ဌက်မွေးနမိတ်အဟော
Vol. 3 Ch. 41
ကြီးမြတ်သော ဇစ်မြစ်မန္တန်က ဝမ်လင်း ကျွမ်းကျင်သော မဟာ မန္တန်သုံးထောင်ထဲမှ တစ်ခု ဖြစ်သည်။
ထိုမန္တန်၏ စွမ်းရည်များထဲမှ တစ်ခုမှာ မူလသွေးအရင်းအမြစ်၏ သဲလွန်စကို တိကျစွာ ခန့်မှန်းနိုင်သည်။
ဆိုရလျှင် ၎င်းမှာ ယနေ့ခေတ်၏ DNAစစ်ဆေးမှုနှင့် အလားသဏ္ဌာန် တူသည်။
စိတ်ဝိညာဉ်ခေတ် အတွင်း လူအများစုမှာ သွေးမျိုးဆက်အများစုကို ဘိုးဘေးများထံမှ လက်ဆင့်ကမ်းလာခဲ့ကြသည်။
ကြီးမြတ်သောဇာစ်မြစ် မန္တန်သည် ထိုခေတ်အခါတွင် ရေပန်းစား ကျော်ကြားခဲ့သည်။
အန္တရာယ်ကို မကြောက်သော ကျင့်ကြံသူများသည် အချိန်တိုအတွင်း သူတို့ခွန်အားကို မြှင့်တင်ရန် ရှေးဟောင်း ကျင့်ကြံသူများ၏ အုတ်ဂူများကို တူးဆွပြီး အမွေအနှစ်များကို ရှာဖွေခဲ့ကြသည်။
သို့သော် ယနေ့ခေတ်တွင် ဤကဲ့သို့သော အမွေအနှစ် ဆက်ခံခြင်းကို နိုင်ငံတော်က တားမြစ်ထားသည်။
ယင်း နည်းလမ်းမှာ အန္တရာယ် အလွန်များပြားသည့် အပြင် ရောဂါကူးစက်နိုင်သော အခြေအနေ ရှိနေ၍ ဖြစ်သည်။
ထိုအချိန်က ဟွားရှို့နိုင်ငံ၏ ပထမမျိုးဆက် ခေါင်းဆောင်များသည် ထိုနည်းလမ်းကို ကျင့်သုံးသော ကျင့်ကြံသူများကို ဖမ်းဆီးပြီး ပြင်းထန်စွာ အပြစ်ပေးခဲ့ကြသည်။
၎င်းတို့ကို ဆန့်ကျင် တားမြစ်သော အဖွဲ့အစည်းများလည်း တည်ထောင်ခဲ့သည်။
ယခင်ခေတ်၏ ခေါင်းဆောင်များမှာ မျိုးဆက်သစ်များကို ကိုယ်အားကိုယ်ကိုး၍ ကြိုးစားစေချင်ကြသည်။
ယခုလို မလျော်ကန်သော နည်းလမ်းကို အသုံးပြုခြင်းသည် ကောင်းမွန်သော ရွေးချယ်မှု မဟုတ်ပေ။
ထို့ကြောင့် နောက်ပိုင်းတွင် သွေးဇာစ်မြစ်မန္တန်ကို အသုံးပြုမှုလျော့ပါးသွားခဲ့သည်။
တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် တင်းတင်းကျပ်ကျပ် ကန့်သတ်ထားသောကြောင့် တားမြစ်မန္တန်တစ်ခု ဖြစ်လာ၏။
မိခင်၏ ဝမ်းဗိုက်မှာထဲက တတ်မြောက်ခဲ့သူ ဝမ်လင်းမှလွဲ၍ ထိုမန္တန်ကို အသုံးပြုနိုင်သူမှာ ဤလောကကြီးထဲတွင် လက်တစ်ဆုပ်စာမျှသာ ရှိသည်။
ဝမ်လင်းက သူ့ဘေးနားမှ လူတစ်စု၏ မွေးရာပါ အထုံကို စစ်ဆေးကြည့်ရန် ထိုမန္တန်အား ရံဖန်ရံခါ အသုံးပြုလေ့ရှိသည်။
ဝမ်လင်း ကလေးဘဝတည်းက သူနည်းတူ ငွေဇွန်းကိုက်၍ မွေးလာသူများ အနက် သူကဲ့သို့ တစ်စုံတစ်ယောက် ထပ်ရှိသင့်သည်ဟု အမြဲတမ်း တွေးခဲ့ဖူးသည်။
ကံဆိုးစွာဖြင့် ယနေ့အချိန်အထိ သူနှင့် ပုံစံတူသော တခြားသူကို မတွေ့ခဲ့ဖူးပေ။
ကျောင်းစတက်ကတည်းက ဒိုပီ၏ သွေးမျိုးဆက် ရလဒ်ကို ဝမ်လင်းက ကောင်းကောင်းကြီး သိနေခဲ့သည်။
တကယ်တမ်း ဒိုပီက သာမန် ကြက်တူရွေး မဟုတ်ပေ။
ဒိုပီက သူ့နောက်ကြောင်းကို သေချာ ဖုံးကွယ်ထားသော်လည်း ဝမ်လင်းက စုံစမ်းနိုင်ပါသေးသည်။
အတိအကျ ပြောရလျှင် ဒိုပီက မြင့်မြတ်သော သွေးမျိုးဆက် ရှိသည့် မျိုးစပ် ကြက်တူရွေး တစ်ကောင် ဖြစ်သည်။
မူလသွေးမျိုးဆက် နောက်ယောင်ခံခြင်းမှ တဆင့် ဝမ်လင်းက ဒိုပီ၏ သွေးထဲမှ ဌက်မျိုးစိတ်များကို မြင်တွေ့နိုင်ခဲ့သည်။
ခွန်ပန်.. ခေါင်းကိုးလုံးဌက်.. မျက်လုံးလေးလုံးဌက်.. ဗာမေးလီးယန်း မီးဌက်.. ဖီဖန့် (တရုတ်ဒဏ္ဍာရီလာ ခြေထောက်တစ်ချောင်းဌက်).. တို့အပြင် ဖိကော(ဌက်ငယ်လေး)ပင် ပါဝင်နေသည်။
ဒိုပီ၏ မိဘများက မျိုးစပ်ဖြစ်နေမလား ဝမ်လင်း အတိအကျ မသိသော်လည်း သေချာသည့် အချက်တစ်ချက်မှာ ဤသွေးအနွယ်ပေါင်း များစွာက ဒိုပီကို သာမန်ထက် ထူးကဲသော စွမ်းရည်မျိုး ရှိစေသည်။
သာမန် အခြေအနေ ဆိုလျှင် ကော်ဟောက်က ဒိုပီ၏ အရည်အချင်းကို လူအများရှေ့တွင် ထုတ်ဖော် ပြောဆိုလိမ့်မည် မဟုတ်ပေ။
ချန်းချောင်က သူ့ဂုဏ်သိက္ခာကို စော်ကားမော်ကား ပြောဆိုလာ၍သာ ကော်ဟောက်က ထုတ်ပြောရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။
သူက ဒိုပီကို မျက်စပစ်ပြလိုက်၏။
တကယ်တမ်းတွင် ကော်ဟောက်နှင့် ဒိုပီက သူတို့၏ ကိုယ်ရေးကိုယ်တာနှင့် တခြားသော ကိစ္စရပ်များတွင် သဘောတူညီမှု ရယူထားခဲ့ကြသည်။
ဒိုပီဆီမှ အကူအညီကို လက်ခံရယူလျှင် အပြန်အလှန် အနေဖြင့် ကော်ဟောက်က ဒိုပီ ခိုင်းသမျှကို လုပ်ဆောင်ပေးရ၏။
ကော်ဟောက်နှင့် ဒိုပီကြားက ရှုပ်ထွေးသော ပတ်သက်မှုကို ဝမ်လင်း သတိပြုမိခဲ့သည်။
တခြားသူများ သတိမထားမိသည့် အချက်တစ်ခုမှာ ဒိုပီက အထီးမဟုတ်ဘဲ ဌက်မလေး ဖြစ်နေခြင်းပင်။
သူက ထိုအချက်ကို သိထားသော်လည်း ထုတ်မပြောခဲ့ပေ။
"တပည့်တို့ မင်းတို့ကို အကြာကြီး စောင့်ခိုင်းလိုက်ရတာ အားနာတယ်ကွာ"
ဝါရင့်ဆရာသမား ဝမ်က သူတို့ကို တွေ့တွေ့ချင်း တောင်းပန်လိုက်သည်။
ထို့နောက် စကားအများကြီး မပြောရသေးခင်မှာပင် ဆရာဝမ်၏ လက်ကောက်ဝတ်တွင် ပတ်ထားသော နာရီမှ ဖုန်းမြည်သံ ထွက်ပေါ်လာသည်။
ဖုန်းခေါ်ဆိုသူ၏ IDကို ကြည့်လိုက်မိလျှင် သူ၏ ပါးပြင်က နီရဲသွားသည်။
(ID=မည်သူမည်ဝါဖြစ်ကြောင်းအမှတ်သင်္ကေတ)
ဆရာဝမ်က သူတို့ကို ချက်ချင်း လက်ပြ၍ ပြောလိုက်သည်။
"အားနာပါတယ်.. ဆရာ ဖုန်းသွားပြောလိုက်ဦးမယ်...ဆရာ့ကို ခဏစောင့်ပေးဦး"
ထိုစကားကို ပြောပြီးနောက် ဆရာဝမ်က ဖုန်းလက်ခံ ပြောဆိုရန် ထောင့်တစ်နေရာသို့ အလောတကြီး ပြေးထွက်သွားသည်။
ဆရာဝမ်၏ ထူးခြားသော အပြုအမူကြောင့် အားလုံးက အံ့အားသင့်နေရသည်။
ဆရာဝမ် ဖုန်းပြောနေသည်က ကော်ဟောက် အတွက် ဤကမ္ဘာကြီးတွင် ဖြစ်ပျက်နေသည်များကို ရှာဖွေရန် အခွင့်အရေးကောင်း တစ်ခု ဖြစ်နေသည်။
"ဟမ့်.. ဒီလောကကြီးထဲမှာ ကော်သခင်ကြီး မသိတဲ့ ကိစ္စ ရှိနိုင်ပါ့မလား"
ထိုစကားကို ပြောရင်း ကော်ဟောက်က ဒိုပီ၏ ငှက်မွေးကို ဇက်ခနဲ ဆွဲနှုတ်လိုက်ရာ ဒိုပီ၏ ဖြူဖွေးသော ခန္ဓာကိုယ်က တခဏမျှ တုန်ယင်သွားသည်။
"အဲဒါ ဘာအတွက်လဲ"
လင်းရှောင်ယုက ဒွိဟဖြစ်သော ခံစားချက်ဖြင့် မေးမြန်းလိုက်သည်။
"ဒါက နိမိတ်ဟောစွမ်းရည် အတွက်ပါ.. နိမိတ်ဟောဖို့ အတွက် ဒိုပီရဲ့ ငှက်မွေး လိုအပ်တယ်.. ငါက ဒီငှက်မွေးကို ကိုင်ပြီး ငါ ကံကြမ္မာဟောမယ့်လူရဲ့ နာမည်ကို သုံးကြိမ်ရွတ်ရုံနဲ့ ငှက်မွေးအရောင် ပြောင်းလဲသွားတာကို ကြည့်ပြီး အဲဒီလူရဲ့ ကံကြမ္မာကို ဖတ်လို့ရတယ်"
ကော်ဟောက်က လျှို့ဝှက်ဆန်းကြယ်သော လေသံဖြင့် ပြောဆိုလိုက်သည်။
ယင်းအချိန်တွင် ဒိုပီက ကော်ဟောက်ကို တိတ်တဆိတ် မျက်စပစ်လိုက်သည်။
"ပထမဆုံးအနေနဲ့ နင်က နင့်ရဲ့သူဌေးကို တံထွေးစင်အောင် လုပ်ခဲ့တယ်.. အခုတော့ နင့်ရဲ့လေလုံးထွားတဲ့ လုပ်ရပ်မှာ ပူးပေါင်းခိုင်းပြန်တယ်.. ဟင်းဟင်း အိမ်ပြန်ရောက်ရင်တော့လား.. နင်ငါ့အကြောင်း ကောင်းကောင်း သိရမယ်"
ကံကြမ္မာဖတ်ခြင်းသည် ကော်ဟောက်၏ စွမ်းရည် မဟုတ်ဘဲ ဒိုပီ၏ ထူးကဲသော အရည်အချင်း ဖြစ်သည်။
ဝမ်လင်း၏ အမြင်အရ ဤစွမ်းရည်မှာ ဒဏ္ဍာရီလာ မှော်ငှက်များ၏ သွေးသားမျိုးစပ်မှုမှ ဖြစ်ပေါ်လာသော်လည်း တန်ဖိုးမရှိသော စွမ်းရည်သာ ဖြစ်၏။
သို့သော် ခြုံငုံကြည့်လျှင် တွက်ချက်မှုရလဒ်က သာမန် ဗေဒင်ဆရာထက် တိကျမှု ရှိလောက်သည်။
အနည်းဆုံးတော့
"ကျေးဇူးရှင်.. မင်းရဲ့ မျက်ခုံးကြားမှာ မည်းနက်နေတဲ့ အတွက် မကောင်းဆိုးဝါးတွေ ပြုစားထားပုံရတယ်.. မင်းသွေးထွက်သံယို ကိစ္စတွေ ကြုံရလိမ့်မယ်"
ဟု လူတွေကို လှည့်ဖျားတတ်သော လမ်းဘေး ဗေဒင်ဆရာတွေထက် သာလွန်မည်ဟု သူတွေးလိုက်သည်။
ကော်ဟောက်က သူ့လက်ထဲမှ ငှက်မွေးကို ပွတ်သပ်ပြီး ဆရာဝမ်၏ နာမည်ရင်းကို သုံးကြိမ်တိတိ ရေရွတ်လိုက်ရာ သန့်စင်သော အဖြူရောင် ငှက်မွေးက ချက်ချင်း ပန်းရောင် သို့ ပြောင်းလဲသွားခြင်းကို လူတိုင်း မြင်တွေ့လိုက်ရသည်။
"ပန်းရောင်ငှက်မွေးလား"
ကော်ဟောက်က ငှက်မွေးကို တအံ့တဩ ငေးစိုက်ကြည့်နေမိသည်။
စွန်းရုံက ပန်းရောင်ငှက်မွေးကို သာမန်ကာလျှံကာ ကြည့်ပြီး မေးမြန်းလိုက်သည်။
"ပန်းရောင်ငှက်မွေးက ဘာများ ထူးခြားလို့လဲ"
ကော်ဟောက်က ငှက်မွေး အရောင် သင်္ကေတများကို မှတ်တမ်းတင်ထားသည်။
ဝါရင့်ဆရာသမား ဝမ်၏ အူမြူးနေသော အပြုအမူကို ကြည့်ရုံဖြင့် ရလဒ်က တိကျမှုရှိကြောင်း သူ သိလိုက်သည်။
"ပန်းရောင်သင်္ကေတက အချစ်ရေးမှာ ကံကောင်းတဲ့ အဓိပ္ပါယ်ပဲ.. ငါတို့ဆရာက ချစ်မိသွားပြီ"
"ဒါဆို ဆရာက ချစ်မိသွားတာပေါ့"
အပ်ကျသံပင် မကြားရသည်အထိ တိတ်ဆိတ်ပြီးနောက် ကမ္ဘာမြေကြီးကို တုန်လှုပ်စေသော စွန်းရုံ၏ အော်သံက ချက်ချင်း ထွက်ပေါ်လာသည်။
"ဒါက ဘယ်လို ခန့်မှန်းချက်ကြီးလဲ"
"ဆရာက အချစ်မှာ ကျရှုံးသွားတာလား"
"မှုန့်ထုပ်အစပ်တွေကို စားလေ့ရှိတဲ့ ဒီဝတုတ်တုတ် သက်ကျားအို ဆရာဝမ်က တကယ်ပဲ အချစ်နဲ့ ထိတွေ့မိပြီတဲ့လား"
"..........."
ချန်းချောင်၊ စွန်းရုံ နှင့် လင်းရှောင်ယုတို့ အားလုံးက မယုံကြည်နိုင် ဖြစ်နေကြသည်။
"မင်းရဲ့ ငှက်မွေးအဟောက ယုံကြည်လို့ရော ရရဲ့လား"
ချန်းချောင်က သံသယဖြင့် နောက်တစ်ကြိမ် ထပ်မေးလိုက်သည်။
"ချီးပဲ.. မင်းတို့က ငါ့ကို မယုံကြည်သေးဘူးလား"
"ဒါက နည်းနည်းလွဲနေတယ်လို့ ငါထင်တယ်.. ငှက်မွေးကို သုံးပြီး ကံကြမ္မာဖတ်တာက သိပ္ပံနည်းမကျသလိုပဲ"
ချန်းချောင်က ပြောလိုက်သည်။
ဝမ်လင်း"..........."
ချန်းချောင်က ရှေးရိုး အယူအဆများကို အယုံအကြည် ကင်းမဲ့သူ ဖြစ်၏။
ထို့ကြောင့် ငှက်မွေး ကံကြမ္မာဖတ်တမ်း စစ်မှန်မှု ရှိ၊မရှိကို စစ်ဆေးကြည့်ရန် ချန်းချောင်က ဒိုပီ၏ ငှက်မွေးကို ထပ်နှုတ်လိုက်သည်။
ဤတစ်ကြိမ်တွင် ဒိုပီက အတော်လေး နာကျင်သွား၍ ကော်ဟောက်ကို မကျေမချမ်း ကြည့်ရှုလိုက်သည်။
ငှက်မွေးနှုတ်သူက မည်သူပဲ ဖြစ်နေပါစေ.. အာချောင်သည့် ကော်ဟောက်ကိုသာ အပြစ်ဖို့ရပေမည်။
ကော်ဟောက် "ဘာထပ်သိချင်လို့လဲ"
"ဆရာဝမ် မဟုတ်ဘဲ တခြား တစ်ယောက်ရဲ့ ကံကြမ္မာကို ဖတ်ကြည့်ရအောင်လား"
ချန်းချောင်က ငှက်မွေးကို ကော်ဟောက်၏ လက်ထဲ ထည့်ပေး၍ ပြောလိုက်သည်။
ကော်ဟောက်က သူ့နှုတ်ခမ်းကို တိတ်တဆိတ် တွန့်ကွေးလိုက်ပြီး လင်းရှောင်ယုကို ကြည့်ကာ သူမ၏ နာမည်ကို သုံးကြိမ်တိတိ ရေရွတ်လိုက်သည်။
ငှက်မွေးက အနီရင့်ရောင်သို့ ပြောင်းလဲသွားခဲ့သည်။
လင်းရှောင်ယုက ကံကြမ္မာ ရလဒ်ကြောင့် အနည်းငယ် စိတ်ရှုပ်ထွေးသွားသည်။
"ဒီအရောင်က ဘာသဘောလဲ"
ကော်ဟောက်က ငှက်မွေးအရောင်ကို ကြည့်ပြီး အလျင်အမြန် ကံကြမ္မာ ဖတ်လိုက်သည်။
"ဒီအနီရောင် ငှက်မွေးရဲ့အဓိပ္ပါယ်က မီးသတိပြုရမယ့် သဘောပဲ.. မီးရှိတဲ့ နေရာနဲ့ ခပ်ကင်းကင်း နေရမယ်"
လင်းရှောင်ယုက တအံ့တဩ ငေးကြည့်လိုက်သည်။
"ဒါက အရမ်းတိကျတယ်"
လွန်ခဲ့သော တစ်ပတ်ကျော်ခန့်တွင် သူမ စုဆောင်းထားသော BL ဝတ္ထုစာအုပ်များကို သူမ အဖေက ရှာတွေ့သွားပြီး စာအုပ်များကို မီးရှို့ပစ်လိုက်သည်။
(BL= boy love= ယောကျာ်းချင်းလိင်တူချစ်တာကိုဆိုလို)
ချန်းချောင်က ဒိုပီ၏ ငှက်မွေးကို မယုံကြည်သေးဟန်ဖြင့် ထပ်နှုတ်လိုက်ပြန်သည်။
"လာစမ်း.. ဒီတစ်ခါတော့ ငါ့ကံကြမ္မာကို ဖတ်ကြည့်.."
"............"
ဤငှက်မွေးက ဒိုပီ ခန္ဓာကိုယ်၏ အနူးညံ့ဆုံး အစိတ်အပိုင်း ဖြစ်၏။
ထို့ကြောင့် တစ်ခါနုတ်တိုင်း ဒိုပီက မျက်ရည်ကျမတတ် နာကျင်ခံစားနေရသည်။
ဝမ်လင်းက ဒိုပီ၏ မျက်ဝန်းထောင့်မှ သလင်းကျောက် ကဲ့သို့ ကြည်လင်သော မျက်ရည်စက်ကို မြင်လိုက်ရသည်။
ကော်ဟောက်က ကူကယ်ရာမဲ့သော မျက်နှာအမူအရာဖြင့် ချန်းချောင်၏ ကံကြမ္မာကို ဖတ်ရှုရန် ကူညီပေးလိုက်သည်။
ငှက်မွေးက မိုးပြာရောင်သို့ ပြောင်းလဲသွားသည်။
ကော်ဟောက်က သက်ပြင်းချကာ ကံကြမ္မာဖတ်ပေးလိုက်သည်။
"နောက်လကစပြီးတော့ ရေလမ်းခရီးနဲ့ ဝေးဝေးနေပါ"
ချန်းချောင်၏ မျက်နှာပေါ်တွင် မယုံကြည်နိုင်သော အရိပ်အယောင်များ ထင်ဟပ်နေသည်။
"အတိအကျ မှန်လှချည်လား.. အရင်တစ်ပတ်တုန်းက ချန်းချောင် ရေကူးကန်မှာ ရေသွားကူးရင်း ခြေထောက်ကြွက်တတ်လို့ ရေနစ်တော့မလို့လေ.. ရေကူးကန်အစောင့်က အချိန်မှီ ကယ်တင်ခဲ့လို့သာ ကံကောင်းသွားတာပေါ့"
"မင်း ငါ့ကို ယုံကြည်ပြီလား"
ကော်ဟောက်က အရင်လို ဝင့်ကြွားသော အမူအရာ မဟုတ်ဘဲ ကူကယ်ရာမဲ့စွာ စိတ်ပျက်နေသော လေသံဖြင့် ပြောလိုက်သည်။
ခဏကြာပြီးနောက် ဖုန်းပြောနေသော ဝါရင့်ဆရာသမား ဝမ် ပြန်ရောက်လာသည်။
"တပည့်တို့.. ဆရာ့မှာ မင်းတို့ကို ပြောစရာ သတင်းကောင်းတစ်ခုရှိတယ်"
သူတို့ရှေ့တွင် ဟန်မဆောင်နိုင်အောင် အူမြူးနေသော ဆရာဝမ်ကို သူတို့က မှင်တက်၍ ကြည့်နေမိသည်။
"မင်းတို့ဆရာ မိန်းမ ရှာတွေ့သွားပြီ"
လူတိုင်း "........…"
ဝမ်လင်း "........…"