← Chapters

အတင်းအဖျင်း၏ သားကောင် ဖြစ်သွားသော အရိပ်အဖွဲ့အစည်း

Vol. 2 Ch. 23

အတင်းအဖျင်း၏ သားကောင် ဖြစ်သွားသော အရိပ်အဖွဲ့အစည်း

Vol. 2 Ch. 23

အမှတ်၆၀ အထက်တန်းကျောင်းသို့ စေလွှတ်ခဲ့သော လုပ်ကြံသူအားလုံးက မရှုမလှ အဆုံးသတ်သွားခဲ့သည်။

အရိပ်လုပ်ကြံသူ ၁၂ဦးအနက် ၃ဦးက အံသွားထဲတွင် မြုပ်နှံထားသော အဆိပ်ဖြင့် သတ်သေသွားကြသည်။

ကျန်ရှိသောသူများမှာလည်း မသေဆုံးခင်ထိ အဆိပ်ကို အသုံးချခွင့် မရခဲ့ကြပေ။

ဤဖြစ်ရပ်မှာ ဟွားရှို့နိုင်ငံတွင် ဟိုလေးတကျော် ဖြစ်သွားခဲ့သည်။

ကျင့်ကြံခြင်းကျောင်း ၁၀၀ကျော်ကို အုပ်ချုပ်သော လက်ထောက်ညွှန်ကြားရေးမှူးက သူ့မိခင်ကျောင်းတော်ကြီး အတွက် ထိပ်တန်းပညာရှင်များကို စေလွှတ်ခဲ့ပြီး အရိပ်အဖွဲ့မှလုပ်ကြံသူများကို အစီအစဉ် တကျ ရှင်းပစ်လိုက်သည်ဟု လူတိုင်းက ယူဆခဲ့ကြသည်။

................

မနက် အစောပိုင်းကတည်းက လက်ထောက်ညွှန်ကြားရေးမှူးချုပ် ရုံးသို့ ဖုန်းတဂွမ်ဂွမ် လာနေခဲ့သည်။

တခြားကျောင်းမှ ကျောင်းအုပ်ကြီးများက ကျိုးရီကို ဂုဏ်ပြုစကား ပြောဆိုရန် ဖုန်းဆက်လာခြင်း ဖြစ်သည်။

လက်ထောက်ညွှန်ကြားရေးမှူးချုပ်က သူ့မိခင်ကျောင်းတော်ကြီးကို အကာအကွယ်ပေးရာတွင် အောင်မြင်ခဲ့သည့် အတွက် ဖြစ်သည်။

ဤတစ်ကြိမ် စစ်ဆင်ရေးသည် အရိပ်လုပ်ကြံသူ အဖွဲ့အစည်းကို ဦးချိုးနိုင် သကဲ့သို့ အမှတ်၆၀ အထက်တန်းကျောင်းကို အခြေတည်အဆင့် အထက်တန်းကျောင်းများ အနက် စံပြကျောင်းတစ်ကျောင်း ဖြစ်လာအောင် လမ်းခင်းပေးနေသလိုပင်။

အမှတ်၆၀ အထက်တန်းကျောင်းက ရန်သူကို ရင်ဆိုင်ရာတွင် အကောင်းဆုံး ကြိုးစားအားထုတ်ခဲ့သည်။

သို့တိုင် ဤအောင်မြင်မှုက တကယ်တမ်း ကျိုးရီနှင့် သက်ဆိုင်မှု မရှိပေ။

ထိုအတွက်ကြောင့် ကျိုးရီတစ်ယောက် စိတ်ထိခိုက်နေရသည်။

ကျိုးရီက သူ၏ လက်ထောက် ညွှန်ကြားရေးမှူးချုပ် အခွင့်အာဏာကိုအသုံးပြုပြီး ကျင့်ကြံသူများကို သူ့မိခင်ကျောင်းတော်ကြီးအား အကာအကွယ်ပေးရန် စေလွှတ်ခဲ့သည်။

သို့သော် သူ စေလွှတ်ထားသော ကျင့်ကြံသူများက ကျောင်းအပြင်မှာသာ စောင့်ကြပ်နေခြင်း ဖြစ်၏။

၎င်းတို့က ကျောင်း၏ အဓိက ပရဝုဏ်ထဲကိုပင် ခြေတစ်လှမ်းမျှ မလှမ်းခဲ့ကြပေ။

ကျိုးရီက သူ့စားပွဲခုံပေါ် တင်ပေးထားသော အလောင်းခွဲစိတ် မှတ်တမ်းကို ငူငူငိုင်ငိုင်ကြီး စိုက်ကြည့်နေခဲ့သည်။

ထိုမှတ်တမ်းက ကျော်ကြားသော လုပ်ကြံသူ ညီအစ်ကို၏ သေဆုံးမှုကို စစ်ဆေးထားသော မှတ်တမ်းလည်း ဖြစ်၏။

ရှယင်း

လိင်=အမျိုးသား

ရာထူးအဆင့်=ပထမတန်းစား ဖဲပြားနီ လုပ်ကြံသူ ခေါင်းဆောင်

ကျင့်ကြံခြင်းအဆင့်= ရွှေအမြုအတေ ထိပ်ဆုံးအဆင့်၊

သေဆုံးရသော အကြောင်းအရင်း= မူလ ရွှေအမြုတေ ပျောက်ဆုံးသွားခြင်း၊

ရှဖန်း

လိင်=အမျိုးသား

ရာထူးအဆင့်= ပထမတန်းစား ဖဲပြားနီလုပ်ကြံသူ အဖွဲ့ဝင်

ကျင့်ကြံခြင်းအဆင့်=ရွှေအမြုအတေထိပ်ဆုံးအဆင့်၊

သေဆုံးရသော အကြောင်းရင်း= အမည်မရှိ အရာဝတ္ထုတစ်ခုက ဝမ်းဗိုက်ကို ထိုးဖောက်သွားခြင်း( သေစေလောက်သော ဒဏ်ရာ အနီးတစ်ဝိုက်တွင် မြေဖြူမှုန့် ရှာတွေ့ခြင်း)

ရှကျန်း

လိင်= အမျိုးသား

ရာထူးအဆင့်= ပထမတန်းစား ဖဲပြားနီလုပ်ကြံသူ အဖွဲ့ဝင်၊ ကျင့်ကြံခြင်းအဆင့်=ရွှေအမြုတေ ထိပ်ဆုံးအဆင့်၊

သေဆုံးရသော အကြောင်းအရင်း= သိသာထင်ရှားသော ဒဏ်ရာ မတွေ့ရ၊ သေရမည်ကို ကြောက်လန့်နေသော ဖြူဖပ်ဖြူရော် မျက်နှာနှင့် မျက်နှာပုံပျက်နေခြင်း။

ဤအချက်အလက်များကို ဖတ်ကြည့်ပြီး ကျိုးရီ သက်ပြင်းချလိုက်သည်။

လုပ်ကြံသူ လောကတွင် နာမည်ကျော်သော ညီအစ်ကို သုံးဦးက ယခုလို အခြေအနေမျိုးဖြင့် သေဆုံးခဲ့ရသည်။

ထို့အပြင် ကျိုးရီက ရှကျန်း၏ သေဆုံးမှုကို မတူညီသော အမြင်ဖြင့် ခံစားမိသည်။

ကျိုးရီက သူအဖွဲ့နှင့် အတူ ရှကျန်း၏ ရုပ်အလောင်းကို သွားသယ်ခဲ့၏။

အမှတ်၆၀ အထက်တန်းကျောင်း၏ လုံခြုံရေး အစောင့်မရှိသော ဥယျာဉ်လေးထဲတွင် ရှကျန်း၏ အလောင်းကို ကျိုးရီ မြင်တွေ့ခဲ့ရသည်။

ထိုဥယျာဥ်ထဲတွင် မည်သူမှ ရှိမနေခဲ့ပေ။

ကျိုးရီက ကျောင်းကို နေ့တစ်ဝက်ခန့် လေ့လာကြည့်လိုက်ရာ အစိမ်းရောင် အမွေးရှိသော ခွေးကို အလွန်အမင်း သံသယဝင်လာသည်။

ဤတစ်ကြိမ်တွင် ကျင့်ကြံခြင်းကျောင်း ၁၀၀ကျော်ကို အုပ်ချုပ်ရသော လက်ထောက်ညွှန်ကြားရေးမှူးချုပ် ဌာနသည် အလောင်း ၉လောင်းကို သိမ်းဆည်း ရရှိခဲ့သည်။

အထက်တွင် ပြောခဲ့သော လူသုံးဦးအပြင် ကျန်လုပ်ကြံသူအားလုံးကလည်း ထူးဆန်းသော နည်းလမ်းများဖြင့် သေဆုံးခဲ့ကြသည်။

ကျောင်းသို့ ကျူးကျော်လာသော လုပ်ကြံသူ တစ်ယောက်မှာ ဓာတုဗေဒ စမ်းသပ်ခန်းထဲတွင် မီးအထူးပြု တာအိုအဆောင်နှင့် တိုက်ခိုက်ခံရ၍ ခန္ဓာကိုယ် လောင်ကျွမ်း ပေါက်ကွဲကာ သေဆုံးနေသည်။

စာကြည့်တိုက်ထဲ ခိုးဝင်သော လုပ်ကြံသူ တစ်ယောက်ကိုမူ စာကြည့်တိုက်မှူးက စာကြည့်တိုက်ကတ်ဖြင့် ဇီဝိန်ခြွေခဲ့သည်။

ကန်တင်းထဲ ခိုးဝင်သော လုပ်ကြံသူကိုလည်း ကန်တင်းခေါင်းဆောင် အဒေါ်ကြီးက ယောက်ချိုဖြင့် ရိုက်သတ်ခဲ့သည်။

အလောင်းခွဲစိတ် စစ်ဆေးထားသော မှတ်တမ်းကို ကြည့်ပြီး ကျိုးရီ မှင်တက်နေသည်မှာ ကျောက်ရုပ်တစ်ရုပ် ကဲ့သို့ပင်။

သူ့နှလုံးသားက ရှုပ်ထွေးသော ခံစားချက်များဖြင့် ပြည့်နှက်နေပြီး အချိန်အတော်ကြာသည်အထိ မတည်ငြိမ်နိုင်ခဲ့ပေ။

ဤလုပ်ကြံရေး လုပ်ငန်းစဉ်သည် ရှုံးနိမ့်ခြင်းထက် ဂရုဏာတရား ကင်းမဲ့သော လူသတ်ပွဲအဖြစ် အဆုံးသတ်သွားခဲ့သည်။

ဆိုရလျှင် အမှတ်၆၀ အထက်တန်းကျောင်းထဲ၌ ပုန်းလျှိုးနေသော ပညာရှင်များ ရှိနေပြီး ကျောင်းထဲ ခိုးဝင်ရန် ကြိုးစားခဲ့သော လုပ်ကြံသူများမှာ ကိုယ့်သေတွင်းကို ကိုယ်တိုင် တူးမိသွားခြင်းသာ။

...............

ကျောင်းဖွင့်ရင်မှ ရေတွက်လျှင် တတိယအပတ်၏ တနင်္လာနေ့ မနက်ခင်းတွင် ဖြစ်သည်။

ဤနေ့က အရိပ်လုပ်ကြံသူများ ကျရှုံးခဲ့သည့် ၂ရက်မြောက်နေ့လည်း ဖြစ်၏။

ဝမ်လင်းက အတန်းထဲသို့ တည်တည်ငြိမ်ငြိမ် လမ်းလျှောက်သွားစဉ် သူ မျှော်မှန်းထားသည့် အတိုင်း အတန်းထဲတွင် ဆူညံနေသည်။

အတန်းသားများက အရိပ်လုပ်ကြံသူများ၏ အတင်းအဖျင်း သတင်းကို ပြောဆိုနေကြသည်။

"မနေ့က ငါကြားထားတဲ့ သတင်းက အရိပ်လုပ်ကြံသူ အားလုံးထဲမှာ သနားစရာ အကောင်းဆုံး တစ်ယောက် အကြောင်းပေါ့.. မင်းတို့ရော ဘာကြားထားသေးလဲ"

"အဲဒီကောင်က ကျောင်းအားကစားကွင်းထဲ ခိုးဝင်ဖို့ကြိုးစားရင်း ငါတို့ကျောင်းရဲ့ လုံခြုံရေး ခေါင်းဆောင်ကြီးက သူ့ကို ပညာပြလိုက်တာ အသေဆိုးနဲ့ သေသွားခဲ့တယ်လေ.. ကျောင်းဂိတ်ဝကို ဖြတ်လိုက်ကတည်းက လုံခြုံရေး ခေါင်းဆောင် လူကြီးမင်းလီနဲ့ ထိပ်တိုက် တွေ့သွားတာ သူ့အတွက် ကံဆိုးသွားတာပဲ"

"လီလူကြီးမင်းက သူ့ကို ကောင်းကင်ဖျက်ဆီး ကန်ချက်နဲ့ ဆုံးမပေးလိုက်တယ်လို့ ငါကြားတယ်.. လုပ်ကြံသူက ကြယ်ခုနှစ်ပွင့် ကျင့်ကြံခြင်း အထူးအဖွဲ့ရဲ့ တိုက်ခိုက်ရေး နည်းဗျုူဟာကို ဘယ်လိုလုပ် ခံနိုင်ရည် ရှိမှာလဲ.. အဲဒီကန်ချက်ကြောင့် လုပ်ကြံသူက ကောင်းကင်ပေါ်ကို လွင့်ထွက်သွားခဲ့တယ်.. မြေပြင်ပေါ် ပြန်ပြုတ်ကျလာတော့ ပွဲချင်းပြီး သေသွားတာပဲ"

လူတိုင်း ပင့်သက် ရှိုက်ကုန်ကြသည်။

အခန်းထဲက အလှပဂေးလေး စွန်းရုံလည်း သက်ပြင်းချလိုက်သည်။

"ဒီလုပ်ကြံသူက မသေခင် ထိပ်တန်း ပညာရပ်တွေကို မြင်တွေ့ခွင့်ရတာ ဂုဏ်ယူလိုက်သင့်တယ်"

"........."

ဝမ်လင်း ခေါင်းငုံံ့ထားလိုက်၏။

ပြဿနာက ယခုလောက်အထိ ကြီးကျယ်သွားလိမ့်မည်ဟု သူ မမျှော်လင့်ခဲ့ပေ။

"ကျောင်းလုံခြုံရေး ခေါင်းဆောင် လူကြီးမင်းလီက ဘယ်လိုလူစားမျိုးလဲ.. သူက တကယ့်ကို အံ့မခန်းပဲနော်.. ဘာပဲဖြစ်ဖြစ် သူနဲ့ ယှဉ်ရတဲ့ ပြိုင်ဘက်က ထိပ်တန်း ဖဲပြားနီ လုပ်ကြံသူပဲလေ"

တစ်စုံတစ်ယောက်က မေးမြန်းလိုက်၏။

ကြက်တူရွေးသခင် ကော်ဟောက်က မျက်မှန်ကို ပင့်တင်လိုက်ပြီး ခပ်ယဲ့ယဲ့လေး ပြုံးလိုက်သည်။

"မင်း ဒါတောင် မသိဘူးလား.. လုံခြုံရေး ခေါင်းဆောင်ကြီးလီက ကြယ်ခုနှစ်ပွင့် ကျင့်ကြံခြင်း အထူးအဖွဲ့အစည်းရဲ့ ခေါင်းဆောင်ဟောင်းလေ"

သူ့စကားသံကို ကြားသည်နှင့် အတန်းတစ်ခုလုံး အုတ်အုတ်ကျက်ကျက် ဖြစ်သွားသည်။

ဝမ်လင်း ကဲ့သို့ပင် လူအများစု၌ တူညီသော အတွေးရှိနေကြ၏။

ဤကဲ့သို့ အရည်အချင်း ရှိသောသူက သူတို့ကျောင်း၏ လုံခြုံရေး အလုပ်ကို လုပ်ကိုင်နေရသည့် အကြောင်းရင်းကို နားမလည်နိုင်ကြပေ။

ကြယ်ခုနှစ်ပွင့် ကျင့်ကြံခြင်း အထူးအဖွဲ့ကို ဝင်ရောက်ချင်လျှင် ထိပ်တန်း တက္ကသိုလ်များ၏ ကြယ်ခုနှစ်ပွင့် အဖွဲ့သို့ အရင်ဆုံး ဝင်ရောက်ရသည်။

နှစ်စဉ်နှစ်တိုင်း ကြယ်ခုနှစ်ပွင့် အဖွဲ့သည် သူတို့အဖွဲ့ထဲမှ အလားအလာ ရှိသော ရွှေအမြုတေ ကျင့်ကြံသူများကို လက်ရွေးစင်အဖြစ် ရွေးချယ်သည်။

ထိုလက်ရွေးစင်များကို အကောင်းမွန်ဆုံး လေ့ကျင့်ပျိုးထောင်ပေးကြသဖြင့် အဖွဲ့သားများက အထိပ်အထွတ် အထိ အောင်မြင်နိုင်သည့် အလားအလာ ရှိကြ၏။

ခေါင်းဆောင်ဖြစ်လာရန် လူကြီးမင်းလီသည် စိတ်ဝိညာဉ်စုဆောင်းခြင်း အဆင့်ကို အနည်းဆုံး ရောက်ရပေမည်။

စိတ်ဝိညာဉ် စုဆောင်းခြင်း အဆင့်သည် သူတို့တစ်သက်တာတွင် ရောက်ရှိရန် မလွယ်ကူသော အဆင့်လည်း ဖြစ်သည်။

ကျောင်းသားများက ခမ်းနားထည်ဝါသော စိတ်ဝိညာဉ် စုဆောင်းခြင်းအဆင့် ကျင့်ကြံသူ တစ်ယောက်က သာမန် အခြေတည်အဆင့် အထက်တန်းကျောင်း၏ လုံခြုံရေး ဖြစ်လာရသည့် အကြောင်းရင်းကို နားမလည်နိုင် ဖြစ်နေကြသည်။

ထိုနောက်ကွယ်တွင် ရူးမိုက်ဖွယ် ဇာတ်ကြောင်း ရှိနေနိုင်၏။

"ငါ့ရည်မှန်းချက်က ကြယ်ခုနှစ်ပွင့် အဖွဲ့ထဲ ဝင်နိုင်ဖို့ပဲ"

ချန်းချောင်က အားကြိုးမာန်တက် ပြောဆိုလိုက်သည်။

ရုတ်တရက် ကြက်တူရွေးသခင် ကော်ဟောက်က အားမလို အားမရ ပြောဆိုသည်။

"ငါသာ လူကြီးမင်းလီ နေရာမှာဆိုရင် လုံခြုံရေး အဆင့်လောက်နဲ့ မကျေနပ်နိုင်ဘူး"

ထိုစကားကိုကြားလျှင် လင်းရှောင်ယုက ရယ်မော၍ ပြောလိုက်၏။

" နင်လည်း စိတ်ဝိညာဉ် စုဆောင်းခြင်း အဆင့်အထိ ရောက်အောင် ကြိုးစားပြီး အံ့ဩစရာကောင်းတဲ့ ဝိညာဉ်သားရဲတွေကို ဖမ်းပေါ့.. ပြီးရင် အိမ်မွေးတိရိစ္ဆာန်အနေနဲ့ ပြန်ရောင်းလို့ရနေတာပဲ.. အထူးအဆန်း သတ္တဝါတွေနဲ့ လမ်းလျှောက်ထွက်ပြီးဟန်ရေးပြလိုက်ရင် ဆယ်လီတွေလို နာမည်ကြီးလာမှာပဲလေ"

"နာမည်ကြီးလာမယ်.. ဟုတ်လား.. အခုနောက်ပိုင်း အိမ်မွေးတိရိစ္ဆာန် ရောင်းဝယ်ရေး လုပ်ငန်း ယိုယွင်းလာတာကို မင်း မသိဘူးလား"

ကော်ဟောက်က ခေါင်းခါရမ်း၍ ပြောလိုက်သည်။

"ဝိညာဉ်သားရဲ ရောင်းမယ့်အစား ပင်လယ်စာပဲ ရောင်းတော့မယ်.. အခုခေတ်မှာ ပင်လယ်စာကို လူကြိုက်ပိုများတယ်.. ငါသာ ဝိညာဉ်စုဆောင်းခြင်း အဆင့်ရောက်အောင် ကျင့်ကြံနိုင်ခဲ့ရင် ပင်လယ်ပြင်ကြီးကို ပြောင်းပြန်လှန်ပြီး ကီလို ၅၀၀ လောက် ရှိတဲ့ ပင်လယ် သတ္တဝါတွေကို လက်တစ်ဖက်တည်းနဲ့ ဖမ်းပစ်မယ်"

လင်းရှောင်ယုက ရည်မှန်းချက် မြင့်မြင့်မားမား မရှိသော ကော်ဟောက်ကို ကြည့်ကာ သက်ပြင်းချလိုက်သည်။

...............

ဝမ်လင်းက ဘေးဘက်တွင် တိတ်တဆိတ် ထိုင်နေသည်။

မဟာ မန္တန် ၃၀၀၀ ထဲတွင် ကံကြမ္မာဖတ်သော မန္တန်လည်း နာမည်ကျော်သည်။

ဤမန္တန်က အသုံးပြုရ လွယ်ကူလွန်းသည်။

မန္တန် စီရင်ရန် မှတ်စုစာအုပ် တစ်အုပ်သာ လိုအပ်သည်။

ဝမ်လင်းက လူတစ်ယောက်၏ ကံကြမ္မာကို ၉၀ရာခိုင်နှုန်းကျော် အတိအကျ တွက်ချက်နိုင်၏။

ဝမ်လင်းက ယခုလို မှော်ပညာမျိုးကို သဘောမကျ၍ သူ့ကံကြမ္မာကိုမူ မဖတ်ခဲ့ဖူးပေ။

သို့သော်လည်း သူက ကော်ဟောက်၏ အနာဂတ်ကို ဤနည်းလမ်းသုံးပြီး စမ်းသပ်ချင်နေသည်။

အချိန်အားဖြင့် ၂မိနစ်မျှပင် မကြာခဲ့ပေ။

ခန့်မှန်းချက် ပြီးဆုံးသွားခဲ့သည်။

နှစ်ပေါင်း ၆၀၀ခန့် အကြာတွင် ကော်ဟောက်က အကြီးမားဆုံး ပင်လယ်စာ စျေးကွက်ကို တည်ဆောက်နိုင်လိမ့်မည်။

ကော်ဟောက်က ဟွားရှို့နိုင်ငံ၏ ပထမဆုံး ပင်လယ်စာ ဈေးကွက်ကို ဦးဆောင်သူ ဖြစ်လာလိမ့်မည်။

..........

ထို့နောက်တွင် ဝမ်လင်းက ဤကျောင်းတော်ထဲတွင် "ပုန်းလျှိုးနေသော ပါရမီရှင်များစွာ ရှိနေသေးပါတကား" ဟု တွေးလိုက်မိသည်။

All Chapters