နေကြာပန်းနယ်မြေ၏ ဆက်တိုက်အကျိုးသက်ရောက်မှုစွမ်းအား
Vol. 3 Ch. 34
အမှတ်၅၉ အထက်တန်းကျောင်း၏ အတွေ့အကြုံ ဖလှယ်ပွဲ ထုံးစံအရ ဆိုလျှင် ထျန်းကျင်းဇီ၏ မိန့်ခွန်းအပြီးတွင် တခြားကျောင်းမှ ကိုယ်စားလှယ် တစ်ဦးက အစည်းအဝေး နောက်ဆုံးအပိုင်းကို အဆုံးသတ်ပေးရမည် ဖြစ်သည်။
သို့သော် တကယ်တမ်း မည်သူကမှ ထျန်းကျင်းဇီ ပြောသောအသံကို ရှင်းရှင်းလင်းလင်း မကြားနိုင်ကြပေ။
ထျန်းကျင်းဇီက မိနစ် ၅၀ ဟောပြောရမည့် အစည်းအဝေးပွဲကို ကောင်းမွန်စွာ မထိန်းချုပ်နိုင်ခဲ့ချေ။
သူ မိန့်ခွန်းပြောရန် ၅မိနစ်သာ ကျန်ရှိတော့သည်။
ထို၅မိနစ်တွင်လည်း ပတ်ဝန်းကျင်က တိတ်ဆိတ်မနေဘဲ ခြင်နှင့် ယင်ကောင် ညီးသံများ ကဲ့သို့ ထျန်းကျင်းဇီ၏ နားကို အနှောင့်အယှက် ဖြစ်စေသည်။
ပုံမှန် အစည်းအဝေးသာ ဆိုလျှင် ထျန်းကျင်းဇီက ဒေါသကို ဖောက်ခွဲထုတ်လိုက်ပြီ ဖြစ်၏။
ယခုမှာမူ တခြားကျောင်းမှ လူများရှေ့တွင် ကျောင်းသားသမဂ္ဂဥက္ကဌ ဖြစ်သည့် သူ၏ ဂုဏ်သိက္ခာကို ထိန်းသိမ်းရန် အရှက်တရားနှင့် အမျက်ဒေါသများကို မျိုသိပ်နေရသည်။
အစည်းအဝေး အဆုံးသတ်ရန် ငါးမိနစ်မျှသာ ကျန်တော့သည်။
ထျန်းကျင်းဇီက နာရီကို ကြည့်လိုက်သည်။
သူ မိန့်ခွန်းပြောရန် စေ့စေ့စပ်စပ် ပြင်ဆင်ထားသော စကားလုံးများ၏ သုံးပုံတစ်ပုံစာ အချိန်ကိုပင် ပြောခွင့် မရခဲ့ပေ။
သူက သွားများကို အံကြိတ်လိုက်ပြီး စွန်းရုံကို ကြည့်လိုက်သည်။
"ကဲ.. အမှတ်၆၀ အထက်တန်းကျောင်းရဲ့ ကိုယ်စားလှယ် စွန်းရုံကို နိဂုံးချုပ် မိန့်ခွန်း ပြောပေးဖို့ စင်မြင့်ပေါ် ဖိတ်ခေါ်လိုက်ရအောင်လား"
"ဖျောင်း.. ဖျောင်း.. ဖျောင်း.."
မိုးခြိမ်းသံ ကဲ့သို့ ကျယ်လောင်သော လက်ခုပ်တီးသံများက အခန်းတစ်ခန်းလုံး လွှမ်းခြုံသွားသည်။
စွန်းရုံ စကားပြောမည့် အချိန် ရောက်လာသောကြောင့် အမှတ်၅၉ အထက်တန်းကျောင်းမှ ကောင်ဆိုးလေးများမှာ လက်ခုပ်တီးပြီးသည်နှင့် တစ်ခါတည်း အသံတိတ်သွားသည်။
အရမ်းကို တိတ်ဆိတ်လွန်း၍ အပ်ကျသံကိုပင် ကြားရလောက်၏။
ထျန်းကျင်းဇီက ဒေါသထွက်ကာ သွေးအန်လုနီးပါး ဖြစ်နေသည်။
သူက အခန်း အခြေအနေကို ထိန်းချုပ်ရန် မိနစ်၅၀လောက် ရုန်းကန်ခဲ့ရသော်လည်း စွန်းရုံ၏ နာမည်ကို ယှဉ်နိုင်စွမ်း မရှိခဲ့ပေ။
"ချီးပဲ.."
ထျန်းကျင်းဇီက မတ်တပ် ထရပ်လိုက်ပြီး ဘေးဘက်သို့ ခြေလှမ်း အနည်းငယ် ရွှေ့ကာ အသံလွှင့်ခလုတ်ကို လျင်မြန်စွာ နှိပ်လိုက်သည်။
ထိုသို့ လုပ်လိုက်သဖြင့် စွန်းရုံ၏ အသံကို ကျောင်းပုရဝုဏ် တစ်ခုလုံးက ကြားနိုင်တော့မည် ဖြစ်သည်။
အကယ်၍ စွန်းရုံသာ မိန့်ခွန်းပြောရင်း အယောင်ယောင် အမှားမှား ဖြစ်သွားခဲ့လျှင် တစ်စုံတစ်ယောက်က အသံသွင်းထားပြီး သတင်း ဖန်တီးလိမ့်မည် ဖြစ်၏။
"ဟမ့်.. မင်းမှာ ငါးမိနစ်ပဲ အချိန်ရှိတယ်.. မင်းဘယ်လို ကျော်ဖြတ်မလည်း ကြည့်ရသေးတာပေါ့"
စွန်းရုံက စင်မြင့် ဆီသို့ တည်ငြိမ်စွာ လမ်းလျှောက်သွားကာ သူမ၏ ဆံပင်ရှည်ကို နောက်ဘက်သို့ အသာအယာ သပ်လိုက်သည်။
ခပ်လှမ်းလှမ်း အကွားအဝေးမှာတင် ဝမ်လင်းက စွန်းရုံ၏ ချိုအီသော ကိုယ်သင်းရနံ့ကို ခံစားနိုင်ခဲ့သည်။
သူမက ယုံကြည်မှုအပြည့်ဖြင့် ပရိသတ်ကို ဦးညွှတ်လိုက်သည်။
ထို့နောက် ထျန်းကျင်းဇီ ထိုင်ခဲ့သော ထိုင်ခုံတွင် ကြော့ကြော့လေး ဝင်ထိုင်လိုက်၏။
"အားလုံးပဲ မင်္ဂလာပါရှင့်.. ကျွန်မက အမှတ်၆၀ အထက်တန်းကျောင်းရဲ့ ကျောင်းသား သမဂ္ဂ ဒုတိယ ဥက္ကဋ္ဌ လည်း ဖြစ်သလို(Grade 1)အတန်းရဲ့ အတန်းခေါင်းဆောင် စွန်းရုံပါ"
အသံနေအသံထားက စွန်းရုံ၏ ပုံမှန်အသံနှင့် လုံးဝ ခြားနားနေခဲ့သည်။
သူမ ကြိုတင် လေ့ကျင့်ထားမှန်း ထင်ရှားနေ၏။
သူမ၏ နူးညံ့ ချိုသာသော အသံလွှင့်ဟန်.. နှုတ်ခမ်းပါးနှင့် ဖြူဖွေးသော သွားများ၏ စည်းချက်ကျနစွာ လှုပ်ရှားမှုကလည်း ပရိသတ်၏ အမြင်အာရုံကို ရိုးမသွားစေခဲ့ပေ။
ယခုမှ မိတ်ဆက်သော အပိုင်း ဖြစ်သော်လည်း ပရိသတ်များကို သူမ၏ အသံက တိတ်တဆိတ် လွှမ်းမိုးထားပြီ ဖြစ်သည်။
အမှတ်၅၉ အထက်တန်းကျောင်းမှ ကျောင်းသားများ မဆိုထားနှင့် ဝမ်လင်းတို့ အဖွဲ့ပင် ထိတ်လန့် အံ့ဩသော ခံစားချက် များ ဖြစ်ပေါ်လာသည်။
"အတန်းဖော်စွန်းရုံရဲ့ အလေးအနက် ပြောဆိုတဲ့ စကားသံကအရမ်း နားထောင် ကောင်းမယ်လို့ တကယ် မထင်ထားမိဘူး"
"ငါတို့ရဲ့ အလှဘုရင်မက အသံ သရုပ်ဆောင်တွေလို ချိုသာတဲ့ အသံကို ပိုင်ဆိုင်ထားတာပဲ"
စင်အောက်မှာ ရှိသည့် အမှတ်၅၉ အထက်တန်းကျောင်းမှ ကျောင်းသားများက အချင်းချင်း တီးတိုး ပြောဆိုနေကြသည်။
စွန်းရုံက ခပ်ယဲ့ယဲ့လေး ပြုံး၍ ဆက်ပြောလိုက်၏။
"အမှတ်၅၉ အထက်တန်းကျောင်းက ကျွန်မတို့ကျောင်းကို ကျောင်းအတွေ့အကြုံ ဖလှယ်ပွဲ ဖိတ်ကြားပေးလို့ ဂုဏ်ယူမိပါတယ်.. နောက်ဆုံး မိနစ်၅၀ အတွင်း ခေါင်းဆောင် ထျန်းကျင်းဇီက ကျမတို့ ကိုယ်စားလှယ် အဖွဲ့ကို စံနမူနာကောင်း ပြသခဲ့တယ်.. ကျောင်းသားသမဂ္ဂ ဥက္ကဌ အဖြစ် ကျောင်းသားတွေကို ဘယ်လို နိုင်နင်းလည်း ဆိုတာကိုပေါ့"
ထိုစကားကြောင့် ထျန်းကျင်းဇီ နှင့် ဖန်ဟွာချင်းတို့၏ နှုတ်ခမ်းထောင့်များက တွန့်ကွေးကာ ရွဲ့စောင်းသွားသည်။
ချန်းချောင်၊ ကော်ဟောက် နှင့် လင်းရှောင်ယုတို့ကမူ ပါးစပ်ကို လက်ဖြင့် အုပ်ကာ ကျိတ်ရယ်လိုက်ကြသည်။
ဝမ်လင်းက သူ၏ တည်ငြိမ်သော မျက်နှာအမူအရာကို ထိန်းသိမ်းရန် အကောင်းဆုံး ကြိုးစားနေခဲ့သည်။
သို့တိုင် စွန်းရုံ၏ လေးလေးနက်နက် မိန့်ဆိုနေသော အသံက သာယာကြည်နူးဖွယ် ကောင်းကြောင်းကို သူ ဝန်ခံရပေမည်။
စွန်းရုံက စွဲမက်စရာ ကောင်းသည့် ပုံစံဖြင့် မိန့်ခွန်း ဆက်ခြွေနေသည်။
"နှစ်ဖက် ကိုယ်စားလှယ်တွေက ညှိနှိုင်းပြောဆိုတဲ့ အခါ ရင်းနှီး ဖော်ရွေရမယ်.. အပြန်အလှန် အမြင်ချင်း ဖလှယ်ပြီး တစ်ဖက်နဲ့ တစ်ဖက် ပိုပြီး နားလည်မှုရှိအောင် ကြိုးစားရမယ်.. အမှတ် ၆၀ အထက်တန်းကျောင်းက အမှတ်၅၉ အထက်တန်း ကျောင်းရဲ့ အမြင် နဲ့ ခံယူချက်တွေကို လေးစားပေးသလို အမှတ် ၅၉ အထက်တန်းကျောင်းကလည်း အပြန်အလှန် လေးစားမှု ရှိဖို့ လိုအပ်ပါတယ်.. အထူးသဖြင့် ကျမ မိန့်ခွန်းပြောနေတဲ့ အချိန်မှာ ကျောင်းသားတွေကို ငြိမ်သက်နေအောင် ထိန်းကျောင်းပေးတဲ့ အတွက် ကျောင်းသား သမဂ္ဂ ဥက္ကဌ ဖြစ်တဲ့ အတန်းဖော် ထျန်းကျင်းဇီရဲ့ ပံ့ပိုးကူညီမှုကို ကျေးဇူးတင်ပါတယ်"
စာသင်ဆောင် အပြင်ဘက်ရှိ ဆရာဝမ်မှာ စွန်းရုံ၏ မိန့်ခွန်းပြောဆိုသံကို ကြားလျှင် မျက်ဝန်းများ ပိတ်လုမတတ် အားပါးတရ ရယ်မောလိုက်သည်။
စွန်းရုံက ဟွာကောအုပ်စု၏ ဆက်ခံသူ ပီသစွာပင် တည်တံ့သော မျက်နှာထားဖြင့် သံမဏိကဲ့သို့ စကားလုံးများကို ရွေးချယ် သုံးနှုန်းကာ အမှတ်၅၉ အထက်တန်းကျောင်း၏ ကျောင်းသားသမဂ္ဂ ဥက္ကဌကို ပြစ်တင် ရှုတ်ချခဲ့သည်။
အသံလွှင့် တင်ဆက်ခြင်း အတတ်ပညာကို စွန်းရုံ အမှန်တကယ် လေ့ကျင့်ခဲ့သည်။
ယင်းမှာ ဟွာကောအုပ်စု၏ မိသားစုဝင်များ မဖြစ်မနေ သင်ကြားရသော သင်ခန်းစာလည်း ဖြစ်၏။
ငယ်စဥ်ကပင် စွန်းရုံက စီးပွားရေး စီမံခန့်ခွဲမှု အတတ်ပညာကို သင်ကြားခဲ့ရသည်။
ထို့အပြင် စွန်းရုံက ဟွားရှို့နိုင်ငံ၏ နိုင်ငံအဆင့် ဘာသာစကားကျွမ်းကျင်မှု အောင်လက်မှတ်လည်း ရထားသည်။
သူမက ချိုသာသောအသံကို ပိုင်ဆိုင်ထားပြီး မည်သည့် အခြေအနေတွင် မဆို လိုက်လျောညီထွေစွာ ပြောဆိုနိုင်၏။
ကျွမ်းကျင်သော အသံလွှင့်သူများသည် သူတို့၏ မိန့်ခွန်းများကို အချိန်နှင့် အံကိုက်၍ ပြောတတ်ကြသည်။
အချိန်ကို စိတ်မှတ်ဖြင့် အတိအကျ တွက်ချက်နိုင်၍ မိန့်ခွန်းကို အတိုးအလျော့ ပြုလုပ်နိုင်သည်။
စွန်းရုံမှာလည်း ထိုကဲ့သို့ အရည်အချင်းကောင်းများ ရှိ၏။
သူမက ဟောပြောပွဲ အဆုံးသတ်ရန် စက္ကန့်၃၀ပင် မကျန်တော့မှန်း တွက်ဆမိလိုက်သည်။
"အမှတ်၅၉ အထက်တန်းကျောင်းရဲ့ စိတ်ဝိညာဉ် စုဆောင်းခြင်း ယန္တရားစက်တွေ တစ်နေ့တည်းနဲ့ ပျက်စီးခဲ့ရလို့ များစွာ စိတ်မကောင်း ဖြစ်ရပါတယ်"
"အနာဂတ်မှာ ငါတို့ရဲ့ ခင်မင်ရင်းနှီးမှုကို မြှင့်တင်ဖို့နဲ့ ကျောင်းသားတွေ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ကြီးမားတဲ့ပံ့ပိုးကူညီမှုတွေ ရဖို့ ငါတို့ ကျောင်းနှစ်ကျောင်း ကြားမှာ ဒီထက်မက ပူးပေါင်း လုပ်ဆောင်ခွင့်ရဖို့ မျှော်လင့်ပါတယ်"
"ဒေါင် ဒေါင်.."
နေ့လည်ခင်း တတိယအချိန် ပြီးဆုံးကြောင်းအချက်ပြသည့်ခေါင်းလောင်းသံက မြည်လာသည်။
စွန်းရုံက ငါးမိနစ် တိတိ စကားပြောခဲ့ရာတွင် အချိန် အပိုအလို လုံးဝ မရှိခဲ့ပေ။
"အားလုံးကို ကျေးဇူးတင်ပါတယ်ရှင့်"
စွန်းရုံက သက်ပြင်းတစ်ချက် ချလိုက်ပြီး မတ်တပ်ထား၍ ကိုယ်ကို ရှေ့သို့ ကိုင်းညွှတ်ကာ ဂါရဝပြုလိုက်သည်။
သူမ၏ လှုပ်ရှားမှုတိုင်းတွင် အပြစ်ပြောစရာ ချို့ယွင်းချက် မရှိပေ။
ထို့နောက် ထျန်းကျင်းဇီက စာသင်ခန်း တစ်ခုလုံး ကွဲထွက်မတတ် ကျယ်လောင်သော လက်ခုပ်တီးသံကို ကြားလိုက်ရသည်။
အသံလွှင့်နေသည်ကို နားစွင့်နေသည့် ရုံးခန်းထဲမှ ဆရာ၊ဆရာမများပင် လက်ခုပ်မတီးဘဲ မနေနိုင်တော့ပေ။
ဟောခန်းမထဲရှိ အခြေအနေကို သူတို့အနေဖြင့် အတိအကျ မသိသော်လည်း စွန်းရုံ၏ မိန့်ခွန်းကို ကြားမိသည်နှင့် ဤအစည်းအဝေးက အောင်မြင်မှု ရခဲ့ကြောင်း သိလိုက်ကြ၏။
အခန်းထဲရှိ ယောက်ျားလေး အားလုံးနီးပါးက မတ်တတ်ထရပ်လိုက်ကြပြီး စွန်းရုံကို ချီးမွမ်းလိုက်ကြသည်။
"အတန်းဖော် စွန်းရုံ ပြောတာကို သေချာ နားမလည်ရင်တောင် သူမ မိန့်ခွန်းခြွေတဲ့ ပုံစံလေးက တကယ် မိုက်တယ်လို့ ခံစားရတယ့"
"ချီးပဲ.. သူမနဲ့ ယှဥ်လိုက်ရင် ငါတို့ရဲ့ ပေါကြောင်ကြောင် ခေါင်းဆောင်ကောင်က ဘာအဆင့်မှ မဟုတ်ဘူး"
"နတ်ဘုရားမ စွန်းရုံရဲ့ အသံက နားဝင်ချိုလိုက်တာနော်.. ထျန်းကျင်းဇီကို အချိန်တွေ အများကြီး ပေးလိုက်တာက သက်သက် အချိန်ဖြုန်းလိုက်တာပဲ.. နတ်ဘုရားမ စွန်းရုံ ငါတို့ကျောင်းကို နောက်တစ်ခေါက် လာလည်ဖို့ပဲ မျှော်လင့်ပါတယ်"
ဤသည်မှာ နေကြာပန်းလေး နယ်မြေ၏ ဆက်တိုက် အကျိုးသက်ရောက်မှု စွမ်းအား ဖြစ်သည်။
သူမ၏ စွမ်းအားက အနီးအနားရှိ လူများကို ၉၅ရာခိုင်နှုန်းထိ လွှမ်းမိုးနိုင်၏။
အမျိုးသားရော အမျိုးသမီးပါ ဆွဲဆောင်နိုင်သော ဤစွမ်းရည်က ကျင့်ကြံခြင်းနယ်ပယ်ကိုပင် ကျော်လွန်နေသည်ဟု ဝမ်လင်း ခံစားမိသည်။
တစ်ဖက်တွင် စွန်းရုံကို ဗဟိုပြု၍ အခန်းတစ်ခုလုံးက ကြည်လင်နေသလို တခြားတစ်ဖက်တွင်လည်း ထျန်းကျင်းဇီတို့အဖွဲ့၏ ဦးခေါင်းထိပ်၌ တိမ်မည်းများ ရစ်သိုင်းနေသည်။
၎င်းတို့မျက်နှာက မည်းမှောင်နေပြီး တူးခြစ်နေသော ဝက်အသည်းနှင့်ပင် တူနေသည်။
သူ၏ ကျော်ကြားမှု အရှိန်အဝါကို တခြားကျောင်းက ခိုးယူသွားခြင်းကို လက်ပိုက် ကြည့်နေခဲ့ရသည်။
ထျန်းကျင်းဇီက မကျေမနပ် အံကြိတ်လိုက်သည်။
ယနေ့ သူ၏ ဆုံးရှုံး နစ်နာမှုအတွက် အမှတ်၆၀ အထက်တန်းကျောင်းက နှစ်ဆ ပေးလျော်ရပေမည်။
အဆုံးသတ်တွင် ဤရက်က ပထမဆုံးရက်သာ ရှိသေးပြီး နောက်ထပ် သုံးရက်တိတိ ကျန်နေသေးသည် မဟုတ်လော။
ထျန်းကျင်းဇီက သူ၏ ရှုံးနိမ့်မှုကို လက်မခံနိုင် ဖြစ်နေခဲ့သည်။