက မည်သို့သော လူစားမျိုးနည်း။
စွန်းရုံက ဖော်ရွေဖွယ်ကောင်းသော ဝတုတ်တုတ် လူကြီးကို ပါးစပ် အဟောင်းသားဖြင့် ငေးစိုက်ကြည့်နေမိသည်။
ကျောင်းအုပ်ကြီးချန်းက သူမနှင့် အတူ ဆရာဝမ်ကို ထားခဲ့ရသည့် အကြောင်းရင်းကိုလည်း နားလည်သွားခဲ့သည်။
ဆရာဝမ်၏ ခွန်းအားကြောင့် ထောက်ချောက်ထဲ ရောက်လာသည့် လုပ်ကြံသူတိုင်းက အသက် သေဆုံးရလိမ့်မည်သာ။
"မတိုက်ခိုက်ရတာ ကြာပြီ ဆိုတော့ ငါ့ရဲ့အရည်အသွေးတွေလည်း ဆုတ်ယုတ်လာခဲ့ပြီ.. သွေးကွက်တွေတောင် ကြမ်းပြင်ပေါ် စွန်းထင်း သွားရတယ်"
ကြမ်းပြင်ပေါ်ပြန့်ကြဲနေသော သွေးကွက်ကြီးကို ကြည့်ရင်းဆရာဝမ်က မျက်မှောင်ကြုတ်ကာ ရေရွတ်လိုက်သည်။
"ငါ့လက်သာ အခုထက် နည်းနည်း ပိုမြန်ခဲ့ရင် ဒီလို သွေးထွက်စရာ အကြောင်း မရှိဘူး"
ထိုစကားကြောင့် စွန်းရုံ မှင်တက်သွားခဲ့သည်။
"အညစ်အကြေး သန့်စင်ခြင်း တာအိုအဆောင် "
ဝါရင့်ဆရာသမား ဝမ်က အဝါရောင် အစီအရင် စာရွက်ကို ထုတ်ယူကာ အသုံးပြုလိုက်သည်။
ဤအစီအရင် စာရွက်က သန့်စင်ခြင်း အစွမ်းရှိပြီး ချေးချွတ်ဆေးများထက်ပင် ပိုစွမ်းကြောင့် စွန်းရုံ သိနေသည်။
အစွန်းအထင်းများကို ၉၉၉ ရာခိုင်နှုန်းခန့် ရှင်းလင်းပေးနိုင်၏။
ဝိညာဉ်အလင်းတန်း ဖျတ်ခနဲ လင်းလက်သွားပြီးနောက် ကြမ်းပြင်ပေါ်မှ သွေးကွက်များ ချက်ချင်း ရှင်းလင်းသည်။
ဆရာဝမ်က နောက်တစ်ကြိမ် သက်ပြင်းချလိုက်ပြန်သည်။
"ဒီတာအို အစီအရင်စာရွက်က သောက်ရမ်း ဈေးကြီးလွန်းတယ်.. ကုန်ကျစရိတ် ပြန်ပေးဖို့ ကျောင်းအုပ်ကြီးချန်းကို ပြောရဦးမယ်"
စွန်းရုံ"........."
"ဒီနေ့ ဖြစ်ရပ်ကို လျှို့ဝှက်ထားပေးဖို့ မျှော်လင့်ပါတယ်"
ဝါရင့်ဆရာသမားဝမ်က ပြုံးလိုက်ပြီး အံဆွဲထဲမှ ပေါင်မုန့်ခြောက် တစ်ထုပ်ကို ယူကာ စွန်းရုံ၏လက်ထဲသို့ ထည့်ပေးလိုက်သည်။
"အခုချိန်မှာ ဆရာက မင်းအရင်က သိထားတဲ့အတိုင်း ချစ်စရာကောင်းတဲ့ ဝတုတ်တုတ် ဆရာပါပဲ"
"........"
စွန်းရုံက ပြန်မဖြေ၍ ဆရာဝမ်က သူ့အိတ်ကပ်ထဲမှ မုန့်တစ်ထုပ်ကို အင်တင်တင်ဖြင့် ထုတ်ပေးလိုက်သည်။
"ကျောင်းသူစွန်းရုံ.. ဒါက နောက်ဆုံးထုတ် အရသာသစ်ပါ"
စွန်းရုံ".........."
-------------------
အမှတ်၆၀ အထက်တန်းကျောင်း၏ အခြေအနေက အရေးပေါ် အခြေအနေ ဖြစ်ရာ ကျောင်းသားများကို ကျောင်း၏ ကာကွယ်မှု အောက်တွင်သာ ထားရှိသည်။
ကျောင်း၏ အသေးစား ပန်းခြံထဲ လှဲလျောင်းနေသော ထွင်ထျန်းဟာ ထံတွင် မကောင်းဆိုးဝါး ဘုရင်၏ ဝိညာဉ် ရှိနေသေးသည်။
ထို့ကြောင့် သူက လေထုထဲမှ ပြင်းထန်သော လူသတ်ငွေ့ကို အာရုံခံမိလိုက်သည်။
နေရောင်ခြည်အောက်တွင် လဲလျောင်းနေရသော်လည်း သူ လုံးဝ အိပ်မပျော်ခဲ့ပေ။
သေးငယ်သော ဥယျာဉ်လေးသည် စာသင်ဆောင်၏ အနောက်ဘက်တွင် ရှိပြီး လုံခြုံရေး ကင်မရာများ မရှိသော နေရာလည်း ဖြစ်သည်။
ထို့ကြောင့်လည်း ကျောင်းသား အများစု အနမ်းဖလှယ်သော နယ်မြေငယ်လေး ဖြစ်ခဲ့ဖူးသည်။
ထွင်ထျန်းဟာက ခွေးသဘာဝ မိတ်လိုက်ခြင်းကို မနှစ်သက်ပေ။
သူ့ခန္ဓာကိုယ်ထဲ ကောင်းကင်ဝါးမျို ဖားပြုပ်ကြီး၏ ဝိညာဉ်ရှိနေ၍ ဤအချင်းအရာကို စိတ်မဝင်စားခြင်းလည်း ဖြစ်၏။
သူက ယနေ့အချိန်အထိ သူ့ဆန္ဒကို ထိန်းသိမ်းထားသည်။
ထိုသို့ မဟုတ်လျှင် ကြက်တူရွေးလေး ဒိုပီ၏ သခင် ကော်ဟောက်က သူတို့မိသားစုပိုင် တိရိစ္ဆာန် ဆေးရုံသို့ ခေါ်ဆောင်သွားပြီး သူ့ကို အတင်းအကျပ် မျိုးတုံးပစ်လိမ့်မည် မဟုတ်ပါလား။
ထွင်ထျန်းဟာက ပျင်းရိစွာ သမ်းဝေးလိုက်ရင်း အနီးအနားရှိ ရေဆိုးမြောင်းထဲမှ တရှဲရှဲ မည်သံကို ရုတ်တရက် ကြားလိုက်ရ၏။
ထွင်ထျန်းဟာ တစ်ချက် စောင်းငဲ့ကြည့်လိုက်သည်။
ယခုအချိန်တွင် အမှတ်၆၀ အထက်တန်းကျောင်းကို အတွင်း နှင့် အပြင် ကာကွယ်ပေးထား၍ မြေအောက် ရေဆိုးမြောင်းမှသာ ကျောင်းထဲသို့ ဝင်ရောက်နိုင်လိမ့်မည်။
ထို့ကြောင့် လုံခြုံရေး မချထားသော ဥယျာဉ်လေးမှ တဆင့် စာသင်ဆောင်သို့ ခိုးကြောင်ခိုးဝှက် ဝင်ရောက်ရန် တစ်စုံတစ်ဦးက ကြံရွယ်နေပုံရသည်။
သို့သော် ယင်ကောင် တစ်ကောင်ပင် လွတ်မြောက်နိုင်မည် မဟုတ်သည့် ထွင်ထျန်းဟာ၏ ဝိညာဥ်ခံစားမှုကို မလွန်မြောက်နိုင်ခဲ့ပေ။
သူ့ဝိညာဉ်စွမ်းအားကို ဤခန္ဓာကိုယ်တွင် ချုပ်နှောင်ထားသော်လည်း အဆင့်ငါး မကောင်းဆိုးဝါး ဘုရင် ဖြစ်ခဲ့ဖူး၍ သေးနုပ်သော ရွှေအမြုတေအဆင့် ကျင့်ကြံသူ၏ အနိုင်ကျင့်ခြင်းကို မခံနိုင်ပေ။
အရင်တစ်ခေါက်က ဝမ်လင်းကြောင့်သာ အတန်းထဲတွင် မတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
သို့သော် ဤတစ်ခေါက်ကမူ.....
ထွင်ထျန်းဟာ စိတ်ထဲ လှောင်ရယ်လိုက်သည်။
သူ ပျင်းရိနေချိန် တစ်စုံတစ်ယောက်က သူ့ကို ဖျော်ဖြေရန် ရောက်လာပုံရသည်။
သူ့နောက်ဆုံး တိုက်ပွဲမှာ လွန်ခဲ့သော ၆နှစ်ခန့်က ဖြစ်သည်။
သူက အမြီးကို ခါရမ်းလိုက်ပြီး ထရပ်လိုက်ကာ အသင့်အနေထားဖြင့် မာန်ဖီလိုက်သည်။
"ဒီကမ္ဘာမြေကို ရောက်ရောက်ချင်းမှာ ကလေးဆိုးလေး တစ်ယောက် သတ်ဖြတ်တာကို ခံရပြီး ငါ့ရဲ့ ရှေးဟောင်းဝိညာဉ်ထိန်းသိမ်းခံခဲ့ရတယ်.. ခြောက်နှစ်ကျော်လောက် ခက်ခက်ခဲခဲ ကြိုးစားပြီးမှ ငါ့ရဲ့ ငွေရောင်ဝိညာဉ် အပိုင်းအစ လွတ်ထွက်လာရုံပဲ ရှိသေးတယ်.. စိတ်ပျက်ဖွယ်ကောင်းတဲ့ ပေါင်းစည်းမှုကြောင့် ခွေးဘဝ ရောက်ခဲ့ရတယ်.. ကြက်တူရွေးသခင်ကလည်း ငါ့ကို တစ်နေ့လုံး စိတ်အနှောင့်အယှက်ပေးတယ်.. အတန်းထဲက ကျောင်းသားအားလုံးက သူတို့ ပျင်းရိတိုင်း ငါ့ပါးကို အားရပါးရ ညှစ်တာတောင် ဝမ်လင်းကြောင့် ပြန်မချရဲခဲ့ဘူး.. ငါ့ရဲ့အတိတ်က ကျော်ကြားမှုတွေကလည်း အခုချိန်မှာ ဘာမှ မရှိတော့ဘူး.. အခုတော့ ငါ့ဘဝက သေးနုပ်တဲ့ ကျောင်းလေး တစ်ကျောင်းရဲ့ အစောင့်ခွေး ဖြစ်နေရပြီ"
"ဒါပေမဲ့ မင်းလို ကောင်စုတ်ကိုတော့ မသတ်နိုင်စရာ အကြောင်းမရှိပါဘူးလေ"
ထိုအခိုက်အတန့်တွင် မြေအောက်ရေဆိုးမြောင်း အဖုံး ပွင့်လာပြီး ခေါင်းတစ်လုံး ထွက်ပေါ်လာသည်။
ထိုလူက အဖုံးဖွင့်ဖွင့်ချင်းမှာပင် ပြင်းထန်သော အရှိန်အဝါ တစ်ခုကို ခံစားမိလိုက်သည်။
သူက မျက်ဝန်းများကို ချက်ချင်း မှေးစဉ်းလိုက်ပြီး ဝိညာဉ်အာရုံများကို ခိုးကြောင်ခိုးဝှက် ထုတ်ကာ စစ်ဆေးလိုက်သည်။
ပြင်းထန်စွာ ထွက်ပေါ်နေသော အရှိန်အဝါက အားပြင်းလိုက် အားပျော့လိုက် ဖြစ်ကာ ဂဏာမငြိမ် ဖြစ်နေသည်။
သူက ပစ်မှတ်၏ တည်နေရာကို အတည်ပြုရန် အချိန်အတော် ယူခဲ့ရသည်။
ထို့နောက်တွင် တုန်လှုပ်ဖွယ် မြင်ကွင်းကို တွေ့လိုက်ရ၏။
ပြင်းထန်သော အရှိန်အဝါ ထွက်ပေါ်လာသည်က ခွေးတစ်ကောင်ထံမှ ဖြစ်နေသည်။
ထိုခွေးက နေရောင်အောက်တွင် ရပ်နေပြီး သူ့ကို ခက်ထန်သော အမူအရာဖြင့် မကျေမချမ်း စိုက်ကြည့်နေသည်။