← Chapters

အသားစားပုဇွန်လေးများ၏ နေ့စဥ်ဘဝ

Vol. 2 Ch. 26

အသားစားပုဇွန်လေးများ၏ နေ့စဥ်ဘဝ

Vol. 2 Ch. 26

သစ်သားဓားငယ်လေးတွင် ထူးခြားသော မူလဇစ်မြစ် ရှိသည်။

ထိုဓားကို ဖေဖေဝမ်က ပန်းငှက်ဈေးမှ ၉၉၈ ယွမ်ဖြင့် ဝယ်ယူခဲ့ခြင်း ဖြစ်၏။

ဝမ်လင်းက အသက်၃နှစ် အရွယ်ခန့်တွင် ဤဓားကို ပထမဆုံးအကြိမ် မြင်တွေ့ဖူးခြင်း ဆိုလည်းမမှားပေ။

သစ်သားဓားငယ်လေးက သူနှင့် ငယ်စဉ်တည်းက အတူတူ ရှိခဲ့ပြီး ထူးကဲသော ခံစားချက်ကို အမြဲတမ်း ဖြစ်ပေါ်စေခဲ့သည်။

ယခုတော့ ဝမ်လင်း၏ အသက်က ၁၆နှစ် ရှိပြီ ဖြစ်၍ သစ်သားဓားငယ်က သူနှင့် အတူတကွ ရှိနေသည်မှာ ၁၃နှစ်တိုင် ကြာခဲ့လေပြီ။

သစ်သားဓားက လမ်းဘေးဆိုင်မှ ဖေဖေဝမ် ဝယ်ခဲ့သော ကုန်ပစ္စည်းတစ်ခုမျှသာ ဖြစ်သော်လည်း အံ့ဩဖွယ်ကောင်းသော ခံစားချက်ကို ပေးစွမ်းသည်။

ဓားကို မက်မွန်သားဖြင့် တည်ဆောက်ထားသော်လည်း ဝမ်လင်း မမြင်နိုင်သော ထူးခြားသော ပစ္စည်းများ ပါဝင်သေးပုံရ၏။

ဓားငယ်လေး၏ ထူးခြားသော စွမ်းရည်မှာ ဝမ်လင်း၏ စွမ်းရည်ကို ကန့်သတ်နိုင်ခြင်း ဖြစ်သည်။

ဈေးကွက်တွင် ရောင်းချနေသော နာမည်ကျော် ဝိညာဉ်ဓားများသည် တန်ဖိုးမဖြတ်နိုင်သော ကုန်ပစ္စည်းများဖြင့် ဖန်တီးထားသော်လည်း ဝမ်လင်း၏ သာမန် သစ်သားဓားကို ယှဉ်နိုင်စွမ်း မရှိကြပေ။

သာမန် သစ်သားဓားလေးက ဝမ်လင်း၏ စွမ်းအားကို ထိန်းချုပ်ထားနိုင်သည်မှာ အံ့ဩဖွယ်ရာပင်။

ဤဓားငယ်လေးကို ဝမ်လင်းကြောင့် ပျက်စီးမှုကို အနည်းဆုံးနှုန်းသို့ လျော့ချပေးနိုင်သော ပစ္စည်းဟု တင်စားသော် လွန်အံ့မထင်။

ကမ္ဘာခြားဂိတ်ကြီးမှ ဝမ်လင်း ပြန်လာသည့် လွန်ခဲ့သော ခြောက်နှစ်ခန့် အချိန်မှစပြီး သစ်သားဓားငယ်လေးတွင် ဓားဝိညာဉ် မွေးဖွားလာခဲ့ခြင်း ဖြစ်၏။

ထိုဖြစ်ရပ်က အံ့အားသင့်ဖွယ်ရာ ဖြစ်ပြီး ဓားဝိညာဉ်၏ အမည်မှာ ကျင်းခယ့် ဖြစ်သည်။

…...............

ယမန်နေ့ညတွင် ဝမ်လင်းက သူ့ အခန်း တစ်ခန်းလုံးကို လှန်လှော ရှာဖွေခဲ့ပြီး သူ၏ ဉာဏ်ရည်မြင့် လက်ပတ်နာရီကို ရှာဖွေခဲ့သည်။

ဝမ်လင်းက အီလက်ထရောနစ် လက်ပတ်နာရီများ၏ ကောင်းကျိုးကို အပြည့်အဝ မခံစားနိုင်ခဲ့ပေ။

ထို့ကြောင့် လက်ပတ်နာရီများကို အသုံးမပြုဘဲ ပစ်ပယ်ထားလေ့ ရှိသည်။

အကြောင်းမူကား သူ့ခံစားချက်ကို မထိန်းချုပ်နိုင်လျှင် သံလိုက်စက်ကွင်းက လက်ပတ်နာရီကို အကျိုး သက်ရောက်စေကာ ပျက်စီးစေသောကြောင့်ပင်။

နောက်ထပ် အရေးကြီးသော အကြောင်းအရင်းမှာ ဝမ်မင် ဖန်တီး ပေးထားသော လက်ပတ်နာရီ ဖြစ်၍ မသုံးဘဲ ပစ်ထားခြင်း ဖြစ်၏။

တခြား စမတ်ကျသော ထုတ်ကုန်များနှင့် ယှဉ်လိုက်လျှင် ဝမ်မင် ဖန်တီးသော ထုတ်ကုန်များကို ဝမ်လင်းက အလွယ်တကူ မဖျက်ဆီးနိုင်ပေ။

ဝမ်မင်က ဝမ်လင်ကို လက်ဆောင် ပေးသည်ဟု ပြောသော်လည်း ဝမ်မင်၏ မျက်နှာအမူအရာကို တစ်ချက် ကြည့်ရုံဖြင့် ဝမ်လင်းက ဝမ်မင်၏ အကြံအစည်ကို ကောင်းကောင်းကြီး သဘောပေါက်သည်။

ဝမ်မင်က ဝမ်လင်းကို ငယ်ငယ်တည်းက ယှဉ်ပြိုင်ခဲ့သူ ဖြစ်၏။

ဝမ်မင် လက်ဆောင်ပေးသော လက်ပတ်နာရီတွင် စောင့်ကြည့်သော ဆော့ဖ်ဝဲလ်ကို လျှို့ဝှက်စွာ တပ်ဆင်ထားသည်။

ထိုဆော့ဖ်ဝဲလ်က ဝမ်လင်း၏ နေ့စဉ်လှုပ်ရှားမှုကို ဝမ်မင်ထံ ပေးပို့သည်။

ဝမ်လင်းက စိတ်ထင်ရာ စွပ်စွဲခဲ့ခြင်း မဟုတ်ဘဲ သူ့အသက်၁၅နှစ် မွေးနေ့တွင် ဝမ်မင်၏ စိတ်ကို ဖတ်ခဲ့ရာမှ သိရှိခဲ့ခြင်း ဖြစ်၏။

ဝမ်လင်းက လက်ပတ်နာရီကို အချိန်အတော်ကြာ စိုက်ကြည့်နေပြီးမှ သုန်မှုန်သော မျက်နှာ အမူအရာဖြင့် ဝတ်ဆင်လိုက်သည်။

ကျောင်းပြင်ပ လေ့လာရေး ခရီးစဉ် ရှိ၍သာ လက်ပတ်နာရီ၏ အစီအရင်ကို အလုပ်လုပ်ခွင့် ပေးခဲ့ခြင်း ဖြစ်သည်။

၎င်းကို VRနည်းပညာဖြင့် ပေါင်းစပ်ထားခြင်း ဖြစ်သည်။

ဝမ်လင်းက လက်ပတ်နာရီကို မည်သို့ အသုံးပြုရမလည်း သိနေခဲ့သည်။

လက်ပတ်နာရီ၏ လုပ်ဆောင်ချက်က အတိတ်က နာမည်ကျော်ခဲ့သော စမတ်ဖုန်းများနှင့် တူညီသည်။

လက်ပတ်နာရီအတွင်း ဆော့ဖ်ဝဲ သွင်းထားသည်။

ဝမ်လင်းက လေထဲ ပေါ်နေသော ဖန်သားပြင်ထဲမှ ဆော့ဝဲလ်များကို ကြည့်လိုက်ပြီး "WeChat" icon ပေါ်သို့ အာရုံစိုက်လိုက်သည်။

(we chat= ဖေ့ဘုတ်နှင့် ဆင်တူသော တရုတ်လူမှုကွန်ယက်)

သူက အက်ပလီကေးရှင်း(app) စာမျက်နှာထဲ အလွန်လျင်မြန်စွာ ဝင်ရောက်သွားခဲ့သည်။

ဝမ်လင်းက WeChatကို ပထမဆုံး အကြိမ် အသုံးပြုခြင်းတော့ မဟုတ်ပေ။

သူက အီလက်ထရောနစ် ထုတ်ကုန်များ၏ သဘာဝရန်သူ မဟုတ်ခဲ့လျှင် WeChat အသုံးပြုသူ ဖြစ်နေသည်မှာ ကြာပြီ ဖြစ်သည်။

သူ ယခင်က မှတ်ပုံတင်ခဲ့သော အကောင့်ကို စဉ်းစားလိုက်ပြီး ထိုအကောင့်ထဲသို့ ဝင်ရောက်ကာ ကျောင်းမှ ဖွဲ့စည်းပေးထားသည့် Wechat ဂရု ထဲသို့ ဝင်ရောက်လိုက်သည်။

သိပ်မကြာခင်မှာပင် စနစ်ထံမှ သတိပေးစာ ဝင်ရောက်လာသည်။

(အသုံးပြုသူ "လင်း" က "အသားစားပုဇွန်လေးများရဲ့ နေ့စဥ်ဘဝ ချက်တင် ဂရုထဲကို ဝင်ရောက်လာပါတယ်)

(အဖွဲ့ဝင် တစ်ယောက်နဲ့မှ မိတ်ဆွေ မဟုတ်လို့ သတင်းအမှားတွေ နဲ့ အကောင့် ခိုးယူခံရနိုင်မှုကို သတိပြုပါ)

အဖွဲ့ဝင်များ၏ အမည်ကို တစ်ချက် ကြည့်လိုက်ပြီးနောက် မနက်ဖြန် ကျောင်း အချင်းချင်း အတွေ့အကြုံ ဖလှယ်ပွဲသို့ တက်ရောက်ကြမည့် အဖွဲ့ဝင်အားလုံး ထိုဂရုထဲ ဝင်ထားကြောင်း သိလိုက်သည်။

သူက ဂရုထဲကို နောက်ဆုံး ဝင်ရောက်လာသော အဖွဲ့ဝင် ဖြစ်နေ၏။

စွန်းရုံ"........."

လင်းရှောင်ယု

"အတန်းဖော် ဝမ်လင်းက ငါတို့ ဂရုထဲ ဝင်လာတာလား"

ချန်းချောင်

"ရိုးရှင်းတဲ့ နာမည်ကို ကြည့်လိုက်တာနဲ့ အတန်းဖော် ဝမ်လင်းမှန်း သိသာတယ်.. ဒါက ဝမ်လင်းရဲ့ စတိုင်ပဲလေ.. ဟယ်လို"

ဝမ်လင်းက ပေါ်လာသော စာများကို ဖတ်ရှုပြီး စာချန်သည့် အမှတ်အသား ပေးပို့လိုက်သည်။

(...........)

ကော်ဟောက်က ဟာသပုံ စတေကာ ပို့လိုက်သည်။

"အစက်ချ အမှတ်သား ပို့လိုက်ကတည်းက အတန်းဖော် ဝမ်လင်း ဆိုတာ သေချာသွားပြီ"

ဝမ်လင်းက စာချန်သည့် အမှတ်အသား ထပ်ပို့လိုက်သည်။

(............)

we chat ဂရု တစ်ခုလုံး အပ်ကျသံပင် မကြားရသည် အထိ တိတ်ဆိတ်သွားသည်။

နှစ်ပတ်ကြာ ကျောင်းတက်ပြီးနောက် အတန်းသား အများစုက ဝမ်လင်း၏ ဆိတ်ဆိတ်နေတတ်သော အပြုအမူဖြင့် ကျင့်သားရနေ၏။

ကော်ဟောက်နှင့် ဝမ်လင်းက ခုံချင်း ကပ်လျက် ထိုင်ရသော်လည်း စာသင်နှစ် အစတည်းက စကား ၁၀ခွန်း ပြည့်အောင်ပင် မပြောဖူးပေ။

ယခုလည်း အွန်လိုင်း စကားပြောဝိုင်းက ကို့ရို့ကားရား နိုင်လောက်အောင် တိတ်ဆိတ်နေပြန်သည်။

ယင်းအချိန်တွင် ဝါရင့်ဆရာသမား ဝမ်က တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်သည်။

"ကျောင်းသားအားလုံး မနက်ဖြန် နံနက် ၈နာရီ ကျောင်းဂိတ်မှာ လူစုပေးပါ"

အားလုံးက တစ်ပြိုင်နက်တည်း အိုကေ သင်္ကေတ ပြလိုက်သည်။

စွန်းရုံ "အားလုံးမှာ ဝိညာဉ်ဓား အသင့်ရှိတယ် မဟုတ်လား"

ဝါရင့်ဆရာသမားက မျက်နှာကို လက်ဝါးဖြင့် အုပ်သော အီမိုဂျီ ပို့လိုက်သည်။

"ကျောင်းသူစွန်းရုံ ပြောတာ မှန်တယ်.. ဒီတစ်ခေါက် ကျောင်းသုံးကျောင်း တွေ့ဆုံပွဲမှာ ဝိညာဉ်ဓားချင်း ပညာဖလှယ်တာ အရေးကြီးဆုံးပဲ.. ဒီတွေ့ဆုံပွဲကို ကျောင်းတစ်ကျောင်းချင်းစီရဲ့ ခေါင်းဆောင်တွေရော မြို့ရဲ့ ခေါင်းဆောင်တွေရော လာမှာဆိုတော့ အားလုံးက သင့်လျော်တဲ့ ဝိညာဉ်ဓားကို ယူလာခဲ့ကြပါ"

ယခုနှစ် ပညာသင်နှစ်အတွက် ကျောင်းတက်ရက်က နှစ်ပတ်မျှသာ ရှိသေးပြီး ဝိညာဉ်ဓား သင်ခန်းစာ အချိန်က စုစုပေါင်း ၃ချိန်ပင် မပြည့်ခဲ့ပေ။

သို့သော် ကျောင်းသားများမှာ ဝိညာဉ်ဓား လေ့ကျင့်ခြင်း ပညာရပ်ကို ငယ်စဉ်ကတည်းက စတင် လေ့ကျင့်ခဲ့ကြသည်။

ဓားဝိညာဉ်နှင့် စာချုပ် ချုပ်ဆိုပြီးနောက် သင့်လျော်သော ဝိညာဉ်ဓား ဖြစ်လာရန် အနည်းဆုံး ငါးနှစ် အချိန်ယူ၍ နားလည်မှု ယူပြီးမှ အသုံးပြုနိုင်သည်။

ထို့အပြင် ဝိညာဉ်ဓားမှ ဓားဝိညာဉ် မွေးဖွားရန်မှာ အင်မတန် ခက်ခဲ၏။

အသုံးပြုသူက စိတ်ရှည်သည်းခံ၍ ဂရုစိုက်ပေးရန် လိုအပ်သည်။

တကယ်တမ်း ဈေးကွက်တွင် ရောင်းချနေသော ပထမတန်းစား ဓားများ နှင့် အင်မော်တယ်ဓားများမှာ နည်းပညာအကူအညီဖြင့် ဖန်တီးထားခြင်းသာ ဖြစ်၏။

သို့သော် သဘောဝ အလျောက် ဖန်တီးထားသော ဝိညာဉ်ဓားများ နည်းတူ လိုက်လျောညီထွေ ရှိပြီး အင်အားကြီးသည့်အချက်ကမူ ငြင်းဆန်၍ မရပေ။

လျင်မြန်ဖျတ်လက်သော ချန်းချောင်က ဓာတ်ပုံ ကောက်တင်လိုက်သည်။

ယင်းမှာ ချန်းချောင် လက်ရှိ အသုံးပြုနေသော ဝိညာဉ်ဓား၏ ဓာတ်ပုံဖြစ်သည်။

အနီရင့်ရောင် ဓားအိမ်က အသုံးပြုသူ၏ သွေးဆူလွယ်သော အပြုအမူကို ဖော်ဆောင်နေသည်။

ချန်းချောင်

"ဓားနာမည်က စူပါ ခွန်အားလို့ ခေါ်တယ်.. ငါ့အသက် ၁၀နှစ်ပြည့် မွေးနေ့တုန်းက ငါ့မိဘတွေ မွေးနေ့လက်ဆောင် ပေးထားတာပဲ...ငါတို့တွေ အတူတကွ ရှိနေတာတော့ ၆နှစ်ရှိပြီ"

ဝါရင့်ဆရာသမားက လက်မထောင်သော အီမိုဂျီ ပို့လိုက်သည်။

"စူပါ ခွန်အားလား.. ဓားနာမည်က ချန်းချောင်ရဲ့ စူပါချန်း ဆိုတဲ့ နာမည်ပြောင်နဲ့ ကိုက်ညီသားပဲ.. ဓားအိမ် တောက်ပြောင်နေတာကို ကြည့်ရုံနဲ့ ချန်းချောင်က သူ့ရဲ့ ဝိညာဉ်ဓားကို ဘယ်လောက်ထိတောင် ဂရုစိုက်မှန်း သိသာတယ်"

"ဆရာက ကျွန်တော့်ကို မြှောက်နေပြန်ပြီ..."

ချန်းချောင်က သက်ပြင်းချသော အီမိုဂျီ ပို့လိုက်သည်။

"ဒါပေမဲ့ ကျွန်တော့်ဓားက ဓားဝိညာဉ် မမွေးဖွားသေးဘူး"

"ဓားဝိညာဉ် မွေးတာက တစ်ညတည်းနဲ့ လုပ်လို့ရတဲ့ ကိစ္စမှ မဟုတ်တာ.. ချန်းချောင် မင်းက အရမ်း စေ့စပ်ပြီး စိတ်ရှည်တော့ အဲဒီနေ့ ရောက်လာဖို့ သိပ်မဝေးတော့ပါဘူးကွာ"

ချန်းချောင်ကို ချီးမွမ်းပြီးနောက် ဝါရင့်ဆရာသမား ဝမ်က သူ့နေ့စဉ် ပို့ချချက်ကို စတင်လိုက်သည်။

"ဓားဝိညာဉ် မွေးတာက လူတိုင်း စိတ်ရှည်ရမယ့် ကိစ္စပဲ...မစွန့်စားဘဲနဲ့ လွယ်လွယ် အရှုံးမပေးလိုက်နဲ့.. ဝိညာဉ်ဓားမှာ ဓားဝိညာဉ် ရှိနေတာက အသက်ဝိညာဉ် ရှိသလိုပဲ.. အဲဒီ ဓားဝိညာဉ်ကို ပုံမှန်ကျင့်ကြံသူ အဖြစ် အဆင့်မြှင့်နိုင်တယ်.. ဒါကြောင့်မို့လည်း ဓားဝိညာဉ် အလွယ်မွေးဖွားလို့ မရအောင် သဘာဝတရားက ကန့်သတ်ထားတာပေါ့.. ဖန်တီးထားတဲ့ ဝိညာဉ်ဓားတွေကတော့ ကြိုတင် သတ်မှတ်ထားပြီသား ဖြစ်နေလို့ အဆင့်မြှင့်တင်လို့ မရဘူး"

"အော်.. အဲဒီလိုလား.. ဆရာ ထပ်ပြောပြပါဦး"

ချက်ဂရု ထဲမှ ကျောင်းသားများက ပိုမို စိတ်ဝင်စားလာသည်။

ဝါရင့်ဆရာသမား ဝမ်က အသံမက်ဆေ့လ်ဖြင့် စိတ်ရှည်ရှည် ရှင်းပြလိုက်သည်။

"မင်းတို့ လက်ရှိ သင်ကြားနေတဲ့ ဝိညာဉ်ဓား သင်ခန်းစာက ဝိညာဉ်ဓား ထိန်းသိမ်းနည်း အခြေခံပဲ ရှိပါသေးတယ်.. ဓားပျံသုံးနည်း နဲ့ ဓားဝိညာဉ် ဖန်တီးခြင်း အတတ်တွေကိုတော့ တက္ကသိုလ် ရောက်မှပဲ သင်ပေးမှာလေ.. မင်းတို့ရဲ့ လက်ရှိတာဝန်က မင်းတို့ရဲ့ ဝိညာဉ်ဓားကို ကောင်းကောင်း စောင့်ရှောက်ဖို့ပါပဲ"

All Chapters