ဝမ်လင်း၏သစ်သားဓား
Vol. 2 Ch. 28
"သစ်သားဓား"
ထိုအခိုက်အတန့်တွင် မလှုပ်မယှက် ပြုမူခြင်း၌ ကျွမ်းကျင်သည့် ဝမ်လင်းက အခန်းတစ်ခန်းလုံးကို သူနှင့် အတူတူ တိတ်ဆိတ်သွားစေ၏။
စကားအလွန်များသော ဆရာဝမ်ပင် စကားတစ်ခွန်းမှ မပြောနိုင်သည်အထိ နှုတ်ဆိတ်သွားသည်။
ဝမ်လင်း၏ ခုံချင်းကပ် အတန်းဖော် ကော်ဟောက်က ဝမ်လင်း၏ နှုတ်ဆိတ်မှုကို သေစေနိုင်လောက်သော လက်နက်ထက် အစွမ်းကြီးသည်ဟု ခံစားမိလိုက်၏။
လူတိုင်းကို သစ်သားဓားက တုန်လှုပ်စေခဲ့ပြီး ဝမ်လင်း၏ လူနေမှုဘဝကိုပင် သံသယဝင်လာစေခဲ့သည်။
............
ဆရာဝမ်က ဘဝမုန်တိုင်း အတွေ့အကြုံများကို ကျော်ဖြတ်လာသူ ဖြစ်သည်။
ငါးမိနစ်ခန့် ကြာပြီး နောက်တွင် ဆရာဝမ်က လေထဲ လွင့်မျောနေသော ကီးကုတ်ကို အာရုံစိုက်လိုက်ပြီး စကားလုံးတချို့ကို ရေးသားလိုက်သည်။
"ကျောင်းသားဝမ်လင်း.. ဒါက မင်းပိုင်ဆိုင်တဲ့ ဝိညာဉ်ဓားလား"
"အင်း"
ဝမ်လင်း၏ တုံ့ပြန်စကားက ယခင်အတိုင်း အပိုအလိုမရှိ တိုတိုတုတ်တုတ် ဖြစ်နေသည်။
"............."
ဝမ်လင်း၏ ပြန်စာကို မြင်ပြီးနောက် ဝါရင့်ဆရာသမား ဝမ်က ပြောစရာစကား ပျောက်ရှနေခဲ့သည်။
တခြားသူ အားလုံးတွင်လည်း မတူညီသော အတွေးကိုယ်စီ ဖြစ်ပေါ်နေကြ၏။
ချန်းချောင် "အတန်းဖော် ဝမ်လင်းရဲ့ မိသားစုက အရမ်းဆင်းရဲမယ်လို့ မထင်ခဲ့မိဘူး.. ဝမ်လင်းက သိုသိုဝှက်ဝှက် နေတတ်တာ အံ့ဩစရာ မဟုတ်ဘူးပဲ.. ဒါကြောင့်မို့လည်း အတန်းဖော် စွန်းရုံက သူ့ကို အရမ်း ဂရုစိုက်နေတာ ဖြစ်ရမယ်.. ငါတို့အားလုံးက ဝမ်လင်းကို ဒီနေ့ကစပြီး အသေအချာ ဂရုစိုက်ပေးရမယ်.. ဒါမှ သူ အားငယ်စိတ် မဝင်မှာလေ"
ကော်ဟောက် "ဝမ်လင်းက ခက်ထန် အေးစက်တဲ့ ပုံစံနဲ့ နေတတ်တာ မဆန်းတော့ပါဘူး.. သူက နှစ်ပေါင်းများစွာ ခံစားခဲ့ရတဲ့ သိမ်ငယ်မှုတွေကြောင့် အေးတိအေးစက် ဖြစ်သွားတဲ့ပုံပဲ.. အခုကစပြီး ငါ သူ့ကို ဂရုစိုက်ကြောင်း ပြသပေးရမယ်"
လင်းရှောင်ယု "အတန်းဖော် ဝမ်လင်းကို ချစ်မြတ်နိုးပေးမဲ့ ရီးစားလေး တစ်ယောက်တော့ ရှာပေးသင့်နေပြီ"
စွန်းရုံက ဟွာကော အုပ်စု၏ အမည်ဖြင့် ဝမ်လင်းကို ပရဟိတ အလှူတစ်ခု ပြုလုပ်ရန် စဉ်းစားနေသည်။
ဆင်ခြေဖုံး ရပ်ကွက်တွင် နေသော ဝမ်လင်းအတွက် ချစ်ခြင်းမေတ္တာ အပြည့်ဖြင့် ပန်းရောင်မှော်ဓား တစ်လက် လက်ဆောင် ပေးရမည်ဟု သူမ တွေးလိုက်သည်။
ဝမ်လင်း "မင်းတို့အားလုံး တော်သင့်ပြီ"
မက်မွန်သစ်သားဖြင့် ဖန်တီးထားသော ဝိညာဉ်ဓားများသည် လွန်ခဲ့သော ဆယ်စုနှစ်ကျော်ခန့်က အလွန်အမင်း ကျော်ကြားခဲ့သော်လည်း ယခုအခါ၌ အသုံးမပြုကြတော့ပေ။
ပိုမို ကောင်းမွန်သော ပစ္စည်းများ ပြုလုပ်ရန် အဆင့်မြင့် ကုန်ကြမ်းပစ္စည်းများ ဈေးကွက်ထဲ ဝင်ရောက်လာသည်နှင့်အမျှ မက်မွန်သစ်သားဓားများမှာ ဂေါ်ဖီထုပ်ကဲ့သို့ ဈေးပေါသော ထုတ်ကုန်တစ်ခု ဖြစ်လာခဲ့သည်။
လက်ရှိ ခေတ်ကာလတွင် မက်မွန် သစ်သားဓားကို အနည်းငယ်မျှသာ ထုတ်လုပ်တော့သည်။
ပညာရေးဌာနက ဝိညာဉ်ဓား ပညာရေး မိတ်ဆက်ကို သင်ကြားပေးရာတွင် အသုံးပြုရန် မူကြိုကျောင်းများ နှင့် မူလတန်းကျောင်းများတွင်သာ ရောင်းချတော့သည်။
ဝမ်လင်း၏ သစ်သားဓားလေးကို ကြည့်ပြီး ဝမ်လင်း၏ ငယ်ဘဝက ပျော်စရာ မကောင်းနိုင်ဟု ဆရာဝမ်က မှတ်ချက်ချလိုက်သည်။
မိဘများက သူတို့ကလေး၏ ပထမဆုံး ဝိညာဉ်ဓားကို ပုံမှန်အားဖြင့် အလေးအနက် ထားကြသည်။
ထိုအဆို မှန်မမှန်ကို ချန်းချောင်၊ ကောဟောက် နှင့် စွန်းရုံတို့ ပိုင်ဆိုင်သော ဓားလက်နက်များကို ကြည့်ရုံဖြင့် သိနိုင်သည်။
အနှစ်ချုပ် ပြောရလျှင် ဤမက်မွန်သစ်သားဓားက အမှန်တကယ်ကို ဈေးပေါလွန်းနေသည်။
ဤခေတ်ကာလတွင် မက်မွန်သစ်သားဓား အသုံးပြုသူ ရှိနေသေးသည်လော။
ဆရာဝမ်က သစ်သားဓား ဓာတ်ပုံကို ကြည့်ပြီး လေးကန်စွာ သက်ပြင်းချလိုက်သည်။
ဆရာမဖန်နှင့် တိုင်ပင်ပြီး ဝမ်လင်းတို့ အိမ်ကို သွားလည်ရန် အရေးတကြီး လိုအပ်နေပြီဟု တွေးလိုက်မိသည်။
ဝမ်လင်း".............."
...........................
ကျောင်းတက်ကာလ တတိယအပတ် အင်္ဂါနေ့ ၊ မနက်၈နာရီအချိန်...
ရွေးချယ်ခံ ကျောင်းသားများက လေးရက်တာ ကျောင်း အချင်းချင်း အတွေ့အကြုံ ဖလှယ်ပွဲ ကျင်းပမည့် အမှတ်၅၉ အထက်တန်းကျောင်းသို့ သွားရောက်ရန် စုရပ်တွင် နေရာယူကြသည်။
၎င်းစုရပ်မှ ဘတ်စ်ကားစီးပြီး သွားရောက်ကြရမည် ဖြစ်သည်။
ပေါ့ပေါ့ပါးပါး ခရီးစဉ် ဖြစ်သောကြောင့် လိုအပ်သော ပစ္စည်းများကိုသာ ကျောင်းဝတ်စုံ အိတ်ကပ်များထဲတွင် ထည့်ထားကြ၏။
ဝမ်လင်းက ဘတ်စ်ကားပေါ် တက်လိုက်ပြီး နောက်ဆုံးတန်းတွင် နေရာယူလိုက်သည်။
ကားပေါ်တွင် ထိုင်နေကြသော ကော်ဟောက်နှင့် ချန်းချောင်တို့က နောက်ဆုံးတန်းတွင် ထိုင်နေသော ဝမ်လင်းကို စိုးရိမ်တကြီး ကြည့်လိုက်ကြ၏။
သူတို့က အကြည့်ချင်း ဖလှယ်လိုက်ပြီး တံခါးစောင့် နတ်မင်းများကဲ့သို့ ဝမ်လင်း၏ ဘေးတစ်ဖက် တစ်ချက်စီတွင် နေရာယူလိုက်သည်။
ဝမ်လင်း"............"
ဝမ်လင်းက သူ့သစ်သားဓားကို Wechat ဂရုမှာ မျှဝေပြီးနောက် ချန်းချောင် နှင့် ကော်ဟောက်တို့က ဝမ်လင်းကို အသေးအမွှားမှ အစ ဂရုစိုက်ပေးမည်ဟု ဆုံးဖြတ်ထားကြသည်။
ဤအပြုအမူက ဝမ်လင်းကို သွေးလေ ချောက်ချားစေသည်။
သိုသိုသိပ်သိပ် နေထိုင်ရန် စီစဉ်ထားသော သူ့အစီအစဉ်က မဖြစ်မြောက်ခဲ့သည့် အပြင် ပို၍ပင် ဆိုးရွားသွားခဲ့သည်။
ယခု သူနှင့် အတူတူ ဘတ်စ်ကားပေါ်တွင် ရှိနေသူများသည် သူ သတိထား ဆက်ဆံရမည့် စာရင်းတွင် ပါသူများချည်း ဖြစ်နေသည်။
ဤပြက္ခဒိန်နှစ်က ဝမ်လင်း ကံဆိုးသောနှစ်ဟုပင် ဆိုရမည်။
သူ မျက်လုံးထောင့်ကပ်၍ ကြည့်လိုက်သောအခါ စွန်းရုံ နှင့် လင်းရှောင်ယု တို့က လက်ချင်းတွဲထားပြီး သူနှင့် ခပ်လှမ်းလှမ်းတွင် ထိုင်နေသည်။
လင်းရှောင်ယု၏ အတွေးစိတ်ကူးကို အထွေအထူး ဖတ်ရှုနေရန် မလိုအပ်ပေ။
အမာခံ ဖူဂျိုရှီ ပီသစွာပင် သူတို့သုံးယောက်ကို ပေးစားနေလိမ့်မည်သာ။
ဘတ်စ်ကားက လူဦးရေ ၅၀ခန့်ကို လုံလုံလောက်လောက် တင်ဆောင်နိုင်သော်လည်း သူတို့ ငါးယောက်က နောက်ဆုံးတန်းတွင် နေရာယူထားကြသည်။
ထို့ကြောင့် ဆရာဝမ်က ကားဒါရိုက်ဘာနှင့် အတူ ရှေ့ဆုံးခုံတန်းသို့ ရောက်နေသည်။
ဆရာဝမ်က ကျောင်းသားများ ဘေးကင်းလုံခြုံမှု နှင့် စိတ်ချမ်းသာမှုကို အလေးထားသောကြောင့် သူ အထီးကျန်ရလည်း အမှုထားပုံမရပေ။
အထီးကျန်ခဲ့လျှင်ပင် သူက အိပ်ကပ်ထဲမှ အဆာပြေမုန့်များဖြင့် အေးအေးဆေးဆေး သာယာနိုင်သေးသည် မဟုတ်ပါလား။
..................
ဤတစ်ကြိမ်က ဝမ်လင်းတစ်ယောက် တခြားသူများနှင့် အနီးကပ်ဆုံး နေဖူးသည့် ပထမဆုံး အကြိမ် ဖြစ်သည်။
သူ၏ ပုံမှန် နှုတ်ဆိတ်သော အပြုအမူကို ထိန်းသိမ်းကာ အနီးနားရှိ လူအားလုံး၏ ဆွေးနွေးမှုများကို နားစွင့်ခဲ့သည်။
ကော်ဟောက် နှင့် ချန်းချောင်တို့က ပျော်ပျော်ရွှင်ရွှင် စကားပြောနေကြသည်။
ကော်ဟောက်က သူ့မျက်မှန်ကိုင်းကို ပင့်တင်လိုက်ပြီး
"ဆောက်လုပ်ရေး လုပ်ငန်းခွင်မှာ ရှေးဟောင်းဂူဗိမာန်ကို ရှာတွေ့တဲ့ သတင်း ကြားပြီးပြီလား.. ကျွမ်းကျင်ပညာရှင်တွေရဲ့ လေ့လာဆန်းစစ်ချက် အရတော့ အဲဒါက သမိုင်းမှာ နာမည်ကျော်တဲ့ ပုဂ္ဂိုလ် တစ်ယောက်ရဲ့ သင်္ချိုင်းအတုတဲ့"
..................
သူတို့က ဟန်လီနှင့် ဝမ်လင်တို့ အကြောင်း ပြောနေမှန်း ဝမ်လင်း သိလိုက်သည်။
ထိုနှစ်ယောက်မှာ ကျင့်ကြံခြင်း လောက၏ မိစ္ဆာအိုကြီး နှစ်ယောက် ဖြစ်၏။
၎င်းတို့က ဟွာရှို့နိုင်ငံ မတည်ထောင်ခင်ကပင် အရှိန်အဝါကြီးခဲ့သူများ ဖြစ်သည်။
ထိုနှစ်ယောက်က ကြီးမြတ်သော ချီတိုက်ပွဲခေတ် မတိုင်ခင်ကတည်းက နာမည်ကျော်ခဲ့၍ ကျင့်ကြံခြင်း ဘိုးဘေးဟု သမိုင်းတွင် မှတ်တမ်းတင်ထားသည်။
ထို့ကြောင့်လည်း ဆရာဝမ်၏ သမိုင်း သီအိုရီ သင်ခန်းစာတွင် ဟန်လီနှင့် ဝမ်လင် ဇာတ်ကြောင်းမှာ အကျော်ကြားဆုံး သင်ခန်းစာ ဖြစ်လာခဲ့သည်။
ဝမ်လင်၏ ကျင့်ကြံခြင်း သီအိုရီ နှင့် ဟန်လီ၏ အကဲဖြတ်ကျွမ်းကျင်မှု ပညာရပ်က ကျောင်းသားများ သဘောကျလေ့ မရှိသည့် အဆင့်မြင့်သင်္ချာတွင် မသင်မနေရ အစိတ်အပိုင်း များ ဖြစ်၏။
ဟွာရှို့နိုင်ငံတွင် ရှာတွေ့သော ရှေးဟောင်း ဂူဗိမာန် အားလုံးက အတု ဖြစ်နေသောကြောင့် ယနေ့အချိန်အထိ မိစ္ဆာအိုဟန် နှင့် မိစ္ဆာအိုဝမ်တို့ အသက်ရှင်နေသေးသည်ဟု ကောလဟာလ သတင်း ထွက်ခဲ့ဖူးသည်။
မွန်းစတား အဘိုးအို နှစ်ဦးက အင်မော်တယ် ဖြစ်ရန် ခြေတစ်လှမ်း အလိုတွင် ကျရှုံးသွားခဲ့သူများ ဖြစ်ကြသည်။
"ဒီကိစ္စက နည်းနည်း ထူးဆန်းနေတယ် မထင်ဘူးလား"
ချန်းချောင် ခေါင်းညိတ်လိုက်သည်။
တကယ်တမ်း သူက ဤအကြောင်းကို ကြားဖူးသည်မှာ ကြာခဲ့ပြီ ဖြစ်၏။
ကော်ဟောက်က တွေးတွေးဆဆဖြင့် ပြောဆိုလိုက်သည်။
"ကျွမ်းကျင်ပညာရှင်တွေ အဆိုအရတော့ ဂူဗိမာန်က အဘိုးကြီးဝမ် ပိုင်တဲ့ဟာ.. ဒါပေမဲ့ အဘိုးကြီးဝမ်ရဲ့ ဂူဗိမာန်မှာ အဘိုးကြီးဟန် သုံးလေ့ ရှိတဲ့ ကောင်းကင်ရနံ့ ပုလင်းကို ရှာတွေ့ခဲ့တယ်.. သမိုင်းကျမ်း အဆိုအရတော့ အဘိုးကြီးဟန်ရဲ့ အဖိုးတန် ရတနာက စိတ်ဝိညာဉ် ဆေးပင်တွေကို အချိန်တိုအတွင်း ရင့်မှည့်စေတယ်တဲ့"
"ဒါဆိုရင် အဲဒီရတနာကို အဘိုးကြီးဝမ်ရဲ့ အုတ်ဂူမှာ ဘာကြောင့် တွေ့ရတာလဲ"
သူတို့ ပြောဆိုနေသော စကားဝိုင်းကြောင့် စွန်းရုံက မနေနိုင် မထိုင်နိုင် ဝင်ပြောလိုက်ခြင်း ဖြစ်သည်။
"ဒါကြောင့်လည်း အရမ်းထူးဆန်းနေတယ်လို့ ပြောတာပေါ့"
ကော်ဟောက်က လက်ကိုဆန့်ထုတ်၍ အကြောဆန့်ရင်း ပြောလိုက်သည်။
"အဘိုးကြီးဟန်ကို အားပေးတဲ့ အဖွဲ့ကတော့ အခုရှာတွေ့တဲ့ ဂူဗိမာန်က အဘိုးကြီးဟန် ပိုင်တယ်လို့ ပြောကြတယ်.. ဒါပေမဲ့ အဘိုးကြီးဝမ်ကို အားပေးတဲ့ အဖွဲ့က ဒီအဆိုကို လက်မခံဘူး.. အဘိုးကြီးဝမ်က နားလည်မှု လွဲစေချင်လို့ ဒီမွှေးရနံ့ဘူးကို ထားခဲ့တာလို့ ပြောကြတယ်"
"ဒါက ဂူဗိမာန် အတုပဲလေ.. ငြင်းခုံနေဖို့ လိုအပ်လို့လား"
လင်းရှောင်ယု နားမလည်နိုင်တော့ပေ။
"နင်အခုထိ မသိသေးဘူးလား"
ကော်ဟောက်က ပြောဆိုလိုက်သည်။
"ဒါက တိုဟူးချိုနဲ့ တိုဟူးငံ ကြားက စစ်ပွဲလိုပါပဲ.. ဒီကိစ္စ အတွက် လွန်ခဲ့တဲ့ နှစ်ထောင်ချီ ကတည်းက ရန်ဖြစ်လာခဲ့ကြတာ အခုချိန်ထိ သဘောတူညီမှု မရသေးဘူး.. အဖြေက ရှင်းရှင်းလေးပဲလေ.. နှစ်ဖက်စလုံးက ဂူဗိမာန် အတုမှန်း သိပေမဲ့ သူတို့ရဲ့ အိုင်ဒေါလ်တွေကြောင့် စကားနိုင် လုနေကြတာလေ... သူတို့က သူတို့ရဲ့ အိုင်ဒေါလ်တွေ အတွက် အရှုံးမပေးချင်ကြဘူး"
အားလုံး"............"