နွေဦးလေရဲ့ မြင်းများ မြန်မြန်ပြေး
Vol. 2 Ch. 29
လူ့အဖွဲ့အစည်းက ရက်စက်ကြမ်းကြုတ်လှသည်။
အန္တရာယ် အလွန်များပြီး ရန်မရှာသင့်သော အုပ်စုနှစ်စု ရှိကြောင်း ဝမ်လင်း ကိုယ်တိုင် ယုံကြည်သွားခဲ့သည်။
ထိုအုပ်စုနှစ်စုမှာ အဘိုးကြီးဟန်၏ အမာခံ ပရိသတ် နှင့် အဘိုးကြီးဝမ်၏ အမာခံ ပရိသတ်တို့ ဖြစ်သည်။
ရှေးခေတ် နာမည်ကျော် ကျင့်ကြံသူများ၏ ပရိသတ်အုပ်စုသည် ဟွာရှို့နိုင်ငံ၏ Aအဆင့် ဒိတ်ဒိတ်ကြဲ ကြယ်ပွင့်များ၏ ပရိသတ်များထက်ပင် ပိုမို ကြောက်စရာကောင်းသည်။
တစ်ဖွဲ့ချင်းစီတွင် ပရိသတ် ဆယ်သန်းခန့်ရှိပြီး သူတို့အားလုံးမှာ ကျင့်ကြံသူများ ဖြစ်ကြသည်။
ထို့အပြင် ယင်းနှစ်ဖွဲ့၏ ဥက္ကဌများမှာ ကျင့်ကြံခြင်းလောက၏ ပထမတန်းစား ကျွမ်းကျင်ပညာရှင်ဟု ကောလဟလများ ထွက်ပေါ်လျက် ရှိသည်။
ဟွာရှို့နိုင်ငံက လွန်ခဲ့သည့် နှစ်များအတွင်း ယင်း ပရိသတ်အဖွဲ့ နှစ်ဖွဲ့၏ အင်အားကို လျှို့ဝှက်စွာ ဖိနှိပ်ခဲ့သည်။
ပညာရေးဌာန လက်အောက်ရှိ ဆရာ၊ ဆရာမများနှင့် ကျောင်းသားများကို ပရိတ်သတ် အဖွဲ့ထဲ တိတ်တဆိတ် မဝင်ရောက်ရန် တင်းတင်ကျပ်ကျပ် အသိပေးထားသည်။
ထိုပရိသတ်အဖွဲ့ နှစ်ဖွဲ့မှာ ခန့်မှန်း၍မရသော အဖွဲ့များ ဖြစ်သည်။
ဤအတိုင်းသာဆိုလျှင် နိုင်ငံတော်၏ လုံခြုံရေးကို တစ်ချိန်ချိန်တွင် ထိခိုက်လာနိုင်သည်။
သို့သော် ဤကိစ္စက ဝမ်လင်းနှင့် ဘာမှမသက်ဆိုင်ပေ။
ဝမ်လင်း လက်ကိုင်ထားသော ဆောင်ပုဒ်မှာ "မင်းလုပ်ချင်တာလုပ်.. ငါဘာမှစိတ်မဝင်စားဘူး" ဟူသည့် ဆောင်ပုဒ်ဖြစ်သည်။
သူ၏ သိုသိုသိပ်သိပ် နေထိုင်တတ်သော လူနေမှုဘဝကို မထိခိုက်သရွေ့ ဝမ်လင်းက မသိချင်ယောင် ဆောင်ထားနိုင်သည်။
ထိုသို့ မဟုတ်လျှင် လက်ချောင်းလေး တစ်ချောင်းလောက် လှုပ်လိုက်ရုံဖြင့် ဤသန်းပေါင်းများစွာသော ပရိသတ်များကို ပျောက်ကွယ်သွားအောင် လုပ်မိလိမ့်မည် ဖြစ်သည်။
…...........
ဘတ်စ်ကားက တစ်နာရီခန့် ကြာပြီ ဖြစ်သော်လည်း ကော်ဟောက်က မရပ်မနား စကားပြောနေသည်။
သူတို့အားလုံးက နက္ခတဗေဒမှ ပထဝီအဆုံး အလုံးစုံကို ပြောဆိုခဲ့ကြသည်။
နောက်ဆုံးပေါ် အကျော်ကြားဆုံး သတင်းများအပြင် နိုင်ငံရေးသတင်းများကိုပါ ဆွေးနွေးခဲ့ကြသည်။
လူနေမှု အဆင့်အတန်း နိမ့်ကျသော လူတချို့၏ သနားစရာကောင်းသော အဖြစ်အပျက်များ အကြောင်းကို ပြောဆိုခဲ့ကြပြီးနောက် ထိုသူအားလုံးကို ပညာတတ်များ ဖြစ်အောင် လေ့ကျင့် ပျိုးထောင် ပေးသင့်သည်ဟု ကောက်ချက်ချနေကြ၏။
နယ်စပ်တွင် "အင်မော်တယ်ဓား ကာကွယ်ရေးစနစ်" အသုံးပြုရန် နန်ဟန် နိုင်ငံ၏ တောင်းဆိုမှုကို ဟွာရှို့ နိုင်ငံက အပြင်းအထန် ဆန္ဒပြခဲ့သည်။
သာမန်လူများက နိုင်ငံရေး အကြောင်း သိပ်မပြောကြပေ။
ဝမ်လင်းက နိုင်ငံရေးတက်ကြွ လှုပ်ရှားသူ မဟုတ်သော်လည်း ပြဿနာ၏ အရင်းအမြစ်ကို အနည်းငယ် နားလည်မှု ရှိသည်။
ဟွာရှို့ နိုင်ငံသည် နန်ဟန် နိုင်ငံအပေါ် အမျိုးမျိုးသော စီးပွားရေး ပိတ်ဆို့ အရေးယူမှုများ ချမှတ်ခဲ့ပြီး နိုင်ငံတွင် အခြေစိုက်သည့် နန်ဟန်၏ ကြီးမားသော စူပါမားကတ် အများအပြားကို ပိတ်ပစ်ခဲ့သည့်အပြင် နန်ဟန်မှ တင်သွင်းလာသော စားသောက်ကုန်များကိုပါ ဖယ်ရှားခဲ့သည်။
ထိုသို့ ဖယ်ရှားခံလိုက်ရသော စားသောက်ကုန်များထဲတွင် ဝမ်လင်း အကြိုက်ဆုံး ခေါက်ဆွဲခြောက်ကြွပ်ကြော်လည်း ပါဝင်သည်။
ယင်းမုန့်ထုပ်က နန်ဟန် နိုင်ငံမှ ထုတ်လုပ်သော အဆာပြေမုန့် ထုပ် ဖြစ်သည်။
ခေါက်ဆွဲခြောက်ကြွပ်ကြော်ထုပ်သည် နိုင်ငံရေးနှင့် နှိုင်းယှဥ်လျှင် ပြဿနာ အသေးအမွှားသာ ဖြစ်၏။
သူက အစားကောင်း ကြိုက်သော်လည်း နိုင်ငံထက် ပိုအလေးမထားနိုင်ပေ။
ပြည်တွင်းဈေးကွက်ထဲမှ အဆာပြေ ခေါက်ဆွဲခြောက် ကြွပ်ကြော်ထုပ်က နန်ဟန်ထုတ် ခေါက်ဆွဲခြောက် ကြွပ်ကြော်ထုပ်ကို မမီသော်လည်း ဝမ်လင်း လက်ခံနိုင်ပါသေးသည်။
ဘတ်စ်ကားက လျင်မြန်စွာ သွားလာနေသော်လည်း နံနက်ခင်း အလုပ်သွားလာချိန် ဖြစ်၍ လမ်းတွေက အတော်လေး ပိတ်ဆို့နေသည်။
နှစ်နာရီခန့် ကြာပြီးနောက် ကားအရှေ့ဘက်တွင် ထိုင်ပြီး အစပ်ချောင်းကို တဂျွတ်ဂျွတ် ဝါးစားနေသော ဝါရင့်ဆရာသမားက စကားပြောလိုက်သည်။
"ကျောင်းသားတို့.. ဆရာတို့ ရောက်နေပြီ.. အားလုံး ကားပေါ်ကနေ ဆင်းဖို့ အသင့်ပြင်ကြတော့"
"ဆရာ ဘယ်အချိန်ရှိပြီလဲ"
"နံနက် ၁၀နာရီ ၄မိနစ် ရှိနေပြီ.. အမှတ်၅၉ အထက်တန်းကျောင်းမှာ အရင် စာရင်းသွင်းရမယ်.. ကျောင်း အတွေ့အကြုံ ဖလှယ်ပွဲ တက်ရောက်မှာကို အတည်ပြုဖို့ နေ့လည် ၂နာရီမှာ အစည်းအဝေး တက်ရဦးမယ်"
ဝါရင့်ဆရာသမား ဝမ်က ပြန်ဖြေလိုက်သည်။
…............
သူတို့အားလုံးက ကားပေါ်မှ ဆင်းပြီးနောက်တွင် အသက်ကြီးကြီး ကားဒါရိုက်ဘာက လီဗာကို ဆောင့်နင်းကာ အဝေးကို မောင်းထွက်သွားသည်။
ယနေ့ ဗဟို စူပါမားကတ်တွင် အာလူးချောင်းကြော် များကို ထက်ဝက်ဈေးဖြင့် ရောင်းချပေးနေ၍ အလျင်မီ ဝယ်နိုင်အောင် အမြန် ပြန်သွားခြင်း ဖြစ်သည်။
သူတို့က အမှတ်၅၉ အထက်တန်းကျောင်းရှေ့ရှိ ကားလမ်းတစ်ဖက်ခြမ်းတွင် ဆင်းလာခဲ့ကြသည်။
"နောက်ဆုံးတော့ ငါတို့တွေ ဒီနေရာကို ရောက်လာပြီ"
လူတိုင်းက အမှတ်၅၉ အထက်တန်းကျောင်း၏ ပြုပြင်ထားသော ကျောင်းပတ်ဝန်းကျင်ကို ကြည့်ပြီး မနာလိုစိတ် ဖြစ်လာသည်။
အမှတ်၅၉ အထက်တန်းကျောင်းသည် မြို့၏ အထက်တန်း စံပြကျောင်း ဖြစ်လာရန် လျောက်ထားဆဲ ဖြစ်သော်လည်း ကျောင်းပတ်ဝန်းကျင် နှင့် သင်ကြားရေး အဆောက်အဦများက စံပြကျောင်း သတ်မှတ်ချက်များနှင့် ကိုက်ညီမှု ရှိသည်။
မျက်စိဖြင့် မြင်နိုင်သော နေရာတိုင်းက စိမ်းလန်းစိုပြေနေသည်။
အမှတ် ၅၉ အထက်တန်းကျောင်း အတွင်း၌ ဝေးလံခေါင်သီသော တောနက်များကဲ့သို့ စိမ်းလန်းစိုပြေသော သစ်ပင်များဖြင့် ဖုံးလွှမ်းထားသည်။
ကျောင်းဂိတ်တံခါးဝမှ တဆင့် သစ်ပင်များ စီတန်းထားသော လမ်းတစ်လျှောက်ကို ကြည့်လိုက်လျှင်လည်း သစ်ပင်များ ဝန်းရံနေသည့် အထပ် ရှစ်ထပ် ပါဝင်သော သင်ကြားရေး အဆောက်အဦးကို မြင်နိုင်သည်။
အမှတ် ၆၀ အထက်တန်းကျောင်း၏ ဂိတ်ပေါက်နှင့် ကျောင်းဆောင်ဟောင်း များကို ပြန်သတိရမိသောအခါ အနည်းငယ် စိတ်မကောင်း ဖြစ်မိသွားကြသည်။
"အမ်.. ဒါက အမှတ် ၅၉ အထက်တန်းကျောင်း ဟုတ်ရော ဟုတ်ရဲ့လား"
လင်းရှောင်ယု တုန်လှုပ်သွားသည်။
"မနှစ်က ဒီနေရာကို လာလည်တုန်းက အမှတ်၆၀ အထက်တန်းကျောင်းထက်တောင် ပိုစုတ်ချာသေးတယ်.. သူတို့က ဒီလို ချမ်းသာအောင် ဓားပြတိုက်လိုက်တာလား"
"ပြီးခဲ့တဲ့နှစ်က သူတို့ကျောင်း ချမ်းသာသွားတာ ဖြစ်နိုင်တယ်"
ချန်းချောင်က မျက်မှောင်ကြုတ်ကာ ပြောသည်။
"ပြီးခဲ့တဲ့နှစ်က အမှတ် ၅၉ အထက်တန်းကျောင်းက ရွှေအမြုတေအဆင့် ကျင့်ကြံသူ ခြောက်ယောက်ကို မွေးထုတ်ပေးခဲ့ပြီး နှစ်၂၀၀အတွင်း စံချိန်အသစ် ချိုးခဲ့လို့ မြို့ရဲ့ စံပြကျောင်းအဖြစ် အရွေးချယ်ခံ ကိုယ်စားလှယ် ဖြစ်သွားတာပဲ.. ဒါကြောင့်လည်း မနှစ်က နှစ်စပိုင်းမှာ ပုဂ္ဂလိက ဆေးရုံ တစ်ရုံရဲ့ ရင်းနှီးမြှုပ်နှံမှုကို ရရှိခဲ့တယ်"
ဝါရင့်ဆရာသမားက ခပ်ယဲ့ယဲ့လေး ခေါင်းညိတ်ခဲ့သည်။
ချန်းချောင်က သူသိထားသော သတင်းစကားကို ပြောခဲ့ခြင်း ဖြစ်သည်။
ကျောင်းသားတစ်ဦး အနေဖြင့် ချန်းချောင်က သတင်းအချက်အလက်များစွာကို သိရှိထားသည်မှာ ဆန်းကြယ်သောအရာ မဟုတ်ပေ။
ချန်းချောင် ငယ်စဉ်ကတည်းက ကျောင်းအားကစား ပြိုင်ပွဲ များစွာတွင် ပါဝင်ခဲ့ပြီး အခြား ကျောင်းများသို့ မကြာခဏ ခရီးထွက်ခဲ့သဖြင့် သာမန် ကျောင်းသားများထက် သတင်းအချက်အလက်များကို ပိုသိနိုင်ခဲ့သည်။
လင်းရှောင်ယု"ဆေးရုံက ရင်းနှီးမြှုပ်နှံမှု လုပ်တာလား.. ဘာလို့ ဆေးရုံဖြစ်နေရတာလဲ"
"အဲဒီ ဆေးရုံက ခန္ဓာဗေဒလေ့လာတဲ့ ဆေးရုံလေ.. နေကိုးစင်း ဆေးရုံ ဆိုတာ ကြားဖူးလား.. အဲဒီဆေးရုံက နေကိုးစင်း အဖွဲ့အစည်းရဲ့ တည်ထောင်သူ ဖွင့်လှစ်ထားတာလေ"
"အထက်တန်း ကျောင်းဆင်းတွေကို ပစ်မှတ်ထားတဲ့ ဆေးရုံပေါ့.. အဲဒီလို ဆေးရုံမျိုးက ခပ်ရှားရှားပဲ"
"ဒါနဲ့ နွေဦးလေရဲ့ မြင်းများ မြန်မြန်ပြေး စာမေးပွဲမှာ ပထမရတဲ့သူက အမှတ်၅၉ ကျောင်းကလေ.. သူက -ယီးထိပ်အရေပြား လှီးဖြတ်ထားတဲ့သူတဲ့"
ကော်ဟောက်က အတင်းအဖျင်းကို လက်မလွှတ်စတမ်း ဝင်ရောက် ပြောဆိုလိုက်သည်။
လူတိုင်း".........."
"အမှတ်၅၉ အထက်တန်းကျောင်းရဲ့ အောင်လက်မှတ် ရှိရင် အဲဒီဆေးရုံမှာ လိင်တံအရေးပြားကို အခမဲ့ ဖြတ်လို့ရတယ်တဲ့.. အမှတ်၅၉ ကျောင်းသားတွေရဲ့ အောင်လက်မှတ်ကို ခဏငှားပြီး ငါနဲ့ အတူတူ လူနှစ်ယောက်ကို ခေါ်သွားသင့်တယ်လို့ မထင်ဘူးလား"
ကော်ဟောက်က မေးဖျားကို လက်ဖြင့် ဟန်ပါပါ ပွတ်သပ်၍ ပြောလိုက်သည်။
"…........."
ဤသည်က လူကြားထဲ မပြောသင့်သော စကား ဖြစ်သည်ဟု ဝမ်လင်း ခံစားမိသည်။
စွန်းရုံ နှင့် လင်းရှောင်ယုတို့၏ မျက်နှာက နီမြန်းသွားသည်။
အရှက်မဲ့သော အကြောင်းအရာကို ကြားရ၍ အရှက်သည်းသွားကြခြင်း ဖြစ်၏။
"ကျောင်းသားကော်.. မင်း အောင်လက်မှတ် ငှားလို့ရရင် ငါ့ကိုလည်း မင်းနဲ့ အတူတူ ခေါ်သွားပေးပါ"
ထိုသို့ပြောရင်း ဝါရင့်ဆရာသမား ဝမ်က ရုတ်ခြည်း သက်ပြင်းချလိုက်သည်။
"နှစ်ပေါင်း ၆၀၀နီးပါး ရှိနေပြီ.. အခုအထိ သဘာဝကို မလွန်ဆန်နိုင်သေးဘူး"
"…........"
သူ့ဘေးနားမှ ဝမ်လင်းက တစ်စုံတစ်ရာ ထပ်ပြောချင်သော်လည်း သူ့ကိုယ်သူ ထိန်းသိမ်းလိုက်သည်။
ဝါရင့်ဆရာသမား ဝမ်၏ လက်က အလွန် မြန်ဆန်မှန်း ဝမ်လင်း သိနေသည်။
နည်းလမ်းကျကျ ပြောရလျှင် ဝါရင့်ဆရာသမားက သူကိုယ့်သူ ခွဲစိတ်ကုသနိုင်၍ ဆေးရုံသွားရန် မလိုအပ်ပေ။
…............
သူတို့က အမှတ်၅၉ အထက်တန်းကျောင်း၏ ကျောင်းပတ်ဝန်းကျင် အသစ်ကို မနာလို ဖြစ်နေသော်လည်း တကယ် မနာလိုခြင်း မဟုတ်ပေ။
ဟွာကောအုပ်စု၏ ပံ့ပိုးမှုကြောင့် အမှတ်၆၀ အထက်တန်းကျောင်းမှာ ဤကျောင်းထက် ပိုမို သာလွန်သွားလိမ့်မည်သာ။
ဝါရင့်ဆရာသမား ဝမ်က ကျောင်းဂိတ်တံခါးကို ဦးဆောင်သွားစဉ် ကျောင်းအစောင့်က သူတို့ကို ဟန့်တားသည်။
"ဘယ်သူနဲ့ လာတွေ့တာလဲ"
ဝါရင့်ဆရာသမားက သူ့အိုင်ဒီကတ်ကို ပြပြီးနောက် အစောင့်က ဝါရင့်ဆရာသမားကို ဦးညွှတ်လိုက်သည်။
"ဆရာတို့က အမှတ်၆၀ အထက်တန်းကျောင်းကကိုး.. ကျောင်းခေါင်းဆောင်က ကျွန်တော်တို့ကို သတင်းပို့ပြီးပါပြီ.. စာရင်းသွင်းဖို့ စာသင်ဆောင် ပထမထပ်ရဲ့ အခန်းနံပါတ် ၁၀၀၁ကို သွားလိုက်ပါ ဆရာ"
"ကောင်းပါပြီ.. ကျေးဇူးပဲ"
ဝါရင့်ဆရာသမား ဝမ်က အပြုံးလေးဖြင့် သူ့ အိုင်ဒီကတ်ကို ပြန်ယူလိုက်သည်။
ထို့နောက်တွင် သူတို့အုပ်စုက အဟန့်အတား မရှိဘဲ ကျောင်းဂိတ်ထဲသို့ ဝင်ရောက်လာခဲ့သည်။
အရိုးသားဆုံး ပြောရလျှင် အမှတ်၅၉ နှင့် အမှတ်၆၀ အထက်တန်းကျောင်းမှာ ဆက်ဆံရေး မကောင်းမွန်ကြပေ။
သို့သော် အစောင့်က သူတို့ မျှော်လင့်ထားသည်နှင့် ဆန့်ကျင်စွာ လေးလေးစားစား ဆက်ဆံခဲ့သည်။
တကယ်တမ်း အာရုံစိုက်တတ်သော ဝါရင့်ဆရာသမား ဝမ်ကမူ တခြား ပြဿနာကို သတိပြုမိလိုက်သည်။
အမှတ်၆၀ အထက်တန်းကျောင်းက လာရောက် လည်ပတ်သော သတင်းကို ကျောင်းတွင် မကြေညာထားပုံ ရှိသည်။
သို့မဟုတ်လျှင် စွန်းရုံတို့ မိသားစု၏ ကျော်ကြားမှုကြောင့် လမ်းတစ်လျောက်တွင် လူများ ပြည့်ကြပ် နေလိမ့်မည် မဟုတ်ပါလား။
…...............
ကျောင်းလုံခြုံရေး အခန်းတွင် စိတ်ဝိညာဉ်ခံစားမှုကို ဟန့်တားသော ကိရိယာရှိသည်။
သို့ရာတွင် ယင်းကိရိယာက ဝမ်လင်းအပေါ်ကို သက်ရောက်မှု မရှိပေ။
အစောပိုင်းတုန်းက ပြုံးရွှင်နေသော လုံခြုံရေးမှာ မျက်နှာထား ချက်ချင်း ပြောင်းလဲသွားပြီး သုန်မှုန်နေသော မျက်နှာအမူအရာဖြင့် ဖုန်းခေါ်လိုက်သည်။
"ဒါရိုက်တာရှဲ့.. အမှတ်၆၀ အထက်တန်းကျောင်းက ရောက်လာပါပြီ.. ယောက်ျားလေး ၃ယောက်နဲ့ မိန်းကလေး ၂ယောက်ပါလာပါတယ်.. သူတို့ကိုဦးဆောင်လာတဲ့သူက ဝတုတ်တုတ် ဆရာတစ်ယောက်ပဲ.. အော်.. သူတို့နဲ့အတူ ကြက်တူရွေး တစ်ကောင်လည်း ပါလာသေးတယ်.. ကျနော့်အမြင် ဆရာဝတုတ်က တုံးအပြီး အနှောင့်အယှက် မဖြစ်နိုင်လောက်ဘူး"
"ငါဒီသတင်းကို အစောထဲက သိထားပြီးပြီ.. သူက သာမန် သမိုင်းဆရာ တစ်ယောက်ပါပဲ.. သူက အရမ်းကို သန်မာမယ်လို့တော့ ငါမထင်ဘူး"
တစ်ဖက်ဖုန်းထံမှ အေးစက်စက် အသံက ဂိတ်စောင့်၏ နားထဲသို့ ပဲ့တင်ထပ်လာသည်။