အေးစက်စက် အဖက်မလုပ်သော ကြက်တူရွေးလေး ဒိုပီ
Vol. 3 Ch. 40
နံနက်ခင်း ရေဒီယိုကျွမ်းဘား အားကစား လေ့ကျင့်ခန်း ပြီးဆုံးပြီးနောက် နေ့လည်ခင်း အားလပ်ချိန်တွင် ဆရာဝမ်က ဝမ်လင်းကို ရင်းနှီးပွင့်လင်းစွာ ပြောဆိုရန် ထောင့်တစ်နေရာသို့ ခေါ်သွားခဲ့သည်။
ထုံးစံအတိုင်း ရေဒီယိုကျွမ်းဘား အားကစားတွင်လည်း သူ၏ စွမ်းဆောင်ရည်မှာ သာမန်မျှသာ ဖြစ်နေ၏။
ဝမ်လင်းက ဤအခြေအနေကို ရှင်းရှင်းလင်းလင်း နားလည်သည်။
မည်သို့ပင်ဆိုစေကာမူ သူတို့က ကျောင်းကိုယ်စားလှယ်များ ဖြစ်၍ သူတို့ကျောင်း၏ ပုံရိပ်နှင့် အပြုအမူကို ထိန်းသိမ်းရပေမည်။
ဆရာအများစု ယုံကြည်လက်ခံထားသော အဓိက အချက်မှာ ကျောင်းသားတစ်ဦးသည် အဆောင်ရေးဆွဲခြင်း အတတ်ပညာ နှင့် ဝိညာဉ်ဓား ပညာရပ်တို့တွင် တစ်ဖက်ကမ်းခတ် ကျွမ်းကျင်စေကာမူ ရေဒီယိုကျွမ်းဘား အားကစား လေ့ကျင့်ခန်းကသာ ကျောင်းသား၏ စိတ်အားထက်သန်မှုကို အကဲဖြတ်နိုင်သော အကောင်းဆုံး နည်းလမ်း ဖြစ်သည်။
ထို့ကြောင့်လည်း သိပ္ပံကျင့်ကြံခြင်း ခေတ်တွင် ကောလိပ် နှင့် တက္ကသိုလ် အများစုက ကိုယ်လက်လှုပ်ရှား သွေးပူလေ့ကျင့်ခန်း သင်ခန်းစာကို မပယ်ဖျက်ခဲ့ကြခြင်း ဖြစ်၏။
ကံကောင်းစွာဖြင့် ဆရာဝမ်မှာ နူးညံ့သိမ်မွေ့သောသူ ဖြစ်နေသည်။
ဖော်ရွေသော အပြုအမူသည် ဝါရင့်ဆရာသမား ဝမ်၏ ထူးခြားသော စရိုက်လက္ခဏာများထဲမှ တစ်မျိုး ဖြစ်၏။
ပုံမှန်ကျင်းပသော အတန်း အစည်းအဝေး ပြီးဆုံးပြီးနောက် ဆရာဝမ်မှာ ရွှင်မြူးတက်ကြွနေသည်။
ဆရာဝမ်က ဝမ်လင်းကို အမှတ်၆၀ အထက်တန်းကျောင်း၏ ပုံရိပ် မထိခိုက်အောင် ဂရုစိုက်ရန် စကားတစ်ခွန်း နှစ်ခွန်းလောက်သာ သြဝါဒ ခြွေပြီးနောက် ပေါ့ပါးသော ခြေလှမ်းဖြင့် လှည့်ထွက်သွားခဲ့သည်။
ဆရာဝမ်၏ တက်ကြွသော ခံစားချက်ကို မြင်လျှင် ဝမ်လင်းက သူ့ရင်ထဲကနေ ကဗျာတစ်ကြောင်းကို ချက်ချင်း ရေးစပ်လိုက်သည်။
အချစ်မှာ ကျရှုံးသွားသည့် ရွှင်မြူးတက်ကြွနေသော ပညာတတ် လူငယ်လေး...
အချစ်နှင့် ထိတွေ့သွားသူတိုင်းက ဦးနှောက်ချောင်သွားတတ်သည့် သဘော ရှိသည်။
အထင်ကြီးစရာ ကောင်းသော ဆရာဝမ်က တစ်စုံတစ်ရာ မှားယွင်းနေသည်ဟု ဝမ်လင်း ပထမဆုံး အကြိမ် ခံစားမိလိုက်သည်။
….............
ဆရာဝမ်နှင့် သီးသန့် ဆွေးနွေးပြီးနောက် ဝမ်လင်းက တစ်စုံတစ်ရာကို တွေးမိသွားသည်။
သူ့ကို ထောင့်တစ်နေရာသို့ ဆွဲခေါ်လာသူက ဆရာဝမ် မဟုတ်ဘဲ ဒေါသအိုး ဆရာမဖန်သာ ဖြစ်နေလျှင် သူ့ကို ရိုက်နှက်ဆုံးမ မည်မှာ သေချာသလောက်ပင်။
ထိုသို့ တွေးမိလျှင် ဝမ်လင်း တစ်ယောက် တုန်လှုပ်ကာ ကူကယ်ရာမဲ့သလို ခံစားလိုက်ရ၏။
သူ့ကို နောက်ဆုံး တိုက်ခိုက်ခဲ့သော ရှယင်းမှာ အဆုံးသတ် မလှပခဲ့ပေ။
ရှယင်းက ဝမ်လင်း၏ ခန္ဓာကိုယ်မှ တန်ပြန် ထွက်လာသည့် စွမ်းအားကြောင့် ဇီဝိန်ခြွေ ခံခဲ့ရသည်။
ယခုအချိန်ဆိုလျှင် ရှယင်း၏ အုတ်ဂူမှာ သုံးမီတာကျော် မြင့်သော မြက်ပင်များဖြင့် ဖုံးလွှမ်းနေလောက်၏။
ဆရာမဖန်သာ သူ့ကို ရိုက်နှက် ဆုံးမခဲ့လျှင် ရှယင်း၏ နောက်သို့ လိုက်ရမည်မှာ သေချာနေသည် မဟုတ်ပါလား။
ထို့ကြောင့် ဆရာမဖန် အပါအဝင် သူ့ပတ်ဝန်းကျင်မှ လူများ မတော်တဆ မထိခိုက်မိအောင် လပြည့်နေ့ည ရောက်သည်နှင့် တစ်နိုင်ငံလုံး၏ မှတ်ဉာဏ်ကို ဖျက်ဆီးပြီး မှတ်ဉာဏ်အသစ်ကို အစားထိုးရပေမည်။
.................
နေ့လည်ခင်း အချိန်တွင် ဝါရင့်ဆရာသမား ဝမ်က အမှတ်၅၉ အထက်တန်းကျောင်း၏ အားကစားရုံထဲတွင် တွေ့ဆုံကြရန် သူတို့အားလုံးကို Wechat မှတဆင့် စာပို့ခဲ့သည်။
ဆရာဝမ်က ကျောင်းကိုယ်စားလှယ် အဖွဲ့၏ ခေါင်းဆောင် တစ်ဦး အနေဖြင့် ကျောင်းသားများကို သင့်လျော်သော လေ့ကျင့်မှုများ လုပ်ဆောင်ပေးသင့်သည်ဟု ခံစားမိလိုက်သည်။
အမှတ်၅၉ အထက်တန်းကျောင်း၏ အားကစားရုံမှာ ကြီးမား ကျယ်ပြန့်သည်။
ယခုခေတ် အခြေခံ တည်ဆောက်ခြင်း အဆင့် အထက်တန်းကျောင်းများသည် နယ်မြေချဲ့ထွင်ခြင်း အဆောင်ကို အသုံးပြုပြီး နယ်မြေကို ချဲ့ထွင်လေ့ ရှိကြသည်။
အပြင်ကနေ အပေါ်ယံလေး ကြည့်လိုက်လျှင် နေရာခပ်ကျဉ်းကျဉ်းဟု ထင်ရသော်လည်း အတွင်းဘက်တွင်မူ မြို့တစ်မြို့စာမျှ ကျယ်ဝန်းနေတတ်သည်။
တကယ်တမ်းတွင် နယ်မြေချဲ့ထွင်ခြင်း အဆောင်သည် လူ့အဖွဲ့အစည်း၌ အသုံးများသော တာအိုအဆောင် ဖြစ်၏။
သာဓကပြရလျှင် တန်ဖိုးကြီးမားသော ကျောင်းဝတ်စုံများတွင် ပါဝင်သော အိတ်ကပ်တွင် နယ်မြေချဲ့ထွင်ခြင်း အဆောင်ကို အသုံးပြုထားကြသည်။
ထို့ပြင် ဝါရင့်ဆရာသမား ဝမ်၏ မုန့်ထည့်သော အံဆွဲကလည်း ထိုအဆောင်ကို အသုံးပြုထားသည် သိုလှောင်အိတ် တစ်မျိုး ဖြစ်၏။
နယ်မြေချဲ့ထွင်ခြင်း အဆောင်လက်ဖွဲ့၏ အကြီးမားဆုံး အကျိုးသက်ရောက်မှုမှာ အိမ်ခြံမြေ ဈေးကွက်ကို သိသိသာသာ လျော့ကျစေခြင်းပင်။
ထို့ကြောင့် မျက်မုန်းကျိုးဖွယ် ကောင်းသော အိမ်ခြံမြေ ဈေးကစားသူများမှာ ပြဿနာရှာရန် မဖြစ်နိုင်တော့ပေ။
"ထူးဆန်းလိုက်တာနော်.. အခုအချိန်အထိ ဆရာဝမ် ရောက်မလာသေးဘူး"
လင်းရှောင်ယုက တွေးတွေးဆဆ ပြောဆိုလိုက်သည်။
သူတို့အားလုံးက အမှတ်၅၉ အထက်တန်း ကျောင်း၏ အားကစားရုံထဲတွင် စောင့်ဆိုင်းနေသည်မှာ အတော်ကြာနေပြီ ဖြစ်၏။
လူတိုင်း၏ အမြင်တွင် ဆရာဝမ်မှာ အမြဲတမ်း အချိန်မှန်သော လူသားတစ်ဦး ဖြစ်ခဲ့သည်။
"ခဏလောက် ထပ်စောင့်ရအောင်"
စွန်းရုံ မျက်မှောင်ကြုတ်လိုက်ပြီး အလွန် ထူးဆန်းနေသည်ဟု ခံစားနေရသည်။
အချိန်သတ်မှတ်ပေးသူက ဆရာဝမ် ကိုယ်တိုင် ဖြစ်နေခဲ့လျှင် သတ်မှတ်ထားသော အချိန်မရောက်မီ သို့မဟုတ် အချိန်ကွက်တိ ရောက်ရှိလာတတ်ပြီး လွယ်လင့်တကူ နောက်မကျတတ်ပေ။
"ဆရာဝမ် ဒုက္ခရောက်နေတာတော့ မဟုတ်လောက်ပါဘူးနော်"
လင်းရှောင်ယု စိုးရိမ်စွာ ပြောဆိုလိုက်သည်။
"..........."
စွန်းရုံကမူ နှုတ်ဆိတ်နေခဲ့သည်။
သူမက ဝါရင့်ဆရာသမား ဝမ်၏ စွမ်းအား အစစ်အမှန်ကို မျက်မြင်တွေ့ထားသည်။
ထို့အပြင် ဆရာဝမ်၏ ဇာတ်မြစ်က လျှို့ဝှက်ဆန်းကြယ်ပြီး ဟွာကောအုပ်စုပင် သူ့နောက်ကြောင်းကို မစုံစမ်းနိုင်ခဲ့ပေ။
လင်းရှောင်ယု စိတ်ပူနေသလို ဒုက္ခတွေ့ဖို့ နေနေသာသာ ဆရာဝမ်က တခြားသူကို ပြဿနာ မရှာလျှင်ပင် ကံကောင်းသည်ဟု ယူဆရမည် ဖြစ်၏။
"............"
ဝမ်လင်းလည်း နှုတ်ဆိတ်နေခဲ့သည်။
သူက လင်းရှောင်ယု၏ စကားကို လေးလေးနက်နက် တွေးတောခဲ့ပြီးနောက် ဖူဂျိုရှီမ၏ အတွေးက အကျိုးအကြောင်း ဆီလျော်သည်ဟု ခံစားမိသည်။
အဘယ်ကြောင့်ဆိုသော် ဆရာဝမ်က တကယ်ဒုက္ခရောက်နေသည်။
အချစ်စစ် ဖြစ်ပေါ်ခြင်းက အမှန်တကယ်ပင် ဒုက္ခဟု ခေါ်နိုင်သည် မဟုတ်လော။
လူတိုင်းက ဆရာဝမ် အကြောင်း ဆွေးနွေးနေကြစဥ် အားကစားရုံ အပြင်ဘက်ရှိ တောက်ပသော နေရောင်အောက်တွင် ရှည်လျားသော အရိပ်တစ်ခု ထင်ဟပ်လာသည်။
တစ်ဖက်သူ၏ မျက်နှာကို ရှင်းရှင်းလင်းလင်း မမြင်ရသော်လည်း မြေကြီးပေါ်ရှိ အရိပ်ပိုင်ရှင်မှာ မည်သူမည်ဝါ ဖြစ်သည်ကို လူတိုင်း သိထားကြသည်။
ယင်းအခိုက်အတန့်တွင် ထိုအရိပ်က တစ္ဆေသရဲ ကဲ့သို့ ရုတ်တရက် ထွက်ပေါ်လာ၍ လူတိုင်းလိုလို လန့်ဖျပ်သွားသည်။
ခပ်ဝဝ ဆရာဝမ်က သူတို့ဆီသို့ အပြေးကလေး ရောက်လာခဲ့၏။
".............."
ဝမ်လင်း သာမက တခြားသူ အားလုံးကလည်း ဆရာဝမ် တစ်ယောက် ယနေ့တွင် ထူးခြားနေသည်ဟု ခံစားနေရသည်။
ဝါရင့်ဆရာသမားဝမ်၏ အဆီပြန်နေသည့် မျက်နှာက ယခုအခါတွင် နီရဲနေပြီး မက်မွန်ပန်းပွင့်လေးများကဲ့သို့ လင်းလက်နေသည်။
သူ့မျက်နှာပေါ်သို့ ကျရောက်လာသော နေရောင်ခြည်က သူ့အပြုံးကို ပို၍ ပေါ်လွင်စေသည်။
"ဆရာဝမ် ထီများပေါက်ခဲ့တာလား"
ချန်းချောင်က တအံ့တသြ ရေရွတ်လိုက်ပြီး မျက်နှာပေါ်တွင် နားမလည်နိုင်သော အမူအရာတစ်ခု ဖြစ်ပေါ်လာသည်။
ချန်းချောင်က အတော်အတန် ဉာဏ်တိမ်သော်လည်း ဆရာဝမ်၏ အမူအရာကို ကြည့်ရုံဖြင့် ရိုးရှင်းသော ပြဿနာ မဟုတ်ဘဲ လေးနက်သော ကိစ္စ ဖြစ်နိုင်သည်ဟု ခံစားမိသည်။
ဝမ်လင်းက ဆရာဝမ် အဘယ်ကြောင့် အူမြူးနေသည်ကို သိသည့် တစ်ဦးတည်းသောသူ ဖြစ်နိုင်လောက်၏။
ဤအခြေအနေက ကော်ဟောက်ကို စပ်စုချင်စိတ် ဖြစ်ပေါ်စေသည်။
ယခုအခြေအနေကိုသာ သေချာ မထောက်လှမ်းလျှင် အမှတ်၆၀ အထက်တန်းကျောင်း၏ ကျော်ကြားသော အတင်းပြောသူ ဖြစ်သည့် အရာအားလုံးကို သိသော မာစတာတစ်ယောက် အနေဖြင့် သူ၏ ဂုဏ်သိက္ခာက အန္တရာယ် ရှိလာသည်ဟု ပထမဆုံးအကြိမ် ခံစားလိုက်ရသည်။
"မင်းက ကိစ္စတိုင်းကို သိတဲ့သူ မဟုတ်ဘူးပဲ"
ချန်းချောင်က တမင်တကာ ကျီစယ်လိုက်သည်။
"ဒါက စိန်ခေါ်တဲ့စကားလား"
ကော်ဟောက်က မျက်ခုံးပင့်၍ ပြောလိုက်သည်။
တကယ်ပဲ သူ မသိသေးသော ကိစ္စတစ်ခုခု ရှိနေခဲ့ပြီလော။
"မဖြစ်နိုင်ဘူး"
သူက လက်ကို ဆန့်တန်းလိုက်ရာ ပုခုံးပေါ်ရှိ ကြက်တူရွေးလေး ဒိုပီက လက်မောင်းပေါ် ရောက်လာသည်။
သာမန်ကြက်တူရွေး ဆိုလျှင် ကြားသမျှ စကားတစ်ခွန်းချင်းစီကို အသံတု လုပ်ကာ ပြောဆိုနေလိမ့်မည် ဖြစ်သော်လည်း ဒိုပီကမူ သူ့သခင် ကော်ဟောက် စကား ပြောခွင့်ပြုမှသာ စကားပြောသော ကြက်တူရွေးလေး ဖြစ်၏။
ထို့ကြောင့်ပင် ကော်ဟောက်က ကြက်တူရွေးလေး ဒိုပီ၏ သခင်ဘွဲ့ကို ရရှိခဲ့ခြင်း ဖြစ်သည်။
တခြားသူ အားလုံး၏ အမြင်တွင် ဒိုပီက ကော်ဟောက် အသေအချာ လေ့ကျင့်ပေးထားသော ဝိညာဉ်သားရဲ ဖြစ်နေသည် မဟုတ်လော။
"ဟားဟား ဆရာဝမ် ဘာဖြစ်နေလည်း ဆိုတာကို ဒိုပီက မင်းကို ပြောပြမယ်လို့ မျှော်လင့်နေတာလား"
ချန်းချောင်က အားရပါးရ လှောင်ရယ်၍ ပြောလိုက်သည်။
"ဒိုပီ.. ဒီတောသားငနုံကို မင်းရဲ့အရည်အချင်း ပြပေးလိုက်ပါဦး.. ငါတို့ရဲ့ ဝိညာဉ်အစေခံဆိုင်ကို မျက်နှာမပျက်စေနဲ့"
ဝိညာဉ်အစေခံဆိုင်မှာ ဝိညာဉ်သားရဲများကို ရောင်းချပေးသော ကော်ဟောက်တို့၏ မိသားစုပိုင် ဆိုင် ဖြစ်သည်။
တကယ်တမ်းတွင် စာသင်နှစ် အစတည်းက ကြက်တူရွေး ဒိုပီကို ထင်သလောက် မရိုးရှင်းမှန်း ဝမ်လင်း တစ်ယောက် သိထားသည်။
ထို့ကြောင့် သူက ဒိုပီကို "ရေခဲပန်းပုရုပ်"ဟု သီးသန့် နာမည်ပေးခဲ့၏။
ဤကြက်တူရွေးက စကားမပြောချင်လျှင် မပျော်ရွှင်သော မျက်နှာဘေးဖြင့် ကျောက်ရုပ်သဖွယ် ရှိနေတတ်သည်။
ဝမ်လင်း၏ စိတ်ဖတ်နိုင်စွမ်းက ဒိုပီ၏ အတွေးကို မဖတ်ရှုနိုင်ခဲ့ပေ။
ကော်ဟောက်၏ တံထွေးများက သူဂုဏ်ယူသည့် ဖြူဖြူဖွေးဖွေး အမွေးများပေါ် လွင့်စဉ်လာ၍ ဒိုပီ၏ သည်းခံနိုင်စွမ်းက ကုန်ဆုံးသွားသည်။
သူက ကော်ဟောက်ကို စက်ဆုပ်စွာ ကြည့်လိုက်သည်။
"ငတုံးကောင် ဒီသခင်ကြီးက သန့်ရှင်းတာကို ကြိုက်တာ မင်းမသိဘူးလား"
ဝမ်လင်းက ဒိုပီ၏ အတွေးကို ပထမဆုံး အကြိမ် ကြားလိုက်ရာ လန့်ဖြန့်သွားသည်။
ဒိုပီထံမှ ထူးဆန်းသည့် သဘောထားတွေ ပေါက်ကွဲထွက်လာလိမ့်မည်ဟု သူဘယ်တုန်းကမှ မမျှော်လင့်ခဲ့ပေ။
ဆိုရလျှင် ဒိုပီက တစ်သီးတစ်သန့် နေတတ်ရုံတင် မကဘဲ ဒေါသကြီးသည့် ကြက်တူရွေးလည်း ဖြစ်နေသည်။
ဒိုပီ၏ နှလုံးသားထဲကနေ မကျေမနပ်ဖြစ်ပြီး မာနထောင်လွှားနေသော အချေ ပုံသဏ္ဍာန်ကြောင့် ကော်ဟောက်ကို ကြက်တူရွေး လေ့ကျင့်ရာတွင် ကျွမ်းကျင်သူ အဖြစ် တခြားသူများက အထင်ကြီး လေးစားသွားသည်။
တကယ်တမ်းတွင်မူ ကော်ဟောက်က ဒိုပီနှင့်ပတ်သက်၍ ဝမ်လင်းလောက်ပင် မသိထားခဲ့ချေ။