ဝမ်လင်းအတွက် အန္တရာယ်ရှိသော ရေဒီယိုကျွမ်းဘားအားကစား
Vol. 3 Ch. 39
ဝါရင့်ဆရာသမား ဝမ်၏ ဇာစ်မြစ်က အတော်လေး လျှို့ဝှက်ဆန်းကြယ်သည်။
ဆရာဝမ်က စွန်းရုံ အရှေ့တွင် သူ၏ စစ်မှန်သော ခွန်အားကို ထုတ်ဖော်ခဲ့သည့် နေ့ရက်ကတည်းက စွန်းရုံက ဝါရင့်ဆရာသမား၏ နောက်ကြောင်းကို တိတ်တဆိတ် စုံစမ်းခဲ့သည်။
သို့သော် ထူးဆန်းသည်မှာ မည်သည့် သတင်းအချက်အလက်ကိုမျှ စုံစမ်း၍ မရခြင်းပင်။
စွန်းရုံ၏ မိသားစု နောက်ခံဖြင့်ပင် စုံစမ်း၍မရလျှင် တခြားသူများ အနေဖြင့် ဆရာဝမ်၏ နောက်ကြောင်းကို စုံစမ်းရန် ပို၍ ခက်ခဲပေလိမ့်မည်။
တကယ်တမ်း ဝမ်လင်းက ဆရာဝမ်၏ နောက်ကြောင်းကို စုံစမ်းချင်လျှင် နည်းလမ်းမျိုးစုံ ရှိသည်။
ကြီးမြတ်သော မန္တန်သုံးထောင် အနက် တစ်ခုဖြစ်သည့် ကြီးမြတ်သော ပြန်လည်ဆင့်ခေါ်ခြင်း မန္တန်တွင် စွမ်းရည်အများအပြား ရှိသည်။
ထိုမန္တန်တွင် "မှတ်ဉာဏ် အစားထိုးခြင်း" "မှတ်ဉာဏ်ဖျက်သိမ်းခြင်း" နှင့် "မှတ်ဉာဏ် ပြန်လည်ဖော်ဆောင်ခြင်း" ကဲ့သို့ စွမ်းရည်များစွာ ပါဝင်သည်။
ဝမ်လင်းက ဆရာဝမ်၏ မှတ်ဉာဏ်ကို ယခင်က လေ့လာဆန်းစစ်ခဲ့ဖူးသည်။
ထိုအခိုက်တွင် ဆရာဝမ်၏ မှတ်ဉာဏ်အပိုင်းအစ တချို့က ချိတ်ပိတ်ထားသည်ကို တွေ့လိုက်ရသည်။
ဝမ်လင်းသာ အတင်းအကြပ် စူးစမ်းမည်ဆိုလျှင် ဆရာဝမ်က စိတ်ပိုင်းဆိုင်ရာကို ထိခိုက်သွားလိမ့်မည် ဖြစ်သည်။
ထို့ကြောင့် အဆုံးသတ်တွင် ဝမ်လင်းက သူ၏ စူးစမ်းလိုစိတ်ကို စွန့်လွှတ်ခဲ့ရသည်။
သို့ရာတွင် ဆရာဝမ်၏ နောက်ကြောင်းကို တူးဖော်နိုင်သော တခြား နည်းလမ်းများလည်း ရှိပါသေးသည်။
သာဓကအနေဖြင့် ပြရလျှင် ကျောင်းအုပ်ကြီးချန်း နှင့် ဒါရိုက်တာရှီး တို့၏ မှတ်ဉာဏ်မှ တဆင့် စုံစမ်းကြည့်နိုင်၏။
၎င်းတို့က အမှတ်၆၀ အထက်တန်းကျောင်း၏ ကျောင်းခေါင်းဆောင်များ ဖြစ်သောကြောင့် ဝါရင့်ဆရာသမား ဝမ်၏ နောက်ကြောင်းကို သိနိုင်လောက်သည် မဟုတ်လော။
သို့သော် ဝါရင့်ဆရာသမား ဝမ်က သူ၏ နောက်ကြောင်းကို ဖုံးကွယ်ရန် ဆုံးဖြတ်ထား၍ ဝမ်လင်းက သူတပါး နောက်ကြောင်းကို စေ့စေ့စပ်စပ် မစုံစမ်းလိုတော့ပေ။
ဆရာဝမ်၏ ဇစ်မြစ်က ဝမ်လင်းကို ထူးခြားသော ခံစားချက် ဖြစ်ပေါ်စေသည်။
ဆရာဝမ်က အတင်းအဖျင်း ပြောဆိုရခြင်းကို နှစ်သက်ပြီး တစ်ခါတရံတွင် ရယ်စရာများ ပြောဆိုတတ်သော်လည်း တစ်ခါတရံတွင်မူ လူကြီးလူကောင်း ဆန်နေပြန်သည်။
တကယ်တမ်း ဤအပြုအမူက စာသင်ကြားသော အတွေ့အကြုံရင့် ဆရာတစ်ဦးတွင် ရှိသင့်ရှိထိုက်သော အပြုအမူ ဖြစ်သည်။
ယင်းမှာ သင်ကြားရေးကို အထောက်အပံ့ ဖြစ်စေရန် ကျောင်းသား ဗဟိုပြု ချဉ်းကပ်နည်း မျိုးစုံကို အသုံးပြုထားခြင်း ဖြစ်သည်။
ဆိုရလျှင် ဝါရင့်ဆရာသမား ဝမ်က သူ့နောက်ကြောင်းကို ဖုံးဖိရန် အသေအချာ အားထုတ်ထားခဲ့သည်။
…..................
ဆရာများ၏ အစည်းအဝေး ပြီးဆုံးပြီးနောက်တွင် ဝမ်လင်းက ဆရာဝမ်၏ စိတ်နေသဘောထားကို နက်နက်ရှိုင်းရှိုင်း နားလည်သွားခဲ့သည်။
ဝါရင့်ဆရာသမား ဝမ်က အဒေါ်ကြီးများ၏ နှလုံးသားကို ကိုင်လှုပ်နိုင်သော အရည်အချင်း ရှိသည်။
ထို့ကြောင့် ဆရာဝမ်က"အနုပညာမြောက် လူငယ်နှင့် စာပေမိန်းမပျို" အမည်ရှိသော စာအုပ်ကို ရေးသားသင့်သည်ဟု ဝမ်လင်း ခံစားမိသည်။
ဆရာဝမ်သာ ပညာမလျှိုဘဲ ရေးသားမည်ဆိုလျှင် သူ၏ အနုပညာလက်ရာအောက်၌ ကမ္ဘာပေါ်ရှိ သက်လတ်ပိုင်းအရွယ် အမျိုးသမီးအားလုံး ကြွေဆင်းသွားလောက်သည်ဟု သူထင်မိသည်။
ထိုကဲ့သို့ တွေးတောနေသော်လည်း ချစ်ခြင်းမေတ္တာနှင့် ပတ်သက်လျှင် ဝမ်လင်းက နကန်းတစ်လုံးမှ နားမလည်ဟု ဆိုနိုင်သည်။
ငယ်ရွယ်သော မိန်းမပျိုဖြစ်စေ.. အဒေါ်အရွယ်ဖြစ်စေ.. ကိုယ်တိုင် ဗျူဟာခင်းတတ်သည့် မိန်းမ အမျိုးအစားမှာ တကယ်ကို ကြောက်စရာကောင်းသည် မဟုတ်လော။
ဤသည်မှာ ဝမ်လင်း၏ စိတ်ကူးမျှသာ ဖြစ်သည်။
…...........
စုန့်ဟိုင်မြို့၏ နွေဦးရာသီ အစောပိုင်းကာလသည် အနည်းငယ် ချမ်းအေးနေသေးသည်။
၎င်းမြို့က အေးခဲ ပင်လယ်ပြင် နှင့် အလွန်အမင်း နီးကပ်သည်။
ယခုလို နှစ်တစ်နှစ်၏ အချိန်အခါ ရောက်လျှင် တခြား မြို့များထက် နွေဦး အဝင် နောက်ကျပြီး ဆောင်းရာသီ ဝင်ရောက်ခြင်းက စောလေ့ရှိသည်။
အေးခဲပင်လယ်ပြင်၏ လေအေးများက အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူများ၏ အခြေခံအုတ်မြစ်ကို မတည်မငြိမ် ဖြစ်စေသည်ဟု တချို့သော ကျွမ်းကျင်ပညာရှင်များက ယုံကြည်ကြသည်။
အဆုံးသတ်တွင် ကျောင်းသားများ၏ အခြေခံအုတ်မြစ် ဘေးကင်း လုံခြုံရေးအတွက် ပင်မကောလိပ် နှင့် တက္ကသိုလ်များက ကျောင်းဖွင့်ပြီး အတော်ကြာသည် အထိ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းများကို ရပ်နားထားသည်။
ဝမ်လင်းကမူ ဤပြဿနာကို သဘာဝ အလျောက် ရှောင်တိမ်းနိုင်ခဲ့သည်။
သို့သော် စိတ်မကောင်းစရာမှာ စုန့်ဟိုင်မြို့က ယနေ့တွင် ရုတ်တရက် ပူနွေးလာခြင်းပင်။
....…..............
ဝါရင့်ဆရာသမားဝမ် တက်ရောက်သော အစည်း အဝေး ပြီးဆုံးပြီးနောက် ကျောင်းအသံလွှင့်ဌာနက အသံလွှင့်ခြင်းကို ၉နာရီ ၃၀မိနစ်ခန့်တွင် စတင်ခဲ့သည်။
အတန်းခေါင်းဆောင်များ၏ ဦးဆောင်မှုဖြင့် ကျောင်းသားများက အားကစားကွင်းတွင် တန်းစီခဲ့ကြသည်။
အမှတ်၆၀ အထက်တန်းကျောင်းမှ ကျောင်းသား ၅ဦးကလည်း အားကစားကွင်းရှိ နောက်ဆုံးတန်းတွင် သီးသန့် နေရာယူထားသည်။
ဝမ်လင်းက ထုံးစံအတိုင်း နောက်ဆုံးတွင်သာ နေရာယူထားသည်။
ရေဒီယိုကျွမ်းဘား အားကစားနည်းသည် ဟွာရှို့နိုင်ငံ တည်ထောင်ခဲ့သော နှစ်တစ်ထောင်ကျော်ခန့် တည်းက ဖွံ့ဖြိုးလာခဲ့ပြီး ကမ္ဘာနှင့်အဝန်း ပျံ့နှံ့နေသော အားကစား ဖြစ်သည်။
လေ့ကျင့်ခန်း အမည်များမှာလည်း မယုံနိုင်လောက်အောင် အံဩစရာကောင်း၏။
"တက်သစ်စနေမင်း" မှသည် "နေမင်း၏ မျိုးဆက်များ" အထိ
"သိမ်းဌက် ပျံတက်ခြင်း" မှသည် "ခွန်ပန်တောင်ပံဖြန့်ခြင်း" အထိ
"တက်ကြွသောလူငယ်" မှသည် "အုတ်မြစ်တည်ဆောက်ရန် စိတ်အားပြင်းပြခြင်း" အထိ
"ကခုန်နေသောလူငယ်" မှသည် "ဝူရှူးစကြဝဠာ"ထိ
ရေဒီယိုကျွမ်းဘား အားကစားနည်းက အများပြည်သူပိုင်ရင်ပြင်များတွင် အုပ်စုလိုက် ကစားကြလေ့ ရှိသည့် ကစားနည်းမျိုး ဖြစ်သော်လည်း ကျင့်ကြံခြင်း လမ်းကြောင်း ထဲသို့ တဖြည်းဖြည်းနှင့် ရောက်ရှိစေနိုင်သည်။
ရေဒီယိုကျွမ်းဘား အားကစားနည်း၏ ဆန်းကြယ်သော အမည်များကြောင့်လည်း ထိုအားကစားနည်းမှာ လူသိများလာသည်ဟု လူတချို့က ယူဆကြသည်။
ဥပမာအားဖြင့် လူကြိုက်များသော ရေဒီယိုကျွမ်းဘားအားကစားနည်း၏ အမည်မှာ "ပြီးပြည့်စုံသောကမ္ဘာ" ဖြစ်ပြီး လေ့ကျင့်ခန်းပေါင်း ၂၅၀ ပါဝင်သည်။
နာမည်လှလှသာ ပေးတတ်လျှင် ဟွာရှို့နိုင်ငံတွင် အံ့သြဖွယ်ကောင်းသော အနာဂတ်ကို ဖန်တီးရန်အတွက် အကန့်အသတ် မရှိသော မျှော်လင့်ချက်ကို မြင်နိုင်သည်။
ဝမ်လင်းက အမှတ်၅၉ အထက်တန်းကျောင်း၏ အသံလွှင့် စပီကာကို တမင်တကာ ဖျက်ဆီးခဲ့သော်လည်း ကျောင်းတွင် သံစုံတီဝိုင်း ရှိနေလိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ။
အမှတ်၅၉ အထက်တန်းကျောင်း၏ ဂီတဌာနမှ ဆရာများက သူတို့ ပိုင်ဆိုင်ထားသည့် တူရိယာများကို အသုံးပြုကာ ကျောင်းသားများ၏ ရှေ့တွင် ကြီးကျယ်ခမ်းနားသော မြင်ကွင်းကို ဖန်တီးခဲ့ကြသည်။
"…......."
"ဒါက အမှန်တကယ် လူက တီးခတ်တာ ဆိုပေမဲ့ ဘုရားသခင်ရဲ့ဆန္ဒပဲ"
ဝမ်လင်းက ဤမြင်ကွင်းကို ကြည့်ရှုကာ သက်ပြင်းချလိုက်သည်။
သူတို့က မှော်ဆန်သော သံစဉ် နှင့် အတူ "ပြီးပြည့်စုံသောကမ္ဘာ"တွင်ပါဝင်သော လေ့ကျင့်ခန်း ၂၅၀ကို စတင်ရန် ပြင်လိုက်ကြသည်။
ကာယဆရာက တစ်ယောက်က စင်မြင့်ပေါ်မှာ မတ်တတ်ရပ်လိုက်ပြီး ခြင်္သေ့ဟိန်းသံ မန္တန်ကို အသုံးပြု၍ အသံကိုချဲ့ကာ ကြွေးကြော်လိုက်သည်။
"ကျောင်းသူကျောင်းသား အားလုံး.. ဆရာနဲ့ အတူတူ "ပြီးပြည့်စုံသောကမ္ဘာ"အတွက် သွေးပူစလုပ်ကြမယ်.. တစ်၊ နှစ်၊ သုံး၊လေး၊ ငါး၊ ခြောက်၊ ခုနစ်၊ ရှစ်.. ရှစ်၊ ခုနစ်၊ ခြောက်၊ ငါး၊ လေး၊သုံး တစ်မျိုးပြောင်း"
ရေဒီယိုကျွမ်းဘား အားကစားနည်းတွင် လေ့ကျင့်ခန်း အမည်များစွာ ရှိသော်လည်း သွေးပူကစားနည်းကမူ များစွာ ပြောင်းလဲခြင်း မရှိပေ။
သွေးပူလေ့ကျင့်ခန်းတွင် ရင်ဘတ်ကြွက်သားများကို ကျုံ့ခြင်း၊ ဆန့်ခြင်းကို အများဆုံး လုပ်ဆောင်ရသည်။
ဝမ်လင်းက သူ့ကြွက်သားများ နှင့် အရိုးများကို ဆွဲဆန့်ရသော လေ့ကျင့်ခန်းများကို လက်သင့်ခံနိုင်သေးသည်။
ထိုလေ့ကျင့်ခန်းက လှုပ်ရှားမှုကို လုပ်ဆောင်ရသော်လည်း ခွန်အားအများအပြား အသုံးပြုရန် မလိုအပ်ပေ။
သို့သော် ကန်ကျောက်ခြင်း နှင့် ခုန်လွှားခြင်း ကဲ့သို့ လေ့ကျင့်ခန်းများက သူ့အတွက် အဆင်မပြေနိုင်ပေ။
ထို့အပြင် သူ့လက်မောင်းပေါ်မှ တာအိုအဆောင်၏ စွမ်းအားက သိသိသာသာ လျော့ကျနေခဲ့ပြီ ဖြစ်သည်။
ဤလေ့ကျင့်ခန်းများကြောင့် ဝမ်လင်းသာ သူ့စွမ်းအားကို မထိန်းချုပ်နိုင်လျှင် ပြင်၍မရသော အကျိုးဆက်ကို ရင်ဆိုင်ရနိုင်သည်။
ဒေသဆိုင်ရာ ငလျင်များ၊ တိမ်ထု အပြောင်းအရွှေ့များ၊ မြေပြိုမှုများ၊ ဆူနာမီများ၊ မီးတောင် ပေါက်ကွဲခြင်းများ ကြုံလာရနိုင်သည်။
ထို့ကြောင့် ယခုလို အဖြစ်အပျက်မျိုးကို တားဆီးရန် ဝမ်လင်းက သွေးပူလေ့ကျင့်ခန်းများကို သာမန်လောက်သာ လုပ်ခဲ့သည်။
သူက ခွန်အားကို အသုံးမပြုဘဲ လေ့ကျင့်ခန်း လုပ်နေရသည့်အတွက် သူ့ပုံစံမှာ အရိုးမရှိသော ငပျော့နှင့်ပင် တူနေသည်။
ထို့ကြောင့် ကာယဆရာများက ဝမ်လင်းကို "မိန်းမဆန်သော ငပျော့"ဟု အမည်ပေးထားကြသည်။
အမှတ်၆၀ အထက်ကျောင်း၏ အားကစားဌာနမှ ဆရာများကလည်း ဝမ်လင်းကို အားကစား ညံဖျင်းသူ အဖြစ် သတ်မှတ်ထားကြသည်။
အားကစားဌာန အစည်းအဝေးတိုင်းတွင် ဆရာ၊ဆရာမများက ဝမ်လင်းကို ပြင်းပြင်းထန်ထန် ရှုတ်ချကြသည်။
ဝမ်လင်းက ဆရာများ၏ စေတနာကို နားမလည်ခြင်း မဟုတ်ပေ။
အားကစားဌာနမှ ဆရာများက သူတို့တပည့်များကို အားကစား ထူးချွန်သူ ဖြစ်စေချင်သော ဆန္ဒရှိကြသည်။
အကယ်၍ ဝမ်လင်းက လေးလေးနက်နက် လိုက်ပါ လုပ်ဆောင်လျှင် ဖြစ်ပေါ်လာမည့် အကျိုးဆက်ကို မည်သူက တာဝန်ယူနိုင်ပါမည်နည်း။
ဝမ်လင်းက သူ့ဘေးနားမှ ဆရာများ၏ အထင်သေးသော အကြည့်ကို လျစ်လျူရှုပြီး သွေးပူလေ့ကျင့်ခန်း အကုန်လုံးကို အောင်မြင်စွာ လိုက်ပါ လုပ်ဆောင်နိုင်ခဲ့သည်။
"အရမ်းကောင်းတယ် အရာအားလုံး တည်တည်ငြိမ်ငြိမ် အေးအေးချမ်းချမ်းပဲ.. မတော်တဆ ဖြစ်ရပ်လည်း မရှိဘူး.. ထိခိုက် ဒဏ်ရာရသူလည်း မရှိဘူး"
ဝမ်လင်းက ပျော်ရွှင်စွာ ရေရွတ်လိုက်သည်။
သူက ယနေ့ခေတ် ရေဒီယို ကျွမ်းဘား အားကစားနည်းကို တုန်လှုပ်ချောက်ခြားစေမည့် တစ်ဦးတည်းသော ပုဂ္ဂိုလ်ဖြစ်မည်မှာ သေချာသလောက်ပင်။
သူကလေးဘဝတုန်းက သူ့စွမ်းအားက ထိန်းချုပ်ရ လွယ်ကူသေး၍ သွေးပူ လေ့ကျင့်ခန်းများကို လုပ်ဆောင်နိုင်ခဲ့သည်။
သူ တဖြည်းဖြည်းချင်း အရွယ်ရောက်လာသောအခါ သူ၏ ကျင့်ကြံခြင်း နယ်ပယ် အဆင့်များက အထိန်းအချုပ် ကင်းမဲ့စွာ တိုးတက်လာ၍ သူ့စွမ်းအားက ထိန်းချုပ်ရန် ခက်ခဲလာ၏။
ထို့ကြောင့် နောင်လာမည့် လပြည့်နေ့တွင် "လဖတ်ခြင်း မန္တန်" ကို အသုံးပြုပြီး တစ်နိုင်ငံလုံး၏ မှတ်ဉာဏ်ထဲမှ အယူအဆ အဟောင်းများကို ထုတ်ဖယ်ပစ်မည်ဟု သူတွေးလိုက်သည်။
သွေးပူလေ့ကျင့်ခန်း မှတ်ဉာဏ်နေရာတွင် သူ လက်ခံနိုင်သော တခြား တစ်စုံတစ်ရာဖြင့် အစားထိုးရပေမည်။
ရှဲဒိုးဘောက်ဆင်သည် အကောင်းဆုံး ရွေးချယ်မှု ဖြစ်နိုင်သည်။
သို့မဟုတ် ထိုက်ကျိလက်သီးသည်လည်း လက်ခံနိုင်လောက်သည့် တခြားရွေးချယ်စရာ တစ်ခုပင်။
(Shadow boxing= လူတစ်ဦးက ပြိုင်ဘက်ရှိသကဲ့သို့ လေထဲကို လက်သီးဖြင့် ထိုးရသည့် တိုက်ခိုက်ရေး အားကစားလေ့ကျင့်ခန်း၊ လက်ဝှေ့မထိုးမီ သွေးပူလေ့ကျင့်ခန်း)