← Chapters

ကြောင်တစ်ကောင်နှင့် လူတစ်ယောက်ကြားက ရင်ဆိုင်တိုက်ပွဲ

Vol. 3 Ch. 44

ကြောင်တစ်ကောင်နှင့် လူတစ်ယောက်ကြားက ရင်ဆိုင်တိုက်ပွဲ

Vol. 3 Ch. 44

ဝမ်လင်းက ပန်းရောင်ဖျော့ဖျော့ ပွင့်ချပ်လေးကို ခူးယူပြီး မျက်ဝန်းကို မှိတ်ကာ ပန်းရနံ့ကို ဂရုတစိုက် ရှုရှိုက်လိုက်သည်။

ချယ်ရီပန်း မွှေးရနံ့က ဤရာသီနှင့် လိုက်ဖက်သည်ဟု ဝမ်လင်း ခံစားရ၏။

ဤချယ်ရီပင်များက သာမန် ချယ်ရီပင်များသာ ဖြစ်သည်။

ဈေးကွက်တွင် ရောင်းချသော စိတ်ဝိညာဉ် အပင်များနှင့် ယှဉ်လိုက်လျှင် ချယ်ရီပင်က ချီစွမ်းအား မရှိပေ။

သို့သော် ချယ်ရီပင်များကို ကျောင်းပတ်ဝန်းကျင် လေထုတွင်ထည့်သွင်းရန် မရှိမဖြစ် လိုအပ်သည် မဟုတ်လော။

ဝမ်လင်းက ဤကဲ့သို့ သစ်ပင်ပန်းမန်များဖြင့် တိတ်ဆိတ်အေးချမ်းသော ဘဝဖြင့်သာ နေထိုင်ချင်သည်။

သူက ချယ်ရီပင်များကြားတွင် ငြိမ်သက်စွာ ရပ်နေပြီး ချယ်ရီပန်းများ၏ လန်းဆန်းသော မွှေးရနံ့ကို ရှုရှိုက်နေသည်မှာ စကြဝဠာကြီး တစ်ခုလုံးတွင် သူတစ်ဦးတည်း ရှိနေသည့် အလားပင်။

ထိုအချိန်တွင် ဝမ်လင်း၏ ခန္ဓာကိုယ်က ရုတ်တရက် တုန်ယင်လာသည်။

ယင်းမှာ လေနုအေး တိုက်ခတ်၍ တုန်ယင်လာခြင်းမျိုး မဟုတ်ပေ။

အကြောင်းအရင်း တစ်ခုခုကြောင့်သာ သူ့ကြွက်သားများက အားပျော့၍ တုန်ခါသွားခြင်း ဖြစ်ရပေမည်။

ပုံမှန်အားဖြင့် သူ့ခန္ဓာကိုယ်က မည်သည့်အခါမှ အအေးဒဏ်ကို မခံစားရသလို အဆိပ်အားလုံးကိုပါ ခုခံနိုင်စွမ်း ရှိသည်။

ဗိုင်းရပ်များပင် သူ့ခန္ဓာကိုယ်ထဲ မဝင်ရောက်ခင် သူ၏ ပြိုင်ဘက်ကင်း စွမ်းအားကြောင့် ပျက်စီးသွားရလိမ့်မည်သာ။

ရလဒ်အနေဖြင့် မွေးကတည်းက သေးသေးမွှားမွှားပင် မဖျားနာခဲ့ဖူး၍ အအေးမိရောဂါက မည်သို့မည်ပုံ ဆိုသည်ကိုပင် မသိခဲ့ပေ။

ဆိုရလျှင် ဝမ်လင်းက ငယ်စဉ်တည်းက ဖျားနာခြင်း မရှိခဲ့၍ အေးစက်သော ခံစားချက်ကို မခံစားဖူးချေ။

ဝမ်လင်း တစ်ယောက်တည်း အထီးကျန် ဖြစ်နေသော အချိန်များတွင် ကြွက်သားများမှာ တခါတရံ တောင့်တင်းလာတတ်သည်။

ဝမ်လင်းက ငြိမ်သက်အေးချမ်းသော ခံစားချက်ကို ခံစားရတိုင်း သူ့ခန္ဓာကိုယ်ရှိ အကြောများက ဆတ်ခနဲ ဆွဲသွားတတ်သည်။

ယင်းသို့ဖြစ်ရခြင်းမှာ အာရုံကြောများနှင့် မသက်ဆိုင်ပေ။

ဝမ်လင်းက ကျင့်ကြံခြင်း နယ်ပယ်တွင် ထိပ်ဆုံးအဆင့် ရောက်နေသော်လည်း ထိပ်ဆုံးရောက်နေသူ၏ အထီးကျန်သော ခံစားချက်ကို နားလည်ပေးနိုင်သူမှာ အနည်းငယ်သာ ရှိသည်။

ဝမ်လင်းက ဘုရားကျောင်းများတွင် တစ်ချိန်လုံး တရားစာ ရွတ်ဖတ်နေသော လူအိုကြီး မဟုတ်သကဲ့သို့ သေမျိုး လောကကြီးကို အမှန်အတိုင်း သိမြင်နေသော တာအို ဘုန်းတော်ကြီးလည်း မဟုတ်ခဲ့ပေ။

သူက ခံစားချက်ရှိသော ၁၆နှစ်အရွယ် ကောင်လေး တစ်ယောက်သာ ဖြစ်သည် မဟုတ်လော။

ဝမ်လင်းက အထီးကျန်မှုနှင့် ကျင့်သားရနေပြီဟု ဆိုနိုင်သော်လည်း သူ့နှလုံးသားထဲမှ အလွန် အထီးကျန်ဆန်သော ခံစားချက်ကို တပါးသူက သေအောင် ရိုက်မေးလျှင်ပင် ဝန်ခံမည် မဟုတ်ချေ။

သူက နူးညံ့သော ချယ်ရီပန်း ပွင့်ချပ်များကို ဖွဖွလေး နင်းလျှောက်၍ အရှေ့သို့ ဆက်လျှောက်သွားခဲ့သည်။

လေနုအေးက သူ့ပါးပြင်ကို ကလူကျီစယ် သွားစဉ် လေထဲမှ အသံများကို ခပ်သဲ့သဲ့ ကြားလိုက်ရသည်။

ထို့နောက်တွင် အသံလာရာဆီသို့ သူ လှမ်းကြည့်လိုက်သည်။

သူနှင့် မနီးမဝေးရှိ ချယ်ရီပန်းပင်အောက်တွင် ကြောင်ကလေးများက ကြွေကျနေသော ချယ်ရီပန်း ပွင့်ချပ်များ ပေါ်တွင် ပြေးလွှား ဆော့ကစားနေကြသည်။

ထိုကြောင်ကလေးများမှာ ကျောင်းတိုင်းတွင် ရှိတတ်ကြသည့် လမ်းဘေး ကြောင်ကလေးများ ဖြစ်၏။

တစ်ခါတစ်ရံတွင် ဝမ်လင်းက လွတ်လပ်ပေါ့ပါးစွာ နေထိုင်ခွင့်ရသည့် ကြောင်ကလေးများကို မနာလို ဖြစ်မိသည်။

သူတို့က ဘာဆိုဘာမှ စိုးရိမ်စရာ မလိုအပ်ပေ။

သူတို့ ဗိုက်ဆာသောအခါ ကျောင်းဝန်းထဲရှိ ဝန်ထမ်းများက သူတို့ကို အစာကျွေးလိမ့်မည်။

သူတို့ ဗိုက်ဝသွားလျှင် လူးလှိမ့် ဆော့ကစားနိုင်သည်။

ဆော့ကစားခြင်း ပြီးဆုံးသွားလျှင်လည်း ကောင်းမွန်စွာ အိပ်စက်နိုင်၏။

ထို့အပြင် သူတို့၏ ခွန်အားကို ထိန်းချုပ်ဖို့ စိုးရိမ်စရာလည်း မလိုအပ်ချေ။

ဤချစ်စရာကောင်းသော ကြောင်ပေါက်လေးများကို ငေးကြည့်ပြီး ဝမ်လင်းက ပွေ့ချီချင်စိတ် ပေါ်လာသော်လည်း သူ့လက်မောင်းပေါ်မှ တာအိုအဆောင် အင်အားလျော့နည်းနေသည်ကို သတိပြုမိ၍ သူ့လက်ကို ပြန်ရုပ်သိမ်းလိုက်သည်။

ဆော့ကစားနေသော ကြောက်ပေါက်လေးများနှင့် ချောမောသော ကောင်လေးတစ်ယောက်...

ဤမြင်ကွင်းက လူသားနှင့် သဘာဝတရား တို့ကြား စည်းလုံးညီညွတ်မှုကို ပြသနေသည့် ပုံရိပ်တစ်ခုဟု ဆိုရမည်။

အထူးသဖြင့် လူတစ်ဦးက စိတ်ဖတ်နိုင်စွမ်းကို အသုံးချလိုက်သော အခါတွင် ဤကဲ့သို့ ပြီးပြည့်စုံသော ပုံရိပ်က တခါတရံ ပျက်စီးသွားနိုင်သည်။

ဝမ်လင်းက ကြောက်ပေါက်လေးများကို ကြည့်နေစဉ် ၎င်းတို့၏ နှလုံးသားထဲမှ အသံများကို ရှင်းရှင်းလင်းလင်း ကြားနေရသည်။

ကြောင်ကလေးအုပ်စု၏ ခေါင်းဆောင် ဖြစ်ပုံရသော ကြောင်ကြီး "ဟေ့ ကြည့်လိုက်စမ်း.. အဲဒီလူသားက ငါတို့ကို အသေအချာ စိုက်ကြည့်နေတယ်ဟ"

ဒုတိယကြောင် " သူက စိတ္တဇအရူး ဖြစ်နိုင်တယ်"

တတိယကြောင် "ငါတို့ မြန်မြန် ထွက်ပြေးသင့်တယ်.. သူက ငါတို့ကို ဖမ်းချင်လို့ ထင်တယ်"

စတုတ္ထကြောင် "ကြောင်တွေကို ဖမ်းပြီး အသားဟင်း ချက်ပစ်တဲ့ စိတ္တဇ အရူး တစ်ယောက် ရှိတယ်လို့ ငါကြားဖူးတယ်.. ဒီအတိုင်းဆို ဒီနေရာက အရမ်း အန္တရာယ်များနေပြီ"

အကြီးဆုံးကြောင် "၂နာရီထိုးနေပြီ.. သူဌေး ကျန့်ထန်က အစည်းအဝေး လုပ်တော့မယ်.. သွားကြစို့"

ဝမ်လင်း"............"

ထို့နောက်တွင် ကြောင်အားလုံးက ဦးတည်ချက် တစ်ဖက်တည်းသို့ ပြေးသွားကြသည်။

ဝမ်လင်းက ကလေးဘဝကပင် ဤကဲ့သို့ အရှက်ရမှု များစွာကို ကြုံတွေ့ခဲ့ရဖူးသည်။

အထူးသဖြင့် တာအိုအဆောင်၏ စွမ်းအား လျော့နည်းလာသော အချိန်တွင် ကြုံရတတ်သည်။

သူ၏ အရှိန်အဝါကို လူသားများထက် တိရိစ္ဆာန်များ နှင့် အင်းဆက်များက ပို၍ အာရုံခံစားနိုင်သည်။

သို့သော် သတ္တဝါအားလုံးက ဝမ်လင်းကို ကြောက်လန့်ခြင်း မဟုတ်ပေ။

တချို့သော ပုဇဉ်း နှင့် လိပ်ပြာများသည် သူ့ ပခုံးပေါ်တွင် အကြောက်အလန့် ကင်းမဲ့စွာ နားခိုတတ်ကြသည်။

ဝမ်လင်းက ကြောင်ပေါက်လေးများ ပြေးသွားသော ဦးတည်ချက်အတိုင်း လျှောက်လာခဲ့သည်။

အမှတ်၅၉ အထက်တန်းကျောင်းသို့ ရောက်မလာခင် သူ၏ မှတ်ဉာဏ်ဖတ် စွမ်းရည်ကို အသုံးပြု၍ ချယ်ရီတောထဲတွင် လူလုပ် ကြာပန်း ရေကန်ငယ်လေး တစ်ကန် ရှိသည်ဟု သူကြားသိထားခဲ့သည်။

အသစ်ဆောက်ထားသည့် ထိုကြာပန်း ရေကန်လေးထဲကို စာကလေး တစ်ကောင် မတော်တဆ ရေနစ် သေဆုံးခဲ့သည့် ဖြစ်ရပ်တစ်ခု ဖြစ်ခဲ့ဖူးသည်။

မျက်နှာပြောင်သည့် ကျောင်းသားတစ်ဦးက ထိုစာကလေးကို "ရှားယွီဟဲ"ဟု အမည်ပေးခဲ့ပြီး ကြာပန်းရေကန် နံဘေးတွင် ကျောက်တိုင် တစ်ခု စိုက်ထူခဲ့သည်။

ရေကန်လေးကိုလည်း "ရေကန်လေး မင်"ဟု အမည်ပေးခဲ့၏။

ဝမ်လင်းက ကြောင်ကလေးများ မတော်တဆ တစ်ခုခု ဖြစ်မည်ကို အနည်းငယ် စိုးရိမ်သဖြင့် ကြောင်ကလေးများ နောက်သို့ လိုက်ကြည့်ရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်၏။

ကြောင်ကလေးများက ငယ်ရွယ်လွန်းပြီး ရေကန်၏ ရေအနက်မှာမူ ဝမ်လင်း၏ ဒူးလောက် ရှိသည်။

ထို့ကြောင့် ကြောင်ကလေးများအတွက် ရေနက်သည်ဟု ဆိုနိုင်၍ ဝမ်လင်း အစိုးရိမ် လွန်သွားခဲ့သည်။

ဤကြောင်အုပ်စုတွင် လျှို့ဝှက် အခြေစိုက်စခန်း ရှိနေသည်မှာ ထင်ရှား၏။

ဝမ်လင်း ရေကန်နား ရောက်သွားသည်နှင့် သူတို့က ခြေရာဖျောက်သွားခဲ့သည်။

ဝမ်လင်းက ကြောင်အရိပ်ပင် မမြင်ခဲ့ရပေ။

ပတ်ဝန်းကျင်တစ်ခုလုံးက ငြိမ်သက် တိတ်ဆိတ်နေခဲ့သည်။

သူ သက်ပြင်းချပြီး ထွက်သွားခါနီးတွင် အမည်းရောင် ပုံရိပ်တစ်ခုက ရေကန်ထဲသို့ ထိုးကျသွားသည်။

"ဗွမ်း..."

ရေကန်ထဲမှ ရေများက ကန်ပြင်သို့ စင်ထွက်လာသည်။

သာမန် အခြေအနေဆိုလျှင် အချိန်မီ မတုံ့ပြန်နိုင်ခဲ့လျှင် ရေစိုမည်မှာ သေချာသည်။

သို့သော် စင်ထွက်လာသော ရေများက ဝမ်လင်းဆီ မရောက်ခင် ရပ်တန့်သွားခဲ့သည်။

ဝမ်လင်းက သူ့လက်ချောင်းများကို လှုပ်ရှားလိုက်သည်နှင့် ကန်ပြင်သို့ စင်ထွက်လာသော ရေအားလုံးမှာ ကန်ထဲသို့ ပြန်ရောက်သွားခဲ့သည်။

သူက တိတ်တဆိတ် သက်ပြင်းချလိုက်သည်။

သူ၏ ရုန့်ရင်းသော စွမ်းအားကြောင့် ဤနောက်ဆုံးရက် အနည်းငယ် အတွင်း အမှတ်၅၉ အထက်တန်းကျောင်း၏ ကျောင်းပိုင်ပစ္စည်းများကို ဖျက်ဆီးခဲ့မိ၍ အလွန်အမင်း အပြစ် ရှိသကဲ့သို့ ခံစားခဲ့ရသည်။

ကြာကန်ထဲမှ ရေများမှာ အနည်းနှင့်အများ အမှတ်၅၉ အထက်တန်းကျောင်း၏ ကျောင်းပိုင်ပစ္စည်း ဖြစ်နေ၍ မပျက်စီးအောင် အချိန်မီ အဖက်ဆယ်ပေးခဲ့ခြင်း ဖြစ်၏။

သူအသုံးပြုလိုက်သော စွမ်းအားမှာ အချိန်နောက်ပြန်ဆွဲသော စွမ်းအား မဟုတ်ဘဲ ကြီးမြတ်သော ကမ္ဘာမြေကြီး၏ ဆွဲအား မန္တန် ဖြစ်သည်။

ရှောင်ကလန်၏ ရှောင်အကြီးအကဲက ယင်းမန္တန်ဖြင့် ကျော်ကြားခဲ့ဖူးသည်။

တကယ်တမ်း အချိန်နောက်ပြန်ဆွဲသော စွမ်းအားကို အသုံးပြုလျှင်လည်း တူညီသော ရလဒ်သာ ထွက်ပေါ်လိမ့်မည်။

သို့သော် အချိန်နောက်ပြန်ဆွဲခြင်းက ကမ္ဘာ့အချိန် သတ်မှတ်ချက်ကို ပြောင်းပြန် ဖြစ်သွားစေနိုင်သည့် သက်ရောက်မှု ရှိသလို သူ၏ ခွန်အားကိုလည်း အတိုင်းတစ်ခုထိ ကုန်ဆုံးစေသည်။

ထို့ကြောင့် နောက်ဆုံး အခြေအနေ မရောက်သ၍ ထိုစွမ်းအားကို ဝမ်လင်း အသုံးပြုမည် မဟုတ်ချေ။

ဝမ်လင်းက ကြာကန်၏ ဘေးနားတွင် မတ်တတ်ရပ်နေပြီး အစောပိုင်းက ရေကန်ထဲသို့ ကျသွားသည့် အရိပ်မည်းကို ရှာဖွေလိုက်သည်။

ဝမ်လင်းက သူ၏ အလင်းကဲ့သို့ လျင်မြန်သော အမြင်ဖြင့် ရေကန်ထဲ ကျသွားသော အရာမှာ အမည်းရောင် ကြောင်မှန်း သိလိုက်၏။

ထိုအချိန်တွင် အမည်းရောင်ကြောင်က အနည်းငယ် မှင်တက်နေသည်။

စင်စစ် အမည်းရောင်ကြောင်က ရေကန်ထဲသို့ တမင်တကာ ခုန်ချခဲ့ခြင်းသာ ဖြစ်၏။

ရေကန်ထဲ ခုန်ချသွားပြီးနောက် အမည်းရောင်ကြောင်က အစီအစဉ်အတိုင်း ရေကန်ဘေးနား တစ်နေရာတွင် ပုန်းကွယ်လိုက်ပြီး ဝမ်လင်း၏ အခြေအနေကို စူးစမ်းခဲ့သည်။

ထိုအခါ ဝမ်လင်းက ကြီးမြတ်သော ကမ္ဘာမြေကြီး ဆွဲအားမန္တန် အသုံးပြုလိုက်ခြင်းကို မြင်တွေ့လိုက်ရသည်။

"ဒီလူငယ်က ဒီလောက် အဆင့်မြင့်တဲ့ မန္တန်ကို အသုံးပြုနိုင်မယ်လို့ မထင်ထားမိဘူး"

ဤလူငယ်ကို အနိုင်ကျင့်ရန် အသေးစိတ် စီစဉ်ထားသော ပထမခြေလှမ်းက ပျက်စီးသွားလိမ့်မည်ဟု မည်သူ သိနိုင်မည်နည်း။

အမည်းရောင်ကြောင် အဖြစ် အသွင်ပြောင်းထားသော ဟဲပီဖုန်းက စိတ်ထဲကနေ သက်ပြင်းချလိုက်သည်။

သူက ကြာကန်၏ တစ်ဖက်မှာရှိသည့် ကြာရွက်ပေါ်သို့ ပြေးတက်သွားသည်။

မည်သို့ပင်ဆိုစေကာမူ ဖန်တီးထားသော ကြာကန် ဖြစ်သောကြောင့် ကြာပန်း နှင့် ကြာရွက်များက အတုအယောင်သာ ဖြစ်၏။

ကြာပန်းများမှာ ရေကူးရာတွင် အသုံးပြုသည့် ဖော့ပြားများကဲ့သို့ သာမန်ထက် ပို၍ ခိုင်မာသည်။

ဟဲပီဖုန်းက ပထမဆုံးအကြိမ် ကြောင်အသွင်ပြောင်းခြင်း မဟုတ်၍ လှုပ်ရှားမှုက အတော်လေး သွက်လက် မြန်ဆန်နေသည်။

ခြေလေးချောင်းဖြင့် လှုပ်ရှားခြင်းက ခြေနှစ်ချောင်းသုံး လှုပ်ရှားခြင်း နှင့် ခြားနားသော်လည်း သူက ကျင့်သားရအောင် လေ့ကျင့်ထားခဲ့သည်။

ယင်းအချိန်တွင် အမည်းရောင်ကြောင် တဖြစ်လဲ ဟဲပီဖုန်းက ဝမ်လင်းနှင့် အကြည့်ချင်း ဆုံမိသွားသည်။

တခဏမျှ အကြည့်ချင်း ဆုံပြီးနောက် ဟဲပီဖုန်းက ကြာရွက်ပေါ်ကနေ ရေကန်ထဲသို့ ခုန်ချလိုက်သည်။

"ဗွမ်း.."

အမည်းရောင်ကြောင်က စက်ဝိုင်းပုံစံဖြင့် ရေကန်ထဲသို့ ပြုတ်ကျသွား၏။

ထို့နောက် အမည်းရောင်ကြောင်က စွမ်းအားအကုန် သုံးပြီး ရုန်းကန်နေသည်။

ဝမ်လင်းက စိတ်ဖတ်နိုင်သော စွမ်းရည်ကို အသုံးမပြုသည့်တိုင် တမင်တကာ လုပ်နေမှန်း သိနေခဲ့သည်။

အမည်းရောင်ကြောင်က ထျန်းကျင်းဇီတို့ သူ့ကို နှောင့်ယှက်ရန် စေလွှတ်ထားသည့် လူမှန်းလည်း ရှင်းရှင်းလင်းလင်း သိနေသည်။

ဤအခြေအနေမျိုးတွင် ဝမ်လင်းက ကယ်တင်ခဲ့လျှင်လည်း ထျန်ကျင်းဇီ တို့က ညစ်ပတ်သော နည်းလမ်းဖြင့် ထပ်မံ လှည့်စားဦးမည် မဟုတ်ပါလား။

သို့သော် သူ လျစ်လျူရှုလိုက်လျှင် အမှတ်၆၀ အထက်တန်းကျောင်း၏ ဂုဏ်သိက္ခာကို ထိခိုက်လာနိုင်သည်။

အမှတ်၅၉ အထက်တန်းကျောင်းသို့ လာရောက်သော ကျောင်းသားတိုင်းက အမှတ်၆၀ အထက်တန်းကျောင်းကို ကိုယ်စားပြုကြောင်း ဆရာဝမ်က မှာကြားထားသည်။

သူ့တွင် ရွေးချယ်စရာ မရှိ၍ သူ ကယ်တင်ပေးလိုက်မည်။

သို့သော်လည်း သင့်လျော်သော ပြစ်ဒဏ်ကိုတော့ ပြန်လည်ပေးဆပ်ရမည် မဟုတ်လော။

ဝမ်လင်းက ရေကန်ထဲ ရုန်းရင်းဆန်ခတ် ဖြစ်နေသော အမည်းရောင်ကြောင်ကို ငေးစိုက်ကြည့်ပြီး နှုတ်ခမ်းထောင့်များကို တွန့်ကွေးကာ ကြင်နာတတ်သော အပြုံးကို ထုတ်ဖော်လိုက်သည်။

All Chapters