← Chapters

အရှေ့အရပ်မှလျှို့ဝှက်ဆန်းကြယ်သောစွမ်းအား

Vol. 3 Ch. 32

အရှေ့အရပ်မှလျှို့ဝှက်ဆန်းကြယ်သောစွမ်းအား

Vol. 3 Ch. 32

အမှတ် (၅၉) အထက်တန်းကျောင်း၏ အိပ်ဆောင်အသစ်ကို သင်ကြားရေး အဆောက်အအုံ၏ အနောက်ဘက်တွင် တည်ဆောက်ခဲ့သည်။

အိပ်ဆောင်မှာ လူလေးယောက် နေထိုင်နိုင်သော အခန်းငယ်လေးများဖြင့် ဖွဲ့စည်းထားသည့် လေးထပ် အဆောက်အအုံ ဖြစ်သည်။

အထပ်တိုင်းတွင် အများသုံးအိမ်သာနှင့် အိပ်ခန်း ဆယ်ခန်းပါရှိပြီး ကျောင်းသားဦးရေ ၁၆၀ခန့် အထိ ထားရှိနိုင်သည်။

ထျန်းကျင်းဇီက အမှတ်၆၀ အထက်တန်းကျောင်း အုပ်စုကို အရှေ့ကနေ ဦးဆောင်၍ ခေါ်လာသည်။

သင်ကြားရေး အဆောက်အအုံရှိ စိတ်ဝိညာဉ် စုဆောင်းခြင်း ယန္တရားစက် ပျက်စီးသွားလည်း ပြဿနာ မရှိပေ။

အိပ်ဆောင်တွင်လည်း စိတ်ဝိညာဉ်စုစည်းခြင်း ယန္တရားစက်ကို အသစ် တည်ဆောက်ထားသည်။

ထို့အပြင် ၎င်းသည် သင်ကြားရေး အဆောက်အအုံ၏ ယန္တရားစက် နှင့် တည်ဆောက်ပုံ တူညီမှု ရှိပြီး လေးထပ်လုံးကို စက်ဝိုင်း ပုံသဏ္ဌန် စိတ်ဝိညာဉ် စုစည်းခြင်း နည်းစနစ်ဖြင့် တည်ဆောက်ထားသည်။

အထပ် တစ်ထပ်ချင်း စီတွင် စိတ်ဝိညာဉ်စွမ်းအား မတူညီကြပေ။

အထပ်မြင့်လေ စိတ်ဝိညာဉ်စွမ်းအားက ပို၍ ပြင်းထန်လာလေ ဖြစ်၏။

မည်သို့ပင်ဆိုစေကာမူ အမှတ်၆၀ အထက်တန်းကျောင်းမှ တာဇံလေးများက စက်ဝိုင်းပုံသဏ္ဌန် လည်ပတ်သော စုပေါင်းစွမ်းအားကို မြင်တွေ့ရတော့မည် မဟုတ်ပါလား။

ထိုအကြောင်းကို စိတ်ထဲ တွေးနေရင်း ထျန်းကျင်းဇီက ကျောင်းအဆောက်အဦး၏ အလိုအလျောက် ဖွင့်ပိတ်သော တံခါးကို ဖြတ်ကျော်လာခဲ့သည်။

ယင်းနောက် သူက ဝိညာဉ်စွမ်းအားကို ချက်ချင်း စုဆောင်း ကြည့်လိုက်သည်။

အရှေ့တစ်ခေါက်ကလို အရှက်မကွဲရအောင် ကြိုတင် စမ်းသပ်လိုက်ခြင်းဖြစ်၏။

ထိုသို့ စမ်းသပ်ပြီးသည်နှင့် သူက သက်ပြင်းကို ရှည်လျားစွာ ချလိုက်သည်။

သူက ပတ်ဝန်းကျင်မှ အဆုံးအစမဲ့သော ချီစွမ်းအားကို ရှင်းလင်းစွာ ခံစားနိုင်ခဲ့သည်။

စိတ်ဝိညာဉ် စုဆောင်းခြင်း ယန္တရားစက်က ပုံမှန်အတိုင်း လုပ်ဆောင်နေပြီး ပြဿနာ မရှိဟု သူကောက်ချက်ချလိုက်သည်။

ထျန်းကျင်းဇီက ဝမ်းသာသွားပြီး ဟန်ပင် မဆောင်နိုင်တော့ဘဲ သူ့နောက်က လိုက်လာသည့် အမှတ်၆၀ အထက်တန်းကျောင်းမှ အုပ်စုကို ဝင့်ကြွားစွာ လက်ယပ်ခေါ်လိုက်သည်။

ထိုအခိုက်အတန့်တွင် အားလုံး၏ အနောက်ကနေ လိုက်လာသည့် ဝမ်လင်းက ဂိတ်တံခါးကို ဖြတ်ကျော်လာသည်။

တစ်ချိန်တည်းမှာပင် အဆောက်အအုံအတွင်းမှ ပေါက်ကွဲသံကို ကျယ်လောင်စွာ ကြားလိုက်ရသည်။

ထို့နောက်

အမှတ်၅၉ အထက်တန်းကျောင်း၏ စိတ်ဝိညာဉ် စုဆောင်းခြင်း ယန္တရားစက်က ယခင် တစ်ခေါက် ကဲ့သို့ ပေါက်ကွဲသွားတော့သည်။

"........…"

ထိုမြင်ကွင်းကို ကြည့်ရင်း ထျန်းကျင်းဇီက ထဆဲဲလိုသောစိတ်ကို ထိန်းမရနိုင်တော့ပေ။

…...........

ထျန်းကျင်းဇီက လျန့်ညီအစ်ကို တို့နှင့် အတူ ကျောင်းသား သမဂ္ဂရုံးသို့ ပြန်ရောက်လာခဲ့သည်။

"ဥက္ကဌ.."

ထျန်းကျင်းဇီ၏ အလွန်အမင်း စိတ်ပျက် အားလျော့နေသော အမူအရာကို သူ မမြင်တွေ့ဖူးပေ။

ယခုလို ထပ်တူညီသော ဖြစ်ရပ်မျိုးကို လွန်ခဲ့သော တစ်ပတ်ခန့်က အမှတ်၅၈ အထက်တန်းကျောင်း အုပ်စုလည်း ကြုံဖူးခဲ့သည်။

ပထမဆုံး စာရင်းပေးသည့် နေ့မှာတင် ထျန်းကျင်းဇီ၏ လှည့်ဖြားမှု အသေးအမွှားကို အမှတ်၅၈ အထက်တန်းကျောင်း အုပ်စု မရင်ဆိုင်နိုင်ခဲ့ကြပေ။

သို့သော် ယခုတော့ အခြေအနေက လုံးဝ ပြောင်းပြန် ဖြစ်သွားခဲ့သည်။

ထျန်းကျင်းဇီက သူ့ဒေါသသူ မထိန်းချုပ်နိုင်၍ စိတ်ဆိုးမာန်ဆိုးဖြင့် စားပွဲခုံကို လက်သီးဖြင့် ထိုးလိုက်သည်။

"စိတ်ဝိညာဉ် စုဆောင်းခြင်း ယန္တရားစက်က အသစ်ပါ.. စီနီယာတွေ အပြောအရတော့ အနည်းဆုံး ၁၀နှစ်လောက် တာရှည်ခံမယ်လို့ ပြောတာပဲ.. အခုဆို တပ်ဆင်ထားတာ တစ်နှစ်တောင် မပြည့်သေးဘူးလေ.. ဘာကြောင့် ပေါက်ကွဲသွားရတာလဲ"

"….........."

ဖန်ဟွာချင်း၊ လျန့်ဝေ နှင့် တခြားသူ အားလုံးလည်း အခြေအနေက အနည်းငယ် ထူးဆန်းနေသည်ဟု ခံစားနေမျသည်။

"အမှတ်၆၀ အထက်တန်းကျောင်း အုပ်စုက တစ်ခုခု လွဲမှားနေသလိုပဲ.. ဥက္ကဌ.. ကျွန်တော်တို့တွေ သူတို့ကို မေ့ထားလိုက်ရအောင်လား"

လျန့်ဝေက တိုးညင်းသော လေသံဖြင့် အကြံပြုလိုက်သည်။

"မေ့ထားလိုက်ရမယ် ဟုတ်လား"

ထျန်းကျင်းဇီက ခနဲ့၍ ပြောလိုက်သည်။

ဤကိစ္စကို သူက အလွယ်တကူ မေ့ဖျောက်ပစ်စရာလော။

သူက သုံးကြိမ်တိုင်တိုင် အရှက်ကွဲခဲ့ခြင်း ဖြစ်၏။

ထျန်းကျင်းဇီက သူ့ဘဝတွင် ဤမျှလောက်အထိ ပြဿနာကြုံရလိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ။

မူလတန်းကျောင်း မှ အလယ်တန်းကျောင်း အထိ သူက အမြဲလိုလို အတန်းခေါင်းဆောင် ဖြစ်ခဲ့သလို အထက်တန်းသို့ရောက်လာသော အခါတွင်လည်း ကျောင်းသား သမဂ္ဂ ဥက္ကဌဖြစ်လာခဲ့ပြီး ကျောင်းတွင်း ကျောင်းပြင် ဩဇာညောင်းသူ ဖြစ်လာခဲ့သည်။

မည်သို့ပင်ဖြစ်စေ အမှတ်၆၀ အထက်ကျောင်းမှ တာဇံများကို သင်ခန်းစာ ပေးနိုင်မည့် နည်းလမ်းရှိမည်မှာ သေချာသည်။

ထိုအတွေးဖြင့် ထျန်းကျင်းဇီက သူ့ကိုယ်သူ နှစ်သိမ့်လိုက်သည်။

…...............

ကျောင်းအဆောက်အအုံက အသစ်တည်ဆောက်ထားသော်လည်း အမှတ်၅၉ အထက်တန်းကျောင်းက လာမည့်နှစ်မှ တရားဝင် ဖွင့်လှစ်ပေးမည် ဖြစ်သည်။

ထို့ကြောင့် ဝမ်လင်း အပါအဝင် ခြောက်ယောက် အုပ်စုက လေးထပ် အဆောက်အအုံထဲတွင် တည်းခိုနေရ၏။

စွန်းရုံ နှင့် လင်းရှောင်ယုတို့က လူသွားစင်္ကြန်၏ အစွန်းဘက် အခန်းတွင် နေကြသည်။

ဝမ်လင်း၊ အခြားသူ သုံးယောက် နှင့် ကြက်တူရွေးလေးတို့ကမူ စွန်းရုံတို့ ဘေးခန်းတွင် နေလိုက်ကြသည်။

ဤသည်မှာ ဝမ်လင်း တစ်ယောက် တခြားသူများနှင့် တစ်မိုးအောက်တည်းတွင် ပထမဆုံးအကြိမ် အချိန်အတူတူ ကုန်ဆုံးဖူးခြင်း ဖြစ်ပြီး သုံးညလောက် အတူတူ နေရဦးမည် ဖြစ်၏။

ထိုအကြောင်းကို တွေးမိရုံဖြင့် ဝမ်လင်း တစ်ယောက် ခေါင်းကိုက်သွားခဲ့သည်။

ယခင်ကဆိုလျှင် မမျှော်လင့်သော ပြဿနာမျိုး မကြုံတွေ့အောင် အခုလို အခြေအနေမျိုးကို အတက်နိုင်ဆုံး ရှောင်တိမ်းရန် အစွမ်းကုန် လုပ်ဆောင်လိမ့်မိမည်သာ။

"ဒီကနေ့ အဖြစ်အပျက်တွေက အတော်လေး ထူးဆန်းတယ်.. တိုက်ဆိုင်တာရော ဟုတ်ရဲ့လား.."

အဆောင်တွင် အထပ်မြင့် ကုတင်များ ရှိပြီး ၎င်းတို့ အောက်တွင် စားပွဲများ ရှိသည်။

ချန်းချောင်က မေးခွန်းမေးရင်း ကုတင်ပေါ် ခုန်တက်ကာ သူ၏ ခြေထောက်ကို လွှဲယမ်းလိုက်သည်။

"ဆရာဝမ်ရော ဘယ်လိုထင်လဲ"

ကော်ဟောက်က သူ့ဘေးနားက ဝါရင့်ဆရာသမား ဝမ်ကို မေးမြန်းလိုက်သည်။

"အဲဒါက ရှင်းပြရ ခက်ခဲတယ်"

ဝါရင့်ဆရာသမား ဝမ်က ခေါင်းခါ၍ ပြောလိုက်သည်။

သိပ္ပံကျင့်ကြံခြင်းခေတ် ရောက်နေပြီ ဖြစ်သော်လည်း သိပ္ပံပညာဖြင့် မရှင်းပြနိုင်သော တချို့ကိစ္စများ ရှိနေဆဲ ဖြစ်သည်။

သာဓကအနေဖြင့် ပြရလျှင် ယနေ့ အဖြစ်အပျက်ကိုသာ ပြရလိမ့်မည်။

အမှတ်၅၉ အထက်တန်းကျောင်းရှိ အသစ် တည်ဆောက်ထားသော စိတ်ဝိညာဉ် စုဆောင်းခြင်း ယန္တရားစက်၏ သက်တမ်းက တစ်နှစ်ပင် မပြည့်သေးဘဲ ပေါက်ကွဲသွားလိမ့်မည်ဟု မည်သူက ကြိုတင် သိရှိနိုင်မည်နည်း။

အမှတ်၅၉ အထက်တန်းကျောင်းက စိတ်ဝိညာဥ် စုဆောင်းခြင်း ယန္တရားစက်ကို ဖြစ်ကတက်ဆန်း တည်ဆောက်ထားသည်ဟု သူ လုံးဝ မထင်ပေ။

အဘယ်ကြောင့်ဆိုသော် ဟွာရှို့နိုင်ငံသည် လွန်ခဲ့သည့် နှစ်ပိုင်းခန့်ကစပြီး အရည်အသွေး မကောင်းသည့် လက်ရာများကို ပြင်းပြင်းထန်ထန် နှိမ်နင်းခဲ့သောကြောင့် ဖြစ်၏။

သာဓကအနေဖြင့် ပြရလျှင် စုန့်ဟန်မြို့၊ ချောင်ယန်ခရိုင် အတွင်းရှိ Nike ကုမ္ပဏီက ဓားပျံတစ်စင်းကို အကန့်အသတ်ဖြင့် တီထွင် ထုတ်လုပ်ခဲ့သည်။

မကြာမီမှာပင် ကြော်ငြာစဥ်ကလို ဓား၏ထိပ်ဖျား၌ "ပတ်ဝန်းကျင်မှ လှိုင်းများကို ဖမ်းယူ၍ သတိပြုရန် အချက်ပေးသောစနစ်" မပါဝင်ကြောင်း ပြည်သူများက အစိုးရကို တိုင်ကြားခဲ့သည်။

ထို့ကြောင့် အစိုးရဌာနက တခြားသူများကိုပါ သတိပေးသည့် အနေဖြင့် Nike ကုမ္ပဏီအား ယွမ် တစ်သန်းတိတိ ဒဏ်ကြေးဆောင်စေခဲ့သည်။

စာသင်ကျောင်းများ အတွက် စိတ်ဝိညာဉ် စုဆောင်းခြင်း ယန္တရားစက် တပ်ဆင်ပေးသော ကုမ္ပဏီ အများအပြား ရှိသည်။

အကန့်အသတ်ထုတ် ဓားပျံနှင့် ယှဉ်လိုက်လျှင် စိတ်ဝိညာဉ်စုဆောင်းခြင်း ယန္တရားစက် တည်ဆောက်ရာမှ ရရှိသော ဝင်ငွေမှာ မပြောပလောက်အောင် နည်းပါးသည်။

ထို့ကြောင့် ပျက်စီးသွားသော ယန္တရားစက်များ အတွက် ဓားပျံထုတ်သည့် Nike ကုမ္ပဏီလိုသာ လျော်ကြေးပေးရမည်ဆိုလျှင် မည်သည့် ကုမ္ပဏီမှ ဤမျှ ကြီးလေးသော ဒဏ်ကြေးငွေကို ပေးဆောင်နိုင်မည် မဟုတ်ပေ။

"ကျောင်းသားဝမ်လင်း.. မင်းရော ဒီကိစ္စကို ဘယ်လိုထင်လဲ"

ဝါရင့်ဆရာသမား ဝမ်က ဝမ်လင်းကို ကြည့်ကာ မေးမြန်းလိုက်သည်။

"…........."

ဆရာဝမ်က သူ့ကို မေးခွန်း ထုတ်လိမ့်မည်ဟု ဝမ်လင်း မမျှော်လင့်ခဲ့ပေ။

ဝမ်လင်းက အပြစ်ရှိသလို ခံစားနေရသည်။

သို့သော် ယခုလို အခြေအနေမျိုးတွင် သူ ဘာတစ်ခွန်းမှ ဝင်မပြောလျှင် သံသယ ဝင်သွားနိုင်သည် မဟုတ်လော။

ထို့ကြောင့် ဝမ်လင်းက သူ့ကိုယ်သူ တည်ငြိမ်အောင် ကြိုးစားလိုက်ပြီး သူ့ဘဝတွင် ပြောခဲ့ဖူးသမျှ အရှည်ဆုံး စကားကို ခပ်တည်တည်ဖြင့် ပြောချလိုက်သည်။

"ကျနော့်စိတ်ထင် အရှေ့အရပ်က လာတဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ စွမ်းအားကြောင့်ပဲ"

ထို့နောက်တွင် လူတိုင်းက ပဟေဠိ ဆန်သည့် အတွေးထဲတွင် နစ်မြောသွားကြသည်။

"..........."

…...............

ကျောင်းတက်ကာလ တတိယအပတ်၊ အင်္ဂါနေ့

စွန်းရုံက သူမ အခန်းဘေးရှိ ဝမ်လင်းတို့ အခန်းတံခါးကို ဖွဖွလေး ခေါက်လိုက်သည်။

သူမက နေ့လည် ၂နာရီတွင် ကျင်းပမည့် အစည်းအဝေး အကြောင်း သတင်းလာပေးခြင်း ဖြစ်၏။

ခေါင်းဆောင်ဆရာ ဖြစ်သည့် ဆရာ ဝမ်က တံခါးလာဖွင့်ပေးသည်။

ဤခရီးစဥ်တွင် ဝါရင့်ဆရာသမား ဝမ်က ကျောင်းသားများ၏ ဘေးကင်းလုံခြုံမှု နှင့် အရေးပါသော ဝိညာဉ်ဓားဖလှယ်ပွဲကို အဓိက တာဝန်ယူရသည်။

စွန်းရုံက အတန်းခေါင်းဆောင် တာဝန်ကို ထမ်းဆောင်ရသည်။

စွန်းရုံက တာဝန်ကို ကျေပွန်အောင် ထမ်းဆောင်တတ်၍ အမှားလုပ်မည်ကို စိုးရိမ်နေစရာ မလိုပေ။

"အားလုံး အနားယူနေတုန်းလား"

စွန်းရုံက ခပ်တိုးတိုး မေးမြန်းလိုက်သည်။

ဝါရင့်ဆရာသမား ဝမ်က အိပ်ပျော်နေသော လူငယ်သုံးဦးကို လက်ညိုးထိုးပြလိုက်သည်။

"ကျောင်းသူစွန်းရုံ.. ပြောစရာရှိတာ ပြောလေ"

"အခန်း ၂၀၀၂မှာ နေ့လည်၂နာရီ.. ကျောင်းသားတွေ့ဆုံပွဲ ရှိတယ်.."

စွန်းရုံက ချိုသာသော လေသံဖြင့် ပြောလိုက်သည်။

"ဟုတ်ပြီ.. ကျောင်းသူစွန်းရုံ.. သူတို့ကို ခဏနေရင် ဆရာ နှိုးလိုက်မယ်"

ဝါရင့်ဆရာသမားဝမ်က ခေါင်းညိတ်၍ ပြောလိုက်သည်။

"ဟုတ်"

စွန်းရုံက မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ် လုပ်ကာ ပြန်ဖြေရင်း ယောက်ျားလေး အိပ်ခန်းကို မျက်စိဝေ့ကြည့်ကာ စပ်စုလိုက်သည်။

အခန်းထဲ ဝင်ဝင်ချင်း နေရာတွင် ဝမ်လင်း၏ အိပ်ရာကို ပထမဆုံး မြင်တွေ့လိုက်ရသည်။

ထိုအခိုက်အတန့်တွင် ဝမ်လင်းက အိပ်ရာပေါ်မှာ အိပ်ပျော်နေပြီး လက်တစ်ဖက်က ခေါင်းအုံးကို ဖက်ကာ ငြိမ်းငြိမ်းချမ်းချမ်း အိပ်မောကျနေသည်။

သူ၏ ရှည်လျားသော မျက်တောင်များ.. တည်ငြိမ်သော အသက်ရှုသံများ နှင့် နှုတ်ခမ်းထောင့်စွန်း အနည်းငယ် တွန့်ကွေးနေသည်ကို ကြည့်ရုံဖြင့် အိပ်မက်ကောင်း မက်နေမှန်း သိသာနေ၏။

ဝမ်လင်း အိပ်မောကျနေသော မြင်ကွင်းကို စွန်းရုံက ပထမဆုံး အကြိမ် မြင်တွေ့ဖူးခြင်း ဖြစ်သည်။

အတန်းထဲတွင် မြင်တွေ့နေကျ လေးနက်တည်ကြည်ပြီး မရယ်မပြုံးသော မျက်နှာနှင့် လုံးဝ ခြားနားသည်။

"အတန်းဖော် ဝမ်လင်းက အရမ်းချစ်စရာကောင်းတာပဲ"

စွန်းရုံက စိတ်ထဲကနေ ကျေနပ်စွာ ရေရွတ်လိုက်သည်။

All Chapters