← Chapters

ဝမ်းနည်းနေသော ကျိုးရီ

Vol. 4 Ch. 46

ဝမ်းနည်းနေသော ကျိုးရီ

Vol. 4 Ch. 46

ဝမ်လင်းက ဟဲပီဖုန်းကို ကူညီပေးလိုသော ဆန္ဒ မရှိသော်လည်း ဖေဖေဝမ် နှင့် မေမေဝမ်တို့၏ သင်ကြားပြသမှုကြောင့် ရန်သူကို အခွင့်အရေး ပေးရန် ဆုံးဖြတ်ခဲ့သည်။

မည်သူမဆို နောင်တစ်ချိန်တွင် ပြန်လည် ဆုံဆည်းနိုင်၍ သည်းခံ ခွင့်လွှတ်ခြင်းကသာ အကောင်းဆုံး ရွေးချယ်မှု ဖြစ်သည် မဟုတ်လော။

ဝမ်လင်း၏ မပြောပလောက်သော အပြုအမူလေးက ကျောင်းနှစ်ကျောင်း၏ ရန်ငြိုးများကို ပြေလျော့စေသော လမ်းစ ဖြစ်လာခဲ့သည်။

လူတိုင်းက အမှတ်၅၉ အထက်တန်းကျောင်း နှင့် အမှတ်၆၀ အထက်တန်းကျောင်း၏ ဆက်ဆံရေး မကောင်းမွန်မှန်း သိထားကြသည်။

အပြန်အလှန်သာ လက်စားချေနေလျှင် လက်စားချေသော သံသရာက ဘယ်အခါမှ အဆုံးသတ်နိုင်မည်နည်း။

ဝမ်လင်း၏ အပေါ်အင်္ကျီ တစ်ထည်က ကံကြမ္မာကို ပြောင်းလဲနိုင်စွမ်း ရှိမှန်း ဝမ်လင်း ကိုယ်တိုင် မသိခဲ့သော်လည်း ကြိုးစားရကျိုး နပ်သည်ဟု ဆိုရမည်။

ထို့ပြင် အမှတ်၅၉ အထက်တန်းကျောင်း၏ ရင်ဆိုင်ရ အခက်ခဲဆုံး ဒါရိုက်တာရှဲ့ကိုလည်း ဆရာဝမ်က အမိဖမ်းနိုင်ခဲ့သည်။

ယင်းအတွက်ကြောင့် ဘာမဆို ဖြစ်လာနိုင်သေးသည် မဟုတ်ပါလား။

....................

ကျင့်ကြံခြင်း ကျောင်း၁၀၀ကို အုပ်ချုပ်သော အထွေထွေ ညွှန်ကြားရေးမှူး ရုံးခန်းထဲတွင် ကျိုးရီ တစ်ယောက် အလွန်အမင်း ဝမ်းနည်းနေခဲ့သည်။

ကျင့်ကြံခြင်း ကျောင်း၁၀၀ကို အုပ်ချုပ်သော ဌာနသည် စုန်ဟိုက်မြို့ အတွင်းရှိ မူကြိုကျောင်းများကိုပင် ကြီးကြပ်ရသည်။

ပြင်ပလူများ၏ အမြင်တွင် ဤမျှ ငယ်ငယ်ရွယ်ရွယ်နှင့် ကျောင်းပေါင်း ၁၀၀ အထွေထွေ အုပ်ချုပ်ရေး၏ လက်ထောက် ညွှန်ကြားရေးမှူး ဖြစ်လာသော ကျိုးရီမှာ သေချာပေါက် မယုံနိုင်စရာ ဖြစ်တည်မှု တစ်ခု ဖြစ်နေသည်။

သို့သော် ကျိုးရီ ထမ်းထားရသည့် ဖိအားက အတော်လေး ကြီးမားကြောင်း မည်သူမျှ မသိခဲ့ကြပေ။

ထိုဖိအားက သူ့အထက် လူကြီးများထံမှ ရလာခဲ့ခြင်း ဖြစ်၏။

ခရိုင်ပညာရေးမှူး ရုံးများ အားလုံးက ကျောင်းပေါင်း ၁၀၀ အထွေထွေ အုပ်ချုပ်ရေးဌာန၏ အမိန့်ကို တိုက်ရိုက် နားထောင်ရသည်။

ကျောင်းပေါင်း ၁၀၀ အထွေထွေ အုပ်ချုပ်ရေး၏ အထက်တွင်ကျောင်းပေါင်း တစ်သောင်း မဟာမိတ်အဖွဲ့ ရှိသည်။

ထိုအဖွဲ့အစည်းမှာ ဗဟိုအစိုးရ၏ ထိပ်တန်း ပုဂ္ဂိုလ်တစ်ဦး ဖြစ်သည့် အတွင်းရေးမှူး စွန်းတာခန်း၏ တိုက်ရိုက် စီရင်ပိုင်ခွင့် အောက်တွင် ရှိသည်။

ကျိုးရီ၏ လက်ထောက် ညွှန်ကြားရေးမှူး ရာထူးက ရာထူးကြီး မဟုတ်သလို သေးနုပ်သော ရာထူးလည်း ဟုတ်မနေခဲ့ပေ။

သို့သော် ကျိုးရီ၏ အမြင်တွင်မူ ထိုရာထူးက တောက်တိုမယ်ရ ရာထူး နှင့် တူနေသည်။

သူက ရုံးသို့ ဝင်လာသမျှ ဖုန်းတိုင်းကို လက်ခံ ဖြေဆိုရပြီး အကျိုးအမြတ် အားလုံးကို ဒါရိုက်တာက ရယူထားသည်။

အထက်လူကြီးထံမှ ဖိအားများက သူ့ကို တိုက်ရိုက် သက်ရောက်နေ၍ သူ့ကိုယ်သူ သနားစရာကောင်းသည်ဟုပင် တခါတရံ ခံစားခဲ့ရသည်။

လက်ထောက် ညွှန်ကြားရေးမှူး ဖြစ်လာရသော အကြောင်းရင်းကို သူကောင်းကောင်း သိသည်။

ထို့အပြင် သူအကြောက်ဆုံး အရာမှာ နှစ်စဉ် နှစ်တိုင်း ပြုလုပ်သည့် အစည်းအဝေးတွင် အရက်မူးနေသော အထက်လူကြီး တချို့က ကောင်းကင်ဝါးမျို ဖားပြုပ်ကို သတ်ခဲ့သည့် ကောင်းကင်ပိုင်းဖြတ် ဓားသိုင်းကို သရုပ်ဖော်ခိုင်းခြင်းပင်။

အတိုချုပ်ပြောရလျှင် လက်ထောက်ညွှန်ကြားရေးမှူး ရာထူးက သူ့အတွက် အလွန်ပင်ပန်းနေပြီ ဖြစ်၏။

ကျောင်းဝင်ရောက်ခွင့် နှင့် ပတ်သက်၍ ကျိုးရီကို လာရောက် တွေ့ဆုံကြသော ကျောင်းသား မိဘများလည်း ရှိသည်။

ကလေး ပညာရေး ပြဿနာက အရေးကြီးသော ကိစ္စရပ် ဖြစ်နေ၍ ကျိုးရီက သူတို့ကို မဖြစ်မနေ ကူညီပေးရသည်။

တချို့သော မိဘများက အမြော်အမြင်ရှိရှိဖြင့် ကျိုးရီကို အနီရောင် စာအိတ် ပေးကြသော်လည်း ကျိုးရီက လက်မခံခဲ့ပေ။

(အနီရောင်စာအိတ်=ကံကောင်းခြင်းနှင့် ကြွယ်ဝခြင်းကို ကိုယ်စားပြုသောစာအိတ်)

သူ၏ အကျင့်စာရိတ္တက စံပြဝန်ထမ်း အဆင့်ကို မရောက်သေးသော်လည်း အနည်းဆုံးတော့ သူက ရိုးသား ဖြောင့်မတ်သည်။

ထို့ကြောင့် သူ့အထက်လူကြီး လာဘ်စားသော လုပ်ရပ်ကို တိုင်ကြားပြီး အကျိုးဆက်ကို ရင်ဆိုင်စေချင်သည်။

သို့သော် သူ့တွင် ခိုင်လုံသော သက်သေ မရှိခဲ့ပေ။

ထို့အပြင် ဟွာရှို့နိုင်ငံ ဗဟိုအစိုးရ၏ အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေး ဌာနက စည်းမျဉ်း ၈ချက် နှင့် တားမြစ်ချက် ၆ခုကို ထုတ်ပြန်လိုက်သောကြောင့် ဌာနဆိုင်ရာ ခေါင်းဆောင်များမှာ ယခင်လို စိတ်တိုင်းကျ လုပ်ပိုင်ခွင့် မရတော့သဖြင့် မကျေမနပ် ဖြစ်နေကြသည်။

၎င်းတို့က အကျင့်ပျက်ခြစားမှု ပုဒ်မနှင့် ညိမည် စိုးသောကြောင့် အစည်းအဝေးများတွင် ဟင်းပွဲများပင် မကျွေးတော့ပေ။

ဌာနဆိုင်ရာ ခေါင်းဆောင်များမှာ အစည်းအဝေးပွဲ များတွင် အစာရှောင် ဆေးပြားနှင့် လက်ဖက်ရည်ကိုသာ သောက်သုံးကြတော့သည်။

ထို့ကြောင့် ကျိုးရီအတွက် သက်သေရှာဖွေရန် ပို၍ ခက်ခဲလာခဲ့သည်။

.......................

အမှတ်၆၀ အထက်တန်းကျောင်းက ပထမတန်းစား ကြေးစား အဖွဲ့အစည်း ဖြစ်သည့် အရိပ်လုပ်ကြံသူ အဖွဲ့ကို အနိုင်ယူခဲ့သော ဖြစ်ရပ်မှာ လူ့အဖွဲ့အစည်းတွင် ကျယ်ကျယ်ပြန့်ပြန့်ဆွေးနွေးနေသည့် အကြောင်းအရာ တစ်ခု ဖြစ်လာခဲ့သည်။

အမှတ်၅၉ အထက်တန်းကျောင်း နှင့် အမှတ်၆၀ အထက်တန်းကျောင်း၏ ဝိညာဉ်ဓား ဖလှယ်ခြင်းပွဲသည် အရေးပါသောပွဲ ဖြစ်သောကြောင့် ကျောင်းတစ်သောင်း မဟာမိတ်အဖွဲ့၏ ရုံးချုပ်က ပွဲအတွက် စိုးရိမ်ပူပန်ကြောင်း ကျိုးရီကို ကိုယ်တိုင်ကိုယ်ကျ ဖုန်းခေါ်ဆိုခဲ့သည်။

တကယ်တမ်း ရုံးချုပ်က အဓိက စိုးရိမ်နေသည်မှာ စွန်းရုံ၏ လုံခြုံရေး အတွက် ဖြစ်သည်။

အရိပ်လုပ်ကြံသူ အဖွဲ့၏ လုပ်ကြံသတ်ဖြတ်ရန် ကြိုးပမ်းမှု အပြီးတွင် ဟွာကောအုပ်စု၏ သူဌေးကြီးက ဗဟို အစိုးရကို တိုက်ရိုက် ဖုန်းဆက်၍ အကူအညီတောင်းခဲ့သည်ဟု ကောလဟလ သတင်းများ ထွက်ပေါ်နေသည်။

ဤသတင်းက အမှန်တကယ် ဖြစ်ကြောင်း အတည်မပြုနိုင်သော်လည်း အဆုံးသတ်တွင် ကျောင်းတစ်သောင်း မဟာမိတ်အဖွဲ့၏ ရုံးချုပ်က စွန်းရုံ၏ ကျောင်းတွင်း လှုပ်ရှားမှု အားလုံးကို မေးမြန်းရန် ကျိုးရီထံ ကိုယ်တိုင်ကိုယ်ကျ ဖုန်းဆက်ခဲ့သည်။

ဤနံနက်ခင်းလေးတင် ကျိုးရီကို အထက်လူကြီးက ဖုန်းဆက်လာသည်။

ဖုန်းအပြောအဆိုမှ တဆင့် ကျိုးရီက သူ့အထက်လူကြီး အဓိက ဆိုလိုချင်သော အကြောင်းအရာကို ခန့်မှန်းနိုင်ခဲ့သည်။

အဓိက အကြောင်းအရာမှာ လုံခြုံရေး အတွက် ဖြစ်၏။

အရိပ်လုပ်ကြံသူ အဖွဲ့က ဤတစ်ခေါက်တွင် ပထမတန်းစား လုပ်ကြံသူများကို ဆုံးရှုံးသွား၍ ပြဿနာကို လွယ်လွယ်နှင့် အလျော့ပေးမည်ဟု မထင်ချေ။

ကျောင်းနှစ်ကျောင်း၏ ဝိညာဉ်ဓား ဖလှယ်ပွဲကို ဌာနအသီးသီး၏ ခေါင်းဆောင်များ တက်ရောက်ကြလိမ့်မည်။

လူများလေ တစ်ခုခုဖြစ်ရန် အန္တရာယ် ပိုများလေ ဖြစ်၏။

လုံခြုံရေးသာ မတင်းကြပ်ထားလျှင် ပြဿနာ ကျရောက်လာနိုင်သည်။

တကယ်တမ်းတွင် ကျိုးရီက တစ်ခုခု ချွတ်ချော်မည်ကို စိုးရိမ်သောကြောင့် လွန်ခဲ့သည့် ၂ရက်ခန့်အတွင်း သံသယရှိသောသူများကို စောင့်ကြည့်မှုတွေ လုပ်ထားခဲ့သည်။

အကယ်၍ ဤတာဝန်ကို ကျေကျေပွန်ပွန် မဆောင်ရွက်နိုင်ခဲ့လျှင် ပထမဆုံး ဒုက္ခရောက်မည့်သူမှာ လက်ထောက်ညွှန်ကြားရေးမှူး ဖြစ်သည့် သူကိုယ်တိုင်ပင် ဖြစ်သည် မဟုတ်ပါလား။

ဧည့်သည်တော်များကို လက်ခံတွေ့ဆုံရသည့် အပြင် အပြစ်ဖို့ခံရခြင်းက စိတ်ပျက်စရာ ကောင်းသော်လည်း ဤသည်မှာ ယခုအချိန်တွင် ကျိုးရီ ရင်ဆိုင်နေရသော ပြဿနာ ဖြစ်သည်။

ယင်းက သူ့အလုပ်အကြောင်း ဖြစ်ရုံမျှ မဟုတ်ဘဲ သူ့လက်ရှိ အခြေအနေလည်း ဖြစ်သည်။

ဤနံနက်ခင်းတွင် ကျောင်းပေါင်း တစ်သောင်း မဟာမိတ် ခေါင်းဆောင် နှင့် ဖုန်းပြောပြီးနောက် ထူးခြားသော ဧည့်သည်တော် တစ်ယောက်က နေ့လည်ခင်းတွင် ကျိုးရီ၏ ရုံးခန်းသို့ ရောက်လာသည်။

ထိုလူက အလွန်အရပ်မြင့်ပြီး အနက်ရောင် လေကာ အင်္ကျီကို ဝတ်ဆင်ကာ မော်တော်ဆိုင်ကယ် ဦးထုပ်ကို ဆောင်းထားသည်။

ပထမတွင် ကျိုးရီက ထိုလူကို အရေးပါသူ တစ်ယောက်ဟု ထင်မထားသော်လည်း ရုံးခန်းတံခါးကို တွန်းဖွင့်လိုက်ချိန်တွင်မူ ကျိုးရီ၏ နှလုံးသားက တုန်လှုပ်သွားခဲ့သည်။

"အတွင်းရေးမှုး တာခန်းပါလား"

ကျောင်းပေါင်း တစ်သောင်း မဟာမိတ်အဖွဲ့၏ အတွင်းရေးမှူး၊ ဟွာရှို့နိုင်ငံ၏ အထွေထွေပညာရေး စီမံခန့်ခွဲမှု ဒါရိုက်တာ စွန်းတာခန်း....

ကျိုးရီ နားမလည်နိုင်သည့် ကျင့်ကြံခြင်း နယ်ပယ် အဆင့်သို့ ရောက်နေသော ဤခေါင်းဆောင်ကြီးက ကျင့်ကျိုးမြို့တွင် အခြေအနေကို စတည်းနာရန် ရောက်နေပုံရသည်။

ကျိုးရီက အတွင်းရေးမှူး စွန်း နှင့် တိုက်ရိုက် အဆက်အသွယ် မရှိသော်လည်း နှစ်စဥ် ကျင်းပသော ပုံမှန် အစည်းအဝေး ပွဲများတွင် ခပ်လှမ်းလှမ်းမှ မြင်တွေ့ဖူးခဲ့သည်။

အရိုးသားဆုံး ပြောရလျှင် ကျိုးရီက အတွင်းရေးမှူး တာခန်းကို အထင်ကြီး လေးစားသည်။

ထို့ကြောင့် တစ်ချက်ကြည့်ရုံဖြင့် အလည်ရောက်လာသူကို မှတ်မိနေခြင်း ဖြစ်၏။

အတွင်းရေးမှူး စွန်းတာခန်းက သိုသိပ်စွာ နေထိုင်လွန်းသူ ဖြစ်၍ ယနေ့ သူ့ကို မြင်တွေ့ရခြင်းမှာ ရှားပါးသော ဖြစ်ရပ် တစ်ခုဟု ဆိုနိုင်သည်။

ယခုလည်း အတွင်းရေးမှူး စွန်းတာခန်းက အနက်ရောင်လေကာ အင်္ကျီနှင့် ဆိုင်ကယ်ဦးထုပ် ဆောင်းပြီး ရုပ်ဖျက်ထားသောကြောင့် မည်သူမဆို အစားအသောက် ပို့သည့်သူ ဟုသာထင်မြင်မိမည် ဖြစ်သည်။

စွန်းတာခန်းက သူ့ဆိုင်ကယ်ဦးထုပ်ကို ချထားလိုက်ပြီး ကျိုးရီ ဖိတ်ကြားသည်ကိုပင် မစောင့်တော့ဘဲ ဧည့်သည်ထိုင်ခုံတွင် ထိုင်ကာ သက်ပြင်းချလိုက်သည်။

"နှစ်တွေ အများကြီး ကြာသွားတာတောင် ဒီနေရာက လုံးဝ ပြောင်းလဲမသွားဘူးပဲ"

သူ့အသံက ညို့ဓာတ်ရှိပြီး သက်ကြီးပိုင်း ခေါင်းဆောင်များအသုံးပြုလေ့ရှိသည့် အထူး လေယူလေသိမ်းများ ပါဝင်နေသည်။

ယင်းက သူ၏ အပြောအဆို အမူအရာကို တမူထူးခြားပြီး ကျက်သရေ ရှိစေသည်။

သူ့ရုံးခန်းကို ကျောင်းသား မိဘများက ပုံမှန်အတိုင်း လာရောက်လေ့ ရှိသောကြောင့် ဧည့်သည်ကို ဧည့်ခံသည့် အကောင်းစား လက်ဖက်ခြောက်များမှာ ကုန်လုနီးပါး ဖြစ်နေသည်။

ထို့ကြောင့် ကြီးမြတ်သော ပုဂ္ဂိုလ်ကြီးကို ဧည့်ခံစရာ ကောင်းကောင်း ကမ်းကမ်း မရှိ၍ ကျိုးရီ မျက်နှာပူနေသည်။

စွန်းတာခန်းက ကျိုးရီကို ပြုံးပြလိုက်သည်။

"လက်ထောက် ညွှန်ကြားရေးမှူး ကျိုး အားမနာပါနဲ့.. ရိုးရိုးလက်ဖက်ရည်လည်း အဆင်ပြေပါတယ်.. ငါဒီနေ့ မဖိတ်ခေါ်ဘဲ လာခဲ့မိတယ်.. လက်ထောက် ညွှန်ကြားရေးမှူး ကျိုးက ငါ့ကို အပြစ်မတင်ဘူးလို့ မျှော်လင့်ပါတယ်.. "

ကျိုးရီက စွန်းတာခန်းကို ဆေးဖက်ဝင် လက်ဖက်ရည် ခပ်သွက်သွက် ငှဲ့ပေးလိုက်သည်။

"တစ်ခုခု ပြောစရာရှိရင် ကျနော့်ကို ဖုန်းဆက်လိုက်ရောပေါ့"

"ဒီဖုန်းက အရေးပေါ်ဟော့လိုင်း (hot line) နံပါတ်လေ.. ငါသုံးပိုင်ခွင့်မရှိဘူး.. ဟားဟား.. အမှန်တော့ ဖုန်းနဲ့ပြောတာ အားမရလို့ ဒီကနေ့ ကိုယ်တိုင် လာခဲ့တာပဲ"

(Hot line=အရေးပေါ် အခြေအနေများတွင် အသုံးပြုရန် သို့မဟုတ် အစိုးရ အကြီးအကဲများကြား ဆက်သွယ်ရန်အတွက် တည်ဆောက်ထားသည့် တိုက်ရိုက်ဖုန်းလိုင်း)

"ကျောင်းသူစွန်းရုံရဲ့ လုံခြုံရေးအတွက် ပြင်ဆင်သင့်တာ ပြင်ဆင်ထားပါတယ်.. အတွင်းရေးမှူးတာခန်း စိုးရိမ်နေတယ်ဆိုရင်… "

"ငါဒီနေ့ ဒီကို ရောက်လာတဲ့ အဓိက အကြောင်းရင်းက အဲဒီကိစ္စကြောင့် မဟုတ်ဘူး"

စွန်းတာခန်းက သူ့လက်ကို ဝှေ့ရမ်း၍ ပြောလိုက်သည်။

"ကျောင်းသူ စွန်းရုံ ရဲ့ လုံခြုံရေးနဲ့ ပတ်သက်ပြီးတော့ လက်ထောက်ညွှန်ကြားရေးမှူး ကျိုးရဲ့ အစီအစဉ်တွေကို ငါယုံကြည်ပြီးသားပါ.. လက်ထောက် ညွှန်ကြားရေးမှူး ကျိုးသာ လွန်ခဲ့တဲ့ ရက်အနည်းငယ်က အရိပ်လုပ်ကြံသူ အဖွဲ့ကို အနိုင်ယူဖို့ ကိုယ်တိုင် မစီစဥ်ခဲ့ရင် ပညာရေး သမိုင်းမှာ အကြီးကျယ်ဆုံး အကြမ်းဖက် တိုက်ခိုက်မှု ဖြစ်လာမှာကို ငါကြောက်မိတယ်.. ငါတို့မှာသာ လက်ထောက် ညွှန်ကြားရေးမှူး ကျိုး မရှိခဲ့ရင် ဘာတွေ ဖြစ်လာနိုင်မလည်း ဆိုတာ ခန့်မှန်းလို့ ရနေတာပဲလေ"

ကျိုးရီ "ဒါဆို အတွင်းရေးမှူး တာခန်းက ဘာလို့ ဒီနေ့ ကျနော့်ကို လာတွေ့တာလဲ"

စွန်းတာခန်း "အမှတ်၆၀ အထက်တန်းကျောင်း ပါဝင်တဲ့ ဝိညာဉ်ဓား ဖလှယ်ပွဲကို အထက်လူကြီးတွေ ကိုယ်စား စောင့်ကြည့်မလို့လေ"

"ဒီကိစ္စကို မနေ့ကမှ ရုတ်တရက် တွေးမိလို့ ဘယ်သူ့ကိုမှတောင် မပြောရသေးဘူး.. အခုမှ လက်ထောက်ညွှန်ကြားရေးမှူးကျိုးကို လာပြောတာ နောက်များ ကျနေပြီလား မသိဘူး.. ပွဲကြည့် ပရိသတ်အနေ.နဲ့ ကျုပ်ကိုယ်တိုင် တက်ရောက်မှာကို ဖုံးကွယ်ထားပေးပါ.. မင်းတို့ ဌာနက အဖွဲ့သား အနေနဲ့ပဲ ပွဲတက်မှာပါ.. မဟုတ်ရင် တခြားသူတွေ အားလုံး အလန့်တကြား ဖြစ်နေပါ့မယ်"

စွန်းတာခန်းက အလွန်အမင်း သိမ်မွေ့သော မျက်နှာအမူအရာဖြင့် ပွင့်လင်းစွာ ပြောဆိုလိုက်သည်။

"တိုတိုပြောရရင် ဘယ်သူမှ မသိပါစေနဲ့.. ငါက သိုသိုသိပ်သိပ် နေရတာပဲ သဘောကျတယ်"

"ခေါင်းဆောင်ကြီး ဘာတွေပြောနေတာလဲ"

ကျိုးရီက သူ၏ အေးစက်စက် ချွေးများကို သုတ်လိုက်သည်။

စွန်းတာခန်း ရောက်လာမည်မှန်း သိလျှင် အမှတ်၅၉ နှင့် အမှတ်၆၀ အထက်တန်းကျောင်းမှ ခေါင်းဆောင် အားလုံး ရူးသွားနိုင်သည်။

ထိုအခြေအနေက အစိုးရဌာန အဆင့် နှင့် ဒေသဆိုင်ရာ အဆင့်ထိပင် ထိတ်ထိတ်ပျာပျာ ဖြစ်သွားစေနိုင်သည်။

စွန်းတာခန်းက နာမည်ကျော် ပုဂ္ဂိုလ် ဖြစ်သည်။

သူ့နာမည်ကြားရုံဖြင့် တခြားဘာမှ ပြောစရာမလိုဘဲ တုန်လှုပ်သွားလိမ့်မည်သာ။

ဤကျောင်းပေါင်း တစ်သောင်း မဟာမိတ် အဖွဲ့အစည်း၏ အတွင်းရေးမှူးက ဟွာရှို့နိုင်ငံကို တည်ထောင်ခဲ့သည့် ဒိတ်ဒိတ်ကြဲပုဂ္ဂိုလ်ကြီး ဆယ်ဦးထဲမှ တစ်ဦး ဖြစ်သည်။

၎င်းက ရှေးဟောင်းကျင့်ကြံခြင်း တိုက်ပွဲတွင် ရဲရင့်စွာ တိုက်ပွဲဝင်ခဲ့ပြီး သိပ္ပံကျင့်ကြံခြင်းခေတ် ဖန်တီးရာတွင်လည်း ထင်ရှားသော ပံ့ပိုးကူညီမှုများ ပြုလုပ်ပေးခဲ့သည်။

ထိုသို့ အရေးပါသော ပုဂ္ဂိုလ်ကြီးက သာမန် အထက်တန်း ကျောင်းနှစ်ကျောင်း၏ ဝိညာဉ်ဓားဖလှယ်ပွဲသို့ တက်ရောက်လိုနေသည်မှာ အံ့ဖွယ် ဖြစ်ရပ်ပင် မဟုတ်လော။

"ဒီကိစ္စအပြင် တခြားကိစ္စ ရှိသေးတယ်"

စွန်းတာခန်းက လက်ဖက်ရည်တစ်ငုံ့ ငုံ့သောက်လိုက်သည်။

"လက်ထောက်ညွှန်ကြားရေးမှူး.. လွန်ခဲ့တဲ့ ၆နှစ်ကျော်က မကောင်းဆိုးဝါး သောင်းကျန်းခဲ့တဲ့ ကာလကို မှတ်မိသေးလား"

"…............"

လွန်ခဲ့သော ခြောက်နှစ်ခန့်က ထိုအဖြစ်အပျက်ကို အတွင်းရေးမှူးစွန်းက ပြောလာသောအခါ ကျိုးရီ တစ်ယောက် သတိလစ်မတတ် မူးဝေသွားခဲ့ပြီး ကြောက်ရွံ့ထိတ်လန့်ခြင်းကို ခံစားလိုက်ရသည်။

All Chapters