လာဘ်ကောင် ဝမ်လင်း
Vol. 2 Ch. 24
ဆရာဖန်က မနက်ပိုင်း အတန်းချိန်ကို ထုံးစံအတိုင်း အချိန်မီ ရောက်ရှိလာသည်။
သူမက ဟောပြောစင်နား ရပ်လိုက်သည်နှင့် အတန်းတစ်တန်းလုံး ချက်ချင်း ငြိမ်ကျသွားသည်။
"အဟမ်း.. ငါ့မှာ မင်းတို့ကို ကြေညာစရာ သတင်းသုံးခုရှိတယ်"
အတန်းတစ်တန်းလုံးကို ဖြန့်ကျက် ကြည့်ရှုပြီးနောက် ဆရာဖန်က လည်ချောင်း ရှင်းကာ ပြောလိုက်သည်။
"ပထမအချက်အနေနဲ့ ကြေညာချင်တာကတော့ အရိပ်လုပ်ကြံသူအဖွဲ့ရဲ့ လုပ်ကြံဖို့ ကြိုးစားခဲ့တဲ့ အကြောင်းပဲ.. အားလုံးသိထားကြတဲ့ အတိုင်း ဒီတစ်ခေါက်တော့ အရိပ်လုပ်ကြံသူအဖွဲ့က ငါတို့ကျောင်းကို အပြတ်အသတ် ရှုံးနိမ့်ခဲ့တယ်.. အဲဒီအတွက် သူတို့ရဲ့ ခေါင်းဆောင်က ငါတို့ကျောင်းကို လက်စားချေဖို့ ယွမ်တစ်သန်း ဆုကြေးပေးမယ်လို့ တခြား ထိပ်တန်း လုပ်ကြံသူတွေကို ကမ်းလှမ်းခဲ့တယ်"
ထိုစကားကြောင့် ကျောင်းသားအားလုံး အသက်ရှုကြပ်သွားသည်။
ဆရာမဖန်က ပြုံး၍ ပြောလိုက်သည်။
"ဒါပေမယ့် မင်းတို့တွေ စိုးရိမ်ဖို့ မလိုအပ်တော့ပါဘူး.. ယုံကြည်ကိုးစားလို့ ရတဲ့ သတင်းတွေအရ ဒီကမ်းလှမ်းချက်ကို ကြေညာပြီး မကြာခင်မှာပဲ ဖျက်သိမ်းလိုက်ပါတယ်တဲ့"
"အဲဒါဘာကြောင့်လဲ"
တစ်စုံတစ်ယောက်က လက်ကိုမြှောက်၍ မေးလိုက်သည်။
ဆရာမဖန်က သူမ လက်ကို ခါရမ်းလိုက်သည်။
"အရိပ်လုပ်ကြံသူ အဖွဲ့အစည်းက သူတို့လွှတ်လိုက်တဲ့ ကမ္ဘာထိပ်တန်း လုပ်ကြံသူ သုံးယောက်ကို ဆုံးရှုံးခဲ့ရတယ်.. အခုဆို တခြား ဘယ်သူက
ထပ်လာရဲဦးမှာလဲ"
"........."
"ဒါ့အပြင် ဟွားရှို့နိုင်ငံ အစိုးရအဖွဲ့က အရိပ်လုပ်ကြံသူ ကိုးယောက်ရဲ့ အလောင်းကို တစ်ပြိုင်နက်တည်း ရခဲ့တော့ ဒါတွေကို အသုံးချပြီး အရိပ်လုပ်ကြံသူ အဖွဲ့အစည်းရဲ့ စခန်းတည်ရာကို ခြေရာခံဖို့ အထောက်အပံ့ ရနိုင်တယ်လေ"
"ပြီးရင် ဒုတိယအချက် အနေနဲ့ ကြေညာချင်တာက…"
ထိုအခိုက်အတန့်တွင် ဆရာမဖန်က အပြစ်ကင်းစင်စွာ ပြုံးလိုက်သည်။
"နိုင်ငံတကာမှာ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ လူသတ်သမား ရှယင်းဟာ အားကစားကွင်းမှာ ဆုံးပါးသွားတဲ့အတွက် ကျင့်ကြံခြင်းရဲတွေက သက်သေ စုဆောင်းဖို့ အားကစားကွင်းကို ယာယီပိတ်ဖို့အကြောင်းကြားခဲ့တယ်.. အဲဒီကာလအတွင်း အားကစားကွင်းကို တစ်ပတ်ပိတ်ထားပါမယ်.. ဒါကြောင့်မို့ ကာယအတန်းချိန်တွေ နေရာမှာ တာအိုအဆောင် ရေးဆွဲခြင်း အတန်းကို အစားထိုးမယ်.. ဒါကို မင်းတို့အားလုံး ကန့်ကွက်စရာ မရှိဘူးလို့ ငါယုံကြည်တယ်”
ကျောင်းသားအားလုံး နီးပါးက သူတို့မျက်နှာကို ပါးရိုက်ခံရ သကဲ့သို့ ခံစားလိုက်ရသည်။
ဆရာမဖန်၏ စကားကို မည်သူက ကန့်ကွက်ရဲမည်နည်း။
အားကစားကော်မတီ အဖွဲ့ဝင် ချန်းချောင်က ၎င်းတို့အားလုံးတွင် ဒေါသ အထွက်ဆုံး ဖြစ်သည်။
သူတို့၏ ကာယအတန်းချိန်ကို လွယ်လင့်တကူ အစားထိုးလိုက်ခြင်းသည် သူ၏ အတန်းခေါင်းဆောင် တာဝန်ကို လျစ်လျူရှုလိုက်သလို ဖြစ်နေသည်။
အားကစားကော်မီတီ အဖွဲ့ဝင်ဆိုသည်မှာ ယခုအခါ အမည်ခံ သက်သက်မျှသာ ဖြစ်နေ၏။
မရေမတွက်နိုင်အောင် များပြားသော ကျောင်းသားများကို ပြုစုပျိုးထောင်ပေးခဲ့သော ဝါရင့်ဆရာမ တစ်ဦး အနေဖြင့် ကျောင်းသားများထံမှ မကျေနပ်သော ခံစားချက်ကို ခန့်မှန်းနိုင်ခဲ့သည်။
"ဒီအတွက် ကျောင်းသားတချို့ မပျော်ဘူးဆိုတာ ဆရာမ သိပါတယ်.. ဒါပေမယ့် မင်းတို့အားလုံးက မင်းတို့ရဲ့ အထက်တန်းကျောင်းသား ဘဝကို မြတ်နိုးဖို့ ဆရာမ မျှော်လင့်တယ်"
"ဒီတစ်ခေါက် အဖြစ်အပျက်ကို ဆရာမတို့ရဲ့ ကျောင်းက အကောင်းဆုံး တုံ့ပြန်နိုင်ခဲ့လို့ မြို့အာဏာပိုင်တွေက ဆရာမတို့ရဲ့ အမှတ် ၆၀ အထက်တန်းကျောင်းကို လာမယ့်နှစ်အတွက် မြို့ရဲ့စံပြကျောင်း အရွေးချယ်ခံ အဖြစ် စာရင်းသွင်းခဲ့တယ်"
"ဟွာကောအုပ်စုကလည်း ဆရာမတို့ကျောင်းကို ရင်းနှီးမြှုပ်နှံပေးတယ်.. ဒါကြောင့်မို့လည်း စံပြကျောင်းနဲ့ ကိုက်ညီတဲ့ ပြုပြင်မှုတွေကို လုပ်ဆောင်နိုင်တော့မယ်.. ဟွာကောအုပ်စုက ကျောင်း အဆောက်အဦးတွေရော လိုအပ်တာ မှန်သမျှကို အဆင့်မြှင့်တင်ပေးတော့မှာလေ"
ထို့သို့ပြောပြီးနောက် ဆရာဖဖန်က သူမ၏ ပီတိကို မထိန်းသိမ်းနိုင်တော့ပေ။
"ကျောင်းသူ စွန်းရုံက အသက်ဘေးက လွတ်မြောက်ခဲ့လို့ လက်ခုပ်တီးပြီး ချီးမွမ်းလိုက်ရအောင်လား"
"ဖျောင်း.. ဖျောင်း.. ဖျောင်း"
အတန်းတစ်တန်းလုံး ပြင်းထန်သော လက်ခုပ်သံများ နှင့် တအံ့တသြ အော်ဟစ်သံများ ပြည့်နှက်သွားသည်။
"မြို့ရဲ့ စံပြ အထက်တန်းကျောင်း.. ငါတို့ကျောင်းက စံပြကျောင်း ဖြစ်ခွင့်ရတော့မှာလား"
"ဝိညာဉ်စုစည်းခြင်း သိပ္ပံ စက်ယန္တရားကိုတောင် ကျောင်းက စီစဉ်ပေးတော့မယ် ထင်တယ်.. ငါ့အမေလည်း ငါ့အတွက် စိုးရိမ်နေစရာ မလိုအပ်တော့ဘူး.. အတန်းထဲမှာ တရေးအိပ်ပြီးတောင် စာလေ့လာလို့ ရတယ်"
.............
ဤဖြစ်ရပ်မှာ ဂုဏ်ပြုသင့်သော ဖြစ်ရပ်တစ်ခု ဖြစ်သည်။
အထက်တန်းကျောင်း ရွေးချယ်ရာတွင် မြို့၏ စံပြအထက်တန်းကျောင်းကို မရွေးချယ်ချင်သော ကျောင်းသား မည်မျှ ရှိနိုင်မည်နည်း။
ကံဆိုးစွာဖြင့် စံပြကျောင်းများမှာ ဝင်ခွင့်အတွက် သတ်မှတ်ထားသော အမှတ်စာရင်း ရှိကြသည်။
ထို့ကြောင့် ဝင်ခွင့်အမှတ်ကို မမီလျှင် သာမန် အထက်တန်းကျောင်းကိုသာ တက်ရောက်ရလိမ့်မည် ဖြစ်၏။
သို့သော် ယခုအခါတွင် အမှတ် ၆၀ အထက်တန်းကျောင်းက မြို့၏စံပြ အထက်တန်းကျောင်း အဖြစ် အဆင့်မြှင့်တင်နိုင်သော အခွင့်အရေးကို ရရှိခဲ့သည်။
ထို့ကြောင့် ၆၀ အထက်တန်းကျောင်း၏ ကျောင်းသားများမှာ စံပြကျောင်းဟု သတ်မှတ်ခံရစဉ် ဘွဲ့ရခဲ့လျှင် စံပြကျောင်းထွက်ဟု ဂုဏ်ယူနိုင်ကြတော့မည် ဖြစ်၏။
ထို့အပြင် စံပြ အထက်တန်းကျောင်းဖြစ်လာသည်နှင့် တပြိုင်နက် အထောက်အကူ ပစ္စည်းများ၊ လူမှုဖူလုံရေး အကျိုးကျေးဇူးများနှင့် ကျောင်းပတ်ဝန်းကျင် အားလုံးကို အဆင့်မြှင့်တင်သွားမည်ဖြစ်၍ ကျောင်းသားအားလုံးက စံပြကျောင်းသားအခွင့်အရေးများကို ခံစားရလိမ့်မည် မဟုတ်ပါလား။
စွန်းရုံက ရုတ်ခြည်း ချီးမွမ်းခံရ၍ မျက်နှာ နီမြန်းသွားသည်။
"ဒီတစ်ခေါက် လုပ်ကြံမှုကြောင့် သူငယ်ချင်းတို့အားလုံးလည်း ကျွန်မနဲ့အတူတူ ဒုက္ခရောက်ခဲ့ရတယ်.. ဒီအတွက် အားလုံးကို တောင်းပန်စကား ပြောချင်ပါတယ်.. အခုကစပြီးတော့ သူငယ်ချင်းတို့ရဲ့ လမ်းညွှန်မှုကို နာခံပါ့မယ်"
ကြွယ်ဝချမ်းသာသော အတန်းဖော် ရှိသည့် ခံစားချက်က တကယ်ကို အဆင်ပြေသည်။
ထိုအခိုက်အတန့်တွင် အတန်းဖော်အားလုံးက အရမ်းမိုက်သည် ဟူသော ခံစားချက်ကို အတူတကွ ခံစားလိုက်ရသည်။
ချမ်းသာကြွယ်ဝလျှင် ဘာမဆို လုပ်ဆောင်နိုင်သော အင်အားရှိသည် မဟုတ်လော။
ဆရာမဖန်က အတန်းသားများကို ကြည့်ပြီး ကျေနပ်စွာ ပြုံးလိုက်သည်။
ကျောင်းက မြို့၏စံပြကျောင်း ဖြစ်လာလျှင် အမှတ်၆၀ အထက်တန်းကျောင်း၏ လုပ်သက်ရင့် ဆရာမ အနေဖြင့် သူမလည်း လစာတိုးလာနိုင်၏။
"ဒီတစ်ပတ်တော့ စံပြကျောင်းအဖြစ် ရွေးချယ်ခံရတဲ့ ကျောင်းတွေက ကျောင်းသားတွေ အချင်းချင်း အတွေ့အကြုံ ဖလှယ်ကြဖို့ရှိတယ်.. ဒါကြောင့်မို့ အမှတ်၅၉ အထက်တန်းကျောင်းကို လေ့လာရေး ခရီးထွက်ဖို့ လက်ရွေးစင် အတန်းက ကျောင်းသား ငါးယောက်ကို ရွေးချယ်မယ်.. လေ့လာရေး ခရီးက ၄ရက် ကြာမြင့်လိမ့်မယ်"
ဆရာမဖန်က စကားဆက် မပြောခင် ခဏမျှ ရပ်တန့်လိုက်သည်။
"အနှစ်ချုပ်အနေနဲ့ ပြောရရင် ကျောင်းအုပ်က ငါတို့ရဲ့လက်ရွေးစင် အခန်း(၁)ကို ကျောင်းသားအကန့်အသတ်နဲ့ လေ့လာရေး ခရီးထွက်ဖို့ ရွေးချယ်ခဲ့တာပဲ"
"လေးရက်လား"
"အမှတ်၅၉ အထက်တန်းကျောင်းမှာ ရင်သားကိတ်တဲ့ အချောလေးတွေ ရှိတယ်လို့ သတင်းကြားထားတယ်"
"ဆရာမဖန်က ငါးယောက်ပဲ ရွေးချယ်မှာလား"
ဟွာကောအုပ်စု၏ ဆက်ခံသူ သခင်မလေးမှာ အရွေးချယ်ခံ ငါးဦး စာရင်းတွင် ပါဝင်ရန် သေချာသလောက် ရှိသည်။
သူမက အမှတ် ၆၀ အထက်တန်းကျောင်း၏ အလှဘုရင်မ ဖြစ်သည့် အပြင် သူမတို့ မိသားစုက ကျောင်း အဆင့်မြှင့်တင်ရန် များစွာ အထောက်အပံ့ ပေးထား၍ သူမ ပါဝင်မည်မှာ ဧကန်မုချပင်။
ကျန်ရှိနေသေးသော လူလေးဦးက မည်သူ ဖြစ်နိုင်သနည်း။
လူတိုင်း ဆွေးနွေးပြောဆိုနေစဉ် ဆရာမဖန်၏ နှုတ်ခမ်းက အနည်းငယ် တွန့်ကွေးသွား၏။
သူမက လှပစွာ ပြုံး၍ ပြောလိုက်သည်။
"ဆရာမ နာမည်ခေါ်လိုက်တဲ့ ကျောင်းသားက ကျောင်းက အသိပေးစာ ရမယ်.. ဒီနေ့ည အိမ်ပြနရောက်ရင် အကြောင်းကြားစာမှာ ပါဝင်တဲ့အရာတွေကို ပြင်ဆင်ပါ.. ပြီးရင် QRကုတ်ကနေ We chatကို ဆက်သွယ်လိုက်ပါ"
"ရွေးချယ်ခံရတဲ့ သူတွေက မနက်ဖြန် နံနက်ခင်း ၈နာရီ ကျောင်းပေါက်ဝမှာ လူစုကြမယ်"
လူတိုင်းက ပင့်သက်ရှိုက်လိုက်ကြပြီး ရလဒ်ကို စောင့်ဆိုင်းနေကြသည်။
"စွန်းရုံ"
ဆရာမဖန်က ပထမဆုံး နာမည်ခေါ်လိုက်သည်။
ဤနာမည်က သူတို့အားလုံး ခန့်မှန်းထားပြီးသား ဖြစ်၍ ကျောင်းသားများက မအံ့ဩခဲ့ပေ။
ဤအချိန်က အမှတ်၆၀ အထက်တန်းကျောင်း အနေဖြင့် သူတို့ကျောင်း၏ အလှပဂေးကို ထုတ်ကြွားရမည့် အချိန်လည်း ဖြစ်သည်။
အမှတ် ၆၀ကျောင်း၏ ကျောင်းသား ကိုယ်စားလှယ် အဖွဲ့ကို တခြားကျောင်းများက စွန်းရုံကြောင့်သာ အထင်ကြီး လေးစားကြလိမ့်မည် မဟုတ်ပါလား။
"ချန်းချောင်"
ကျောင်းကိုယ်စားပြု ဖြစ်သောကြောင့် အားကစားပြိုင်ပွဲများ ကျင်းပလျှင် ချန်းချောင်ကို မရှိမဖြစ် လိုအပ်သည်။
"တတိယလူက ကော်ဟောက်"
ဤသည်မှာလည်း ကျောင်းသားများအဖို့ အံ့ဩစရာ မရှိပေ။
ကျောင်းသား ကိုယ်စားလှယ် အနေဖြင့် စကားပြောကြွယ်သူကို လိုအပ်သည်။
နိုင်ငံရေးသိပ္ပံ ကိုယ်စားပြု အနေဖြင့် ကော်ဟောက်ကို ရွေးချယ်သင့်သည်မှာ အမှန်ပင်။
"လင်းရှောင်ယု"
ဖူဂျိုရှီး လင်းရှောင်ယုက တခြားသူများ၏ သတင်းအချက်အလက် စုံစမ်းခြင်းတွင် တစ်ဖက်ကမ်းခတ် ထူးချွန်နေ၍ အဖွဲ့ထဲ ထည့်သင့်သောလူမျိုး ဖြစ်၏။
နောက်ဆုံး တစ်ဦးသာ ကျန်ရှိတော့သည်။
နာမည် မခေါ်ခံရသေးသော ကျောင်းသားများက သူတို့နာမည်ကို ခေါ်ရန် ဆုတောင်းနေကြသည်။
ဝမ်လင်းက ဘယ်သူ့ကို ရွေးချယ်မလဲ ကြိုသိနေသည်။
သူ မျှော်မှန်းထားသည့် အတိုင်း ဆရာမဖန်က နောက်ဆုံး အမည်ကို ကြေငြာလိုက်သည်။
"ဝမ်လင်း"
"ဝမ်လင်းလား.. ဘယ်လိုဖြစ်ရတာလဲ.. သူ့အမှတ်က အလယ်အလတ်ပဲလေ.. ထူးခြားတာလည်း မရှိပါဘူး"
တစ်စုံတစ်ယောက်က လက်မခံနိုင်သော အမူအရာဖြင့် တအံ့တသြ ရေရွတ်လိုက်သည်။
တကယ်တမ်း အများစုက ဤရလဒ်ကို ကျေနပ်မှု မရှိကြပေ။
သို့သော် ဆရာမဖန်က အမှတ် ၆၀ အထက်တန်းကျောင်းတွင် နှစ်ပေါင်းများစွာ ကြာအောင် စာသင်ကြားခဲ့သော ရှေ့ဆောင် ဆရာမတစ်ဦးဖြစ်သောကြောင့် စကားအနည်းငယ်မျှ ပြောရုံဖြင့် ဤအငြင်းပွားမှုကို ဖြေရှင်းနိုင်ခဲ့သည်။
"ကျောင်းသား ဝမ်လင်းက အရည်အချင်းစစ် စာမေးပွဲမှာ SSS အဆင့်ကို ရရှိခဲ့တယ်.. ဒါက ကြုံတောင့်ကြုံခဲ ဖြစ်ရပ်ပဲလေ"
ထိုစကားကို ကြားပြီးနောက် ကျောင်းသားအားလုံးက တုံပြန်ခြင်း မရှိခဲ့ပေ။
အရည်အချင်းစစ် စာမေးပွဲတွင် ဝမ်လင်း၏ ရလဒ်က သူတို့ကို အမှန်တကယ်ပင် တုန်လှုပ်သွားစေခဲ့သည်။
ထိုသို့သော အကြောင်းပြချက်ကြောင့် ဝမ်လင်းကို ကန့်ကွက်ရန် မည်သူမျှ အရည်အချင်း မပြည့်မီတော့ပေ။
"ဟုတ်တယ်.. ငါတို့ကျောင်းက ကံကောင်းခြင်း ဆိုတဲ့ အချက်ကို ယုံကြည်တယ်"
ဆရာဖန်က ပြုံး၍ ပြောလိုက်သည်။
"ပြောရရင် ကျောင်းသားဝမ်လင်းက ငါတို့အမှတ်၆၀ အထက်တန်းကျောင်းရဲ့ လာဘ်ကောင်လေးပဲ"
ဤဖြေရှင်းချက်ကို လူတိုင်းက ချက်ချင်း လက်ခံခဲ့ကြသည်။
ဝမ်လင်း အဖို့ ပြောစရာ စကားမဲ့နေသည်။
"မင်းတို့ကောင်တွေက ကိုယ့်ဦးနှောက်နဲ့ ကိုယ် နည်းနည်းလေးတောင် မစဉ်းစားကြတော့ဘူးလား"