← Chapters

အမှတ်၆၀ ဖြိုဖျက်ရေးအဖွဲ့ နှင့် ပန်စီလူဆိုးဂိုဏ်း

Vol. 3 Ch. 35

အမှတ်၆၀ ဖြိုဖျက်ရေးအဖွဲ့ နှင့် ပန်စီလူဆိုးဂိုဏ်း

Vol. 3 Ch. 35

နေဝင်ရီတရော အချိန်တွင် ထျန်းကျင်းဇီက နာကြည်းမှု ပြည့်နှက်နေသော အမူအရာဖြင့် ကျောင်းသားသမဂ္ဂ ရုံးခန်းထဲတွင် အစီရင်ခံစာ ရေးသားနေသည်။

အမှတ်၆၀ အထက်တန်းကျောင်းနှင့် အတွေ့အကြုံ ဖလှယ်သည့် ပထမနေ့တွင် အမှားအယွင်းများ ပြုလုပ်ခဲ့၍ ဒါရိုက်တာရှဲ့က သူ့ကို ခေါ်ဆူကာ အပြစ်ပေးခဲ့သည်။

ဒါရိုက်တာရှဲ့က ကျောင်းအတွေ့အကြုံ ဖလှယ်ပွဲနှင့် စပ်လျဉ်းသည့် စာလုံး သုံးထောင် နှင့် မိမိကိုယ်ကို ပြန်လည် သုံးသပ်သော စကားလုံး ငါးထောင်ကို ကွန်ပြူတာဖြင့် ရေးသားခွင့် မပေးဘဲ လက်ရေးမူဖြင့် ရေးသားခိုင်းခဲ့ပြီး အစီရင်ခံစာ ပြီးဆုံးမှသာ အိမ်ပြန်ရမည်ဟု ရာဇသံပေးခဲ့သည်။

"ချီးပဲ.."

သူ ငယ်စဉ်တည်းက ဆရာ၊ဆရာမများ၏ ထိန်းသိမ်းခြင်းကို မခံရဖူးပေ။

အခုအခြေအနေက ပထမဆုံး အကြိမ် ဖြစ်၍ ဒေါသထွက်ကာ လက်ထဲမှ ဘောပင်ကို လိမ်ချိုးလိုက်မိသည်။

ဘောပင်မှ မှင်စက်များက ဖန်ဟွာချင်း၏ မျက်နှာကို လွင့်စဉ်သွားပြီး မှင်စက်များက မျက်နှာအနှံ့သို့ ပေပွသွား၏။

ဖန်ဟွာချင်းက ကူကယ်ရာမဲ့သော အမူအရာဖြင့် သူ့မျက်နှာကိုသုတ်ရန် ရေစိုခံ တစ်ရှူးကို ထုတ်ယူလိုက်သည်။

"ဥက္ကဌ.. ဒါက အများသုံးဖို့ အတွက် ကျောင်းက ထုတ်ပေးထားတဲ့ ကျောင်းပိုင်ပစ္စည်းနော်.. ပြစ်မှုထပ်ကြီးနေဦးမယ်"

"အမှတ်၆၀ အထက်တန်းကျောင်းက တာဇံလေးတွေက တစ်ခုခု မူမမှန်သလိုပဲ"

"…......"

ထျန်းကျင်းဇီ၏ အော်သံကို ရင်ဆိုင်ရင်း ဖန်ဟွာချင်းက မှင်စက် ထပ်မပေအောင် မျက်နှာကို လက်ဖြင့် ကာထားလိုက်သည်။

ကျောင်းအင်ဂျင်နီယာ ဌာန၏ အစီရင်ခံစာအရ စိတ်ဝိညာဉ်စုဆောင်းရေး ယန္တရားစက်များ အပြင် ကျောင်းပိုင် တခြားသော ပစ္စည်းများလည်း ပုံစံမျိုးစုံဖြင့် ပျက်စီးသွားခဲ့သည်။

အသစ် ပြင်ဆင်ထားသော အသံလွှင့် စက်ကိရိယာမှသည် ကွန်ပြူတာ အခန်းမှ ဟိုလိုဂရပ်ဖစ် ပရိုဂျက်တာ(holographic projector)ကဲ့သို့ အကြီးစား ပျက်စီးမှုများလည်း ရှိသည်။

(holographic projector>>လေထဲတွင် လွင့်မျောနေသော ပုံရိပ်များကို ဖန်တီးသည့် ကိရိယာ)

တခြားသော ပစ္စည်းများက စိတ်ဝိညာဉ် စုစည်းခြင်း ယန္တရားစက် ကဲ့သို့ မပျက်စီးသေးသော်လည်း ဖန်သားပြင် မှေးမှိန်သွားခြင်းနှင့် အမည်မသိ အကြောင်းကိစ္စကြောင့် စက်ချို့ယွင်းခြင်းများ တစ်ချိန်တည်းတွင် ဖြစ်ပွားခဲ့သည်။

အမှတ်၆၀ အထက်တန်းကျောင်း လာရောက် လည်ပတ်သော တစ်ရက်တာ အချိန်တိုလေး အတွင်းမှာပင် အမှတ်၅၉ အထက်တန်း ကျောင်းက အကြီးအကျယ် ပျက်စီးဆုံးရှုံးမှုများကို ကြုံခဲ့ရ၏။

ကျောင်းပိုင် အဆောက်အအုံ ၄၀ရာခိုင်နှုန်းခန့် ပျက်စီးသွားခဲ့သည်။

အပျက်အစီး အစီရင်ခံစာကို လှန်လှောကြည့်ရင်း ထျန်းကျင်းဇီ အသက်ခပ်ပြင်းပြင်း ရှုရှိုက်လိုက်သည်။

"မဟုတ်သေးဘူး.. သူတို့က အတွေ့အကြုံဖလှယ်ဖို့ လာတာ မဟုတ်ဘဲ ငါတို့ကျောင်းက အဆောက်အဦးတွေကို ဖြိုဖျက်ဖို့လာတာများလား"

အမှတ်၆၀ အထက်တန်းကျောင်း၏ ကိုယ်စားလှယ် အုပ်စုက ဖြိုဖျက်ရေး ဌာနတွင် အလုပ်လုပ်ခဲ့လေသလားဟုပင် ထျန်းကျင်းဇီ တွေးလိုက်မိသည်။

ယင်းအချိန်တွင် လျန့်ဝေက မျက်မှောင်ကြုတ်၍ ပြောလိုက်သည်။

"ကျောင်းလမ်းကို သူတို့ လည်ပတ်မယ်လို့ ကြားထားတယ်.. ဥက္ကဌ.. သူတို့ကို လက်စားချေဖို့ တစ်ယောက်ယောက် လွှတ်လိုက်ရမလား"

"လက်စားချေမယ် ဟုတ်လား.. ဘယ်လို လက်စားချေမှာလဲ"

ထျန်းကျင်းဇီ စိတ်ဝင်စားသွားသည်။

အတွေ့အကြုံ ဖလှယ်ပွဲသာ ပြီးသွားလျှင် စွန်းရုံကို လက်စားချေရန်မှာ မဖြစ်နိုင်တော့မှန်း သူသဘောပေါက်လိုက်သည်။

စွန်းရုံက ဟွာကောအုပ်စု၏ ဆက်ခံသူ သခင်မလေး ဖြစ်သည့်အလျောက် သူမကို တိတ်တဆိတ် အကာအကွယ် ပေးနေသော သက်တော်စောင့် များစွာ ရှိသည်။

အထူးသဖြင့် ရှောင်ပန်းခြံတွင် အရိပ်အဖွဲ့အစည်း၏ လုပ်ကြံသတ်ဖြတ်ရန် ကြိုးစားမှုကို ခံခဲ့ရပြီးနောက် သက်တော်စောင့် အဖွဲ့ကို အဆင့်မြှင့်ပြီး ပြန်လည် ဖွဲ့စည်းခဲ့သည်။

မမလေးစွန်းရုံ အနီးတစ်ဝိုက်ရှိ ကိုယ်ရံတော်များကို Kingsoft antivirus ပရိုဂရမ် ကဲ့သို့ ဖယ်ရှားရန် မဖြစ်နိုင်ပေ။

(Kingsoft AntiVirus >> သုံးစွဲသူ၏ စနစ်အား ဗိုင်းရပ်စ်များ၊ အဖျက်အမှောင့်များ၊ လျှို့ဝှက်စောင့်ကြည့်သော စပိုင်ပစ္စည်းများ နှင့် ကွန်ပြူတာစနစ်အား အနှောင့်အယှက် ဖြစ်စေရန်၊ ပျက်စီးရန်၊ ခွင့်ပြုချက်မရှိဘဲ ဝင်ရောက် အသုံးပြုခွင့်ရရှိစေရန် အထူးဒီဇိုင်းထုတ်ထားသည့် ဆော့ဖ်ဝဲများရန်မှ ကာကွယ်ပေးသည့် ထိရောက်သော ဗိုင်းရပ်စ်တစ်မျိုး)

ယင်တစ်ကောင်ပင် သူမ အနားကိုကပ်ဖို့ အခွင့်မသာလောက်ချေ။

"ဒါက ခဲယဥ်းတဲ့ ပစ်မှတ်ပဲ.. ငါတို့က စွန်းရုံကို ပစ်မှတ်ထားဖို့ မဖြစ်နိုင်ဘူး"

ထိုစကားကို ကြားလျှင် လျန့်ဝေက ခဏမျှ တွေးတောပြီးနောက် ထပ်ပြောလိုက်သည်။

"စုံစမ်းထားတဲ့ သတင်းတွေ အရတော့ ချန်းချောင်က ကျိကျိတက် ချမ်းသာတဲ့ မိသားစုရဲ့ ဒုတိယမျိုးဆက်ပဲ.. ကော်ဟောက်ရဲ့ မိသားစုက ဝိညာဉ်သားရဲ ရောင်းချတဲ့ ဆိုင် ဖွင့်ထားတယ် ဆိုပေမဲ့ နိုင်ငံရေး နောက်ခံ ရှိပုံရတယ်"

"လင်းရှောင်ယု ကျတော့ စွန်းရုံနဲ့ အရမ်း နီးနီးကပ်ကပ် ရှိနေတော့ ပစ်မှတ်ထားလို့ မဖြစ်ဘူး.."

ထိုစကားသံကို ကြားပြီးနောက် ထျန်းကျင်းဇီက အံကြိတ်၍ ပြောလိုက်သည်။

"ဒီအတိုင်းဆို သစ်သီးဖျော်ရည်ကို တစ်စက် မကျန်အောင် သောက်ခဲ့တဲ့ ထုံထိုင်းထိုင်း အမူအရာနဲ့ ကောင်လေး တစ်ယောက်ပဲ ကျန်တော့တယ်"

"ဟမ့်.. အဲဒီကောင်လေးက မိသားစု နောက်ခံကောင်း မရှိဘူး.. သူက မိသားစုနဲ့အတူ မြို့စွန်မှာ နေတာလေ.. ဝိညာဉ်ဓားဖလှယ်ပွဲ အတွက် သစ်သားဓားကို ယူလာတာ ဆိုတော့ အတော် ဆင်းရဲပုံရတယ်"

"ကောင်းပြီလေ သူ့ကိုပဲ ပစ်မှတ် အဖြစ် ရွေးချယ်မယ်"

ထျန်းကျင်းဇီက ထိုင်ခုံကို ဘန်းခနဲ မြည်အောင် ရိုက်ချရင်း ပြောလိုက်သည်။

စျေးပေါသော တရုတ်တည်သီး ရှိနေလျက်နှင့် မည်သူက ဒူးရင်းသီးကို ပြဿနာ သွားရှာမည်နည်း။

…................

ညနေခင်း အားလပ်ချိန်တွင် ကန်တင်းမှာ စားသောက်ပြီးနောက် အမှတ်၆၀ အထက်တန်း ကျောင်းသားများက အမှတ်၅၉ ကျောင်းအနီးအနားရှိ ကျောင်းလမ်း တစ်ဝိုက်ကို လမ်းလျှောက်ထွက်ရန် စီစဉ်ထားသည်။

ကျောင်းအိပ်ဆောင်ကို တရားဝင် မဖွင့်လှစ်ရသေးသဖြင့် အစောင့်က အိမ်ပြန်ပြီး သူ့ကလေးကို အစာကျွေးဖို့ အလုပ်မဆင်းခင် စွန်းရုံကို သော့ပေးခဲ့သည်။

အစောပိုင်းတွင် ဝမ်လင်းက စွန်းရုံ တို့နှင့် အတူလိုက်ရန် ငြင်းဆန်ခဲ့သော်လည်း မျက်ခွံများ အဆက်မပြတ် လှုပ်ရှားလာသောကြောင့် ငြင်းဆန်မည့် အတွေးကို စွန့်လွှတ်ခဲ့သည်။

ခက်ခဲသော ရွေးချယ်မှုများကို လုပ်ဆောင်ရတိုင်း ဝမ်လင်းက မျက်ခွံ လှုပ် မလှုပ်ကို ကြည့်ပြီး သူ၏ဆုံးဖြတ်ချက် တိကျမှုကို အကဲဖြတ်လေ့ ရှိသည်။

မျက်ခွံလှုပ်၍ သတိပေးသော စွမ်းရည်ကို ပစ္စုပ္ပန် ဖြစ်သည့်လက်ရှိ အခြေအနေတွင်သာ အသုံးချနိုင်သည်။

ယင်းမှာ အန္တရာယ်ကို သတိပေးသော အချက်ပြစနစ်နှင့် မခြားသော်လည်း ဘာဆက်ဖြစ်မည်ကို မခန့်မှန်းနိုင်ပေ။

လမ်းလျှောက်ထွက်ရင်း မမျှော်လင့်သည့် ကိစ္စတစ်ခုခု ဖြစ်လာနိုင်သော်လည်း ထိုကိစ္စက မည်သို့သော ကိစ္စမှန်း ဝမ်လင်း ကြိုတင် မမှန်းဆနိုင်ခဲ့ချေ။

ဝါရင့်ဆရာသမား ဝမ်က ပျင်းရိသူ ဖြစ်သောကြောင့် သူတို့နှင့်အတူတူ လိုက်ပျော်မည့် အတွေး မရှိခဲ့ပေ။

ဆရာဝမ်က သူတို့အားလုံးကို ကျောင်းဂိတ်အထိ လိုက်ပို့ပေးပြီးနောက် တစ်ဦးချင်းစီကို ဆင့်ခေါ်ခြင်း အဆောင် ပေးအပ်လိုက်သည်။

"တပည့်တို့.. ဒါက ဝိညာဉ် ဆင့်ခေါ်ခြင်း အဆောင်ပဲ.. မင်းတို့ အန္တရာယ်ကြုံရင် ဒါကို သုံးပြီး ငါ့ကို အချိန်မရွေး ဆင့်ခေါ်လို့ရတယ်.. အဖွဲ့ကို စွန်းရုံက ဦးဆောင်ရမယ်.. လုံးဝ လူစုကွဲမသွားစေနဲ့.. လည်ပတ်လို့ ဝရင်လည်း စောစော ပြန်လာခဲ့ကြဦး"

"ကျေးဇူးပါ ဆရာဝမ်.. ကျနော်တို့က အနီးအနားလောက်ပဲ လမ်းလျှောက်ထွက်မှာပါ.. အရမ်း နောက်မကျစေရပါဘူး"

သူတို့က အဆောင်ကို လက်ခံယူပြီး တညီတညွတ်တည်း ကတိကဝတ် ပေးလိုက်ကြသည်။

ဝါရင့်ဆရာသမား ဝမ်က တခြား ဘာမှထပ်မပြောတော့ဘဲ ခေါင်းညိတ်လိုက်သည်။

သို့သော် သူတို့လူစု ဆယ်မီတာပင် မကျော်သေးခင် အနောက်ဘက်မှ ဆရာဝမ်၏ စကားသံက ထွက်ပေါ်လာသည်။

"ဒါနဲ့ ကျောင်းလမ်းတွေမှာ ပန်စီကို အထူးပြုတဲ့ လူဆိုးဂိုဏ်း ရှိတယ်လို့ ငါကြားထားတယ်...အားလုံး သတိထားကြပါ"

"ပန်စီကို အထူးပြုတဲ့ဂိုဏ်းလား"

ဤအမည်ကြောင့် လူတိုင်း ထိတ်လန့်သွားကြသည်။

(Pengci>>လိမ်လည်လှည့်ဖြားပြီး ငွေညှစ်တာမျိုးကိုဆိုလိုသည်.. ဥပမာ စက်ဘီးကို သူ့ဘာသာဝင်တိုးပြီး အတိုက်ခံရသည်ဟု ဆိုကာ ငွေညှစ်တာမျိုး)

ဝမ်လင်း၏ မျက်ခွံများက ဆက်တိုက် လှုပ်ရှားနေသည်။

ကပ်ဘေးအဆင့် ကြယ်နှစ်ပွင့်...

…...................

လူပီသရန် ခက်ခဲသလို သိုသိုသိပ်သိပ် နေထိုင်ရသည်မှာ ပို၍ပင် ခက်ခဲသည်။

ဝမ်လင်းက သူ့ကိုယ်သူ သူရဲကောင်း တစ်ယောက်လို မဝင့်ကြွားချင်ခဲ့ပေ။

သူက စိန်ခေါ်မှုမျိုးစုံနှင့် ဘေးအန္တရာယ် မျိုးစုံကို အမြဲ ရင်ဆိုင်နေရသဖြင့် သိုသိုသိပ်သိပ်နေရန် အခက်တွေ့နေခဲ့၏။

ကျောင်းလမ်းက အမှတ်၅၉ အထက်တန်းကျောင်းနှင့် ခပ်လှမ်းလှမ်းတွင် ရှိပြီး အခြေတည်အဆင့် ကျောင်သားများအဖို့ မိနစ်၂၀ခန့် ခြေလျင် လမ်းလျှောက်ရုံဖြင့် ရောက်နိုင်သည်။

ထို့အပြင် ပန်စီလူဆိုးဂိုဏ်း၏ အန္တရာယ်ကို ရှောင်ရှားရန် "အင်မော်တယ်စက်ဘီး" အက်ပလီကေးရှင်း(app)မှ တဆင့် စက်ဘီးများကို မည်သူမှ ဌားမစီးရဲကြချေ။

သူတို့အားလုံး လမ်းလျှောက်နေစဉ် ကော်ဟောက်က ရုတ်တရက် စကားပြောလိုက်သည်။

"တကယ်တော့ ပန်စီဂိုဏ်းနဲ့ ပတ်သက်တဲ့ နောက်ခံသမိုင်းကြောင်းကို ငါစုံစမ်းထားပြီးပြီ"

ထိုစကားသံကို ကြားပြီးနောက် ဝမ်လင်း၏ နှုတ်ခမ်းက တွန့်ကွေးကာ အေးစက်စက် အမူအရာ ဖြစ်သွားသည်။

ဤကမ္ဘာကြီးထဲတွင် ကော်ဟောက် မသိသော ကိစ္စ ရှိနိုင်ပါ၏လော။

"ပန်စီလူဆိုးဂိုဏ်းရဲ့ အဖွဲ့ဝင်အများစုက အသက်၇၀.. ၈၀ အရွယ်တွေပဲ.. ဒီအသက်အရွယ်တွေက စိတ်လက်ပေါ့ပါးဖို့အတွက် အပျော်သဘောနဲ့ လူစုပြီး ကလေ့ရှိကြတယ်လေ.. ဒါပေမဲ့ အများပိုင် နေရာတွေမှာ ကခုန်တာကို နိုင်ငံက တားမြစ်ထားတဲ့ အတွက် ဒီအဘိုးကြီး အဘွားကြီးတွေက ပန်စီဂိုဏ်းကို ထူထောင်လိုက်ကြပြီး အပျော်တမ်း ပြစ်မှု ကျူးလွန်သူတွေ ဖြစ်လာကြတာပဲ"

"…........."

"ပန်စီဂိုဏ်း စတင် တည်ထောင်ခါစက ကျင့်ကြံခြင်းရဲတွေ သိပ်အာရုံမထားခဲ့ကြဘူး.. အချိန်တို အတွင်းမှာ အဲဒီအဖွဲ့ထဲကို သက်ကြီးရွယ်အိုတွေ အများအပြား ဝင်ရောက်လာကြတယ်.. အဖွဲ့ဝင် အများစုရဲ့ အဓိက ရည်ရွယ်ချက်က စိတ်လှုပ်ရှားစရာကောင်းတဲ့ သည်းထိတ်ရင်ဖို ခံစားချက်တွေကို ရှာဖွေချင်လို့ပဲ"

"သည်းထိတ်ရင်ဖို ခံစားချက်ကို ရှာဖွေတယ်.. ဟုတ်လား"

ယနေ့ခေတ်တွင် သည်းထိတ်ရင်ဖို ခံစားချက်ကို ပေးစွမ်းသည့် သက်စွန့်ဆံဖျား အားကစားများကို နှစ်သက်သော လူငယ်လူရွယ် အများအပြား ရှိကြသည်။

ဘိုးဘွားရိပ်သာတွင် အနားယူရမည့် အဘိုးကြီး၊အဘွားကြီးများက ဤလူငယ်များ နည်းတူ သည်းထိတ်ရင်ဖို ခံစားချက်များကို ရှာဖွေလိမ့်မည်ဟု မမျှော်လင်ခဲ့ပေ။

အတိတ်က ဆိုးသွမ်းခဲ့သော လူငယ်များသည် ယနေ့ခေတ်တွင် ဆိုးသွမ်းသော သက်ကျားအိုများ အဖြစ် ကြီးပြင်းလာပုံရ၏။

လေးလေးနက်နက် တွေးတောပြီးနောက် ထိုဥပမာက မမှားယွင်းကြောင်း ဝမ်လင်း လက်ခံလိုက်ရသည်။

ကော်ဟောက်က ဆက်လက် ပြောဆိုလိုက်သည်။

"တကယ်တော့ သူတို့က ပိုက်ဆံကို လုံးဝ ဂရုမစိုက်ဘူး.. သူတို့က ခြိမ်းခြောက် ငွေညှစ်တဲ့ အလုပ်ကို ပျော်စရာ အလုပ်တစ်ခု အဖြစ် စွဲလန်းနေကြတာပါ.. ဖမ်းဆီးခံရရင်တောင် သက်ကြီးရွယ်အိုတွေ ဖြစ်နေတဲ့ အတွက် အနည်းအကျဥ်း သတိပေးတာလောက်ပဲ ခံရတယ်လေ.. ဒါပေမဲ့ လွန်ခဲ့တဲ့၂နှစ်က စပြီး ပန်စီဂိုဏ်းက အရှိန်အဟုန်နဲ့ ကြီးထွားလာခဲ့တယ်.. ဘယ်လောက်ထိလည်းဆိုရင် သူတို့ရဲ့ ပရိသတ် အင်အားက အဘိုးကြီးဟန်နဲ့ အဘိုးကြီးဝမ်ရဲ့ အမာခံပရိသတ်တွေနဲ့ ပြိုင်ဆိုင်လုနီးပါးတောင် ဖြစ်သွားတယ်.."

"…........"

"သေချာပြီ.. အများပိုင် လမ်းမတွေမှာ ကခုန်တာက ဒီတစ်ခေါက် ကပ်ဘေးရဲ့ အရင်းအမြစ်ပဲ"

စကားတပြောပြောဖြင် ဝမ်လင်းတို့အုပ်စု လမ်းလျှောက်လာခဲ့ရာ လမ်းအဆုံးသို့ပင် ရောက်နှင့်လာသည်။

ရောင်စုံလမ်းမီးများက ကျောင်းလမ်း၏ လမ်းမ တစ်လျောက် လင်းထိန်နေသည်။

ထိုနေရာတွင် ကျောင်းသားတစ်ဦး အတွက် လိုအပ်သော အရာအားလုံး ရှိသည်။

လမ်းဘေး စားသောက်ဆိုင်မှ စာရေးကိရိယာဆိုင် အထိ ဆိုင်မျိုးစုံ ရှိပြီး ကျောင်းသားများ အပန်းဖြေ ဆော့ကစားရန် အတွက် ဂိမ်းစင်တာများလည်း ရှိသည်။

ကျောင်းလမ်း၏ လမ်းဘေး စားသောက်ဆိုင်များသည် အလွန်ဈေးသက်သာပြီး ဗိုက်ကားအောင် စားသောက်လျှင်ပင် ပိုက်ဆံအများကြီး ကုန်မည် မဟုတ်ပေ။

အကယ်၍ ကျောင်းသားကတ်ကို ပြနိုင်လျှင် ကျောင်းလမ်းတွင် ဖွင့်ထားသော ဆိုင်ခန်း ကိုးဆယ်ရာခိုင်နှုန်း ကျော်ရှိ ပစ္စည်းများကို ထက်ဝက်လျော့စျေးဖြင့် ရနိုင်ပါသေးသည်။

ဖေးယန်ခရိုင် အတွင်းရှိ အထက်တန်းကျောင်း သုံးကျောင်းလုံး၏ အနီးအနားတွင် ကျောင်းလမ်းများ ရှိကြသော်လည်း အမှတ် ၅၉ အထက်တန်းကျောင်း၏ ကျောင်းလမ်းက အစည်ကားဆုံး ဖြစ်သည်။

"ဒါက ကောင်းကင်ဘုံပဲ"

ချန်းချောင်က သူ၏ စိတ်လှုပ်ရှားသော ခံစားချက်ကို မထိန်းချုပ်နိုင်တော့ပေ။

အွန်လိုင်းပေါ်မှာ နာမည်ကျော်နေသော အကန့်အသတ်ဖြင့်ထုတ်သည့် အားကစား ဖိနပ်များကို သူသဘောကျ နှစ်သက်ဖူးသည်။

ယင်းပစ္စည်းများကို ကျောင်းလမ်းများတွင် ဝယ်ယူနိုင်သည်။

ဤနေရာတွင် သူ ကြိုက်နှစ်သက်သော ဖိနပ်ဒီဇိုင်းကို ရှာဖွေနိုင်လိမ့်မည်ဟု ချန်းချောင် တစ်ယောက် ထင်မြင်မိသည်။

စွန်းရုံက အလှမပျက် ဟန်ရေးပြ၍ လမ်းဆက်လျှောက်ရန်သာ စိတ်ကူးနေသည်။

လင်းရှောင်ယုကမူ သူမ ရေးသားနေသော "ဖူဂျိုရှီ တစ်ဦး၏ အထက်တန်း ကျောင်းသားဘဝ" ဇာတ်လမ်း အပိုင်းသစ်ကို အွန်လိုင်းပေါ် တင်ရန်သာ အာရုံစိုက်နေသည်။

အဓိက လမ်းမကြီးကို တည်ငြိမ်စွာ ငေးကြည့်ပြီး ကော်ဟောက်က ယုံကြည်မှုအပြည့်ဖြင့် သူ့ရင်ဘတ်သူ ပုတ်လိုက်ကာ

"အားလုံး စိတ်မပူကြနဲ.. ငါတို့ အများသုံး ပို့ဆောင်ရေး ယာဥ်တွေကို မသုံးသရွေ့ ပြဿနာ မရှိဘူး"

"............."

ဝမ်လင်း အနည်းငယ် စိတ်ရှုပ်ထွေးသွားသည်။

"ဒါက ဘယ်လို ထူးဆန်းသည့် သတိပေးချက်မျိုးလဲ"

သို့သော် ကော်ဟောက်၏ စကားမဆုံးခင် ဝမ်လင်းက အန္တရာယ် အငွေ့အသက်ကို ခံစားလိုက်ရသည်။

All Chapters