← Chapters

အခွင့်အရေးက မင်းရှေ့မှာ ရောက်လာရင် တစ်ခါတည်း အသုံးချလိုက်

Vol. 4 Ch. 47

အခွင့်အရေးက မင်းရှေ့မှာ ရောက်လာရင် တစ်ခါတည်း အသုံးချလိုက်

Vol. 4 Ch. 47

လွန်ခဲ့သော ၆နှစ်ကျော်ခန့်က မကောင်းဆိုးဝါး သောင်းကျန်းခဲ့သော အကြောင်းကို တွေးမိတိုင်း သူ တုန်ရီလာသည်။

နှစ်စဉ်ကျင်းပသော အစည်းအဝေးတိုင်းတွင် ခေါင်းဆောင်များက အရက်မူးလာသည်နှင့် သူ့ကို ကောင်းကင်ပိုင်းဖြတ် ဓားသိုင်းကို သရုပ်ပြ ခိုင်းတော့သည်။

ထိုသို့ တစ်ဖက်သတ် တွန်းအားပေး ခံရသဖြင့် ကျိုးရီ၏ နာကြည်းမှုက ကောင်းကင်ထက် မြင့်မားပြီး ပင်လယ်ထက် ပို၍ နက်ရှိုင်းသည်။

စွန်းတာခန်းက အတိတ်အကြောင်း ပြောလာသောအခါ အတွင်းရေးမှူးစွန်း နောက်ထပ် ပြောလာမည့် စကားကို သူမှန်းဆမိလိုက်သည်။

ထူးခြားသော ပင်ကိုစရိုက်ရှိသည့် ခေါင်းဆောင်စွန်းက ကျိုးရိကို တစ်ချက်ကြည့်ကာ ပြုံးလိုက်သည်။

"လက်ထောက် ညွှန်ကြားရေးမှူးရဲ့ ကောင်းကင်ပိုင်းဖြတ် ဓားသိုင်းက ထူးခြားတဲ့ စွမ်းရည် ရှိတယ်လို့ ကြားထားတယ်.. အဲဒီဓားသိုင်းကို ဝိညာဉ်ဓား ဖလှယ်ပွဲမှာ သရုပ်ပြပေးလို့ ရမလား"

"….........."

ကျိုးရိက အချိန်အတော်ကြာ နှုတ်ဆိတ်သွားခဲ့ပြီး ဘာဆိုဘာမျှ မပြောနိုင်ခဲ့ပေ။

ယခင်က ဆိုလျှင် အရက်မူးနေသော အထက်လူကြီးများက နှစ်စဉ်ကျင်းပသော အစည်းအဝေးပွဲတွင် ဓားသရုပ်ဖော်ရန် ပြောကြားလာတိုင်း သူက အကြောင်းပြချက် ရှာကြံကာ ငြင်းဆန်တတ်သည်။

ယခုအခါ သူ့အရှေ့တွင် ထိုင်နေသော ပုဂ္ဂိုလ်ကြီး ကိုယ်တိုင် တောင်းဆိုလာ၍ ကျိုးရီမှာ ငြင်းဆန်ရ ခက်နေသည်။

ပထမဆုံးအချက် အနေဖြင့် သူ မငြင်းရဲခြင်း ဖြစ်သည်။

ဒုတိယအချက် အနေဖြင့် သူတကယ် လုပ်နိုင်စွမ်း မရှိခဲ့ပေ။

ကျိုးရီက ကောင်းကင်ပိုင်းဖြတ် ဓားသိုင်း အကြောင်းကို နားလည်အောင် တစ်နှစ်ပတ်လုံး လေ့လာခဲ့သည့်တိုင် မည်သည့် ရလဒ်မှ ထွက်မလာခဲ့ချေ။

"ဘာလဲ ပြဿနာရှိလို့လား"

ကျိုးရီက နှုတ်ဆိတ်နေ၍ စွန်းတာခန်း ခပ်ယဲ့ယဲ့ ပြုံးလိုက်သည်။

"မင်းဘက်က အဆင်မပြေရင် ငါမပြောခဲ့ဘူးလို့ပဲ သဘောထားလိုက်ပါ.. ချက်ချင်းကြီး ဆုံးဖြတ်ချက် ချခိုင်းလိုက်တော့ တွေဝေနေတာ သဘာဝပါပဲ.. ဒါပေမဲ့ အမှတ်၆၀ အထက်တန်းကျောင်းရဲ့ ကျောင်းသားဟောင်း စီနီယာ တစ်ယောက် အနေနဲ့ လူငယ် မျိုးဆက်သစ်တွေရဲ့ စံနမူနာအဖြစ် ဒီလိုမျိုးပွဲမှာ မင်းရဲ့အရည်အချင်းကို ထုတ်ပြသင့်တယ်"

"ခေါင်းဆောင်ကြီး နားလည်မှု မလွဲပါနဲ့.. ကျနော်က အဲလို သဘောမျိုး မဟုတ်ပါဘူး.."

"အိုး.. ငါ ထင်သလို မဟုတ်ရင်တော့ ကောင်းတာပေါ့"

စွန်းတာခန်းက ကျိုးရီ၏ စကားမဆုံးမီ ချက်ချင်း ဖြတ်ပြောလိုက်သည်။

တကယ်တမ်းတွင် ကျိုးရီက ကောင်းကင်ပိုင်းဖြတ် ဓားသိုင်းကို အသုံးမပြုဘဲ တခြားနည်းလမ်းဖြင့် သရုပ်ပြနိုင်လားဟု မေးချင်ခဲ့သည်။

သို့သော် စွန်းတာခန်း၏ ပြတ်သားသော သဘောထားက သူ့အတွေးကို လွင့်ပြယ်သွားစေသည်။

ဤတစ်ကြိမ်တွင် သူ ပြေးမလွှတ်နိုင်တော့ပေ။

ကျိုးရီ စိတ်ထဲကနေ သက်ပြင်းချလိုက်ပြီး အမှန်တကယ် နာကျင်နေမိသည်။

ယခုတော့ သူက အရမ်းကို ခက်ခဲသော အခြေအနေသို့ ကျရောက်နေပြီး ကျားရှေ့မှောက်လျက်လဲသည် ဟုပင် ဆိုရမည်။

သူ့လုပ်ရပ် ကောင်းမွန်၍ အတွင်းရေးမှူး စွန်းတာခန်း စိတ်ကျေနပ်မှုရလျှင် ရာထူးတိုးသွားနိုင်သည်။

ဧည့်သည်တော်များကို ဒိုင်ခံ ဧည့်ခံ၍ ဖုန်းပြောရသော ဘဝမှ လွတ်မြောက်ပြီး ဘဝသစ် စတင်နိုင်လိမ့်မည်။

အကယ်၍ ကောင်းကောင်း မလုပ်ဆောင်နိုင်လျှင် လက်ရှိရာထူးမှ နုတ်ထွက်ရလိမ့်မည်။

"အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ ဒီလိုရာထူးကို ပိုင်ဆိုင်ဖို့ တကယ်ပဲ မလွယ်ပါဘူး.. ကျိုးရီ.. မင်းက အရမ်းနှိမ့်ချလွန်းတယ် "

"….........."

စွန်းတာခန်းက ရုတ်တရက် မတ်တတ်ထရပ်ပြီး ကျိုးရီ၏ ပုခုံးကို တည်ငြိမ်စွာ ပုတ်လိုက်သည်။

ဤအပြုအမူက ကျိုးရီကို ချောက်ချားစေ၍ ကုလားထိုင်ခုံမှ ပြုတ်ကျလုနီးပါး ဖြစ်သွားသည်။

"မင်းက အရမ်းကို အစိုးရိမ် လွန်နေမှန်း ငါသိပါတယ်.. မင်းက အသက် အရမ်းငယ်သေးတော့ ပညာရှင်တွေ ရှေ့မှာ မကြွားဝါးသင့်ဘူးလို့ တွေးထားမှာပဲ.. တခြားသူတွေ အာရုံစိုက်မိမှာကို ရှောင်ရှားဖို့ သိုသိုသိပ်သိပ် နေချင်တာ မဟုတ်လား"

"…............"

"ငါမင်းကို ဇာတ်လမ်းတစ်ပုဒ် ပြောပြချင်တယ်.. ရှေးဟောင်းကျင့်ကြံခြင်းခေတ်က ဖြစ်ရပ်မှန် ဇာတ်လမ်းတစ်ပုဒ်ပဲ"

စွန်းတာခန်း ပြောဆိုလိုက်သည်။

ကျိုးရီ၏ မျက်ဝန်းတွင် စိတ်အားထက်သန်သော ခံစားချက်များ ပေါ်လွင်လာသည်။

"ငါတို့ နိုင်ငံကို မတည်ထောင်ခင် နောက်ဆုံးတိုက်ပွဲ ဖြစ်တဲ့ ရှီမန် တိုက်ပွဲမှာပေါ့"

လူငယ်အများစုက ရှေးဟောင်းကျင့်ကြံခြင်း တိုက်ပွဲမှ သူရဲကောင်းများ အကြောင်း ကြားဖူးသည်။

ဤသို့ ရှေးကျသော သမိုင်းကြောင်းကို အလယ်တန်း နှင့် အထက်တန်း သမိုင်းစာအုပ်မှာပင် မမြင်တွေ့နိုင်ပေ။

တက္ကသိုလ်အဆင့် သမိုင်းစာအုပ်တွင်သာ ထည့်သွင်းထားသည်။

ကျိုးရီက တက္ကသိုလ်တွင် သမိုင်းမေဂျာ မယူထားသော်လည်း ရှီမန်တိုက်ပွဲနှင့် စပ်လျဉ်းသည့် အခြေခံ နားလည်မှုတော့ ရှိသည်။

ဤတိုက်ပွဲက တကယ်ပင် ကျော်ကြားခဲ့သည်။

ထိုဇာတ်ကြောင်းကို ပြန်ပြောပြနေသည့် အတွင်းရေးမှူး စွန်းတာခန်း၏ မျက်ဝန်းများတွင် သလင်းကျောက် ကဲ့သို့ ကြည်လင်သော မျက်ရည်စက်များ ဝဲတက်လာပြီး အတိတ်မှ အကြောင်းအရာ အများစုကို တဖန် ပြန်အမှတ်ရလာသည်။

"ကမ္ဘာခြားဂိတ်က ထွက်လာတဲ့ မကောင်းဆိုးဝါး နတ်ဆိုး ၇ကောင် ရှိတယ်.. သူတို့က ရုန့်ရင်းတဲ့ စွမ်းအားတွေနဲ့ တလောကလုံးကို ဖိနှိပ်ထားခဲ့တယ်.. အဲဒီတုန်းက လက်ရှိ ကာကွယ်ရေး ဝန်ကြီး ရှီးယွီလျန့်နဲ့ အတူ ငါတို့တွေက ကျောက်တုံးဂိတ်ကို ကာကွယ် စောင့်ရှောက်ခဲ့တယ်"

ကျိုးရီက သမိုင်းကြောင်း ပြောပြနေခြင်းကို စိတ်ဝင်တစား နားစွင့်နေသည်။

ဤသည်မှာ လူတိုင်း ရနိုင်သော အခွင့်အရေး မဟုတ်ပေ။

"မကောင်းဆိုးဝါး အားလုံးက အတော်လေး စွမ်းအားကြီးပြီး ကောင်းကင်ကိုတောင် ဝါးမျိုနိုင်တဲ့ အစွမ်းရှိတယ်...သူတို့က နေရောင်ခြည်ကို ဖုံးကွယ်လိုက်တဲ့ အတွက် ကမ္ဘာမြေရဲ့ အလင်းရောင်တောင် ပျောက်ကွယ်သွားခဲ့တယ်"

"မကောင်းဆိုးဝါး နတ်ဆိုးခေါင်းဆောင်က အတော်လေး စွမ်းအားကြီးတယ်... သူ့ခန္ဓာကိုယ် လှုပ်ရှားလိုက်တိုင်းမှာ ကောင်းကင် နဲ့ မြေကြီးက တုန်ခါသွားရတယ်"

"ကာကွယ်ရေးဝန်ကြီး ရှီးယွီလျန့်က ငါတို့ကို ဦးဆောင်ပြီး တတ်နိုင်သလောက် ခုခံခဲ့ပေမဲ့ အဆုံးသတ်မှာ မကောင်းဆိုးဝါး နတ်ဆိုးတွေကို မယှဉ်နိုင်ခဲ့ဘူး.. ဒီလိုနဲ့ တိုက်ပွဲက အဆုံးမသတ်နိုင်ခဲ့ဘူး...ဒါကြောင့်မို့ ကာကွယ်ရေး ဝန်ကြီး ရှီးယွီလျန့်က ငါတို့အားလုံးကို တတ်နိုင်သလောက် ခုခံဖို့ ညွှန်ကြားခဲ့တယ်.. ငါတို့တွေကလည်း အနိုင်မရရင်တောင် အနည်းဆုံးတော့ ဘယ်တော့မှ နောက်ပြန်မဆုတ်ဘူးလို့ သံဓိဌာန် ချထားကြတယ်"

ကျိုးရီ စိတ်ဝင်တစား နားထောင်ရင်း စွန်းတာခန်း၏ ဇာတ်ကြောင်းထဲ နစ်မြောနေသည်။

စစ်မီးများ တဟုန်းဟုန်း တောက်လောင်ကာ ရုန့်ရင်းသောစွမ်းအားများ၏ ဖိနှိပ်ခံရခြင်းနှင့်အတူ ရှေးခေတ် ကျင့်ကြံခြင်းတိုက်ပွဲ၏ ကြောက်မက်ဖွယ်ကောင်းသော မြင်ကွင်းကို သူ စိတ်ကူးကြည့်နိုင်သည်။

သို့သော် ဟွာရှို့နိုင်ငံက ထိုကပ်ဘေးမှ လွတ်မြောက်နိုင်ခဲ့သည်။

သို့မဟုတ်လျှင် ယခုဇာတ်ကြောင်း ပြောပြနေသော စွန်းတာခန်းမှာ ထိုစဥ်ကပင် ပြာမှုန်ဘဝသို့ ရောက်နေလိမ့်မည် မဟုတ်လော။

စွန်းတာခန်းက ခေတ်တစ်ခေတ်ချင်းစီကို ဖြတ်သန်းခဲ့ရပြီး ခေတ်တိုင်း၏ တိုးတက်မှု နှင့် သိပ္ပံကျင့်ကြံခြင်း ခေတ်၏ တိုးတက်မှုကို မျက်ဝါးထင်ထင် မြင်တွေ့ဖူးသူ ဖြစ်သည်။

"အဆုံးသတ်မှာ ငါတို့အားလုံး ခွန်အားကုန်ဆုံးပြီး ကျောက်တုံးဂိတ်မှာ လဲကျသွားတယ်.. ခေါင်းဆောင် ရှီးယွီလျန့်ပဲ ကျန်ခဲ့တယ်.. သူက သူ့မှော်သွေးကို စတေးခဲ့တယ်.. သူ့ခန္ဓာကိုယ်ထဲက သာမန်ထက် ထူးခြားတဲ့ အရိုးကို သုံးပြီး နတ်ဘုရား ကောင်းရှောင်ချင်းကို ဆင့်ခေါ်ပြီးတော့ လူတိုင်းရဲ့ ဝိညာဉ်စွမ်းအားကို ဖြည့်ပေးဖို့ မှော်သီချင်း သီဆိုစေခဲ့တယ်.. နောက်တော့ သူ့စွမ်းအားကို အကန့်အသတ် အထိ မြှင့်တင်လိုက်ပြီး မကောင်းဆိုးဝါး နတ်ဆိုး ၇ယောက်လုံးကို ခေါင်းဖြတ် သတ်ပစ်ခဲ့တယ်.. သူက ကျောက်တုံးဂိတ်ကို ကာကွယ်ပေးခဲ့တဲ့ အပြင် ဟွာရှို့နိုင်ငံ တည်ထောင်ဖို့လည်း အုတ်မြစ်ချပေးခဲ့တယ်"

"ဒါပေမဲ့ အဆုံးသတ်မှာ ဝန်ကြီးရှီးက အသက်ရှင်ခဲ့တယ်.."

ကျိုးရီက ပြောလိုက်သည်။

စွန်းတာခန်း ပြုံးလိုက်သည်။

"ဟုတ်တာပေါ့.. သူ အသက်ရှင်ခဲ့တယ်.. အဲဒီတုန်းက သူ့ခန္ဓာကိုယ်ကို ဂူဗိမာန်ဆောက်ပြီး မြုပ်နှံထားပြီးပြီ.. ဝန်ကြီးရဲ့ အနီရောင် ငှက်သားရဲ ရှောင်ဟုန်က ဝန်ကြီးရဲ့ သက်စောင့်ဓာတ်ကို ဖြည့်တင်းပေးတဲ့ မှော်မြက်ကို အုတ်ဂူထဲ ပစ်ထည့်ခဲ့တယ်လေ.. အဲလိုနဲ့ ဝန်ကြီးက သူကိုယ်တိုင် သူ့အုတ်ဂူကို ဖောက်ပြီး အပြင်ထွက်လာရတယ်.. ရယ်စရာကောင်းတယ်လို့ မထင်ဘူးလား"

ကျိုးရီ "............."

"ဇာတ်လမ်းကို နားထောင်ပြီး ဘာနားလည်သွားလဲ"

စွန်းတာခန်းက ကျိုးရီကို မေးမြန်းလိုက်၏။

ဇာတ်လမ်းကို နားထောင်ပြီးနောက် ကျိုးရီ၏ နှလုံးသားထဲတွင် ခံစားချက်မျိုးစုံ ဖြစ်ပေါ်လာသည်။

"ဒီဇာတ်လမ်းကို ပြောပြရတဲ့ အကြောင်းအရင်းက ဘာပဲလုပ်လုပ် လုံ့လဝီရိယရှိဖို့ နဲ့ နောက်ဆုံးအချိန် အထိ ဇွဲမလျော့ဖို့ ပြောချင်တာ မဟုတ်လား.. ဝန်ကြီး ရှီးယွီလျန့်ကို အတုယူဖို့ ဆုံးမတာလို့ ကျနော် ထင်ပါတယ်"

"မင်း အတွေးလွန်နေပြီ"

"ငါပြောချင်တာ အခွင့်အရေးက မင်းရှေ့မှာ ရောက်လာရင် တစ်ခါတည်း အသုံးချလိုက်ဖို့ပဲ.. မင်းအရည်အချင်းကို မဖုံးကွယ်ထားဖို့ ပြောချင်တာ.. ဝန်ကြီးရှီးလို့ အရေးကြုံမှ ထုတ်မသုံးစေချင်ဘူး.. မင်းကို နောင်တ မရစေချင်လို့ အခုလို တရားချနေရတာပဲ"

(ရှောင်ဟုန်=နံနက်ခင်း သက်တန့်လေး)

All Chapters