ဖြောင့်မတ်သော စကား နှစ်ဆယ့်လေးခွန်း
Vol. 3 Ch. 37
လူ့အဖွဲ့အစည်းထဲရှိ လူဆိုးများသည် သူတို့၏ ကိုယ်ကျိုးအတွက် စာနာထောက်ထားမှုများ ရရှိစေရန် အားနည်းသူများ အသွင် ဟန်ဆောင်လေ့ ရှိကြသည်။
အဘွားသုန်ကလည်း ၎င်းတို့ထဲမှ တစ်ဦး ဖြစ်သည်မှာ သိသာ ထင်ရှားသည်။
ဝမ်လင်းတွင် အဘွားသုန်ကို ဖြေရှင်းနိုင်သော နည်းလမ်းမျိုးစုံရှိသည်။
ဝမ်လင်း၏ လက်ရှိ ကျင့်ကြံခြင်း အဆင့်ဖြင့် ဆိုလျှင် ခြေတစ်ဖက်တည်းဖြင့် မျက်စိတစ်မှတ် အတွင်း အဘွားအိုကို လေထုထဲသို့ ပို့ပေးနိုင်သည်။
ဆန္ဒရှိလျှင် အာကာသ အပြင်ဘက်ထိတိုင် မကဘဲ နဂါးငွေ့တန်းထိ ကန်ထုတ်နိုင်၏။
အဘွားအိုကို တစ်ဘဝလုံး နေမင်းကြီးနှင့် ယှဥ်တွဲ နေထိုင်ခိုင်း၍လည်း ရပါသေးသည်။
ထို့အပြင် ကောင်းကင်မျက်လုံးနှင့် အတွင်းမီးလျှံ ဆင့်ခေါ်ခြင်း နည်းစနစ်ကို သုံးပြီး ပြာမှုန်ဘဝသို့လည်း ပြောင်းပေးနိုင်၏။
သို့ရာတွင် ဝမ်လင်းက ပြဿနာ မရှာချင်ပေ။
လူ့အသက်ကို အမှိုက်သရိုက် ကဲ့သို့ သဘောထားသော အရိပ်လုပ်ကြံသူများ မှလွဲ၍ ဝမ်လင်းက တခြားသူများကို ကိုယ်တိုင်ကိုယ်ကျ သတ်မည့် အတွေး မရှိခဲ့ပေ။
ငယ်စဥ်ကတည်းက ကျောင်းသားက ကျောင်းသားလိုသာ ပြုမူနေထိုင်သင့်ပြီး စာလေ့လာမှုကိုသာ အာရုံစိုက်သင့်သည်ဟု မိဘနှစ်ပါးက သူ့ကို ဆုံးမ သွန်သင်ခဲ့သည်။
အရေးကြီးဆုံး အချက် အနေဖြင့် သူက ကျင့်ကြံခြင်း စည်းမျဉ်းများကို လိုက်နာရပေမည်။
ဤခေတ်က သိပ္ပံကျင့်ကြံခြင်းခေတ် ဖြစ်သောကြောင့် သတ်ဖြတ်ခြင်းသည် အရာအားလုံးကို မဖြေရှင်းနိုင်ပေ။
….................
အဆုံးသတ်တွင် အဘွားသုန်က လေးလံသော အိတ်တစ်လုံးကိုသယ်ကာ ထွက်ခွာသွားသည်။
သူမ၏ နှလုံးသားက ကျေနပ်မှုအပြည့် ဖြစ်နေသည်။
"အခုခေတ် လူငယ်တွေက ဒီလောက်အထိ ရက်ရောမယ်လို့ ထင်တောင် မထင်ထားမိဘူး.."
သူမက ရွှင်မြူးစွာဖြင့် စိတ်ထဲကနေ ရေရွတ်လိုက်သည်။
ယွမ်ငါးသန်း...
သူမ ပန်စီ လုပ်လာသည့် ဆယ်နှစ်ကျော် သက်တမ်း အတွင်း ယခုတစ်ခေါက်လောက် တစ်ခါမှ မရိတ်သိမ်းခဲ့ဖူးပေ။
ဝမ်လင်းက အဘွားသုန် ထွက်ခွာသွားသော မြင်ကွင်းကို ထူးမခြားနား အမူအရာဖြင့် စောင့်ကြည့်နေသည်။
ပန်စီဂိုဏ်းက ရင်ဆိုင်ရ ခက်ခဲပုံရသော်လည်း အဆုံးသတ်တွင် သူ၏ ကြီးမြတ်သော ဖန်ဆင်းရှင် မန္တန်ကို မယှဥ်နိုင်ခဲ့ပေ။
အဘွားသုန်က ငွေအပြည့် ထည့်ထားသော အိတ်ကြီးဖြင့် ပြန်သွားရသည်ဟု တွေးထင်ထားသော်လည်း တကယ်တမ်းတွင် ကျောက်ခဲများကို သယ်ဆောင်သွားခြင်း ဖြစ်သည်။
ဝမ်လင်းက ပြဿနာကို သိုသိုသိပ်သိပ် ဖြေရှင်းခဲ့သည်။
ဆိုရလျှင် သူက ဤပြဿနာကို မှော်စွမ်းအား အသုံးပြု၍ ဖြေရှင်းခဲ့ခြင်းပင်။
ဝမ်လင်း၏ ရည်ရွယ်ချက်က တတ်နိုင်သမျှ အကြမ်းဖက်ခြင်းကို ရှောင်ရှားရန် ဖြစ်သည်။
ထိုသို့မဟုတ်ဘဲ သူသာ တကယ် တိုက်ခိုက်ခဲ့လျှင် မြို့ပျက်စီးသွားနိုင်ပြီး အဆိုးရွားဆုံး အနေဖြင့် ကမ္ဘာပျက်သွားနိုင်သည်။
ဤသည်ကား ဝမ်လင်း မြင်ချင်သော အခြေအနေ မဟုတ်ပေ။
ဤတစ်ကြိမ်တွင် ဝမ်လင်းက မှော်စွမ်းအား နှစ်မျိုးကို အသုံးပြုခဲ့သည်။
ပထမတစ်မျိုးမှာ ကြီးမြတ်သော ဖန်ဆင်းရှင် မန္တန် ဖြစ်သည်။
ထိုမန္တန်ကို သူက အဘွားသုန် အပေါ် သက်ရောက်စေခဲ့သည်။
ဒုတိယတစ်မျိုးမှာ မဟာစစ်မှန်ခြင်း မှော်မန္တန် ဖြစ်ပြီး အတွေးအခေါ် အယူအဆဟောင်းများကို ဖယ်ရှားပေးနိုင်သော အစွမ်း ရှိသည်။
ထိုမန္တန်ကိုမူ အဘွားသုန် သယ်သွားသော ကျောက်ခဲများ အပေါ်တွင် အသုံးပြုထားခြင်း ဖြစ်၏။
အဘွားသုန်က ကျောက်ခဲများကို သယ်၍ ပန်စီဂိုဏ်းသို့ ပြန်ရောက်သည်နှင့် ကျောက်ခဲတွင် စီရင်ထားသော မန္တန်အစွမ်းက စတင် အသက်ဝင်လာမည် ဖြစ်သည်။
စည်းစိမ်ချမ်းသာ၊ ဒီမိုကရေစီ၊ လူ့အဖွဲ့အစည်း၊ သဟဇာတဖြစ်မှု၊ လွတ်လပ်မှု၊ သာတူညီမျှရှိမှု၊ တရားမျှတမှု၊ တရားဥပဒေ စိုးမိုးရေး၊ မျိုးချစ်စိတ်၊ သမာဓိ၊ ချစ်ကြည်ရင်းနှီးမှု အစရှိသည့် ဖြောင့်မတ်သော စကား နှစ်ဆယ့်လေးခွန်းက အချိန်ကျသည်နှင့် ပန်စီဂိုဏ်း တစ်ဖွဲ့လုံး၏ စိတ်ဝိညာဉ်ထဲသို့ ကိန်းအောင်းသွားမည် ဖြစ်၏။
အဘွားသုန်၏ နောက်ကျောကို ပျောက်ကွယ်သွားသည် အထိ ငေးကြည့်ရင်း ဝမ်လင်းက စိတ်ထဲကနေ သက်ပြင်းချလိုက်သည်။
"သက်ရှိတွေ ကြားထဲမှာ သိုသိုသိပ်သိပ် နေနိုင်ဖို့က တကယ်မလွယ်ဘူးပဲ"
…..............
"အမ်.. အဘွားကြီးက ဘယ်လိုဖြစ်တာလဲ.. ရူးများရူးသွားတာလား.. ကျောက်တုံးတွေ သယ်ပြီး ဘာလို့ ပြန်သွားတာလဲ"
ထိုမြင်ကွင်းက ဝမ်လင်း၏ အပေါင်းအဖော်များကို အနည်းငယ် ဝေခွဲမရ ဖြစ်စေခဲ့သည်။
"အဘွားကြီးမှာ စိတ်ကစဉ့်ကလျား ရောဂါများ ရှိနေတာလား မသိဘူး"
လင်းရှောင်ယုက လေးနက်သော အမူအရာဖြင့် ဆန်းစစ် ဝေဖန်လိုက်သည်။
စွန်းရုံကလည်း ခေါင်းခါယမ်း၍ ပြောလိုက်သည်။
"သက်ကြီးရွယ်အိုတွေသာ စိတ်ပိုင်းဆိုင်ရာ ကောင်းမွန်နေလို့ ရှိရင် သည်းထိတ်ရင်ဖို ခံစားချက် အတွက်နဲ့ ဘယ်သူက ပန်စီကို လုပ်နေဦးမှာလဲ"
စိတ်အားထက်သန်စွာ ဆွေးနွေးပြီးနောက် ဤပြဿနာက နောက်ဆုံးတွင် နိဂုံးချုပ်သွားသည်။
..............
ကျောင်းတက်ရက် တတိယအပတ် ဗုဒ္ဓဟူးနေ့ နံနက် ၈နာရီ...
လျန့်ဝေက ကျောင်းသားသမဂ္ဂ ရုံးခန်းကို ဖူးယောင်နေသော မျက်နှာဖြင့် ရောက်လာသည်။
အကြောင်းရင်းမှာ ဖန်စီဂိုဏ်း၏ သက်ကြီးရွယ်အိုများက သူ့ကို ဝိုင်းရိုက်ခဲ့၍ ဖြစ်သည်။
ထျန်းကျင်းဇီ ကိုယ်တိုင်ပင် သူ့ကို မြင်မြင်ချင်း မမှတ်မိခဲ့ပေ။
"ကျောင်းသား.. မင်း ဘယ်သူ့ကို လာရှာတာလဲ"
လျန့်ဝေ ".......…"
ဖန်ဟွာချင်းက မျက်မှန်ကို ပင့်တင်၍ ကြည့်လိုက်သည်။
လျန့်ဝေ၏ မျက်နှာက ဖူးယောင်နေသော်လည်း ကြီးမားသော နှုတ်ခမ်းကို သူမှတ်မိနေပါသေးသည်။
"မင်း ဘယ်လိုဖြစ်လာတာလဲ"
လျန့်ဝေက မျက်နှာကို လက်ဖြင့် ကွယ်၍ ငိုချင်သော်လည်း မျက်ရည်မကျခဲ့ပေ။
သူက မခံမရပ်နိုင်သော အမူအရာဖြင့် အော်ဟစ်လိုက်သည်။
"ငါ အရိုက်ခံခဲ့ရတယ်"
"ဘယ်လိုဖြစ်ရတာလဲ"
ထျန်းကျင်းဇီ မေးမြန်းလိုက်သည်။
လျန့်ဝေက မနက်ခင်း သတင်းစာကို ထုတ်ယူလိုက်ပြီး စားပွဲခုံပေါ် ပစ်တင်လိုက်သည်။
ထို့နောက် ထျန်းကျင်းဇီက သတင်းစာကို ယူ၍ ကြည့်လိုက်ရာ ခေါင်းစည်းပိုင်းတွင် ထင်ရှားသော စာလုံး အမည်းကြီးကို တွေ့ရသည်။
"မနေ့ညတုန်းက ပန်စီဂိုဏ်းမှာ ပုန်ကန်မှု ဖြစ်သွားခဲ့တယ်.. ဒါ့အပြင် ပန်စီဂိုဏ်းဝင် သက်ကြီးရွယ်အို တွေက နယ်မြေခံ ရဲစခန်းမှာ လက်နက်ချပြီး ကျင့်ကြံခြင်း စည်းမျဉ်းတွေကို ချီးမွမ်းစကား ပြောခဲ့ကြတယ်"
"…........"
ထျန်းကျင်းဇီ၏ နှုတ်ခမ်းထောင့် မဲ့ရွဲ့သွားသည်။
မည်သို့သော ရူးသွပ်မှုမျိုးက ဤသက်ကြီးရွယ်အိုများကို ဖမ်းစားသွားလည်း သူမသိခဲ့ပေ။
အဘွားသုန်၏ ဦးဆောင်မှုအောက်တွင် ဖေးယန်ခရိုင် ဌာနခွဲရှိ ပန်စီဂိုဏ်းမှာ ညတွင်းချင်း အပြောင်းအလဲ ကြီးကြီးမားမား ဖြစ်ပေါ်ခဲ့သည်။
ဆိုရလျှင် ဖေးယန်ခရိုင် ဌာနခွဲရှိ ပန်စီ တစ်ဂိုဏ်းလုံးမှာ ပန်စီဂိုဏ်းမှ ခွဲထွက်ပြီး အဘွားသုန်၏ ဦးဆောင်မှုအောက်သို့ ရောက်ရှိသွားခဲ့သည်။
ထို့ပြင် အဖွဲ့၏ အမည်ကိုလည်း "အထွေထွေ ညီညွတ်ရေး စီမံခြင်း အဖွဲ့"ဟု အမည် ပြောင်းလဲခဲ့သည်။
အဘွားသုန်ကို ငှားရမ်းခဲ့သော လျန့်ဝေက ယနေ့ နံနက်ခင်းတွင် အဘွားသုန် နှင့် တွေ့ဆုံရန် ချိန်းဆိုထားသည်။
သူက အလုပ်ရှင် အနေဖြင့် ရလဒ်ကို ကိုယ်တိုင် စစ်ဆေးလိုသောကြောင့် တွေ့ဆုံရန် စီစဉ်ခဲ့ခြင်း ဖြစ်၏။
သို့ရာတွင် အဘွားသုန်က သန်မာကြံ့ခိုင်သော အဘိုးကြီး အုပ်စုကို ဦးဆောင်ပြီး သူနှင့် လာတွေ့လိမ့်မည်ဟု လျန့်ဝေ မမျှော်လင့်ခဲ့ပေ။
ထိုထက်ပို၍ ထူးဆန်းနေသည်မှာ အဘွားသုန်၏ စိတ်နေသဘောထားက တစ်ညတည်းဖြင့် လုံးဝ ပြောင်းလဲသွားခြင်းပင်။
သူမက "ညီညွတ်ရေး"ဟု ရေးထိုးထားသော အနီရောင်လက်ပတ်ကို လက်မောင်းပေါ်တွင် ဝတ်ဆင်ထားသည်။
အဘွားသုန်က လျန့်ဝေကို ခက်ထန်သော အကြည့်ဖြင့် မကျေမနပ် ကြည့်ရှုကာ ဖြောင့်မတ်သော စကား၂၄ခွန်းကို ရွတ်ပြလိုက်သည်။
လျန့်ဝေက အဘွားအို ပြောခဲ့သော စကားတိုင်းကို မမှတ်မိနိုင်ပေ။
အဘွားအိုသုန်က ထိုမျှနှင့် မပြီးသေးချေ။
စကား ၂၄ခွန်းကို ရေရွတ်ပြီးနောက် အနီရောင်စာအုပ်ကို ထုတ်ကာ ကျယ်လောင်စွာ ရေရွတ်လိုက်သည်။
"ကျောင်းသားလျန့်ဝေက ပန်စီဂိုဏ်းကို ဒုစရိုက်မှု ကျူးလွန်ဖို့ ငှားရမ်းပြီး နိုင်ငံတော်က ချမှတ်ထားတဲ့ စည်းမျဉ်းတွေကို ချိုးဖောက်ခဲ့တယ်.. ဒါကြောင့်မို့ ငါတို့အဖွဲ့က ပြည်သူ့ကိုယ်စား သူ့ကို အပြစ်ပေးမယ်"
သူမ စကားဆုံးသည်နှင့် အဘိုးကြီး အုပ်စုက လျန့်ဝေကို ဝိုင်းရံလိုက်ကြသည်။
အဘွားသုန်က သာမန်လူသာ ဖြစ်သော်လည်း ပန်စီဂိုဏ်းတွင် တခြားကျင့်ကြံသူ မရှိသည့် သဘော မဟုတ်ပေ။
အဘွားအိုသုန် တစ်ဦးတည်း ဆိုလျှင် လျန့်ဝေ ရင်ဆိုင်နိုင်သော်လည်း အခြေတည် အဆင့် ကျင့်ကြံသူ အဘိုးကြီး ရှစ်ဦးကို သူဘယ်လိုမှ အံမတုနိုင်ခဲ့ပေ။
အဘိုးအို ၈ဦးက သူ့ကို "ကယ်ပါဦး"ဟုပင် အော်ဟစ်အကူအညီ တောင်းခွင့် မပေးဘဲ အညှာအတာ ကင်းမဲ့စွာ အနိုင်ကျင့်ခဲ့သည်။
ထို့ကြောင့် သူက ဖောင်းကားနေသော မျက်နှာနှင့် နှာခေါင်းသွေးလျှံကာ ကျောင်းသို့ ရောက်လာခဲ့ခြင်းပင်။
ထျန်းကျင်းဇီ "…......."
ဖန်ဟွာချင်း "........…"
သူတို့ ကြုံတွေ့နေရသော အခြေအနေများက အနည်းငယ် အံ့သြစရာ ကောင်းသည်ဟု ထျန်းကျင်းဇီနှင့် ဖန်ဟွာချင်းတို့က ခံစားနေမိသည်။
အမှတ်၆၀ အထက်တန်းကျောင်းမှ လူတစ်စု ရောက်လာတည်းက ပြဿနာ ဆက်တိုက် ကြုံခဲ့ရ၏။
ခေါင်းကြောမာသော အဘိုးကြီး၊ အဘွားကြီးများက တစ်ညတည်းဖြင့် မှန်ကန် ဖြောင့်မတ်သူများ ဖြစ်သွားခဲ့ကြသည်။
"ချီးပဲ.. သူတို့က ငါတို့ကို ဘယ်လိုတွေ ကစားနေတာလဲ"
ထျန်းကျင်းဇီ၏ နှလုံးသားက လက်ရှိ အခြေအနေတွင် ရှုပ်ထွေးနေသည်။
သူတို့က ပြိုင်ဘက်ဖြစ်သည့် အမှတ်၆၀ အထက်တန်းကျောင်းကို အရှက်ခွဲရန် ကြိုးစားသော်လည်း တန်ပြန် အရှက်ခွဲခံခဲ့ရသည်။
သူ၏ လက်စားချေသည့် အစီအစဉ်ကလည်း လျှို့ဝှက်ဆန်းကြယ်သည့် စွမ်းအား အောက်တွင် ပြိုလဲသွားခဲ့သည်။
သူတို့က အိမ်ရှင်ဖြစ်သော်လည်း ဧည့်သည် ဖြစ်သည့် အမှတ်၆၀ ကျောင်းကို ထပ်ခါတစ်လဲလဲ ရှုံးနိမ့်ခဲ့ရ၏။
ထျန်းကျင်းဇီက ပြတင်းပေါက် အပြင်ဘက်ကို ငေးကြည့်ရင်း စိတ်ထဲကနေ သက်ပြင်းချလိုက်သည်။
"အခုလိုတွေ ကြုံနေရပြီ ဆိုတော့ စီနီယာဟဲကို အကူအညီ တောင်းသင့်နေပြီလို့ ငါ ထင်တယ်"
"စီနီယာဟဲလား"
စီနီယာဟဲ ဟူသော အမည်ကို ကြားသည်နှင့် ဖန်ဟွာချင်း နှင့် လျန့်ဝေတို့ ချက်ချင်း သဘောပေါက်သွားသည်။
လက်ရှိအခြေအနေတွင် စီနီယာဟဲကို အကူအညီတောင်းမှသာ အမှတ်၅၉ အထက်တန်းကျောင်းက အနိုင်ရရန် အခွင့်အရေး ရှိလိမ့်မည် မဟုတ်ပါလား။
…....................
ကျောင်းတိုင်းလိုလိုတွင် ဆိုးသွမ်းသော ကျောင်းသား အနည်းဆုံး တစ်ဦး၊ နှစ်ဦးခန့် ရှိကြသည်။
အမှတ် ၆၀ အထက်တန်းကျောင်းတွင်လည်း ဆိုးသွမ်းသော ကျောင်းသား တစ်ဦး ရှိရာ အမှတ် ၅၉ အထက်တန်းကျောင်းတွင်လည်း မရှိစရာ အကြောင်းမရှိပေ။
ကျောင်းအတွေ့အကြုံ ဖလှယ်ပွဲ အဆုံးသတ်ရန် နှစ်ရက်သာ ကျန်တော့သည်။
ထျန်းကျင်းဇီ၏ အမှတ်၆၀ အထက်တန်းကျောင်းကို အရှက်ခွဲသော အစီအစဉ်က ကျရှုံးခဲ့ပြီး ရလဒ်က ပြောင်းပြန် ဖြစ်သွားခဲ့သည်။
မည်သို့ပင်ဆိုစေကာမူ နှစ်ရက်ကျန်သေး၍ သိက္ခာဆယ်ရန် အခွင့်အရေး ရှိပါသေးသည်။
စီနီယာ ဟဲပီဖုန်း...
ထိုအမည်က "မုန်တိုင်းမရှိဘဲ လေထန်သည်"ဟု အဓိပ္ပါယ်ရသည်။
စီနီယာဟဲပီဖုန်းမှာ အမည်နှင့် လိုက်ဖက်စွာပင် ဆိုးသွမ်းသော ကျောင်းသားတစ်ယောက် ဖြစ်၏။
နံနက်ခင်း အချိန်တွင် ထျန်းကျင်းဇီက ဆိုးသွမ်းသော စီနီယာ ဟဲပီဖုန်းကို ဖုန်းဖြင့် ဆက်သွယ်လိုက်သည်။
ထျန်းကျင်းဇီက စီနီယာဟဲ၏ သမိုင်းကြောင်းကို အမှန်တကယ် မသိခဲ့ပေ။
စီနီယာ ဟဲပီဖုန်း၏ ကုတ်နံပါတ် ၈၈၂၃ကိုသာ သိသည်။
ဤနံပါတ်က ကျောင်းဝင်နံပါတ်ကို ကိုယ်စားပြုခြင်း မဟုတ်ပေ။
စီနီယာဟဲ၏ သုံးနှစ်တာ ရမှတ်ပေါင်း ဖြစ်သည်။
အမှတ်၅၉ အထက်တန်းကျောင်းတွင် အနိမ့်ဆုံး ရမှတ် ဖြစ်ပြီး သူ့ကို ယှဉ်နိုင်သူ မရှိပေ။
ထို့ကြောင့်လည်း စီနီယာ ဟဲပီဖုန်းက Grade3 အတန်းကို ထပ်တလဲလဲ တက်နေရခြင်း ဖြစ်သည်။
စာသင်ဆောင် ဒုတိယထပ်၏ ယောက်ျားလေး သန့်စင်ခန်းသည် ဆိုးသွမ်းသော စီနီယာ၏ ပိုင်နက် ဖြစ်သည်။
စည်းမျဉ်းသိသော ကျောင်းသားများက သန့်စင်ခန်းထဲ ကိုယ့်သဘောနှင့်ကိုယ် မဝင်ရဲကြချေ။
သို့မဟုတ်လျှင် စီနီယာဟဲက သူတို့မျက်နှာကို အိမ်သာရေဖြင့် ဆေးကြောပေးလိမ့်မည် မဟုတ်ပါလား။
စီနီယာ ဟဲပီဖုန်း၏ အနိုင့်ကျင့်မှုများကြောင့် ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌ ထျန်းကျင်းဇီက တိုင်ကြားစာများကို လက်ခံရရှိသော်လည်း တခြားဆရာများ နည်းတူ မသိချင်ယောင် ဆောင်ထားပေးခဲ့သည်။
အကြောင်းရင်းမှာ ဟဲပီဖုန်း၏ အဘိုးက အမှတ်၅၉ အထက်တန်းကျောင်းကို ထောက်ပံ့ထားသည့် ယီးထိပ် အရေပြား ဖြတ်သော ဆေးရုံမှ ဒါရိုက်တာ ဖြစ်နေသောကြောင့်ပင်။
ယင်းအတွက်ကြောင့် အမှတ်၅၉ အထက်တန်းကျောင်းက ဆိုးသွမ်းသော စီနီယာ ဟဲပီဖုန်းကို လျစ်လျူရှုထားပေးခြင်း ဖြစ်သည်။
"စီနီယာဟဲကို တွေ့ချင်တာ မင်းလား"
ထျန်းကျင်းဇီတို့ အဖွဲ့ ဒုတိယထပ်ကို တက်သွားသောအခါ စွပ်ကျယ် ဝတ်ထားသော လူငယ်က ဟန့်တား၍ မေးလိုက်သည်။
ထျန်းကျင်းဇီက ထိုလူငယ်၏ ဒီဇိုင်းကို တစ်ချက် ဖမ်းရှိုးလိုက်သည်။
လူငယ်က ၁.၇မီတာခန့် အရပ်ရှည်ပြီး ကျောင်းဝတ်စုံ အပေါ် အင်္ကျီကို ခါးတွင် ချည်နှောင်ထားသည်။
ထျန်းကျင်းဇီ၏ အာရုံကို အဖမ်းစားနိုင်ဆုံးမှာ လူငယ်၏ ၁၀စင်တီမီတာ ရှည်သော ဆံပင် ဖြစ်သည်။
"…........"
"စီနီယာနဲ့ အခုတွေ့ဖို့ အဆင်ပြေရဲ့လား"
ထျန်းကျင်းဇီက တခြားသူများကို အနိုင်ကျင့်ရာတွင် အလွန်ဆိုးရွားသော်လည်း ဆိုးသွမ်းသော စီနီယာ ဟဲပီဖုန်း အရှေ့တွင် သတိလက်လွှတ် မပြုမူရဲပေ။
ကလေကချေ လူငယ်က ဘေးဘက်က အမျိုးသား သန့်စင်ခန်းကို ညွှန်ပြကာ ခနဲ့ပြုံး ပြုံးလိုက်သည်။
"စီနီယာက အထဲမှာ မင်းကို စောင့်နေတာ အတော် ကြာပြီ.. ဝင်သွားလိုက်တော့"
ဟဲပီဖန်း၏ တပည့်တပန်း ဖြစ်ပုံရသော လူငယ်၏ သူတို့အပေါ် ဆက်ဆံပုံကြောင့် ထျန်းကျင်းဇီတို့က တအံ့တသြ ဖြစ်ကာ မျက်လုံးများ ပြူးကျယ်သွားသည်။
သူကဲ့သို့ ကျောင်းသားသမဂ္ဂ ဥက္ကဌကို အဆင့်မရှိသည့် ကလေကချေကောင်က မခန့်လေးစား ပြုမူနေသည် မဟုတ်လော။
ထျန်းကျင်းဇီတို့ အဖွဲ့က အမျိုးသား အိမ်သာထဲ ဝင်ရောက်ခြင်းကို ကမ္ဘာသစ်တစ်ခုထဲ ဝင်ရောက်သကဲ့သို့ နက်နဲစွာ ခံစားနေရသည်။