အမျိုးသမီးနှစ်ဦး စစ်ဖြစ်ခဲ့လျှင်တစ်စုံတစ်ယောက်က သေဆုံးရလိမ့်မည်
Vol. 2 Ch. 30
အမှတ် ၆၀ အထက်တန်းကျောင်း၏ ဒါရိုက်တာ ရှီး နှင့် အမှတ် ၅၉ အထက်တန်းကျောင်း၏ ဒါရိုက်တာ ရှဲ့တို့၏ မကောင်းသတင်းကို အွန်လိုင်း အသုံးပြုသူများက တူးဆွမိမည်ဆိုလျှင် သူတို့ချင်း ရန်သူဟောင်းမှန်း သတင်း တူးဖော်မိကြမည် ဖြစ်သည်။
သူတို့နှစ်ဦးစလုံးက Ace တက္ကသိုလ်ပြီးလျှင် နိုင်ငံလုံးဆိုင်ရာ "211 University Project" တွင် ပူးတွဲပါရှိသည့် ပထမအဆင့် ကျင့်ကြံခြင်း တက္ကသိုလ်မှ ဘွဲ့ရခဲ့ခြင်း ဖြစ်၏။
ကျင့်ကြံခြင်း တက္ကသိုလ်မှ ဘွဲ့ရရှိပြီးနောက် သူတို့ နှစ်ယောက်က အမှတ်၆၀ အထက်တန်းကျောင်းတွင် နှစ်အတော်ကြာအောင် လက်တွဲ လုပ်ကိုင်ခဲ့ဖူး ကြသည်။
နောက်ပိုင်းတွင် ဆရာမ ရှီက ပညာရေးဒါရိုက်တာ အဖြစ် ရွေးချယ် ခံရပြီး ဆရာမ ရှဲ့ကို ကျောင်းက ထုတ်ပစ်လိုက်၏။
ရွေးချယ်စရာ မရှိသည့်အဆုံး ဆရာ ရှဲ့မှာ အမှတ်၅၉ အထက်တန်းကျောင်းသို့ ပြောင်းရွေ့ခဲ့ရသည်။
လွန်ခဲ့သော နှစ်အနည်းငယ်တွင် အမှတ်၅၉ အထက်တန်းကျောင်းက အလျင်အမြန် တိုးတက်လာခဲ့ပြီးဆရာမ ရှဲ့ကလည်း ပညာရေး ဒါရိုက်တာ အဖြစ် တရားဝင် ခန့်အပ်ခဲ့ခဲ့ရသည်။
သူ့ကို တစ်ချိန်က ထုတ်ပယ်ခဲ့၍ အမှတ်၆၀ အထက်တန်းကျောင်းကို လက်စားချေလိုသော ဆန္ဒ အမြဲရှိခဲ့သည်။
အမျိုးသမီး နှစ်ဦး စစ်ဖြစ်ခဲ့လျှင် တစ်စုံတစ်ယောက်က သေဆုံးရလိမ့်မည် ဟူသော ဆောင်ပုဒ် အတိုင်းပင် အမှတ် ၅၉ အထက်တန်းကျောင်းနှင့် အမှတ် ၆၀ အထက်တန်းကျောင်း နှစ်ခုကြား နှစ်ပေါင်းများစွာ မပြေလည်ရသည့် အကြောင်းအရင်း အများစုမှာ ဤပညာရေး ဒါရိုက်တာ နှစ်ယောက်၏ ပြိုင်ဆိုင်မှုများကြောင့် ဆိုလည်းမမှားပေ။
သင်ကြားရေးခေါင်းဆောင်များ မညီညွှတ်ကြ၍ ကျောင်းနှစ်ကျောင်း၏ ကျောင်းသားကောင်စီ ဆက်ဆံရေးမှာလည်း အမြဲလိုလို သဘောထား ကွဲလွဲနေခဲ့သည်။
ကျောင်းသား အချင်းချင်း ယှဉ်ပြိုင်ရာတွင်လည်း ပေါ်တင်ရော ခိုးကြောင်ခိုးဝှက်ပါ တိုက်ခိုက်ကြသည်။
ကျောင်းသားများက သင်ကြားရေး ခေါင်းဆောင်များ၏ အမုန်းတရားကို သဘာဝအလျောက် အမွေဆက်ခံထားခြင်း ဖြစ်၏။
သို့သော် ဖေးယန်ခရိုင်၏ သာမန် အထက်တန်းကျောင်း သုံးကျောင်း အနက် အမှတ်၆၀ အထက်တန်းကျောင်း၏ ကျင့်ဝတ်နှင့် စည်းကမ်းပိုင်းက အတော်ကလေး ကောင်းမွန်သည်ဟု ဝမ်လင်း ခံစားမိသည်။
သင်ကြားရေး အဆောက်အအုံ၏ ပင်မအဝင်ဝသို့ မရောက်မီတွင် ဝမ်လင်းက သူတို့နှင့် သက်တူရွယ်တူ ဆယ်ကျော်သက် တစ်ဦးကို ခပ်လှမ်းလှမ်းမှ မြင်လိုက်ရသည်။
ထိုလူငယ်က နီညိုရောင် ကျောင်းဝတ်စုံကို ဝတ်ဆင်ကာ သင်ကြားရေး အဆောက်အဦးထဲမှ ထွက်လာ၏။
ထိုလူငယ်၏ အနောက်တွင် တခြား သက်တူရွယ်တူ လူငယ်လေးဦးလည်း လိုက်ပါလာသည်။
လူငယ်အုပ်စုက စုစုပေါင်း ငါးဦး ဖြစ်သည်။
လူငယ်ငါးဦး၏ ခေါင်းဆောင်မှာ ထျန်းကျင်းဇီ ဖြစ်ပြီး အမှတ်၅၉ အထက်တန်းကျောင်း၏ ကျောင်းသား သမဂ္ဂ ဥက္ကဌလည်း ဖြစ်၏။
ထျန်းကျင်းဇီက တည်ကြည်သော မျက်နှာအမူအရာ ရှိပြီး ကျောင်းအသိုင်းအဝိုင်း၏ လူမှု ပတ်ဝန်းကျင်တွင် ပေါင်းသင်းဆက်ဆံရေး ကောင်းသူဟု နာမည်တွင်သည်။
သူက ဖေးယန်ခရိုင်၏ အထက်တန်းကျောင်း သုံးကျောင်း အခြေအနေကို ကောင်းကောင်း သိထားသည်။
ထျန်းကျင်းဇီ၏ နံဘေးတွင် မတ်တတ်ရပ်နေသည့် သူက ဖန်ဟွားချင်း ဖြစ်ပြီး ကျောင်းသား သမဂ္ဂ အဖွဲ့အစည်း၏ ဒုတိယဥက္ကဌလည်း ဖြစ်သည်။
သူက အရပ်ပုပု ခပ်ချောချော ကောင်လေး တစ်ယောက် ဖြစ်သည်။
သူတို့နောက်မှ လူသုံးဦးမှာ လျန့်ညီအစ်ကိုများ ဖြစ်သော လျန့်ဝေ၊ လျန့်ကျန်း နှင့် လျန့်ဖေးတို့ ဖြစ်သည်။
ကျောင်းအတွေ့အကြုံ ဖလှယ်ပွဲသို့ မတက်ရောက်ခင် ကတည်းက သူတို့ သိသင့်သိထိုက်သည့် အကြောင်းအရာများ ကို ဆရာဝမ်က ပြောပြထားသည်။
ထျန်းကျင်းဇီက ဝါရင့်ဆရာသမား ဝမ်ကို ဦးညွှတ်လိုက်သည်။
"ဒါက ဆရာဝမ် မဟုတ်လား...ဆရာဝမ်နဲ့ ဂျူနီယာညီလေး၊ညီမလေးတွေကို အမှတ်၅၉ အထက်တန်းကျောင်းက လှိုက်လှိုက်လှဲလှဲ ကြိုဆိုပါတယ်...မင်းတို့အားလုံးရဲ့ နေ့စဉ်လူနေမှုဘဝ လေးရက်တာ ကာလကို ငါ စောင့်ရှောက်ပေးပါမယ်.. ပျက်ကွက်တာ ရှိခဲ့ရင်လည်း ကြိုတင်ပြီး တောင်းပန်ထားပါရစေ"
ဤနွေးထွေးသော ကြိုဆိုမှုက အမှတ်၆၀ အထက်တန်းကျောင်းမှ လူအားလုံးကို သတိကပ်သွားစေသည်။
အမှတ် ၅၉ နှင့် အမှတ်၆၀ အထက်တန်းကျောင်းတို့၏ ဆက်ဆံရေးကို လူတိုင်း သိထားကြ၍ ထိုကဲ့သို့ ဖော်ရွေနေခြင်းမှာ နောက်ကွယ်တွင် အကြောင်းအရင်း တစ်စုံတစ်ရာ ရှိနေလောက်၏။
ထို့အပြင် ကျောင်းချင်းချင်း အတွေ့အကြုံ ဖလှယ်ပွဲ မတိုင်မှီ အမှတ်၅၈ အထက်တန်းကျောင်းက တူညီသော ရည်မှန်းချက်ဖြင့် အမှတ်၅၉ အထက်တန်းကျောင်းသို့ လာရောက်ကြသည်။
ဆရာဝမ် စုံစမ်းထားသော သတင်းအရ အမှတ်၅၈ အထက်တန်းကျောင်းမှ ကျောင်းသားများမှာ ထျန်းကျင်းဇီ၏ စိန်ခေါ်မှုတိုင်းကို လုံးလုံးလျားလျား ငြင်းပယ်ခဲ့ကြ၏။
ထျန်းကျင်းဇီက အန္တရာယ် အငွေ့အသက်လွှမ်းသော မျက်ဝန်းဖြင့် ဝမ်လင်းတို့လူစုကို ဖြန့်ကျက် ကြည့်ရှုလိုက်သည်။
ကျောင်းအတွေ့အကြုံ ဖလှယ်ပွဲတွင် ဟွာကောအုပ်စု၏ အကြီးဆုံးသမီး စွန်းရုံ သေချာပေါက် ပါဝင်လာလိမ့်မည်ကို သူသိထားသည်။
သူစုံစမ်းထားသော သတင်းအရဆိုလျှင် အဖွဲ့၏ ခေါင်းဆောင်မှာ ဝတုတ် ဝမ်ကျူခန်း ဖြစ်သည်။
ထိပ်တန်းကျောင်းသူ လင်းရှောင်ယု
အားကစားကော်မတီ အဖွဲ့ဝင် ချန်းချောင်
နိုင်ငံရေးအတန်း ကိုယ်စားပြု ကော်ဟောက်
ပြီးတော့...
"ချီးပဲ"
နောက်ဆုံးတစ်ယောက် နာမည်ကို သူ မေ့သွားခဲ့သည်။
"….........."
ထိုလူငယ်၏ နာမည်ကို စဥ်းစားရင်း ထျန်းကျင်းဇီ တစ်ယောက် ချွေးပြန်လာသည်။
သူက ဘာမှစဥ်းစားမရဘဲ အတွေးဗလာ ဖြစ်နေသည်။
ဤလူငယ်က မည်သူနည်း။
သူ မည်သို့မှ စဉ်းစား၍ မရခဲ့ပေ။
ဤကဲ့သို့ ထိန်းချုပ်ရခက်သော ခံစားချက်က ထျန်းကျင်းဇီကို အဆင်မပြေသော ခံစားချက် ဖြစ်စေခဲ့သည်။
သူ တွက်ချက်မှု မှားယွင်းခဲ့ပါသလော။
ဒါလည်း မဖြစ်နိုင်ပေ.. ဤနေရာကို မလာခင်တည်းက သူ သေချာ ပြင်ဆင်ထားခဲ့သည်။
သို့ရာတွင် သူ့အရှေ့မှ လူငယ်၏ သတင်း အချက်အလက် အနည်းငယ်ကိုပင် စဉ်းစား၍ မရတော့ချေ။
ဤသို့ ဖြစ်ရသည်မှာ အဘယ်ကြောင့်နည်း။
အကြောင်းရင်းမှာ ဝမ်လင်း၏ ကြီးမြတ်သော အကာအရံ မန္တန်ကြောင့် ဖြစ်သည်။
ထိုမန္တန်က ဂိမ်းထဲမှ ကိုယ်ဖျောက် စကေးနှင့် တူညီသည်။
သူက အသက်ငါးနှစ် အရွယ်တည်းက မန္တန်ကို အသက်သွင်းခဲ့ပြီး မန္တန်ကို တစ်ခါမှ ပြန်လည် မပိတ်ပင်ခဲ့ပေ။
ထိုမန္တန်၏ ထူးကဲသော အကျိုးသက်ရောက်မှုမှာ ဝမ်လင်းနှင့် ပတ်သက်သော အချက်အလက်များကို မျက်နှာချင်း ဆိုင်သည်နှင့် မျက်စိ တစ်မှိတ်အတွင်း မေ့ပျောက်သွားခြင်း ဖြစ်၏။
စွယ်စုံသိ စီနီယာ ထျန်းကျင်းဇီက ရုတ်တရက် မှတ်ဉာဏ်ပျောက်ဆုံးသွားသလို ငူငူငိုင်ငိုင်ကြီး ဖြစ်သွားသည်။
ထို့နောက်တွင် သူက ယာယီ မှတ်ဉာဏ် ချို့ယွင်းတာ ဖြစ်ရမည်ဟု သူ့ကိုယ်သူ ဖြေသိမ့်လိုက်တော့သည်။
ထျန်းကျင်းဇီက ပြုံးပြုံးရွှင်ရွှင်ဖြင့် လက်ခုပ်တီးလိုက်ရာ ကျောင်းသားတစ်ယောက်က ဝမ်လင်းတို့အတွက် ကြိုတင် ပြင်ဆင်ထားသော လက်ဖက်ရည်ကို တည်ခင်း ဧည့်ခံလိုက်သည်။
"အမှတ်၅၉ အထက်တန်းကျောင်းကို ရောက်လာတဲ့ သူတိုင်းက အထူးဧည့်သည်တွေပါပဲ.. ရောမ ရောက်ရင် ရောမလို ကျင့်ကြံရမယ် ဆိုတဲ့ ဆောင်ပုဒ်အတိုင်းပေါ့.. အမှတ်၆၀ အထက်တန်းကျောင်းရဲ့ ဂျူနီယာ ကျောင်းသားလေးတွေက ငါတို့ရဲ့ ရင်းနှီးဖော်ရွေမှုကို အသိအမှတ်ပြုတဲ့ အနေနဲ လက်ဖက်ရည် သုံးဆောင်ကြပါဦးလား"
ဝါရင့်ဆရာသမား ဝမ်က လက်ဖက်ရည် အရောင်ကို ကြည့်ပြီးနောက် ချက်ချင်း မျက်ခုံးနှစ်ဖက် အပေါ်သို့ တွန့်ကွေးသွားသည်။
အညိုအစိမ်း ရောယှက်နေသော ဤလက်ဖက်ရည်က စိတ်မချမ်းမြေ့ဖွယ် ကောင်းသော ဓာတုရနံ့များ ထွက်နေသည်။
ဤလက်ဖက်ရည်ကို အတိအကျ ရှင်းပြရလျှင် ရက်၃၀၀ခန့် မလျော်ဘဲ ချန်ထားသော အောက်ခံအဝတ်နှင့် ၄၉ရက် နေလှန်းထားသော ငါးပုတ်ခြောက်ကို အတူ ရောစပ်ထားသော အနံ့အသက် ဖြစ်နေ၍ အော့အန်ချင်စိတ်ကို ဖြစ်ပေါ်စေသည်။
အမှတ်၆၀ အထက်တန်းကျောင်း၏ တရားမဝင် အဆာပြေမုန့် ရောင်းချသူ ဆရာဝမ်က အစားကြူးသူ တစ်ယောက် ဖြစ်၏။
ထို့ကြောင့် လက်ဖက်ရည် အရောင်ကို မြင်သည်နှင့် သူက ချက်ချင်း သိလိုက်သည်။
ဤလက်ဖက်ရည်က အဆိပ် ရှိနေသည်။
၎င်းက သေချာပေါက် ထောက်ချောက် တစ်ခု ဖြစ်၏။
အမှတ်၆၀ အထက်တန်းကျောင်းမှ ကျောင်းသားများ တွန့်ဆုတ်နေသည်ကို မြင်လျှင် ထျန်းကျင်းဇီက ခပ်ယဲ့ယဲ့ ပြုံးလိုက်သည်။
"ဒီလက်ဖက်ရည်မှာ အရွက် နဲ့ သစ်သီးဖျော်ရည်ရဲ့ အာနိသင် အဆ ၂၀၀ ပါဝင်တာကြောင့် အရိုး နဲ့ ကြွက်သားတွေကို အံ့မခန်း ခွန်အားတိုးစေတယ်"
"လက်ဖက်ရည် အနံ့က နည်းနည်း ထူးဆန်းတယ် ဆိုပေမဲ့ လက်ဖက်ရည်နဲ့ ဧည့်ခံတာက ငါတို့ကျောင်းရဲ့ ရင်းနှီးဖော်ရွေမှုကို ပြသတဲ့ ဓလေ့ပဲ.. အမှတ်၆၀ အထက်တန်းကျောင်းက ငါတို့ချင်း ချစ်ကြည်ရင်းနှီးမှုကို ကိုယ်စားပြုဖို့ ရဲရဲရင့်ရင့် သောက်ပြသင့်တယ်လို့ မထင်ဘူးလား"
ထိုစကားကြောင့် အမှတ်၆၀ အထက်တန်းကျောင်းမှ ကျောင်းသားများက ဉာဏ်အလင်း ပွင့်သွားသည်။
"ချီးပဲ.. "
အမှတ်၅၉ အထက်တန်းကျောင်း၏ ဓလေ့မှာ ကျောင်းတွင်း အဆိပ်ခပ်သည့် နည်းလမ်း ဖြစ်နေသည်။
ဟွာကောအုပ်စုက အသီးအရွက် နှင့် သစ်သီးဖျော်ရည် ရောစပ်သော အမှုန့်များကို ဖန်တီး ထုတ်လုပ်လေ့ ရှိသည်။
သို့ရာတွင် ဟွာကောအုပ်စုမှ ဈေးကွက်ထဲ ရောင်းချသော ပေါင်းစပ်အမှုန့်သည် ပါဝင်ပစ္စည်းများ၏ အချိုးအစားကို သေချာ တွက်ချက်ထားခြင်း ဖြစ်၏။
ဟွာကောအုပ်စုထုတ် ပေါင်းစပ်အမှုန့်များက အရသာ သိပ်မကောင်းသော်လည်း မျိုချရခက်လောက်သည် အထိ အရသာ မဆိုးရွားပေ။
ထျန်းကျင်းဇီ ပြောခဲ့သည့်အတိုင်း ဤလက်ဖက်ရည်၏ အဓိက အချက်မှာ အရိုး နှင့် ကြွက်သားများကို ခွန်အားတိုးစေခြင်း ဖြစ်သည်။
ထျန်းကျင်းဇီတို့က ဤကဲ့သို့ စိတ်ပျက်ဖွယ် လုပ်ရပ်မျိုးကို လုပ်လာလိမ့်မည်ဟု စွန်းရုံ မမျှော်လင့်ခဲ့ပေ။
သူတို့က သူမလို ဟွာကော အုပ်စု၏ သခင်မလေးကို လုံးဝ မထီမဲ့မြင် ပြုမူလိုက်ခြင်းပင်။
အကြမ်းဖျင်း ရှင်းပြရလျှင် အသီးအရွက်နှင့် သစ်သီးဖျော်ရည် ၁၀ဆ ပြင်းအားကိုပင် မြိုချရန် ခက်ခဲသည်။
၂၀ဆပြင်းအားမှာ သေလောက်အောင် ဆိုးရွားမည်မှန်း တွေးကြည့်စရာပင် မလိုချေ။
ယခုလို အဆ ၂၀၀ ပြင်းအားကမူ လူတစ်ယောက်ကိုပင် အသက် သေစေနိုင်လောက်၏။
ဖန်ဟွားချင်း နှင့် လျန့်ဝေတို့အဖွဲ့က စိတ်ထဲကနေ ကျိတ်၍ ရယ်မောနေကြသည်။
အမှတ်၅၈ အထက်တန်းကျောင်းမှ ကျောင်းသားများမှာ ကျောင်းမျက်နှာပျက်မည်ကို စိုးရိမ်သောကြောင့် လက်ဖက်ရည်ကို သောက်ခဲ့သော်လည်း စာသင်ဆောင် အဝတွင် အရှက်ရသည်အထိ အော့အန်ခဲ့ကြသည်။
လက်ဖက်ရည်က မျိုချဖို့ပင် ခက်ခဲနေရာ အမှတ်၆၀ အထက်တန်းကျောင်းမှ ကျောင်းသားများမှာ ဘာဆက်လုပ်ရမလည်း မသိတော့ပေ။
ပတ်ဝန်းကျင်လေထုက အေးစက်နေစဉ် ထျန်းကျန်းဇီ နာမည် မမှတ်မိသော လူငယ်လေးက အရှေ့သို့ ခြေနှစ်လှမ်း သုံးလှမ်းခန့် တိုးလာသည်။
ထို့နောက်....
ထို့နောက် ထိုလူငယ်လေးက လက်ဖက်ရည်ခွက်ကို ဆတ်ခနဲ ကောက်ယူ၍ တစ်ကျိုက်တည်း မော့သောက်လိုက်တော့သည်။