သမိုင်းဆရာ၏ စွမ်းရည် နှင့် လျှပ်စစ်ဝိညာဥ်ဓား
Vol. 3 Ch. 38
ကျောင်းသားများ အချင်းချင်း အတွေ့အကြုံဖလှယ်မှုတွင် ကျောင််းသားများ အပြန်အလှန် ဆွေးနွေးမှုက သေချာပေါက်ပါဝင်သော်လည်း ဆရာများကြား ဆွေးနွေးမှုကလည်း အရေးပါသည်။
နံနက်ခင်း ၈နာရီအချိန်ပင် မရောက်သေးသော်လည်း ဝါရင့်ဆရာသမား ဝမ်က အမှတ်၆၀ အထက်တန်းကျောင်း၏ ခေါင်းဆောင်ဆရာ အနေဖြင့် အစည်းအဝေး တက်ရောက်ရသည်။
ဝါရင့်ဆရာသမား ဝမ်က ခန်းမထဲမှ ဆရာ တစ်ယောက်ကိုမျှ မသိခဲ့ပေ။
တခြားဆရာများက သူ့အကြောင်း တတွတ်တွတ် ပြောနေသော အသံကို မပြတ်မသား ကြားနေရသည်။
၎င်းတို့က သမိုင်းသီအိုရီ ဘာသာရပ်ကို သင်ကြားသော ဆရာများမှာ စာကြမ်းပိုးများသာ ဖြစ်ပြီး သင်ကြားခြင်းမှ လွဲ၍ အရည်အချင်း မရှိသည့် ဆရာဟု ဝိုင်းဝန်း ပြောဆိုနေကြခြင်း ဖြစ်၏။
တကယ်တမ်း ထိုဆရာများမှာ ဆရာအနေနှင့်ရော.. ကျောင်းသားဘဝတုန်းကရော ဝေဖန်ခဲ့ကြသည်။
အထူးသဖြင့် ဓားပျံ နှင့် တာအိုအဆောင် ပညာရပ်ကို လေ့လာနေသော ကျောင်းသားများမှာ သမိုင်းသီအိုရီ ဘာသာရပ်ကို လေ့လာနေသော ကျောင်းသားများကို ရှုတ်ချကြလေ့ ရှိသည်။
ထိုကျောင်းသားများက သမိုင်းသီအိုရီ ကျောင်းသားများကို တုံးအပြီး အရည်အချင်း မရှိသူဟု ခံယူထားကြသည်။
ဝါရင့်ဆရာသမား ဝမ်က ဤအပြုအမူကို ခွဲခြားဆက်ဆံခြင်းဟု အမည်ပေးထားသည်။
ဝါရင့်ဆရာသမား ဝမ်က သူ့ကျောင်းသားဘဝကို တွေးမိပြီး သက်ပြင်းချမိသည်။
သူက အလွန်တည်ငြိမ်သောသူဟု ဆိုရမည်။
သူနှင့် ပတ်သက်သော အတင်းအဖျင်း များကို အတိုင်းသား ကြားနေရသော်လည်း မျက်နှာတစ်ချက်မှ မပျက်သွားခဲ့ပေ။
ဆိုရလျှင် သူ၏ ငယ်ရွယ်နုပျိုသော အချိန်များကို ပြန်သွားရန်လည်း မဖြစ်နိုင်တော့ပေ။
မနက်ခင်း အစည်းအဝေး၏ ဦးစားပေး ဆွေးနွေးမှုမှာ ပန်စီဂိုဏ်းခွဲ၏ ပြောင်းလဲမှု ဖြစ်သည်။
ဤပြဿနာက ဟိုးလေးတကြော် ဖြစ်သွားခဲ့သည်။
ပန်စီဂိုဏ်းခွဲက ဤနယ်မြေကို အုပ်ချုပ်သော ကျင့်ကြံခြင်းရဲဌာနကို အတော်ကလေး စိတ်ဒုက္ခပေးခဲ့သည်။
ယခုတော့ ပန်စီဂိုဏ်းခွဲက တစ်ညတည်းဖြင့် ပြောင်းလဲသွား၍ ဤသတင်းကို ကျောင်းရှိ ဆရာ၊ဆရာမများ နှင့် ကျောင်းသားများက ပြောဆိုနေကြခြင်း ဖြစ်သည်။
"ဆရာမတွေ အသံတိတ်ပေးပါ.. ပုံမှန်ကျင်းပတဲ့ အစည်းအဝေး တရားဝင် စတင်တော့ပါမယ်..."
အစည်းအဝေးကို တာဝန်ယူ ဆောင်ရွက်သောသူမှာ အမှတ်၅၉ အထက်တန်းကျောင်း၏ ဒါရိုက်တာရှဲ့ ဖြစ်သည်။
"အခုလို အားလုံးက အားရပါးရ ဆွေးနွေးနေကြတော့ အားလုံးက အရေးကြီးသတင်းကို ကြားပြီးပြီ ထင်တယ်.. အဖြစ်အပျက်တွေက မြန်ဆန်လွန်းတယ်.. ဒီအခြေအနေကို အခွင့်ကောင်းယူပြီး ပြဿနာရှာချင်တဲ့ ပန်စီဂိုဏ်းသား တချို့ ရှိနေသေးပေမဲ့ ကျောင်းသားတွေ လိမ်လည်ခံရမှာကို စိုးရိမ်ဖို့ မလိုအပ်တော့ဘူး.. အခုလို အစည်းအဝေး ကျင်းပရတဲ့ အဓိက ရည်ရွယ််ချက်က အဘွားသုန် ဦးဆောင်တဲ့ ပန်စီဂိုဏ်းက အထွေထွေ ညီညွှတ်ရေး စီမံခြင်း အဖွဲ့အဖြစ် အသွင်ပြောင်းသွားတာကို ကြေညာပေးချင်လို့ပဲ"
ဒါရိုက်တာရှဲ့၏ စကားလုံးများက ဆရာအချင်းချင်း စိတ်အားထက်သန်စွာ ဆွေးနွေးရသော အကြောင်းအရာ ဖြစ်သွားပြန်သည်။
ဆရာများက သူတို့အမြင်ကို အချင်းချင်း ပြောဆိုကြသည်။
ဝါရင့်ဆရာသမား ဝမ်က တခြားကျောင်းမှ ဆရာများ၏ ထင်မြင်ချက်များကို လေးလေးနက်နက် နားထောင်ပေးနေသည့် မြင်ကွင်းကို ဒါရိုက်တာရှဲ့က သတိပြုမိလိုက်သည်။
ဆရာဝမ်က တခြားသူများ၏ စကားကို တိတ်တဆိတ် နားစွင့်ပြီး အေးအေးလူလူ ခေါင်းညိတ်လျက် ပြုံးနေသည်။
ဒါရိုက်တာရှဲ့က ဆရာဝမ်၏ အပြုအမူကို ကြည့်ပြီး ပူထူသော ခံစားချက်များ ဖြစ်ပေါ်လာသည်။
သူမက ထိုသို့ ဖြစ်ပေါ်လာရသည့် အကြောင်းရင်းကို မသိခဲ့ပေ။
အဘွားသုန်တို့ အဖွဲ့က ညီညွတ်ရေးအဖွဲ့ အဖြစ် ပြောင်းလဲသွားခြင်းသည် အကျိုးရှိသော ဖြစ်တည်မှု ဖြစ်၍ အမှတ်၆၀ အထက်တန်းကျောင်းမှ ဆရာက ခေါင်းညိတ် ထောက်ခံနေခြင်းဟု သူမ ထင်မြင်မိသည်။
ယင်းအချိန်တွင် အမျိုးသား ဆရာတစ်ဦးက ဝင်ရောက်ဆွေးနွေးလိုက်သည်။
"ပန်စီဂိုဏ်းက အရင်တုန်းကဆိုရင် မကောင်းမှုတွေ အများကြီးကို ကျူးလွန်ခဲ့ပြီး လူမှုပတ်ဝန်းကျင်ကို အနှောင့်အယှက်ပေးခဲ့သလို သူတို့ ကျင်လည်နေတဲ့ ပတ်ဝန်းကျင်က ကျောင်းသားနဲ့ ဆရာတွေကို ပြဿနာရှာလို့ ငွေကြေးပိုင်းဆိုင်ရာ ဆုံးရှုံးနစ်နာခဲ့ရတယ်.. အခုလို ညီညွှတ်ရေးအဖွဲ့ အဖြစ် ပြောင်းလဲလိုက်တော့ ပိုကောင်းသွားတာပေါ့.. သူတို့က ပန်စီဂိုဏ်းကိစ္စကို ဖြေရှင်းပေးပြီး လူမှုပတ်ဝန်းကျင်က ဆိုးရွားတဲ့ အပြုအမူတွေကို စောင့်ကြည့်ပေးမယ် ဆိုတော့ ဒါက ကောင်းသော ပြောင်းလဲခြင်းလို့ ကျွန်တော် ထင်တယ်"
အမျိုးသားဆရာ၏ စကားအဆုံးတွင် ဆရာမတစ်ဦးက ပြင်းပြင်းထန်ထန် ကန့်ကွက်လိုက်သည်။
"ဘာတွေများ ကောင်းနေလို့လဲ.. သူတို့က တခြားနည်းလမ်းနဲ့ လူတွေကို လိုက်နှောင့်ယှက်နေတာပဲလေ.. ဒီမနက် အလုပ်လာတဲ့လမ်းမှာ မီးဝါ ဖြတ်လို့ ဆိုပြီး အဘွားကြီးတစ်ယောက်က ငါ့ကို အချိန်အကြာကြီး ဩဝါဒ ထခြွေခဲ့တယ်.. ဒီအဘွားကြီးကြောင့် ငါစီးလာတဲ့ ဝိညာဥ်ဓားက အားကုန်သွားခဲ့ပြီး အလုပ်နောက်ကျလု နီးပါး ဖြစ်ခဲ့ရတယ်"
သူမ ဘေးနားက ဆရာမက ချက်ချင်း အံ့သြသွားသည်။
"ဆရာမလင်းရဲ့ ဝိညာဉ်ဓားက လျှပ်စစ်အားကို သုံးတာလား"
"ဟုတ်တယ်လေ.. နောက်ပိုင်း ညဉ့်နက်တဲ့အထိ အိမ်စာတွေ စစ်ရတော့ အားအင်ကုန်ခမ်းသလို ခံစားရတယ်.. ငါ အသစ်ဝယ်ထားတဲ့ လျှပ်စစ်သုံး ဝိညာဉ်ဓားက တော်တော်ကောင်းတယ်.. ငါ့ စိတ်ဝိညာဉ်စွမ်းအားကို ချွေတာရာရောက်တယ်.. ဒါကြောင့်လည်း နေ့တိုင်း လန်းလန်းဆန်းဆန်းနဲ့ ကျောင်းလာနိုင်တာပေါ့"
ဆရာမက သူ့ဆံပင်ကို ဝင့်ကြွားစွာ သပ်လိုက်သည်။
"အရေးကြီးဆုံးကတော့ အားသွင်းဖို့ အချိန် ငါးမိနစ်ပဲ လိုအပ်တယ်.. တစ်ခါ အားသွင်းထားရင် ၂နာရီလောက် အသုံးခံတယ်.. ဒါကြောင့်မို့ လူတိုင်းကို သုံးကြည့်ဖို့ အပြည့်အဝ ထောက်ခံချင်တယ်"
"တကယ်လား.. အရမ်းမိုက်တာပေါ့.. အဲဒါကို ဘယ်နေရာက ဝယ်လာတာလဲ"
"ဒီဓားကို ထျန်းမြောင် နဲ့ ကျင်းရှီမှာ ဝယ်လို့ရတယ်"
"အရမ်းဈေးကြီးလား"
"ထျန်းမြောင်မှာဆိုရင် အကြွေးဝယ်ကတ်နဲ့ ဝယ်လို့ရတယ်။ ကျင်းရှီမှာဆိုရင် စာချုပ်မှာ ကတိလက်မှတ် ထိုးပြီး ဝယ်လို့ရတယ်.. ဒီစနစ်နှစ်မျိုးစလုံးက အရမ်းကို အသုံးဝင်တယ်"
"..........."
"အကြွေးဝယ်တာကိုများ အရှက်မရှိ ပြောနေကြတယ်လား"
ဒါရိုက်တာရှဲ့၏ မျက်နှာက ချက်ချင်းပင် မည်းမှောင်သွားသည်။
ဤလူတစ်စုက အပြင်လူ အရှေ့တွင် စကားကို လက်လွှတ်စပယ် ပြောဆိုနေ၏။
ယင်းမှာ မည်သို့သော အပြုအမူနည်း။
ဒါရိုက်တာ ရှဲ့ဟွိုက်ချွန်းက ဝါရင့်ဆရာသမားကို ဖျတ်ခနဲ ကြည့်လိုက်သည်။
သူမ၏ နှုတ်ခမ်းထောင့်များက တွန့်ကွေးသွားသည်။
တခြားကျောင်းမှ ဆရာက ဘာမှ မပြော၍ ကံကောင်းသွားသည်။
သို့မဟုတ်လျှင် အရှက်ရဖွယ် ဖြစ်ရပ် ဖြစ်လာလိမ့်မည်။
ဒါရိုက်တာရှဲ့က သူမ၏ ဒေါသကို ထိန်းချုပ်ရန် ကြိုးစားပြီး တိုးညင်းသော အသံဖြင့် သတိပေးသည်။
"ဆရာတွေအားလုံး အာရုံစိုက်ကြပါ.. အဓိကလိုရင်းကို လွဲမသွားပါစေနဲ.. ဒါက ကျင့်ကြံခြင်း ကျောင်း၁၀၀ကို အုပ်ချုပ်တဲ့ ညွှန်ကြားရေးမှူးရဲ့ အမိန့်ပါ.. လူတိုင်း လေးလေးနက်နက် သဘောထားပေးဖို့ မျှော်လင့်ပါတယ်"
ညွှန်ကြားရေးမှူးတွင် အာဏာရှိနေသေး၍ ဒါရိုက်ရှဲ့၏ စကားသံကို ကြားပြီးနောက် ဆူညံနေသော ဆရာ၊ ဆရာမများမှာ ချက်ချင်း အသံတိတ်သွားသည်။
သူတို့က ဝါရင့်ဆရာသမား ဝမ်ကို ကျေးဇူးတင်သော အကြည့်ဖြင့် တစ်ပြိုင်နက်တည်း ကြည့်ကြသည်။
တခြားကျောင်းများမှ ဆရာ ရှိနေ၍ ဒါရိုက်တာရှဲ့က ယဉ်ယဉ်ကျေးကျေး ပြောဆို ဆက်ဆံလိမ့်မည် မဟုတ်လော။
ကျောင်းတွင်း ပုံမှန်အစည်းအဝေး ဖြစ်နေလျှင် ဒါရိုက်တာ့ရှဲက တခြားသူများကို အာဏာသုံး၍ ခြိမ်းခြောက်ရန် လိမ့်မည် ဖြစ်သည်။
ဝမ်လင်းတို့အဖွဲ့ အမှတ်၅၉ အထက်တန်းကျောင်းကို ခြေမချခင်က ကျောင်း၏ အပျက်စီးဆုံး ကျောင်းပိုင်ပစ္စည်းမှာ ဆရာများ အစည်းအဝေးခန်းရှိ စားပွဲခုံများ ဖြစ်သည်။
ဒါရိုက်တာရှဲ့က ဒေါသ မထိန်းချုပ်နိုင်တိုင်း စားပွဲခုံများကို ရိုက်ချိုးလေ့ ရှိသည်။
ယခုမြင်တွေ့နေရသော ထောင့်မှန်စတုဂံပုံ စားပွဲခုံမှာ လွန်ခဲ့သော ၂ရက်ကျော်ကမှ အသစ်ဝယ်ထားခြင်း ဖြစ်သည်။
အခြေအနေ တည်ငြိမ်သွားမှ ဒါရိုက်တာရှဲ့က တိတ်တဆိတ် သက်ပြင်းချလိုက်သည်။
ထျန်းကျင်းဇီ ဦးဆောင် ကျင်းပသော ကျောင်းသားချင်း အတွေ့အကြုံ ဖလှယ်ပွဲက ဖရိုဖရဲ အခြေအနေကို ပြန်တွေးမိလျှင် ဒါရိုက်တာရှဲ၏ နှလုံးသားထဲ အကြောက်တရားများ ဖြစ်ပေါ်လာသည်။
လူတိုင်းတွင် စွန်းရုံလို သံလိုက်ကဲ့သို့ ဆွဲဆောင်နိုင်သော စွမ်းရည် မရှိခြင်းက ကံကောင်းသွားသည်။
ဝါရင့်ဆရာသမား ဝမ်က စွန်းရုံကို အံ့တုနိုင်သော စွမ်းရည် မရှိနိုင်ပေ။
သို့သော်လည်း ဝမ်လင်းက ဝါရင့်ဆရာသမား၏ ထူးကဲသော ကိုယ်ရည်ကိုယ်သွေးကို ခံစားမိသည်။
အမှတ်၅၉ အထက်တန်းကျောင်းသို့ ဆရာဝမ် ရောက်မလာခင်ကတည်းက ဒါရိုက်တာရှဲ့မှာ ဝတုတ် ကျောင်းဆရာ၏ နောက်ကြောင်းကို စုံစမ်းထားသည်။
ဝတုတ်ဆရာက အမှတ်၆၀ အထက်တန်းကျောင်းတွင် ဆရာအလုပ်ကို ၁၀စုနှစ်ကျော် လုပ်ကိုင်ခဲ့ပြီး နှစ်တိုင်း အသိအမှတ် ပြုခံရသော ဆရာ ဖြစ်ခဲ့သည်။
သူက ကျောင်းသားများ ရှေ့ရော နောက်ကွယ်တွင်ပါ သဘောထားပြည့်ဝသော ဆရာအဖြစ် နာမည်ကျော်ပြီး ကျောင်းသားများ၏ အာရုံကို ဆွဲဆောင်နိုင်သော စွမ်းရည်ရှိသည်။
တကယ်တမ်း အဓိက အကြောင်းအရင်းမှာ ကိုယ်ရည်ကိုယ်သွေးနှစ်မျိုးကို ပြောင်လဲနိုင်စွမ်း ရှိ၍ ဖြစ်သည်။
ပုံမှန်အားဖြင့် ကျောင်းသားများ အရှေ့ရောက်လျှင် အတင်းအဖျင်း ပြောသော ပုံစံမျိုးဖြင့် စတင်လေ့ရှိပြီး ကြင်နာဖော်ရွေတတ်သော အမူအရာများဖြင့် နေထိုင်လေ့ရှိသည်။
သို့သော် ဆရာများ၏ ပုံမှန်အစည်းအဝေး ရောက်လျှင်မူ လေးနက်တည်ငြိမ်သော အမူအရာ အဖြစ်သို့ ပြောင်းလဲသွားသည်။
အရိုးသားဆုံး ပြောရလျှင် ဝမ်လင်းက ဆရာဝမ်၏ ဒုတိယကိုယ်ရည်ကိုယ်သွေးကို ပို၍ သဘောကျသည်။
သူ နှစ်သက်သည့် သိုသိုသိပ်သိပ် နေထိုင်သော အပြုအမူများကို ဆရာဝမ်၏ ဒုတိယ ကိုယ်ရည်ကိုယ်သွေးမှ သင်ယူနိုင်သည် မဟုတ်လော။
သို့သော်လည်း ဤကဲ့သို့ ကိုယ်ရည်ကိုယ်သွေး ကွဲပြားခြားနားမှုကို မကြာခဏ မမြင်တွေ့ရပေ။
ယခုလိုမျိုး ခွဲခွဲခြားခြား သိနိုင်ခြင်းမှာ ဝါရင့်ဆရာသမား အဆောင်မှ ထွက်ခွာစဉ်က ကောင်းကင်မျက်လုံးကို အသုံးပြု၍ စူးစမ်းခဲ့ခြင်းကြောင့် ဖြစ်သည်။
.................
နံနက်ခင်း လေညင်းလေးက ပြတင်းပေါက်မှ တဆင့် တိုက်ခတ်နေပြီး ဆရာဝမ်၏ ဖရဲသီးအရွယ် ဦးခေါင်းမှ သေသပ်စွာကျနသော ဆံမြိတ်ကို နှောင့်ယှက်နေသည်။
ဒါရိုက်တာရှဲ့က တခဏမျှ ငေးကြည့်နေမိပြီး ဝတုတ်ဆရာက တစ်မျိုးလေး ချစ်စရာကောင်းသည်ဟု ခံစားမိသည်။
ဆရာ ဝမ်က ဒါရိုက်တာရှဲ့၏ ပုံရိပ် ထင်ဟပ်နေသော စားပွဲခုံ မျက်နှာပြင်ကို မျက်တောင်မခတ် ငေးစိုက်ကြည့်နေသည်။
၎င်းမြင်ကွင်းကြောင့် ဒါရိုက်တာရှဲ့ အတွေးလွန်သွားသည်။
"သူက ငါ့အရိပ်ကို ဘာလို့ ကြည့်နေတာလဲ.. သူက ငါ့ကို စိတ်ဝင်စားနေတယ်လို့ မပြောနဲ့နော်..ငါ့ကို ကြိုက်နေတာများလား.. မဟုတ်ရင် ဘာလို့ ငါ့ကို စိုက်ကြည့်နေမှာလဲ"
".........."
ဝါရင့်ဆရာသမား ဝမ်က စားပွဲခုံကို ငေးကြောင်ကြည့်နေသည်။
ဝမ်လင်းက သူ့ကို လှောင်ပြောင်နိုင်သော ခွန်အား ကင်းမဲ့နေသည်။
ဆရာဝမ်ကို တကယ်ပင် လေးစားမိသည်။
အစည်းအဝေး အခန်းထဲတွင် မည်သူက တခြားသူ၏ မျက်နှာကို မျက်တောင်မခတ်ဘဲ ငေးကြည့်ရဲမည်နည်း။
ဤသည်မှာ မယဉ်ကျေးသည့် သဘော သက်ရောက်နိုင်သည် မဟုတ်လော။
ဒါရိုက်တာရှဲ့ဟွိုက်ချွန်း၏ အပြုအမူကို ကြည့်ပြီး ဝမ်လင်း ဒွိဟ ဖြစ်သွားသည်။
ဤအပြုအမူက အဒေါ်ကြီးအရွယ် အပျိုကြီး၏ ချစ်စိတ်ဖူးပွင့်နေသော အခိုက်အတန့်လော။
"မဟုတ်သေးပါဘူး"
သူက တခြားနည်းလမ်းဖြင့် စဉ်းစားမိသည်။
ဝါရင့်ဆရာသမား ဝမ်က စွန်းရုံနှင့် ခြားနားသော တခြားစွမ်းရည်ကို ပိုင်ဆိုင်ထားပုံ ရသည်။
စွန်းရုံက အနီးအနားရှိ ဖြတ်သွားဖြတ်လာများကို ညှို့ယူနိုင်သော စွမ်းရည် ရှိသလို ဝါရင့်ဆရာသမားတွင်လည်း အဒေါ်ကြီးများကို ညှို့ယူဖမ်းစားနိုင်သော စူပါစွမ်းရည် ရှိပုံရသည်။
ဤသို့ဖြင့် ငါးမိနစ်ခန့် ကုန်လွန်သွားခဲ့သည်။
.................
ဒါရိုက်တာရှဲ့က စကားတစ်ခွန်းမျှ မပြောဘဲ ဝါရင့်ဆရာသမား ဝမ်၏ မျက်နှာကို ငေးစိုက်ကြည့်လိုက်သည်။
သူမ အတော်လေး ရှက်ရွံ့နေ၏။
ဆရာဝမ်က စားပွဲခုံကို အချိန်အတော်ကြာအောင် ငေးစိုက်ကြည့်နေသောကြောင့် ရှက်သွေးဖြာလာခြင်း ဖြစ်သည်။
အမျိုးသားတစ်ယောက်က သူမကို အချိန်အတော်ကြာ ငေးကြည့်နေခြင်းကို ပထမဆုံးအကြိမ် ကြုံဖူးခြင်း ဖြစ်သည်။
လူတိုင်းက ဒါရိုက်တာရှဲ့၏ အကြည့်နောက်ကို လိုက်ပါကြည့်ရှုပြီး ဆရာ ဝမ်ကို တိတ်တဆိတ် ငေးကြည့်လိုက်ကြသည်။
အမြင်စူးရှသော ဆရာမ တချို့က ဒါရိုက်တာရှဲ့ ရှက်ကိုးရှက်ကန်း ဖြစ်နေခြင်းကို သတိပြုမိလိုက်သည်။
၁၀မိနစ်ခန့် ကုန်ဆုံးသွားပြန်သည်။
အပ်ကျသံပင် ကြားနိုင်သည်အထိ အသံက တိတ်ဆိတ်နေသည်။
ထို့နောက် မိနစ်၂၀ခန့် အချိန်ကုန်သွားသည်။
…..............
ဝမ်လင်း"........."
ဝါရင့်ဆရာသမား ဝမ်၏ ဆံပင်က လေညင်းနှင့် အပြိုင် လှုပ်ခတ်နေသည်။
သူက နူးညံ့ချိုသာသော မျက်ဝန်းအကြည့်ဖြင့် ဒါရိုက်တာရှဲ့ကိုကြည့်ကာ
"ဒါရိုက်တာရှဲ့.. ကျနော့်ကို မေးချင်တဲ့ မေးခွန်းများ ရှိသလား"
ဆရာဝမ်၏ ညို့ငင်နိုင်သော အသံက ဒါရိုက်တာရှဲ့ကို ရုတ်တရက် မှင်တက်သွားစေ၏။
ထိုအခါမှသာ သူမက ဆရာဝမ်ကို ဘာဆိုဘာမှ မမေးရသေးကြောင်း သတိပြုမိလိုက်သည်။
ဒါရိုက်တာရှဲ့၏ မျက်နှာက နီရဲသွားသည်။
"အယ်.. ဆရာဝမ် အားနာလိုက်တာရှင်"
ဆရာအားလုံးက မှင်တက်ကာ ဆွံ့အနေမိသည်။
မည်သို့သော မြင်ကွင်းကို သူတို့အားလုံး မြင်တွေ့ခဲ့ရပါသနည်း။"
ထိုအရာက အမှန်တကယ်မှ ဟုတ်ပါလေစ။
သူတို့ အထက်တန်းကျောင်း၏ ဒေါသအိုးဟု နာမည်ကျော်သော ဒါရိုက်တာရှဲ့က တခြားကျောင်းမှ ဆရာကို တောင်းပန်စကား ပြောနေသည့်အပြင် မျက်နှာက ရှက်ကိုးရှက်ကန်း ဖြစ်နေခဲ့သည်။
ထို့အပြင် ဒါရိုက်တာရှဲ့က သမိုင်းသီအိုရီ ဘာသာရပ် သင်ကြားသော ဆရာဝတုတ်ကို မြင်မြင်ချင်း ချစ်မြတ်နိုးဟန် ပြုမူနေသေးသည်။
ဝမ်လင်းလည်း ဆရာများ နည်းတူ ငေးကြောင် ကြည့်နေမိသည်။
"........."
ဝါရင့်ဆရာသမား ဝမ်က တည်ငြိမ်စွာ ခေါင်းညိတ်သည်။
ယခုအခါတွင် ဆရာဝမ်က တစ်နေ့တာ အချိန်ကုန်မြန်သည်ဟု ခံစားနေရသည်။
အခြေအနေက ကိုးရိုးကားရား နိုင်သော်လည်း အချိန်ကို အကျိုးရှိအောင် အသုံးချသင့်သည်ဟု ခံစားမိသည်။
ဝါရင့်ဆရာသမား ဝမ်က ခေါင်းအနည်းငယ် စောင်းငဲ့လိုက်ပြီး ပြတင်းပေါက် အပြင်ဘက်သို့ ငေးကြည့်လိုက်သည်။
ယင်းအချိန်တွင် ဆရာဝမ် ထပ်ပြောလိုက်သော စကားလုံးများက လူတိုင်း၏ နှလုံးသားကို တုန်လှုပ်စေခဲ့သည်။
"ဒီနေ့ လေတော်တော် တိုက်တယ်နော် …"
အစည်းအဝေးခန်းထဲမှ ဆရာဆရာမများ အားလုံး မအံ့ဩဘဲ မနေနိုင်တော့ချေ။
ခန်းမထဲရှိ အခြေအနေက တမျိုးတမည် ထူးဆန်းနေသော်လည်း ဆရာဝမ်က အတော်လေး တည်ငြိမ်မှု ရှိနေသည်။
သို့မဟုတ် မိမိတို့အားလုံး နှုတ်ဆိတ်နေကြသည်ကို ဆရာဝမ်က တမင်တကာ ရွှဲ့ပြောလိုက်လေသည်လော။