အနက်ရောင်ဟင်းလျာကမ္ဘာမှ အမေကျွမ့်
Vol. 4 Ch. 49
ထိုနေ့က အမှတ် ၅၉ အထက်တန်းကျောင်းတွင် ထူးခြားသော ဖြစ်ရပ်တစ်ခု ဖြစ်ပွားခဲ့သည်။
ကျောင်းပုရဝုဏ်ကို မုန်တိုင်းမရှိဘဲ လေထန်လာသည်။
ကျောင်းတက်ပြီး သုံးနှစ်အကြာတွင် အမှတ်ပေါင်း 8823 မှတ်သာ ရခဲ့သော စီနီယာ ဟဲပီဖုန်းမှာ အတန်းထဲသို့ ရောက်ချလာပြီး အတန်းလာတက်ခဲ့သည်။
ထိုမြင်ကွင်းကြောင့် ကျောင်းသားများက ဆွံ့အသွားပြီး ဆရာဆရာမများက မျက်ရည်ကျခဲ့ကြသည်။
လွန်ခဲ့သော နှစ်ဆယ့်လေးနာရီ အတွင်း ဤဆိုးသွမ်းသူ ဘာဖြစ်သွားသည်ကို မည်သူမျှ မသိခဲ့ကြပေ။
ထျန်ကျင်းဇီကမူ ဤဖြစ်ရပ်က တကယ်ကို ထူးဆန်းပြီး သံသယဖြစ်စရာ ကောင်းလွန်းသည်ဟု ခံစားလိုက်ရသည်။
ယင်းက ဒါရိုက်တာ ရှဲ့ဟွိုက်ချွန်း အချစ်ကို ရှာတွေ့သွားတာထက် ပိုအံ့သြစရာ ကောင်းနေသည် မဟုတ်လော။
ဟဲပီဖုန်း ဘာဖြစ်သွားသည်ကို အတိအကျ မသိသော်လည်း ၎င်း၏ လုပ်ရပ်များ အပေါ် အခြေခံ၍ အမှတ်၆၀ အထက်တန်းကျောင်းမှ ကတုံးဆံတောက်ကေနှင့် ခပ်ချောချောလူငယ်ကို ထိပ်တိုက်တွေ့ရာတွင် ဟဲပီဖုန်း တစ်ယောက် လုံး၀ အောင်မြင်မှု မရခဲ့ကြောင်း ထျန်ကျင်းဇီ အကြမ်းဖျင်း ခန့်မှန်းနိုင်ခဲ့သည်။
သို့မဟုတ်လျှင် ဟဲပီဖုန်းက သူ့ကိုယ်သူ နှိမ့်ချပြီး စာသင်ဖို့အတန်း လာတက်မည် မဟုတ်ပေ။
ဟဲပီဖုန်း၏ အဖြစ်အပျက်ကနေ တဆင့် ထျန်ကျင်းဇီက ဤကိစ္စကို အဆုံးစွန်ထိ သိမြင်လာခဲ့သည်။
အမှတ် ၅၉ အထက်တန်းကျောင်းသည် အမှတ် ၆၀ အထက်တန်းကျောင်းမှ ဤလူအုပ်စု၏ ဖိနှိပ်ခြင်းကို ခံနေရသည်။
၎င်းတို့က အမှန်တကယ်ပင် အဆိပ်ပြင်းသော အုပ်စု ဖြစ်နေသည်။
ထိုအုပ်စု အမှတ်၅၉ အထက်တန်းကျောင်းကို စရောက်ကတည်းက ကျောင်းအဆောက်အဦးတွေကို ပျက်ဆီးစေခဲ့သည်။
ထိုမျှမကသေးဘဲ ဒါရိုက်တာ ရှဲ့ဟွိုက်ချွန်း နဲ့ နံပါတ်တစ် ဆိုးသွမ်းသူ ဟဲပီဖုန်း တို့ပင် သူတို့လက်ထဲ၌ တစ်ယောက်ပြီးတစ်ယောက် ရှုံးနိမ့်ခဲ့ရသည်။
ထိုနှစ်ယောက်စလုံးမှာ ထျန်ကျင်းဇီ၏ နှလုံးသားထဲမှ နတ်ဘုရားများ ဖြစ်၏။
ထို့ကြောင့် အမှတ်၆၀ အထက်တန်းကျောင်း၏ ကိုယ်စားလှယ် အဖွဲ့က ရန်စ၍ မရနိုင်သော လူတစ်စု ဖြစ်သည် ဟူသော အချက်ကို ထျန်ကျင်းဇီ တစ်ယောက် လုံးဝ လက်ခံသွားခဲ့သည်။
သူက ကျောင်းသားသမဂ္ဂ၏ ဥက္ကဋ္ဌတစ်ဦး မျှသာ ဖြစ်သည်။
ဤလူတွေကို စော်ကားဖို့ အတွက်ဖြင့် သူ့အသက်ကို မလိုအပ်ဘဲ စွန့်စားတော့မည် မဟုတ်ချေ။
…...........
မနက်ဖြန်က နောက်ဆုံးနေ့ ဖြစ်ပြီး အမှတ်၅၈ အထက်တန်းကျောင်းနှင့် အမှတ် ၆၀ အထက်တန်းကျောင်းတို့ အကြား ဝိညာဥ်ဓား ဖလှယ်ပွဲနေ့လည်း ဖြစ်သည်။
အတွင်းရေးမှူး စွန်းတာခန်းမှာ ဤအရေးကြီးသော ကျောင်းအချင်းချင်း တွေ့ဆုံပွဲသို့ တက်ရောက်သွားမည် ဖြစ်၏။
ဝိညာဥ်ဓား ဖလှယ်ပွဲ စတင်တော့မည်ကို သတိပြုမိလိုက်သည်နှင့် အမှတ် ၆၀ အထက်တန်းကျောင်းမှ ကျောင်းသားများမှာ ရင်တထိတ်ထိတ် ဖြစ်နေကြသည်။
တကယ်တမ်းတွင် သူတို့အတွက် စိတ်ပူစရာ မလိုအပ်ပေ။
အဆုံးသတ်တွင် ကျောင်းနှစ်ကျောင်း၏ ဂုဏ်သတင်းနှင့် အဆင့်တွေက အတူတူ နီးပါးပင်။
ထို့ကြောင့် သူတို့၏ စိတ်ပိုင်းဆိုင်ရာ အာရုံစူးစိုက်နိုင်မှု ပေါ်တွင်သာ မူတည်တော့သည်။
သို့သော် ယင်းက နေရာဒေသ နှင့် အတော်လေး သက်ဆိုင်သည့် အတွက် ပြောဖို့တော့ ခက်ခဲ၏။
အများအားဖြင့် သူတို့ လေ့ကျင့်သည့်အခါ ပတ်ဝန်းကျင်တွင်လူသူ သိပ်မရှိချေ။
သို့သော် မနက်ဖြန်တွင် သူတို့က အမှတ်၆၀ အထက်တန်းကျောင်း၏ ကိုယ်စားလှယ်များ အဖြစ် ထောင်ပေါင်း များစွာသော အကြည့်များအောက်တွင် ၎င်းတို့၏ ဝိညာဉ်ဓား ပျံသန်းနိုင်မှု စွမ်းရည်ကို ပြသကြရမည်ဖြစ်သည်။
အမှားအယွင်းလေး တစ်ခုကပင် ၎င်းတို့၏ စိတ်ကူးအိပ်မက် တစ်ခုလုံးကို ဖျက်ဆီးပစ်နိုင်သည် မဟုတ်လော။
သို့သော် ဝိညာဉ်ဓား ဖလှယ်ခြင်း တွေ့ဆုံမှုက သူတို့အတွက် ကြောက်စရာ အကောင်းဆုံး အရာတော့ မဟုတ်ချေ။
သူတို့ အကြောက်ဆုံးအရာမှာ နေ့ခင်းပိုင်းတွင် ဆရာဝမ် ကြေငြာခဲ့သည့် ဆိုးရွားသော သတင်းကြောင့် ဖြစ်၏။
"အမေကျွမ့် လာနေပြီ"
ဤသတင်းက ဝိညာဉ်ဓား ဖလှယ်ခြင်း ထက်ပင် ပို၍ ကြောက်စရာ ကောင်းသည်။
အမှန်တော့ အမေကျွမ့်မှာ အမှတ် ၆၀ အထက်တန်း ကျောင်း၏ အကြီးအကဲ တစ်ဦး ဖြစ်ပြီး ကျောင်းစားသောက်ဆိုင်တွင် နှစ်ရာပေါင်းများစွာ လုံ့လစိုက်ထုတ်၍ လုပ်ကိုင်ခဲ့သူလည်း ဖြစ်သည်။
အမှတ်၆၀ အထက်တန်းကျောင်းမှ ပထမမျိုးဆက် ဆရာ ဆရာမများ အားလုံးပင် သူမ၏ လက်ရာ ဟင်းပွဲများကို စားသုံးခဲ့ကြသည်။
သူမတွင် လူအများကို အထင်ကြီးသွားစေသည့် အမူအကျင့်တစ်ခု ရှိသည်။
အထူးသဖြင့် အသားများကို ခပ်ထည့်ပေးရာတွင် သူမ၏ လက်က ဘယ်သောအခါမှ တွန့်ဆုတ်မနေခဲ့ပေ။
ကျောင်းသားတွေကို ဝဝလင်လင် စားစေချင်သည့် စေတနာ ဖြင့် အသားတွေကို ပိုပိုသာသာ ခပ်ထည့်ပေးခြင်း ဖြစ်၏။
ကျောင်းသားများ၏ ပန်းကန်မှ ပိုလျှံသော အစားအစာများမှာ အမှိုက်ပုံးထဲသို့ ရောက်မည်မှန်း သိသော်လည်း မည်သည့်အခါမှ မတွန့်တိုခဲ့ပေ။
ထို့ကြောင့် ယခုအချိန် အထိ လူအများက သူမ၏ ရိုးရာချက်ပြုတ်နည်းများကို မှတ်မိနေသေးသည်။
အမှတ်၆၀ အထက်တန်းကျောင်းသို့ အလည် ရောက်လာသော ကျောင်းသားဟောင်း အများအပြားသည် သူမ၏ လက်ရာကို လွမ်းဆွတ်တမ်းတ၍ မြည်းစမ်းကြည့်ရန် တောင်းဆိုကြလေ့ ရှိသည်။
ထိုအချိန်က သူမ ချက်ပြုတ်သည့် ဟင်းပွဲတိုင်းမှာ ဂန္ထဝင်ဆန်လွန်း နေခဲ့သည်။
သို့သော် ယင်းအခြေအနေမှာ ထိုအချိန်က ဖြစ်သည်။
လွန်ခဲ့သော နှစ်အနည်းငယ်ခန့်တွင် အမေကျွမ့်က ကျောင်းအုပ်ကြီးချန်းကို သူမ၏ စားဖိုဆောင်တွင် ကူရန် အလုပ်သင် နှစ်ယောက် တောင်းဆိုခဲ့သည်။
သူမကမူ စားဖိုဆောင်ကို တပည့်နှစ်ယောက်နှင့် လွှဲထားပြီး အားလပ်သော အချိန်များတွင် အစားအစာ အသစ်များကို သုတေသနပြုရန် ဆုံးဖြတ်ခဲ့သည်။
ပထမတွင် ကျောင်းအုပ်ကြီးချန်းက အမေကျွမ့်၏ တောင်းဆိုမှုကို ကောင်းမွန်သည့် တောင်းဆိုမှုဟု ထင်ခဲ့သည်။
သို့သော် အမေကျွမ့်က အနက်ရောင် ဟင်းလျာတွေကို ဖန်တီးလိမ့်မည်ဟု မည်သူမှ မမျှော်လင့်ထားခဲ့ပေ။
သူမက စရိုက် ကြမ်းတမ်းသူ တစ်ဦး ဖြစ်ရာ ထိုကဲ့သို့ ကြမ်းတမ်းသော စရိုက်က အစားအစာ အသစ်ကို သုတေသနပြုရာတွင် ထင်ဟပ်စေရုံတင်မက အခြားသော ကဏ္ဍများတွင်ပါ သက်ရောက်မှု ရှိစေသည်။
ကျိုးရီ(ဝါ)တောက်တိုမယ်ရကျိုး ဘွဲ့ရပြီးချိန်တွင်မူ ကျောင်းသားတွေက အမေကျွမ့်၏ခေတ် ကုန်ပြီဟု သတ်မှတ်ခဲ့ကြသည်။
အမေကျွမ့်၏ တပည့် နှစ်ယောက်မှာ ချက်ပြုတ်မှု စံနှုန်းများနှင့် ပတ်သက်လျှင် ရိုးရိုးရှင်းရှင်း သာမာန်သာ ဖြစ်ပြီး အမေကျွမ့် အထွတ်အထိပ်သို့ ရောက်ချိန်က အရည်အချင်း၏ ဆယ်ပုံတစ်ပုံပင် မရှိခဲ့ပေ။
ဤသည်မှာ အမှတ်၆၀ အထက်တန်းကျောင်း၏ လူသိများသော အစားအသောက်သမား အနေဖြင့် ဆရာဝမ်က ဟင်းပွဲများကို ကိုယ်တိုင်ကိုယ်ကျ မြည်းစမ်းကြည့်ပြီးနောက် အမေကျွမ့်နှင့် အလုပ်သင် နှစ်ယောက်၏ ကွာခြားချက်ကို မှတ်ချက်ချခဲ့ခြင်း ဖြစ်၏။
ဤအလုပ်သင်နှစ်ယောက် ချက်ပြုတ်ထားသည့် အစားအစာများက သိပ်မဆိုးသော်လည်း အမှတ်၆၀ အထက်တန်းကျောင်း တစ်ကျောင်းလုံး အကြောက်ဆုံး အရာမှာ သောကြာနေ့ မွန်းလွဲတိုင်းတွင် စားသောက်ရသည့် အမေကျွမ့်၏ ချစ်ခြင်းမေတ္တာ ဖြစ်သည်။
အမေကျွမ့်၏ အကြီးမားဆုံး ပျော်ရွှင်မှုမှာ သူမ တီထွင်ခဲ့သော အနက်ရောင် ဟင်းလျာကို သောကြာနေ့ မွန်းလွဲတိုင်းတွင် ဆရာများနှင့် ကျောင်းသားများကို ပျော်ရွှင်စွာ ဝေငှရသော အလုပ်ပင် ဖြစ်သည်။
ဆရာများနဲ့ ကျောင်းသားများ အတွက် ဤကိစ္စက သည်းမခံနိုင်သည့် ဝေဒနာတစ်ခု ဖြစ်၏။
အမှတ်၆၀ အထက်တန်းကျောင်းတွင် ကျောင်းအုပ်ဆရာကြီးငါးဦး ရှိနေပြီ ဖြစ်သော်လည်း အမေကျွမ့်မှာ ကျောင်းအစကတည်းက ရှိခဲ့သည်။
အမှတ်၆၀ အထက်တန်းကျောင်း၏ စားသောက်ဆိုင်ကို နှစ်ပေါင်း ရာနှင့်ချီ အုပ်စိုးခဲ့သောကြောင့် သူမကို ကျောင်း၏ တကယ့် အကြီးအကဲ တစ်ဦး အဖြစ် သတ်မှတ်နိုင်ပေသည်။
ကျောင်းအုပ်ကြီး ချန်းနှင့် ဒါရိုက်တာရှီး တို့ပင် သူမကိုတွေ့လျှင် အလွန်လေးစားကြပြီး သူမကို မည်သည့် စောဒက မှ မတက်ဝံ့ကြပေ။
ဟုတ်ပါသည်.. ကျောင်းအုပ်ဆရာကြီး ချန်း ကလည်း သူမထံမှ အနက်ရောင်ဟင်းလျာကို လက်ခံရရှိလေ့ ရှိသည်။
တစ်ခါကဆိုလျှင် ကျောင်းအုပ်ကြီးချန်းမှာ သူမ၏ ပြုံးနေသော အကြည့်အောက်တွင် ငရုတ်သီးကြော် လမုန့်ကို အားတင်း၍ စားခဲ့ရဖူးသည်။
အဆုံးသတ်တွင် ဤကဲ့သို့ နေ့လည်စာ ပြင်ဆင်မှုမျိုးက အတွေးများစွာ ဖြစ်ပေါ်စေခဲ့သည်။
အစားအသောက်က အနက်ရောင်ဟင်းလျာ ဆန်သော်လည်း သူမ၏ စေတနာတွေကို ငြင်းဆန်ရန် ခက်ခဲနေသည်။
ထို့ကြောင့် အမှတ် ၆၀ အထက်တန်းကျောင်းမှ ဆရာများနှင့် ကျောင်းသားများ အားလုံးမှာ စိတ်နှလုံး ညှိုးငယ်နေကြသော်လည်း တိတ်တဆိတ် သည်းခံနေကြရသည်။
အမေကျွမ့်က မကြာမီ အနက်ရောင်ဟင်းလျာ မဆန်သော ဟင်းလျာ အသစ်စက်စက်ကို သုတေသန ပြုနိုင်ပါစေဟုသာ သူတို့ ကျိတ်၍ ဆုတောင်းနေကြ၏။
….............
ဝိညာဉ်ဓား ဖလှယ်ခြင်း တွေ့ဆုံမှုမှာ သောကြာနေ့တွင် ကျရောက်မည် ဖြစ်သည။
ကြာသပတေးနေ့တွင် အမေကျွမ့်က သူမ၏ ချစ်ခြင်းမေတ္တာ ဘန်တို(bento)အတွက် စာရင်းကို အမြဲ ကြိုတင် ပြင်ဆင်လေ့ရှိသည်။
(bento=ထမင်း၊ ဟင်းသီးဟင်းရွက်နှင့် ဆာရှိမိ ကဲ့သို့ ပစ္စည်းများ ပါ၀င်သည့် ဂျပန်စတိုင် နေ့လည်စာ)
သို့သော် သူမ စာရင်းကို စစ်ကြည့်သော အခါတွင် သောကြာနေ့က ခါတိုင်းထက် လူခြောက်ယောက် လျော့နည်းနေကြောင်း သူမ သိလိုက်ရသည်။
ရုတ်တရက် သူမက အမှတ်၅၉ အထက်တန်းကျောင်းတွင် ကျင်းပသည့် ကျောင်းအချင်းချင်း နှီးနှော ဖလှယ်ပွဲကို သတိရမိသွားပြီး သူမ ခေါင်းကို ခပ်ဖွဖွ ပြန်ရိုက်လိုက်သည်။
ထို့နောက် ချက်ချင်းပင် အထူး ဘန်တိုခြောက်ခုကို လျင်မြန်စွာ ပြုလုပ်ခဲ့ပြီး ၎င်းတို့ကို ကျွေးမွေးရန် သူမ၏ လူးဝစ်ဗစ်တွန် (Louis Vuitton) တံဆိပ် ဓားပျံကို အသုံးပြုကာ ပျံသန်းခဲ့သည်။
လုံးဝ တိတ်ဆိတ်နေသော ကျောင်းအိပ်ဆောင်တွင် ဝမ်လင်း၊စွန်းရုံ၊ ချန်းချောင်၊ ကော်ဟောက်၊ လင်းရှောင်ယု၊ ဆရာဝမ်တို့အားလုံး တန်းစီ၍ ထိုင်နေကြသည်။
သူတို့အားလုံး၏ ရှေ့တွင် အမေကျွမ့် ကိုယ်တိုင် သေသေချာချာ ပြင်ဆင်ပေးထားသည့် ချစ်ခြင်းမေတ္တာ ဘန်တို တစ်ခုစီ ရှိနေသည်။
ပန်းရောင် ဘန်တို ဘူးလေးမှာ သူမ၏ နုပျိုဆဲ ဖြစ်သော နှလုံးသားကို ကိုယ်စားပြုနေသည့်အလား...
စနှိုးဝှိုက် စားဖိုမှူးရဲ့ ယူနီဖောင်းကို ဝတ်ဆင်ထားပြီး အဝါဖျော့ဖျော့ စားဖိုမှူး ဦးထုပ်အောက်တွင် တွန့်လိမ်သောဆံပင်များကို ဘောလုံးလေး တစ်လုံးလို စည်းနှောင်ထားသည့် သက်လတ်ပိုင်း အရွယ် အမျိုးသမီးမှာ အမေကျွမ့် ဖြစ်သည်။
လတ်တလောတွင် သူမက ခါးထောက်၍ ဝမ်လင်းတို့ကို နေ့လည်စာ စားရန် တိုက်တွန်းနေသည်။
"ကလေးတို့ ထမင်းပူနေသေးတုန်း မြန်မြန်စားကြ.. ဒီဘန်တို ခြောက်လုံးက မင်းတို့အတွက် ကြိုပြီး ပို့ပေးဖို့ ငါ အထူးလုပ်ထားတာ.. ဒါက ခန္ဓာကိုယ် ကျန်းမာရေးကို မြှင့်တင်ဖို့ အတွက် အာဟာရ အမျိုးမျိုးနဲ့ ပြည့်စုံတယ်.. ဒါကို စားလိုက်တာနဲ့ လူတိုင်းက မနက်ဖြန် ပြုလုပ်မဲ့ ဝိညာဉ်ဓား ဖလှယ်ခြင်း တွေ့ဆုံမှုမှာ ပိုပြီး ကောင်းကောင်းမွန်မွန် လုပ်ပြနိုင်တော့မှာ"
"................"
ဝမ်လင်း ခပ်ပြင်းပြင်း ရှူရှိုက်လိုက်သည်။
သူ၏ အနံ့ခံအာရုံက သာမန်လူများထက် များစွာ သာလွန်၏။
ဤချစ်ခြင်းမေတ္တာ ဘန်တိုတွင် ပါဝင်သည့် အရာများက ထျန်ကျင်းဇီ တိုက်သော ဟင်းသီးဟင်းရွက် ဖျော်ရည်ထက် ပိုဆိုးသည့်အပြင် ထူးဆန်းသော အနံ့အသက်ကိုပါ သူရရှိနေသည်။
အမေကျွမ့်က ထိုကဲ့သို့ အနက်ရောင်ဟင်းလျာကို ပွဲမတိုင်ခင် သူတို့ကို တကူးတက လာကျွေးနေ၏။
အမေကျွမ့်၏ အကြောင်းကိုသာ သိမထားလျှင် အမှတ်၅၉ ကျောင်းမှ လွှတ်လိုက်သည့် သူလျှိုဟု ထင်မိမည်မှာ သေချာသည်။
သူတို့သာ ဒါကို စားလိုက်ရင် မနက်ဖြန်ပွဲတွင် သူတို့အားလုံး ပွဲပြီးသွားနိုင်ပေသည်။
"အားလုံး စားကြ.. အမေကျွမ့်ရဲ့ ကောင်းမွန်တဲ့ ရည်ရွယ်ချက်တွေကို အလဟဿ မဖြစ်စေကြနဲ့"
အဆုံးသတ်တွင် ဆရာဝမ်က ပြောလိုက်သည်။
ဤကဲ့သို့ အခြေအနေမျိုးမှာပင် ဆရာဝမ်က ကြေကွဲမနေဘဲ တည်တည်ငြိမ်ငြိမ် ရှိနေသည်။
တကယ်တမ်းတွင် အမေကျွမ့်က သူ့ရှေ့မှာရှိနေ၍ သူ့ကိုယ်သူ အားတင်းထားခြင်း ဖြစ်၏။
ဆရာဝမ်က နေ့လည်စာဘူးကို ပထမဆုံးဖွင့်သည့်သူ ဖြစ်သည်။
လူတိုင်းက စိုးရိမ် ထိတ်လန့်နေကြသည်။
ယနေ့ ထမင်းက အနက်ရောင်ဟင်းလျာလို ဖြစ်မနေဘဲ ပုံမှန်ပုံစံ ပေါက်နေသည်။
"ဒါက အာလူးချောင်း ကြော်လား"
ဆရာဝမ်က အာလူးချောင်းကို ကောက်ကိုင်ပြီး ကြည်လင်သောအသံဖြင့် မေးလိုက်သည်။
အမေကျွမ့်က ခေါင်းယမ်းပြီး ပြန်ဖြေလိုက်သည်။
"ဒါက သာမန် အာလူးချောင်းကြော် မဟုတ်ဘူး.. ဒါက ကောင်းကင်ပိုးကောင် အာလူးချောင်းကြော်ပဲ"
ယင်းအချိန်တွင် စွန်းရုံက အာလူးချောင်းကြော် ဘေးရှိ ခရမ်းချဉ်သီး အချပ်များကို ညွှန်ပြလိုက်သည်။
"ဒါဆို ဒီဟင်းက ဘာလဲ"
"အော် ဒီဟင်းလား"
အမေကျွမ့်က ပြုံးပြုံးရွှင်ရွှင်ဖြင့် ပြန်ဖြေလိုက်သည်။
"ဒီဟင်းကို သွေးစွန်းနေတဲ့ ခရမ်းချဉ်သီးလို့ ခေါ်တယ်”
လူတိုင်း"..........…"