← Chapters

ပန်စီလူဆိုးဂိုဏ်း၊ဖေးယန်ခရိုင်ရုံးခွဲ

Vol. 3 Ch. 36

ပန်စီလူဆိုးဂိုဏ်း၊ဖေးယန်ခရိုင်ရုံးခွဲ

Vol. 3 Ch. 36

လျန့်ဝေ၏ညွှန်ကြားချက်ကို ရရှိပြီးနောက် ပန်စီလူဆိုးဂိုဏ်းမှ အဘွားအိုက သစ်ပင်တစ်ပင်၏ နောက်ကွယ်တွင် အချိန်အတော်ကြာ စောင့်ဆိုင်းနေခဲ့သည်။

အမှတ်၆၀ အထက်တန်းကျောင်းမှ ကျောင်းသားများ အနီးအနားသို့ ရောက်လာသည်နှင့်အမျှ သူမက လူအုပ်စုကြားထဲမှ ဝမ်လင်းကို မျက်ခြေမပျက် စိုက်ကြည့်လိုက်သည်။

သူမက ကျင့်ကြံခြင်း မရှိသည့် သာမန်အဘွားအို တစ်ဦးသာ ဖြစ်သည်။

သူမ၏ အသက်အရွယ် ကြီးရင့်မှုနှင့် ပျော့တွဲနေသောအသားအရေကြောင့် ထူထဲသော မျက်ခွံများက လုံးဝ တွန့်လိမ်နေပြီး မျက်လုံးကို ပိတ်လုမတတ် တွဲကျနေသည်။

သ်ို့သော် သူမ၏ အမြင်အာရုံ အတွက် ဤအဟန့်အတားအနည်းငယ်လောက်သည် ပန်စီ ကျူးလွန်သူ အဖြစ်မှ သူမကို ရပ်တန့်စေမည် မဟုတ်ပေ။

ဝမ်လင်းက အလုပ်အပ်သူ ညွှန်ပြထားသည့် ပန်စီပစ်မှတ်ဖြစ်၏။

အဘွား သုန်က ပန်စီဂိုဏ်း၏ အတွေ့အကြုံရှိသူ တစ်ယောက် ဖြစ်ပြီး ပန်စီကို ကျွမ်းကျင်လာအောင် နှစ်ပေါင်းများစွာ လေ့ကျင့်ခဲ့သူလည်း ဖြစ်သည်။

သူမက ပန်စီဂိုဏ်း၏ ဖေးယန်ခရိုင် ဌာနခွဲရှိ အကြီးအကဲလေးဦးထဲမှ တစ်ဦး ဖြစ်သည်။

အဘွားသုန်က အကြီးအကဲ တစ်ဦး ဖြစ်သော်လည်း ကျင့်ကြံခြင်း အဆင့်မရှိပေ။

သို့တိုင် ဂိုဏ်းသားများ၏ အားပေးထောက်ခံမှုကြောင့် နှစ်ပေါင်းများစွာအကြာတွင် အကြီးအကဲ ဖြစ်လာခဲ့သည်။

ချောမောလှပသော အမျိုးသမီးများကိုသာ အသိအမှတ်ပြုတတ်သည့် ယောကျာ်းသားများက အဘွားသုန်ကိုအသိအမှတ်ပြုသည့် အတွက် အဘွားသုန်တွင် ထူးခြားသော အရည်အချင်း တချို့ရှိမှာ သေချာသလောက်ပင်။

အဘွားသုန်၏ ကျွမ်းကျင်မှုများကို ထုတ်ပြောရသော် ပထမဆုံး အနေဖြင့် အဘွားသုန်တွင် မယုံကြည်နိုင်စရာကောင်းသည့် မျက်လုံးများ ရှိသည်။

သူမက အသက်၇၀ကျော် အဘွားအို ဖြစ်သော်လည်း သူမ၏ မျက်လုံးအမြင်က သိမ်းငှက်ကဲ့သို့ စူးရှသည်။

ယင်းမှာ သာမန် အဘိုးအို၊ အဘွားအိုများတွင် မရှိနိုင်သော အရည်အချင်းမျိုး ဖြစ်သည်။

ဤအရည်အချင်းက လူအုပ်ကြားထဲမှ ပန်စီ ပစ်မှတ်ကို မျက်ခြေမပြတ် စောင့်ကြည့်နိုင်ပြီး သူမ၏ ရည်မှန်းချက်ကို ပြီးပြည့်စုံစွာ အကောင်အထည် ဖော်နိုင်အောင် အကူအညီ ပေးနိုင်သည်။

ဒုတိယ အချက် အနေဖြင့် အဘွားသုန်မှာ ငယ်ရွယ်စဉ်က ထိပ်တန်း ကျောင်းသား ဖြစ်ခဲ့ဖူးသည်။

ယင်းက ကြွားလုံးထုတ်နေခြင်း မဟုတ်ပေ။

ထို့ကြောင့်လည်း ဂိုဏ်းဝင်များ၏ အထင်ကြီး လေးစားမှုကို ရရှိပြီး အကြီးအကဲ ရာထူးကို ရရှိခဲ့ခြင်း ဖြစ်၏။

ဝမ်လင်းက အဘွားသုန်၏ အမြင်အာရုံထဲ ရောက်ရှိသွားသောအခါ အဘွားသုန်က သူမ နှင့် ဝမ်လင်းကြားရှိ အကွာအဝေး နှင့် အမြန်နှုန်းကို ချက်ချင်း တွက်ချက်လိုက်သည်။

သူတို့နှစ်ဦးကြားတွင် မီတာ၂၀ခန့် ကွာဝေးမည်ဟု သူမ ခန့်မှန်းလိုက်သည်။

လတ်တလောတွင် ဝမ်လင်းက တစ်စက္ကန့်လျှင် ၆မီတာနှုန်းဖြင့် လမ်းလျှောက်နေသည်။

ထို့ကြောင့် သူမက တစ်စက္ကန့်ကို လေးမီတာနှုန်းဖြင့် သစ်ပင်နောက်ကနေ ဝမ်လင်းဆီသို့ ရုတ်တရက် ခုန်ဝင်ရန် ဆုံးဖြတ်လိုက်သည်။

…....................

ရလဒ်အနေဖြင့် ၂စက္ကန့် ကြာပြီးနောက် အဘွားအိုက ဝမ်လင်းဆီသို့ ခုန်ဝင်သွားခဲ့ပြီး သူမ လက်ထဲမှ လမ်းလျှောက်တုတ်ကောက်ကိုပင် လွှင့်ပစ်လိုက်သည်။

ထို့နောက် သူမက ဝမ်လင်း၏ ခြေထောက်ကို ဆွဲဖက်ထားပြီး နာကျင်မှုကြောင့် မျက်နှာရှုံ့မဲ့နေသည့် အမူအရာမျိုး ဟန်ဆောင်လိုက်သည်။

ဝမ်လင်းက ပန်စီဂိုဏ်းဝင်နှင့် အမှန်တကယ် ဆုံတွေ့လိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။

အမှတ်၆၀ အထက်တန်းကျောင်း၏ လုံခြုံရေး ခေါင်းဆောင် လီကို ကမ္ဘာခြား ဂိတ်ထဲ ဝင်ရောက် ကယ်တင်စဉ်က သူ့ကို ထိကိုင်မိသည့် မကောင်းဆိုးဝါး အားလုံး ပြာမှုန့်ဘဝ ပြောင်းသွားခဲ့သည်ကို သတိရမိသွားသည်။

သူ့လက်မောင်းပေါ်မှ စွမ်းအားကုန်ခါနီး တာအိုအဆောင်က သူ့စွမ်းအား တော်တော်များများကို ထိန်းချုပ်ပေးထား၍သာ အဘွားသုန် တစ်ယောက် သက်သာရာ ရသွားခဲ့သည်။

သို့မဟုတ်လျှင် အဘွားအိုက ပြာမှုန်ဘဝသို့ ပြောင်းသွားလောက်ပြီဟု ဝမ်လင်း တွေးမိလိုက်သည်။

ဝမ်လင်းက သူ့ ခွန်အားကို ဘယ်တုန်းကမှ မထိန်းချုပ်နိုင်ခဲ့၍ အဘွားအိုကို ဆွဲထူမည့် အတွေး မရှိခဲ့ပေ။

ထို့အပြင် အဘွားအိုက ကျင့်ကြံသူ မဟုတ်၍ အခန့်မသင့်လျှင် ခြေလက်များပါ ကျိုးပဲ့သွားနိုင်သည် မဟုတ်ပါလား။

"အဘွား အဆင်ပြေရဲ့လား"

စွန်းရုံက ဆောင့်ကြောင့် ထိုင်ချကာ ချိုသာစွာ မေးမြန်းလိုက်သည်။

အဘွားအိုက ငွေညှစ်ရန် ကြိုးပမ်းနေမှန်း အမှတ်၆၀ အထက်တန်းကျောင်းမှ ကျောင်းသားတိုင်း ရိပ်မိသော်လည်း ယဉ်ကျေးမှုရှိသော လူ့အဖွဲ့အစည်းတွင် အားနည်းသူက အမြဲမှန်ကန်သည်ဟု အဆိုရှိသည် မဟုတ်လော။

အဘွားအို၏ သရုပ်ဆောင်စွမ်းရည်က တကယ်ကို လက်တွေ့ဆန်လွန်းသည်။

သူမက အချိန်အတော်ကြာသည်အထိ ဝက်ရူးပြန်ရောဂါသည်လို စကားတစ်ခွန်းမှ မပြောဘဲ မြေပြင်ပေါ်တွင် လူးလှိမ့်နေသည်။

စွန်းရုံနှင့် လင်းရှောင်ယုတို့က အဆင်ပြေရဲ့လားဟု ဆယ်ကြိမ်ထက်မနည်း မေးပြီးသောအခါမှ အဘွားအိုက တုန်တုန်ရီရီဖြင့် ဝမ်လင်းကို လက်ညိုးထိုးကာ အသက်ရှုမဝသော လေသံဖြင့် ရေရွတ်လိုက်သည်။

"မင်း.. မင်း.. "

"???"

ကော်ဟောက်နှင့် ချန်းချောင်တို့ ထိတ်လန့်သွားပြီး မျက်နှာထက်တွင် မယုံကြည်နိုင်သော ခံစားချက်များဖြင့် ပြည့်နှက်သွားသည်။

ယနေ့ခေတ် ပန်စီလူဆိုးဂိုဏ်း၏ သရုပ်ဆောင် စွမ်းရည်က တကယ်ကို ပြောင်မြောက်သည်။

သို့သော် ပန်စီ အလုပ်အပေါ် သိပ်ပြီး အာရုံမစိုက်ထားမှန်း ထင်ရှားနေ၏။

သူတို့ သိထားသလောက် ပန်စီဂိုဏ်းမှ အဘိုးအဘွားများသည် လိမ်လည် ငွေညှစ်ရန်အတွက် ကားဘီးအောက်သို့ ပစ်ဝင်ရန်ပင် တွန့်ဆုတ်ခြင်း မရှိခဲ့ပေ။

သို့သော် လက်ရှိတွင် ကား မပြောနှင့်.. အနီးအနားတွင် ဘီးနှစ်ဘီးပါသော စက်ဘီးပင် ရှိမနေခဲ့ချေ။

အဘွားအိုက အဓိပ္ပါယ် ကင်းမဲ့သော စွပ်စွဲမှုဖြင့် ဝမ်လင်းကို ပန်စီ လုပ်ရဲသည် အထိ အတင့်ရဲနေပါသလော။

ကော်ဟောက်က မဲ့ပြုံးပြုံး၍ ပြောလိုက်သည်။

"ဒီမှာ အဘွား.. အကျိုးသင့် အကြောင်းသင့် စဉ်းစားပြီးမှ ပြောစမ်းပါ.. ကျနော်တို့က ပို့ဆောင်ရေးယာဥ်ကိုတောင် အသုံးမပြုထားဘူးလေ.. ဘယ်လိုလုပ်ပြီး ကျနော်တို့ အတန်းဖော် ဝမ်လင်းကို စွပ်စွဲရဲတာလဲ"

အဘွားသုန်သာ သာမန်အဘိုးကြီး၊ အဘွားကြီး ဖြစ်နေခဲ့လျှင် ကော်ဟောက်၏ အော်သံကြောင့် လန့်ဖျပ်နေပေလိမ့်မည်။

သို့ရာတွင် အဘွားသုန်က ပန်စီဂိုဏ်း၏ အကြီးအကဲ ဖြစ်သောကြောင့် ဟန်အမူအရာ မပျက်ခဲ့ပေ။

အဘွားသုန်၏ တည်ငြိမ်နေသော အမူအရာကြောင့် အမှတ်၆၀ အထက်တန်းကျောင်းမှ ကျောင်းသားများ သဘောပေါက်သွားကြသည်။

ဤအဘွားအို၏ အမူအရာက ပန်စီ ဒုစရိုက်မှု များစွာကို ဆင်နွှဲဖူးသော အတွေ့အကြုံ ရင့်သူမှန်း သိသာနေသည်။

ကော်ဟောက်၏ ချက်ကျလက်ကျ မေးခွန်းကြောင့် အဘွားသုန်က အားပျက်သော လေသံဖြင့် ဝမ်လင်းကို လက်ညှိုးထိုးပြလိုက်သည်။

"သူ.. သူက ငါ့ကို စိတ်ဝိညာဉ်စွမ်းအားနဲ့ ဖိအားသုံးပြီး နှိပ်စက်ခဲ့တယ်"

"…......."

"စိတ်ဝိညာဉ်စွမ်းအားလား"

"အို့ ဒါက ပန်စီဂိုဏ်းက အသစ်ထွင်လိုက်တဲ့ ငွေညှစ်နည်း အသစ်ပဲ ဖြစ်ရမယ်"

ကော်ဟောက်က တအံ့တသြ ရေရွတ်လိုက်ပြီး သူ့နဖူးကိုသူ လက်ဝါးဖြင့် ရိုက်ချလိုက်သည်။

ဂျင်းက ရင့်လေ အနံ့ပိုပြင်းလေ ဆိုတဲ့ စကားက အမှန်ပင်။

ဤကဲ့သို့ နည်းဗျူဟာ အသစ်ကို အဘွားအိုတစ်ဦးက အကောင်အထည် ဖော်နိုင်လိမ့်မည်ဟု မည်သူက ထင်မိမည်နည်း။

"ငါတို့တွေ ရဲခေါ်ကြမလား"

လင်းရှောင်ယုက ကူကယ်ရာမဲ့စွာ ပြောဆိုလိုက်သည်။

"ရဲခေါ်မယ် ဟုတ်လား"

အဘွားသုန် ခနဲ့တဲ့တဲ့ ပြောလိုက်သည်။

"ငါတို့ ပန်စီဂိုဏ်းမှာ အဖွဲ့ဝင် ဘယ်နှစ်ယောက်ရှိလဲ မင်းတို့သိလား.. မင်းတို့ သူငယ်ချင်းသာ လိမ်လိမ်မာမာနဲ့ ငွေပေးမယ် ဆိုရင် ဒီကိစ္စကို လျော်ပေးလိုက်မယ်"

"ဒါဆိုရင် အဘွား ဘယ်လောက်လိုချင်လဲ"

စွန်းရုံ သက်ပြင်းချလိုက်သည်။

ပိုက်ဆံဖြင့် ဖြေရှင်းနိုင်သမျှ သူမ အတွက်တော့ ပြဿနာ မဟုတ်ပေ။

အဘွားအိုက လက်ငါးချောင်း ထောင်ပြလိုက်သည်။

"အများကြီး မလိုပါဘူး.. ငါးသန်းလောက်ပါပဲ"

"ငါးသန်းလား"

ဤငွေကြေးပမာဏက စွန်းရုံအတွက် အများကြီး မဟုတ်သော်လည်း ယခုအချိန်တွင် သူမ လက်ထဲ၌ ထိုမျှလောက် ငွေပမာဏ မရှိပေ။

အဘွားအိုက သူတို့ကို ငွေညှစ်ချင်ရုံတင် မဟုတ်ဘဲ တမင်တကာ ပြဿနာ ရှာနေမှန်း သိလိုက်သည်။

"ဘာလို့ ဓားပြ သွားမတိုက်တာလဲ"

ချန်းချောင်က သည်းမခံနိုင်၍ ဝင်ပြောလိုက်သည်။

ထိုစကားကို ပြောပြီးမှ သူစကား မှားသွားကြောင်း သတိရလိုက်သည်။

အဘွားအိုက အမှန်တကယ် ဓားပြတိုက်နေခြင်း ဖြစ်သည်။

အဘွားအိုက ဝမ်လင်းကို ထပ်မံ လက်ညိုးထိုးကာ ပြောလိုက်သည်။

"ငါက ဒီကောင်လေး ဆီကပဲ လိုချင်တာနော်.. တခြားသူ စိုက်ပေးတာမျိုး မလိုချင်ဘူး.. ဟင်းဟင်း.. ငါတို့ ပန်စီအဖွဲ့ဝင်တွေက ကြေးစား ငွေညှစ်သူဆိုတာ မမေ့လိုက်နဲ့"

"ရဲခေါ်ပြီး အဘွားအိုကို ထောင်ထဲ ပို့လိုက်ရအောင်.. အဲဒါဆိုရင် ပြဿနာ အေးပြီ"

ကော်ဟောက်က အဘွားအို၏ အမူအရာကို အသည်းပေါက်လာပြီး ဒေါသတကြီး ပြောလိုက်သည်။

"ဟား ဟား ငါ့ကို ထောင်ထဲ ပို့ချင်တာလား.. သတ္တိရှိရင် လုပ်လိုက်လေ"

အဘွားအိုက သူတို့လူစုကို လှောင်ပြုံးပြုံး၍ ပြောလိုက်သည်။

"ဒါနဲ့ ငါ့ကို ထောင်ထဲပို့မဲ့ အကြောင်းပြချက်လေး ပြောပြလို့ ရမလား"

ထိုစကားကြောင့် ကော်ဟောက်က မျက်လုံးပြူးသွားသော်လည်း စကားကြွယ်သူပီပီ ချက်ကျလက်ကျ ပြောလိုက်သည်။

"ခင်ဗျားက ကျွန်တော့်သူငယ်ချင်းရဲ့ ဘောင်းဘီကို လာဆောင့်ဆွဲတာလေ.. ယောက်ျားနဲ့ မိန်းမက တစ်ယောက်နဲ့ တစ်ယောက် တရင်းတနှီး ထိတွေ့ခွင့် မရှိဘူးဆိုတာ မသိဘူးလား.. ခင်ဗျားက အိုနေပြီ ဆိုပေမဲ့ မိန်းမလို့တော့ သတ်မှတ်လို့ရသေးတာပဲလေ.. ပြောရရင် ခင်ဗျားရဲ့ အပြုအမူက ကလေးသူငယ် မဖွယ်မရာ လုပ်တယ်လို့ ယူဆလို့ရတယ်.. ကျင့်ကြံခြင်း တရားရုံးကို ရောက်သွားရင် ဒါက ပြင်းထန်တဲ့ ပြစ်မှုပဲ"

ဝမ်လင်း "........…"

"........…"

အဘွားသုန်၏ နှုတ်ခမ်းထောင့်များ မဲ့ရွဲသွားသည်။

ကလေးသူငယ် မဖွယ်မရာ လုပ်တယ် ဟုတ်လား။

အရပ် ၁.၈မီတာ ရှိတဲ့သူက ကလေးရော ဟုတ်လို့လား။

ဒါမှမဟုတ် ဧရာမ ကလေးလား။

အဘွားသုန်က ကော်ဟောက်၏ စကားကို ကြားလျှင် ဒေါသထွက်ပြီး ထပ်မံ ခြိမ်းခြောက်လိုက်၏။

"နင်တို့တွေ ငါ့ကို ရဲစခန်း ပို့ရင်တောင် ၂ရက်ကြာရင် ငါပြန်လွတ်လာမှာပဲ.. ဒါပေမဲ့ မင်းတို့ သတိထားနေနော်.. ငါတို့ ပန်စီဂိုဏ်းက နေရာတိုင်းမှာ ရှိတယ်.. မင်းတို့သူငယ်ချင်းက ငွေပေးလိုက်ရင် ငါ ဘာပြဿနာမှ ထပ်မရှာဘူး.. အေး.. မပေးရင်တော့ ငါတို့ ခေါင်းဆောင် ကိုယ်တိုင် အကြွေးလာတောင်းလိမ့်မယ်"

"နင်က ငါတို့ကို ခြိမ်းခြောက်ရဲတယ်ပေါ့လေ"

စွန်းရုံက အဘွားသုန်ကို မကျေမနပ် ကြည့်လိုက်သည်။

အကျိုးသင့် အကြောင်းသင့် မစဉ်းစားတတ်သောသူကို ပထမဆုံး အကြိမ် သူမ မြင်တွေ့ဖူးခြင်း ဖြစ်သည်။

"ငါ ဘယ်သူလဲ သိရဲ့လား.."

သို့သော် သူမ၏စကား မဆုံးမီ ဝမ်လင်းက အဘွားကြီးရှေ့သို့ လျှောက်သွားလိုက်သည်။

ထိုအခိုက်အတန့်တွင် ဝမ်လင်းက အဘွားသုန်၏ မှတ်ဉာဏ်ကို ရှင်းရှင်းလင်းလင်း ဖတ်ရှုနိုင်ခဲ့သည်။

ထို့နောက်တွင် အဘွားအိုကို လျန့်ဝေတို့ အဖွဲ့က သူ့ကို ပစ်မှတ်ထားရန် အတွက် ငှားရမ်းခဲ့မှန်း သိလိုက်ရသည်။

ဝမ်လင်းက တခြားသူများနှင့် ရောရောနှောနှော နေလိုသော ဆန္ဒ မရှိခဲ့ပေ။

သို့သော် အဆုံးသတ်တွင် သူက ထျန်းကျင်းဇီတို့ တစ်အုပ်စုလုံးကို ပညာပေးဖို့ နည်းလမ်း တစ်ရာလောက် ကြိုတွေးထားလိုက်သည်။

All Chapters