နေကြာပန်းလေးရဲ့ နယ်မြေ
Vol. 3 Ch. 33
စွန်းရုံ ထွက်သွားပြီး သိပ်မကြာခင် ဝမ်လင်းက အလောတကြီး အိပ်ရာထလာသည်။
ဝမ်လင်းက သူ့မျက်လုံးများကို အနားပေးချင်၍ မျက်လွှာချခဲ့မှန်း ကျိန်ဆို ပြောရဲသော်လည်း ယခုလိုမျိုး အိပ်ပျော်သွားလိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ။
ဝမ်လင်းက အချိန်ဘယ်လောက်ကြာကြာ အိပ်ပျော်သွားလည်း တွေးကြံမရပေ။
အကြမ်းဖျင်း တွက်ချက်ကြည့်ပြီးနောက် သူ့အသက် ၅နှစ်၊ ၆နှစ် အရွယ် ကတည်းက ကောင်းစွာ မအိပ်ခဲ့မှန်း သတိရသွားသည်။
ထို့အပြင် ဝမ်လင်း၏ လက်ရှိ ကျင့်ကြံခြင်း နယ်ပယ်ကြောင့် အိပ်စက် အနားယူရန်လည်း လုံးဝ မလိုအပ်ပေ။
ခဏတာ တရားထိုင်ခြင်းကပင် သူ့အတွက် ချက်ချင်း အားပြည့်ဖို့ လုံလောက်နေသည်။
ဝမ်လင်းက သူ အသက်၁၆နှစ် အထိ နေထိုင်ခဲ့ရသော ဝမ်အိမ်တော်မှာပင် နှစ်နှစ်ခြိုက်ခြိုက် မအိပ်ပျော်ရဲပေ။
ဝမ်လင်းက သူ့ကိုယ်သူ အမှန်တကယ် သတိကြီးသူ တစ်ယောက်ဟု ထင်မိသည်။
သို့တိုင် သူ နှင့် မရင်းနှီးသော ပတ်ဝန်းကျင်တွင် အိပ်ပျော်သွားရသည့် အကြောင်းအရင်းကို သူနားမလည်နိုင်ပေ။
သူဖတ်ရှုထားသော သိပ္ပံစာတမ်းများ အရ မရင်းနှီးသော ပတ်ဝန်းကျင်တွင် နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျသွားခြင်းမှာ အိပ်စက်မည့် ပတ်ဝန်းကျင်က နွေးထွေး လုံခြုံသည်ဟု ခံစားရသောကြောင့် ဖြစ်သည်။
ဤစာတမ်းက အမှားအယွင်း ရှိလောက်သည်ဟု ဝမ်လင်း တွေးလိုက်မိသည်။
"ဒီစာတမ်းက ဟာသပဲ"
သူနှင့် တစ်ခန်းတည်း အတူနေသူ အားလုံးမှာ သူသတိထားရမည့် စာရင်းထဲမှ သူများချည်း ဖြစ်သည်။
ဝမ်လင်းက သူ့မျက်နှာကို ခပ်ကြမ်းကြမ်း ပွတ်သပ်လိုက်ပြီးတိတ်တိတ်လေး သက်ပြင်းချလိုက်သည်။
ကံကောင်းသည်မှာ သူ အကြာကြီး အိပ်မပျော်သွားခြင်း ဖြစ်၏။
မဟုတ်လျှင် အကျိုးဆက်က မတွေးဝံ့စရာပေ။
ဝမ်လင်းက ဟောက်တတ်သော အကျင့်ရှိပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျသောအခါမျိုးတွင် ကျယ်လောင်စွာ ဟောက်တတ်သည်။
သူ့ဟောက်သံကြောင့် ဒုံးပျံ ဖြတ်သွားသည်ဟုပင် ခံစားရနိုင်သည်။
ထို့ကြောင့်လည်း သူ ငယ်ငယ်က နားထောင်ဖူးသော ကလေး ကဗျာကို ရုတ်တရက် သတိရမိသွားသည်။
ကောင်းကင်မှာ နေရောင်ခြည် တောက်ပနေတယ်🎵 ပန်းတွေက ငါ့ကို ပြုံးပြနေတယ် ~🎵🎶 ငှက်ကလေးတွေက ကောင်းသော နံနက်ခင်းပါ ကောင်းသော နံနက်ခင်းပါလို့ တေးဆိုနေတယ်~🎵 ပေါက်ကွဲစေတတ်တဲ့ အိတ်ကို မင်းရဲ့ နောက်ကျောမှာ ဘာကြောင့် သယ်ထားတာလဲ
ငါကျောင်းသွားတော့မယ် 🎵🎶 ဆရာမတွေ မသိလိုက်ဘူး ~ ကြိုးဆွဲပြီးတာနဲ့ ငါပြေးမယ်🎵 ဝုန်း.. ကျောင်းက အသံဗလံနဲ့အတူ ပျောက်ကွယ်သွားမယ်
ဤကဗျာ၏ အဓိက အချက်မှာ နောက်ဆုံး စာသားဖြစ်သည့် "ဝုန်း.. ကျောင်းက အသံဗလံနဲ့ အတူ ပျောက်ကွယ်သွားမယ်" ဖြစ်၏။
တခြားသူ အားလုံး အတွက် ဤကလေးသီချင်းက ဟာသ သက်သက် ဖြစ်နေသည်။
ဝမ်လင်းအတွက်မူ ဤသီချင်းက ဟာသ မဟုတ်ခဲ့ပေ။
သူ၏ ဟောက်သံကပင် ပတ်ဝန်းကျင်ကို ပျက်စီးစေနိုင်သည် မဟုတ်ပါလား။
….......
ကျောင်းအတွေ့အကြုံ ဖလှယ်ပွဲ ကျင်းပမည့် နေ့လည်ခင်း အချိန်...
ဝါရင့်ဆရာသမား ဝမ်က ဝမ်လင်းနှင့် တခြားကောင်လေး နှစ်ယောက်ကို သင်ကြားရေး အဆောက်အအုံထဲ ပို့ဆောင်ပေးပြီး ထွက်သွားသည်။
သို့သော်လည်း သူက ကျောင်သားများ၏ ဘေးကင်းလုံခြုံမှုကို တာဝန်ယူထားသောကြောင့် ခပ်လှမ်းလှမ်းသို့ မသွားခဲ့ပေ။
ကျောင်း အချင်းချင်း အတွေ့အကြုံ ဖလှယ်ပွဲသည် ပေးထားသော နာမည်အတိုင်းပင် ကျောင်းသားများ၏ လှုပ်ရှားမှုကို အဓိကထားသည်။
ဝါရင့်ဆရာသမား ဝမ် အပါအဝင် တခြားသော ဆရာများမှာ ညှိနှိုင်း ဆွေးနွေးမှုများတွင် ပါဝင်ခြင်း မရှိဘဲ ကျောင်းသားများကို ကိုယ်ပိုင်ဆုံးဖြတ်ခွင့် ပေးထားသည်။
ရည်ရွယ်ချက်မှာ ကျောင်းသား အချင်းချင်း အပြန်အလှန် ညှိနှိုင်း ဆွေးနွေးကြခြင်းဖြင့် ဉာဏ်အလင်းများ ရရှိစေရန် ဖြစ်၏။
စွန်းရုံ နှင့် လင်းရှောင်ယုတို့က ဝမ်လင်းတို့ သုံးယောက်ထက် အရင်ဆုံး အခန်းထဲ ရောက်နှင့်နေသည်။
သူတို့သုံးယောက် အခန်းထဲ ဝင်ဝင်ချင်း ရင်းနှီးနေသော မျက်နှာများကို မြင်တွေ့ရသည်။
ထိုသူများမှာ ထျန်းကျင်းဇီ၊ ဖန်ဟွာချင်း၊ လျန့်ဝေ ၊ လျန့်ကျန်း နှင့် လျန့်ဖေးတို့ ဖြစ်၏။
သူတို့အားလုံး၏ မျက်နှာအမူအရာက သုန်မှုန်နေသည်။
...................
နေ့တစ်ဝက်ပင် မကျိုးသေးဘဲ စိတ်ဝိညာဉ် စုဆောင်းခြင်း ယန္တရား အဆောက်အဦး ၂ခု ပေါက်ကွဲသွား၍ သူတို့မျက်နှာက မရွှင်မပြ ဖြစ်နေသည်မှာ အဆန်းတော့ မဟုတ်ပေ။
တကယ်တမ်းတွင်လည်း ကျောင်းအတွေ့အကြုံ ဖလှယ်ပွဲ အစည်အဝေး မစတင်ခင် ထျန်းကျင်းဇီကို ဒါရိုက်တာရှဲ့က သူမ၏ ရုံးခန်းထဲ ခေါ်ကာ တစ်နာရီတိတိ ဆူပူခဲ့သည်။
ထျန်းကျင်းဇီက ရုံးခန်းမှ အဆူခံရပြီးသည်နှင့် သဘာပတိ အဖြစ် ဆောင်ရွက်ခဲ့ရသည်။
ယင်းက ထျန်းကျင်းဇီ အတွက် တကယ် ခက်ခဲနိုင်ကြောင်း ဝမ်လင်း ခံစားမိသည်။
ခုံ၂၀၀ ဝင်ဆံ့သော သင်ကြားရေး အခန်းထဲတွင် ထျန်းကျင်းဇီက စင်ပေါ်မှာ ထိုင်နေသည်။
သူ့ဘေးနားတွင် ဒုတိယ ဥက္ကဋ္ဌ ဖြစ်သည့် ဖန်ဟွာချင်း၏ ထိုင်ခုံ ရှိသည်။
အခန်း၏ ပထမဆုံး ခုံတန်းမှ ဗီအိုင်ပီ ထိုင်ခုံများသည် အမှတ်၆၀ အထက်တန်းကျောင်း အတွက် အထူးတလည် ပြင်ဆင်ပေးထားခြင်း ဖြစ်သည်။
ဒုတိယ ခုံတန်းမှာမူ အမှတ်၅၉ အထက်တန်းကျောင်းမှ ပွဲတက်ရောက်သူများ အတွက် စီစဉ်ပေးထားခြင်း ဖြစ်၏။
အစည်းအဝေးကို တရားဝင် မစတင်ရသေး၍ အမှတ်၆၀ အထက်တန်းကျောင်း အုပ်စုက ငြိမ်သက်စွာ စောင့်ဆိုင်းနေသည်။
သိပ်မကြာခင် အခန်းထဲသို့ တစ်ယောက်ပြီး တစ်ယောက် ဆက်တိုက် ဝင်ရောက်လာပြီး လူ၂၀၀ဆန့်သည့် အခန်းတစ်ခုလုံး ချက်ချင်း ပြည့်ကျပ်သွားသည်။
ထူးဆန်းသည်မှာ လူသွားလမ်းများတွင် နေရာယူထားသူများ နှင့် မှော်ကောဇောပျံ အကူအညီဖြင့် လေထဲတွင် နေရာယူထားသူ များပါ ရှိနေခြင်းပင်။
ပြည့်ကျပ်နေသော လူအုပ်စုကို ကြည့်ပြီး ထျန်းကျင်းဇီက သုန်မှုန်နေသော အမူအရာဖြင့် သူ့ဘေးနားက ဖန်ဟွားချင်းကို ပြောလိုက်သည်။
"ငါမင်းကို ဟောပြောပွဲသရုပ် ပီပြင်အောင် လူနည်းနည်းပဲ ရှာခိုင်းထားတာလေ.. ဒီလောက် အများကြီး ဘာလို့ ရှာလာတာလဲ.. အခုက အစည်းအဝေးပွဲ လုပ်နေတာနော်.. ရှိုးပွဲ လုပ်နေတာ မဟုတ်ဘူး"
"သူတို့က ကျနော် ခေါ်ထားတဲ့သူတွေ မဟုတ်ပါဘူး ဥက္ကဌ.. သူတို့ဆန္ဒအလျောက် သူတို့ဘာသာ ရောက်လာကြတာပါ"
ဖန်ဟွာချင်းက တိုးညင်းသော လေသံဖြင့် ပြောဆိုလိုက်သည်။
"သူတို့ဆန္ဒအလျောက် လာကြတာ ဟုတ်လား"
ထျန်းကျင်းဇီက မယုံကြည်နိုင်စွာ ပြန်မေးလိုက်၏။
အမှတ်၅၈ အထက်တန်းကျောင်းမှ လူတွေ လာသည့် အရင်တစ်ပတ်ကဆို အခန်းထဲတွင် ပွဲကြည့်ပရိသတ် အဖြစ် လူမပြောနှင့် ငှက်မွေးတစ်မွေးပင် မမြင်ခဲ့ရပေ။
အခန်းတစ်ခုလုံး လူသူကင်းမဲ့နေ၍ ဒါရိုက်တာရှဲ့ကိုယ်တိုင် ဒေါကန်သွားသည် အထိပင်။
ထို့ကြောင့် ဤတစ်ခေါက်တွင် အတန်းများစွာမှ ကျောင်းသားများကို ပရိသတ်အဖြစ် သရုပ်ဆောင်စေရန် ထျန်းကျင်းဇီကို ညွှန်ကြားခဲ့၏။
ဖန်ဟွာချင်းက သက်ပြင်းကို လေးလံစွာ ချလိုက်ပြီး ကူကယ်ရာမဲ့စွာဖြင့် ပထမဆုံး ခုံတန်းတွင် ထိုင်နေသော စွန်းရုံကို လက်ညိုး ထိုးပြလိုက်၏။
ဟွာကောအုပ်စု၏ ဆက်ခံသူ သခင်မလေး..
အမှတ်၆၀ အထက်တန်းကျောင်း၏ ကိုယ်စားပြု အလှဘုရင်မ..
စွန်းရုံ ရောက်ရှိလာသည့် သတင်းက အမှတ်၅၉ အထက်တန်းကျောင်းတွင် တောမီးသဖွယ် ပြန့်နှံ့သွားသောကြောင့် ပွဲလာသူများဖြင့် စည်ကားနေခြင်း ဖြစ်၏။
.................
အမှတ်၅၉ အထက်တန်းကျောင်းကသာ အမှတ် ၆၀ အထက်တန်း ကျောင်းသားများ ရောက်ရှိလာမည့် အချိန်ကိုအတိအကျ ထုတ်ပြန်ခဲ့လျှင် ထျန်းကျင်းဇီက လက်ဖက်ရည်တိုက်ဖို့ အခွင့်အရေးပင် ရရှိလိမ့်မည် မဟုတ်ပေ။
အမှတ်၆၀ အထက်တန်းကျောင်းမှ ကျောင်းသား ကိုယ်စားလှယ်များ ရောက်ရှိလာသည့် သတင်းကို တစ်စုံတစ်ယောက်က သိသွားပြီးနောက် အမှတ်၅၉ အထက်တန်းကျောင်း၏ Grade(1)ကနေ Grade(3)မှ ယောက်ျားလေး အားလုံးနီးပါး ရုန်းရင်းဆန်ခတ် ဖြစ်သွားကြသည်။
ယခုမြင်ကွင်းမှာ အကောင်းဆုံး သက်သေ ဖြစ်၏။
"အတန်းဖော်စွန်းရုံ.. ကိုယ် မင်းကို ကလေးရအောင် ကူညီပေးချင်တယ်"
"အတန်းဖော်စွန်းရုံ.. ကိုယ် မင်းကို သီချင်းဆိုပြချင်တယ်"
"ကိုယ့်မျက်ဝန်းတွေက မင်းဆီမှာ ကပ်ငြိနေပုံပဲ.. စွန်းရုံ.. ကိုယ် တစ်သက်လုံး မင်းနဲ့ အတူတူ နေချင်တယ်"
စွန်းရုံ"..........."
ထျန်းကျင်းဇီက အံကြိတ်ပြီး အော်ငေါက်လိုက်သည်။
"ဒီကောင်တွေကို ဒီနေရာက ချက်ချင်း ခေါ်ထုတ်သွားစမ်း"
ဖန်ဟွာချင်း"............"
ဝမ်လင်း"............."
ဝမ်လင်း၊ ချန်းချောင် နှင့် တခြားသူများက စွန်းရုံကို အပြင်လောကတွင် ထိုမျှအထိ ကျော်ကြားနေလိမ့်မည်ဟု မထင်ခဲ့ကြပေ။
အမှတ်၆၀ အထက်တန်း ကျောင်းတွင်လည်း စွန်းရုံက နာမည်ကျော် အလှဘုရင်မ ဖြစ်ပြီး စွန်းရုံ ဖြတ်သွားသည့် နေရာတိုင်းတွင် စွန်းရုံ၏ လွှမ်းမိုးမှုကြောင့် ဝရုန်းသုန်းကား ဖြစ်သွားတတ်သည်။
ကော်ဟောက်က ဤသို့ ဝရုန်းသုန်းကား ဖြစ်သွားတတ်သည့် ဖြစ်စဥ်ကို
"နေကြာပန်းလေး၏ နယ်မြေ"
ဟု နာမည် ပေးထားသည်။
နေကြာပန်းလေး(ဝါ)ကြာပန်းဖြူလေးမှာ စွန်းရုံ၏ နာမည်ဖြစ်၏။
သူမ၏ လွှမ်းမိုးမှုနယ်ပယ်က ဝမ်လင်း အပေါ် အကျိုးသက်ရောက်မှု မရှိသော်လည်း သာမန် ဖြတ်သွားဖြတ်လာများ အပေါ်တွင်မူ အကျိုးသက်ရောက်မှု များစွာ ရှိနေခဲ့ပုံ ရသည်။
"အခန်းထဲမှာ လူတွေ ပြည့်ကျပ်နေတာ စွန်းရုံကြောင့် ထင်တယ်.. နေကြာပန်းလေးရဲ့ နယ်မြေက ငါတို့ကို တကယ်ပဲ ဂုဏ်တက်စေတယ်"
စွန်းရုံ၏ အတန်းဖော်များ ဖြစ်သည့် ချန်းချောင်၊ လင်းရှောင်ယု နှင့် ကော်ဟောက်တို့က စိတ်ရင်းမှန်ဖြင့် ဂုဏ်ယူနေကြသည်။
"အားလုံးပဲ ကျေးဇူးပြုပြီး တိတ်တိတ်ဆိတ်ဆိတ် နေပေးကြပါ"
အခန်းတစ်ခုလုံး ဆူညံနေသဖြင့် ထျန်းကျင်းဇီက သည်းမခံနိုင်သည့် အဆုံး မိုက်ခရိုဖုန်းဖြင့် အော်ပြောလိုက်သည်။
ကျယ်လောင်သော သူ့အသံ နှင့် ထိပ်တန်းအဆင့် မိုက်ခရိုဖုန်းကြောင့် လူ၂၀၀ ဆံ့သော အခန်းတစ်ခုလုံးက သူ့ အသံကိုကြားလိုက်ရသည်။
သို့ရာတွင် အခြေအနေက ထိန်းမနိုင်သိမ်းမရ ဖြစ်နေဆဲပင်။
အမှတ်၅၉ အထက်တန်းကျောင်းမှ ကျောင်းသားများက စွန်းရုံအကြောင်းကို အားကြိုးမာန်တက် ဆွေးနွေးနေကြဆဲ ဖြစ်ပြီး ရပ်တန့်မည့် အရိပ်အယောင်ကို မတွေ့ရချေ။
"အားလုံး တိတ်တိတ်လေး နေပေးကြပါ"
ထျန်းကျင်းဇီက စကားလုံး တစ်လုံးချင်းကို ပီပီသသ ရေရွတ်၍ အော်ဟစ်လိုက်သည်။
သူ့မျက်နှာက မည်းမှောင်နေသည်။
သူ့ကြိုးစားမှုက အချည်းနှီး ဖြစ်သွားပုံရသည်။
ထျန်းကျင်းဇီ"........"
"တိတ်တိတ်မနေနိုင်ဘူးလား"
ထျန်းကျင်းဇီက တတိယအကြိမ် ပြောဆိုလိုက်သည်။
သူ့အသံတွင် သတိပေးသော အရိပ်အမြွက်များ ပါဝင်နေ၏။
ဤတစ်ကြိမ်တွင် သူ၏ ကျောင်းသားသမဂ္ဂ ဥက္ကဌ အရှိန်အဝါကြောင့် အနည်းငယ် အသံတိုးသွားသည်။
သို့သော် တစ်စက္ကန့် အကြာမှာပင် ထပ်မံ ဆူညံလာပြန်သည်။
ဤတစ်ခါတွင်မူ ဆူညံသံများက အကန့်အသတ်ကိုပင် ကျော်ထွက်သွားခဲ့သည်။
ထျန်းကျင်းဇီ"............"
"အားလုံး ငြိမ်ငြိမ်သက်သက်လေး နေပေးဖို့ မေတ္တာရပ်ခံပါတယ်"
ဤတစ်ကြိမ်က လေးကြိမ်မြောက် သတိပေးခြင်း ဖြစ်၏။
ဝမ်လင်းက ထျန်းကျင်းဇီ၏ စိတ်ပျက် ကြေကွဲနေသော အသံကို အတိုင်းသား ကြားနေရသည်။
သူ့နံဘေးမှ ချန်းချောင်က ခေါင်းခါလိုက်သည်။
"စိတ်မကောင်းစရာ ကောင်းလိုက်တာ.. ဒီကောင်က သနားစရာပဲ"
ကော်ဟောက်ကလည်း သက်ပြင်းချ၍ ပြောလိုက်သည်။
"ထျန်းကျင်းဇီက သူ့လူတွေတောင် သူမပိုင်တော့ဘူး.. ကျောင်းသားသမဂ္ဂ ဥက္ကဌ ဆိုတာက တကယ်တမ်း ဘာမှလည်း မဟုတ်ပါဘူး.. သူ့အတွက်တော့ ဝမ်းနည်းစရာပဲ"
လင်းရှောင်ယုက ခေါင်းကို ဖြည်းညင်းစွာ ညိတ်၍ ပြောလိုက်သည်။
"စိတ်ပျက်ဖို့ ကောင်းတယ်ဆိုတာ ဘာလဲသိလား.. အခုလို ပုံစံမျိုးပေါ့"