ဆရာဝမ်၏ သင်ကြားရေး မူဝါဒ
Vol. 3 Ch. 42
ဝါရင့်ဆရာသမား ဝမ်က အချစ်ရေး သတင်းကို မြန်မြန်ဆန်ဆန် ကြေညာလိမ့်မည်ဟု ဝမ်လင်း မမျှော်လင့်ခဲ့ပေ။
ယနေ့ခေတ်တွင် အလောတကြီး လက်ထပ်ထိမ်းမြားမှု အများအပြား ရှိကြသည်။
သို့သော် လျှပ်ပြက်သလို မြန်ဆန်သော အချစ်ရေးမျိုး အများအပြား ရှိနေလိမ့်မည်ဟု မည်သူ သိနိုင်မည်နည်း။
ဆရာဝမ်က အချစ်မရှိဘဲ ဘဝကို အထီးကျန်စွာ ဖြတ်သန်းလာတာ အချိန်ကြာသွား၍ အချစ်၏ ချိုမြသော ပျားရည်မြစ်ထဲ ကျသွားသောအခါ သူ့ကိုယ်သူ ရုန်းမထွက်နိုင်တော့တာလည်း ဖြစ်ကောင်း ဖြစ်နိုင်၏။
တစ်ဖက်တွင်မူ ကော်ဟောက်က အေးမြသော ဆောင်းရာသီထဲ ရောက်သွားသလို တုန်လှုပ်နေသည်။
ဒိုပီက သာမန် ကြက်တူရွေး မဟုတ်ဘဲ သွေးမျိုးဆက် များစွာ ပေါင်းစပ်ထား၍ ထူးကဲသော အရည်အချင်း ရှိသည့် အပြင် အသွင် ပြောင်းလဲနိုင်စွမ်းလည်း ရှိသည်။
လူသားပုံစံကို အသွင်ပြောင်းနိုင်သည့် ကန့်သတ်ချက်က တိုတောင်းသော်လည်း ကော်ဟောက်ကို သင်ခန်းစာပေးရန်မူ လုံလောက်မှု ရှိနေသည်။
အထူးသဖြင့် သူဂုဏ်ယူဝင့်ကြွားသော အဖြူရောင် အမွေးကြားတွင် အကွက် သေးသေးလေးများ ဖြစ်ပေါ်လာသောကြောင့် နိမိတ်အဟော ကောင်းသော ကော်ဟောက်ကို ဒေါသအိုး ပေါက်ကွဲနေသည်။
ဝမ်လင်းက ကော်ဟောက်၏ ဖိအားကို ခပ်လှမ်းလှမ်းကပင် ခံစားနိုင်ခဲ့သည်။
ထို့အပြင် သူက ဒိုဘီ၏ အတွေးကို ထပ်မံ၍ ကြားလိုက်ရ၏။
ကြာပွတ်၊ လက်ထိပ်၊ ဖယောင်တိုင်အသေး....
"ဟမ်"
ယင်းက နာမ်စား သုံးခုသာ ဖြစ်သော်လည်း ဝမ်လင်း မှန်းဆရန် အတွက် လိုအပ်သည်ထက်ပင် ပိုနေသည်။
ယနေ့ခေတ်တွင် ငှက်တစ်ကောင်ပင် စိတ်လှုပ်ရှားစရာ ကောင်းသည့် BDSM ဂိမ်းမျိုး ဆော့ကစားနိုင်မည်ဟု မမျှော်လင့်ခဲ့ပေ။
(BDSM= လက်တွဲဖော်ကို ကြိုးချည်၍ ရိုက်နှက်ခြင်း၊ အပျော်အပါး အတွက် နာကျင်မှုကို ပေးကမ်းခြင်း(ဝါ) အစွမ်းရောက် လိင်ဆက်ဆံသည့် နည်းလမ်း)
အချစ်ကို ရှာတွေ့သွားသော ဝါရင့်ဆရာသမားက ပုံမှန်ထက် ပို၍ ဖော်ရွေနေသည်။
ဝိညာဉ်ဓား လေ့ကျင့်ရေးမှာ စိတ်ဖိစီးမှု ကင်းသော လေ့ကျင့်ခန်း ဖြစ်သော်လည်း ဒိုပီ၏ အေးစက်စက် အမူအရာက ကော်ဟောက်၏ မျက်နှာအမူအရာကို မပျော်မရွှင် ဖြစ်စေသည်။
ဤဇာတ်လမ်း၏ သင်ခန်းစာမှာ "ကြွားဝါလိုလျှင် တန်ရာတန်ကြေး ပြန်လည်ပေးဆပ်ရမည်" ဟူ၏။
ကော်ဟောက်က တခြားသူအရှေ့တွင် ကြွားဝါးချင်လျှင် နောက်ကွယ်၌ ဒိုပီက ကော်ဟောက်၏ ဖ-င်ကို ဖယောင်းစက်ချ၍ တုံ့ပြန်ပေလိမ့်မည်။
ထို့ကြောင့် ဖေဖေဝမ် နှင့် မေမေဝမ်တို့က သိုသိုသိပ်သိပ် နေထိုင်ခိုင်းခြင်း ဖြစ်ရပေမည်။
ဤတစ်ကြိမ် ဝိညာဉ်ဓား လေ့ကျင့်ခြင်းက ပျင်းရိဖွယ် ကောင်းသည်ဟု ဝမ်လင်း ခံစားမိသည်။
ဆရာဝမ် သင်ကြားပေးနေသော ဝိညာဥ်ဓား ပညာရပ်သည် အလွန်အခြေခံကျသော ပညာရပ်တစ်ခု ဖြစ်၏။
သီအိုရီအရ အခြေခံတည်ဆောက်ခြင်း အဆင့် ကျင့်ကြံသူက ဓားဖြင့် ပျံသန်းနိုင်သည်။
သို့သော် လက်ရှိ ပညာရေးစနစ်အရ ဟွာရှို့နိုင်ငံ၏ ပညာရေးဌာနများတွင် ဓားပျံပညာရပ်ကို တက္ကသိုလ်အဆင့်၌သာ သင်ကြားစေသည်။
အထက်တန်းကျောင်းများရှိ အခြေတည် အဆင့် ကျောင်းသားများက ဓားပျံခြင်း အခြေခံ နှင့် ဓားထိန်းသိမ်းခြင်း အခြေခံကိုသာ သင်ယူရသည်။
အထက်တန်းစား သူဌေးသူကြွယ်များ၏ ကလေးများကမူ အဆင့်မြင့် ဓားသိုင်းနှင့် စိတ်ပိုင်းဆိုင်ရာ ဓားနည်းစနစ် များ၏ နက်နဲသော အပိုင်းကို ပြင်ပတွင် သင်ယူနိုင်၏။
သို့သော် ၎င်းသင်ခန်းစာများက ဝမ်လင်းအတွက် စိန်ခေါ်မှု မဟုတ်သေးပေ။
"စစ်မှန်သော သူရဲကောင်းက ဓားကိုင်စရာ မလိုဘဲ ကြယ်တွေကို ပိုင်းဖြတ်ဖို့ မြက်တစ်ပင်ကိုသာ လိုအပ်သည်"
ထိုစကားကို ကိုယ်စားပြုသည့် ဓားပညာ၏ အမြင့်ဆုံးနယ်ပယ်မှာ သမိုင်းတွင် မှေးမှိန်သွားခဲ့ပြီ ဖြစ်၏။
လူအများစုက ထိုနယ်ပယ်ကို ဒဏ္ဍာရီတစ်ခုဟုသာ ထင်နေခဲ့ကြသည်။
သို့သော် ကြယ်များကို မြက်ပင်ဖြင့် ခုတ်ဖြတ်ရန်မှာ သူ့အတွက် လုံးဝ ခက်ခဲမည် မဟုတ်ကြောင်း ဝမ်လင်း ခံစားရသည်။
ဓားပျံခြင်း ပညာရပ်၏ အခြေခံ လေ့ကျင့်မှုတွင် ဝိညာဥ်ဓားဖြင့် လေထဲတွင် ပုံသဏ္ဍာန်၈မျိုး ရေးဆွဲရန်လည်း ပါဝင်သည်။
ဝမ်လင်းက တခြားသူများ ထိခိုက်မိမည်ကို စိုးရိမ်၍ သစ်သားဓားကို ဂရုတစိုက် ထိန်းချုပ်ကာ အတတ်နိုင်ဆုံး ကြိုးစားလိုက်သည်။
အဆုံးသတ်တွင် ဆရာဝမ်က ဝမ်လင်း၏ ဓားပျံကျွမ်းကျင်မှုအဆင့်ကို ကျောင်းသားငါးယောက်ထဲတွင် စတုတ္ထအဆင့် အဖြစ် သတ်မှတ်ပေးခဲ့သည်။
သူက ငါးဦးအနက် နောက်ဆုံး မရောက်မီ စတုတ္ထအဆင့်သာ ရသော်လည်း ဤအဆင့်အတွက် သူအရမ်း ကျေနပ်မိသည်။
နောက်ဆုံး နေရာကို အပိုင်သိမ်းသွားသူမှာ လင်းရှောင်ယု ဖြစ်၏။
သူမ အသုံးပြုသည့် အတွဲလိုက် အမြွှာဓားမှာ ထိန်းချုပ်ရန် မလွယ်ကူသလို ဓားတစ်လက်ထဲ ကိုင်ဆောင် အသုံးပြုခြင်းထက် နှစ်ဆ ပိုမိုခက်ခဲ၍ ဓားသိုင်းတွင် အဆင့်တစ်ခု ရောက်ရန် လိုအပ်သည်။
ပိုဆိုးသည်မှာ လင်းရှောင်ယုက ဝိညာဥ်ဓား၏ လိင်အမျိုးအစားကို နားလည်မှုလွဲခဲ့၍ နှစ်အတော်ကြာ တိုးတက်မှု နှောင့်နှေးခဲ့ရသည်။
ယင်းအတွက်ကြောင့် လင်းရှောင်ယုက ဝိညာဉ်ဓားကို အသုံးပြုသည်မှာ ကြာပြီ ဖြစ်သော်လည်း ဝိညာဉ်ဓားနှင့် သူမတို့ ကြားတွင် စစ်မှန်သော ဆက်ဆံရေးကို မတည်ဆောက်နိုင်သေးပေ။
"ငါတို့အားလုံး ဒီလိုဖြစ်နေရင်တော့ အဆင်မပြေဘူး"
ဝါရင့်ဆရာသမား ဝမ်က ခါးထောက်လိုက်ပြီး သက်ပြင်းချလိုက်သည်။
သူက ဝမ်လင်းနှင့် လင်းရှောင်ယုတို့ကြောင့် အတော်လေး ခေါင်းကိုက်နေသည်။
ဆရာဝမ်က အမှတ်၅၈ အထက်တန်းကျောင်း နှင့် အမှတ်၅၉ အထက်တန်းကျောင်း၏ သတင်း အချက်အလက်များကို စုဆောင်းထားသည်။
အပေါ်ယံကြည့်လျှင် ကျောင်းသုံးကျောင်းမှ ကျောင်းသားများမှာ ဝိညာဉ်ဓားများကို ထိန်းချုပ်နိုင်သော အဆင့်တွင် အကြမ်းဖျင်းအားဖြင့် တူညီကြသည်။
တကယ်တမ်းတွင် စွန်းရုံ၏ ဆန်းကြယ်ပင်လယ်မှာ ဓားဝိညာဉ်ကို မွေးဖွားထား၍ အမှတ်၆၀ အထက်တန်းကျောင်း အတွက် အားသာချက် ရှိနေသည်။
သို့သော် ဝိညာဉ်ဓား ဖလှယ်ခြင်းမှာ အဖွဲ့အစည်းဖြင့် လုပ်ဆောင်ရသော အခမ်းအနား ဖြစ်ပြီး အဖွဲ့အစည်း အလိုက်အမှတ်ပေးသော စနစ်ကို အသုံးပြုထားသည်။
အကယ်၍ အမှတ်၆၀ အထက်တန်းကျောင်းသာ အောင်ပွဲရလိုလျှင် စွန်းရုံနှင့် ချန်းချောင်မှ လွဲ၍ ကျန်သုံးဦးက ဓားပျံကျွမ်းကျင်မှုတွင် အနည်းဆုံး ပျမ်းမျှရမှတ် သို့မဟုတ် သာမန်အဆင့်ထက် ကျော်လွန်ရန် လိုအပ်သည်။
အကယ်၍ တစ်ယောက်ယောက်သာ အမှတ်နည်းသွားလျှင် တစ်ဖွဲ့လုံး ကြိုးစားထားသမျှက သဲထဲရေသွန် ဖြစ်လိမ့်မည်။
ဝမ်လင်းက စတုတ္ထနေရာသာ ရသော်လည်း ကျွမ်းကျင်မှုက ပျှမ်းမျှထက် သာလွန်သည်ဟု ဆရာဝမ် ခံစားမိခဲ့သည်။
ဤခံစားချက်မှာ ဆရာဝမ် အတွက် အလွန် ဆန်းကြယ်နေသည်။
ဝမ်လင်းက အမှတ်ပြည့်ရသူထက်ပင် တစ်နည်းတစ်ဖုံ ပိုကျွမ်းကျင်သည်ဟု သူခံစားမိသည်။
သူတို့အဖွဲ့ကို နောက်ပြန်ဆွဲထားသည်မှာ လင်းရှောင်ယု ဖြစ်၏။
သူမ၏ ရလဒ်က အလွန်စိတ်ပျက်စရာ ဖြစ်နေသည်။
ဓားပျံကျွမ်းကျင်မှု ရမှတ်မှာ ၆၅မှတ် ရှိသော်လည်း လင်းရှောင်ယုက အောင်မှတ်ပင် မရခဲ့ပေ။
သို့သော် ဆရာဝမ်က ဆရာဝမ်ပင် ဖြစ်သည်။
ကျောင်းအုပ်ကြီးချန်းက ဆရာဝမ်ကို ယုံကြည်ချက်ရှိ၍သာ ဤအဖွဲ့ကို ဦးဆောင်ခိုင်းခဲ့ခြင်း မဟုတ်လော။
အဆာပြေမုန့်ထုပ် စားလေ့ရှိသည့် ဝတုတ်ဆရာက အချစ်ရေးတွင် ဇာတာတက်နေသလို သင်ကြားမှု စွမ်းရည်တွင်လည်း မေးခွန်းထုတ်စရာ မလိုလောက်အောင် ထူးချွန်သည်။
ဓားပျံလေ့ကျင့်ခန်း ပြီးနောက် လင်းရှောင်ယုမှ လွဲ၍ တခြားသူအားလုံး အားကစားခန်းမမှ ထွက်သွားခဲ့ကြသည်။
ညစာစားရန် အချိန်၂နာရီ ကျန်နေသေး၍ ဤအချိန်ကို အားလပ်ချိန်ဟု သတ်မှတ်နိုင်သော်လည်း လင်းရှောင်ယုမှာ အချိန်ပို လေ့ကျင့်ရန် လိုအပ်နေသည်။
"ဆရာ သမီးက မျှော်လင့်ချက် ကင်းမဲ့နေပြီလား"
သူမက စိတ်ပျက်အားလျော့စွာဖြင့် ခေါင်းငိုက်စိုက်ကျနေသည်။
လင်းရှောင်ယုက သူမ၏ ဖခင်လက်ချက်ဖြင့် သူမ မြတ်နိုးရသည့် BLဝတ္ထုများ မီးရှို့ခံရသည့် ဖြစ်ရပ်ပြီးလျှင် ဓားပျံမှာ သူမ ဘဝ၏ ဒုတိယ အနာကျင်ရဆုံး အရာ ဖြစ်လာသည်ဟု ခံစားနေရ၏။
မိန်းကလေးတွေက အားငယ်တတ်သော စိတ်သဘောထား ရှိ၍ ဆရာဝမ်က မိန်းကလေးများကို မျက်နှာသာပေးလေ့ ရှိသည်။
အကယ်၍ ဆရာဝမ် နေရာတွင် ဆရာမဖန်သာ ဖြစ်နေခဲ့လျှင် လင်းရှောင်ယုက သူမ၏ မျှော်လင့်ချက်ကို မလိုက်လျောနိုင်သည့် အတွက် အက်ဒရီနယ် ဂလန်း(adrenal gland) ဟော်မုန်းကို လှုံ့ဆော်ရန် အစွန်းရောက် နည်းလမ်းမျိုးစုံကို အသုံးပြုမည်မှာ သေချာသည်။
(adrenal gland= နှလုံးခုန်နှုန်း၊ သွေးဖိအားနှင့် အခြားအရေးကြီးသော ခန္ဓာကိုယ် လုပ်ဆောင်မှုများကို ထိန်းချုပ်ရန်ကူညီပေးသော ဂလန်း)
သို့သော် ဆရာတိုင်းတွင် ကိုယ်ပိုင် သင်ကြားမှုပုံစံ ရှိ၏။
တင်းကြပ်စွာ ဆိုဆုံးမခြင်း နှင့် ဖိအားပေးခြင်းက ဆရာဝမ်၏ သိမ်မွေ့သော သင်ကြားမှုပုံစံဖြင့် မအပ်စပ်ပေ။
ထို့အပြင် ဆရာဝမ်က (မ) ဝါဒီသမား ဖြစ်နေ၍ ကျောင်းသူလေးကို ဖိအားပေးမည့် အတွေးမျိုး မရှိခဲ့ချေ။
ဆရာမဖန်၏ ဖိအားပေးသော သင်ကြားမှု ပုံစံထက် စာလျှင် ဝါရင့်ဆရာသမား ဝမ်၏ သင်ကြားမှုပုံစံက ပို၍ ထိရောက်သည်။
တင်စားရလျှင် ဆရာဝမ်က မှန်ကန်သောဆေးကို ညွှန်းပေးတတ်သည်။
အမြွှာ ဓားပျံကို အသုံးပြုရခြင်းသည် ဓားတစ်လက်ထဲ အသုံးပြုရသည်ထက် ပို၍ ခက်ခဲသော်လည်း စည်းမျဉ်းစည်းကမ်းက အတူတူပင် ဖြစ်သည်။
မူရင်းအခြေခံ သဘောတရားကို နားလည်ရန်သာ လိုအပ်သည်။
လက်ရွေးစင်အတန်းမှ ကျောင်းသားများ အတွက်မူ စာအုပ်ပါ အကြောင်းအရာများကို မှတ်မိရန် မခက်ခဲ့ပေ။
ထို့အပြင် လင်းရှောင်ယုမှာ ထိပ်တန်းကျောင်းသား တစ်ယောက် ဖြစ်သည် မဟုတ်လော။
ထိုအတွက်ကြောင့် လင်းရှောင်ယုက မသင်ယူနိုင်ခြင်း မဟုတ်ဘဲ သူ၏ သင်ခန်းစာများကို တစ်စုံတစ်ရာသော အကြောင်းကြောင့် မှတ်ဉာဏ်ထဲ စုပ်ယူနိုင်ခြင်း မရှိမှန်း သူ ခံစားခဲ့ရသည်။
သူ၏ အကဲဖြတ်မှုအရ ဆိုလျှင် သူ၏ တပည့်မလေးက စိတ်ဓာတ်ကျနေသည်ဟု သူအတပ်ပြောနိုင်၏။
တကယ်လည်း လင်းရှောင်ယုမှာ ဖခင်က သူမ မြတ်နိုးရသည့် BLဝတ္ထုများကို မီးရှို့လိုက်၍ စိတ်ဓာတ်ကျနေခြင်း ဖြစ်၏။
ဤအခြေအနေနှင့် ပတ်သက်၍ ဆရာဝမ် မသိခဲ့သော်လည်း နှစ်ပေါင်းများစွာ သင်ကြားရေး အတွေ့အကြုံကို အခြေခံကာ ဆုံးဖြတ်နိုင်ခဲ့သည်။
ဆရာဝမ်တွင် ခက်ခဲရှုပ်ထွေးသော ပြဿနာကို ဖြေရှင်းပေးနိုင်သည့် နည်းလမ်း အများအပြား ရှိသည်။
မည်သို့ပင်ဆိုစေကာမူ စိတ်ဓာတ်ကျနေသော ကျောင်းသူလေးအတွက် မှန်ကန်သော စိတ်ခွန်အားပေးမှုမျိုး လိုအပ်သည် မဟုတ်လော။
ဝိညာဉ်အလင်းတန်းက ဝါရင့်ဆရာသမား ဝမ်၏ လက်ထဲတွင် ပေါ်လာသည်။
ဆရာဝမ်က သူကြိုတင် ပြင်ဆင်လာသော စာအုပ်ကို လင်းရှောင်ယု၏ လက်ထဲ ထည့်ပေးလိုက်သည်။
"ကျောင်းသူလင်းက ဒီစာအုပ်ကို သဘောကျမယ်လို့ မျှော်လင့်ပါတယ်.. ဇာတ်ကောင်တွေက မင်းရဲ့ဓားနာမည်တွေနဲ့ ဆင်တူတယ်လေ"
လင်းရှောင်ယုက စာအုပ်ကို ယူ၍ ကြည့်လိုက်ရာ အလွန်ထင်ရှားသော စကားလုံး လေးလုံးကို စာအုပ်အဖုံးပေါ်တွင် တွေ့လိုက်ရသည်။
"မိစ္ဆာလမ်းစဉ်ကို တည်ထောင်ခဲ့သူ...."
................
တကယ်တမ်းတွင် ဆရာဝမ်က အုပ်စုဖွဲ့ လေ့ကျင်မှု မတိုင်မီ ကျောင်းသားတိုင်းကို အရေးပေါ် စိတ်အားတက်ကြွရန် အတွက် ၎င်းတို့နှင့် ကိုက်ညီသော လက်ဆောင်ကို ဂရုတစိုက် ပြင်ဆင်ထားသည်။
စွန်းရုံအတွက် ဝမ်လင်းအကြိုက်ဆုံး အဆာပြေမုန့် စာရင်းကို ပြင်ဆင်ပေးထားသည်။
ချန်းချောင်အတွက် မြေဆွဲအား စနစ်ပါသော အားကစားကိရိယာကို ပြင်ဆင်ပေးထားသည်။
ထိုမှသာ ဓားအလေးချိန်ကို ကောင်းစွာ ထိန်းချုပ်နိုင်မည် ဖြစ်၏။
ကော်ဟောက်အတွက် ဝါရင့်ဆရာသမားက သူသိထားသမျှ ကျောင်းသား အတင်းအဖျင်းများကို မှတ်တမ်းတင်ထားသည့် မှတ်စုစာအုပ် တစ်အုပ်ကို ပြင်ဆင်ပေးထားသည်။
ဝမ်လင်းအတွက်မူ အရသာအသစ် ဖြစ်သည့် ငါးရှဥ့်အရသာ ခေါက်ဆွဲခြောက် ကြွပ်ကြော်ထုပ်ကို ပြင်ဆင်ထား၏။