လူငယ်တိုင်း၏ ဇာတ်ဝင်သီချင်း
Vol. 4 Ch. 50
အမှတ် ၆၀ အထက်တန်းကျောင်းတွင် ဂီတအတန်းများသည် ဆရာဝမ်၏ သမိုင်းသီအိုရီ အတန်းများ ကဲ့သို့ ရှားပါးသောအတန်း ဖြစ်သည်။
ဂီတပညာ သင်ပေးသည့် တင်းယွီကို ဆရာတင်းဟု ခေါ်ဆိုကြသည်။
သူက ဂီတလောကတွင် အရည်အချင်း ရှိသော ကျောင်းသား အများအပြားကို ပြုစု ပျိုးထောင်ပေးခဲ့သူ ဖြစ်ပြီး ဂီတနယ်ပယ်တွင်လည်း သီချင်းများစွာကို ရေးစပ်ခဲ့သူ ဖြစ်သည်။
သို့သော် သူ၏ ကျော်ကြားသော "အယုတ်တမာ အင်မော်တယ်၏ အလင်္ကာ" မှလွဲ၍ သူ့တွင် အခြားအံ့ဖွယ်လက်ရာများ ထပ်မံ မရှိတော့ဟု ထင်ရသည်။
ဆရာတင်းယွီက ကျောင်းများစွာတွင် အချိန်ပိုင်း အလုပ်လုပ်ပြီး ဂီတစွမ်းရည်နှင့် အလားအလာ ရှိသော ကလေးများကို ဖော်ထုတ်ဖို့ သူ့အတွက် ခွဲတမ်းချထားသည့် သနားစရာကောင်းသော အတန်း အရေအတွက်ကို အသုံးပြုခဲ့ရသည်။
သူက အလွန် စိတ်ညစ်သော်လည်း ကျယ်လောင်စွာ မညီးညူနိုင်ခဲ့ပေ။
တစ်ချိန်က စွယ်စုံရှိုး တစ်ခုတွင် ဆရာတင်းကို ဂုဏ်ပြုဧည့်သည် အဖြစ် ဖိတ်ကြားခဲ့သည်။
သို့သော် စွယ်စုံရှိုးတွင် ပါဝင်သော လူအုပ်ကြီးက သူ့ကိုဝိုင်းဝန်း မေးခွန်းထုတ်ကာ အလှည့်ကျ ကျီစားခဲ့ကြသည်။
ဆရာတင်းယွီမှာ တစ်ချိန်က ပေါ့ပ်ဂီတ၏ ဦးဆောင်သူ ဖြစ်ခဲ့ဖူးပြီး ဂီတလုပ်ငန်းခွင်၏ ရှုပ်ထွေးနက်နဲသော အကြောင်းအရာများကို သိရှိသူဟု တချို့က ပြောကြသည်။
နှစ်ပေါင်းများစွာ ကြာပြီးနောက်တွင် သူက ထိုအဆင့်၏ အစိတ်အပိုင်းတစ်ခု အဖြစ် ရှိနေဆဲ ဖြစ်သော်လည်း အမြီးစွန်းတွင် ကျန်ရစ်ခဲ့ပြီ ဖြစ်သည်။
ထို့အပြင် ပေါ့ပ်ဂီတနှင့် ပတ်သက်လျှင် ဆရာတင်းကို ချန်ထားခဲ့၍ မဖြစ်သောကြောင့် ဟွာရှို့နိုင်ငံရှိ ဖျော်ဖြေရေး လောကမှာ ရှေ့ကို ရောက်ချင်လျှင်ပင် မဖြစ်နိုင်တော့ဟု ပြောကြသည်။
ယင်းက လှောင်ပြောင် သရော်သော စကားများသာ ဖြစ်မည်ဟု ယူဆရသည်။
ဂီတသမားများမှာ ဖျော်ဖြေရေးသမားဟု ယူဆရသောကြောင့် ဤစကားများမှာ ဟာသတစ်ခုမျှသာ ဖြစ်ကြောင်း ဆရာတင်းက သိသော်လည်း ထိုစကားကို ကြားပြီးနောက်တွင် သူ့ရင်ထဲ၌ ဝမ်းနည်းနေခဲ့သည်။
သို့သော် ဤ ရုန့်ရင်းသော ဟာသ ပြက်လုံးသည် သူ့ကိုယ်ပိုင် ဂီတလမ်းစဥ်ကို ပြန်လည် ဆန်းစစ်စေသည့် တွန်းအားတစ်ခု ဖြစ်လာခဲ့၏။
"ငါတကယ် အသက်ကြီးသွားပြီလား"
ဆရာတင်းက သူ့အသက်ကြီးလာသည်ကို လက်ခံဖို့ ငြင်းဆိုခဲ့ပြီး အခုခေတ် ကလေးတွေလို ငယ်ရွယ်နုပျိုသည့် စိတ်ဓာတ်တွေ ကိန်းအောင်းနေဆဲဟု ခံစားနေရဆဲ ဖြစ်သည်။
သို့ရာတွင် ကျောင်းအုပ်ကြီး ချန်းက သူ့ကိုတွေ့တိုင်း ဘိုးဘိုးတင်းဟု တလေးတစား ခေါ်ဝေါ်လေ့ ရှိသည်။
ယင်းက သူ့နှလုံးသားကို တကယ်ပင် နာကျင်စေသည်။
ထို့ကြောင့် အချိန်အများစုတွင် တေးဂီတ ဆိုင်ရာ ဖန်တီးမှုများကို ပြုလုပ်ခဲ့၏။
ယင်းနောက် ကိုယ်ပိုင်သံစဉ်ဖြင့် ရေပန်းစားလာသော သူ့သီချင်း တစ်ပုဒ် ဖြစ်သည့် "အယုတ်တမာ အင်မော်တယ်၏ အလင်္ကာ"အတွက် R&B နှင့် ရိုးရာတေးသွားကို ပေါင်းစပ်လိုက်၏။
(R & B music= စိတ်အားထက်သန်သော သံစဥ်နှင့် စိတ်ကူးယဥ်ဖန်တီးမှု များစွာ ပါဝင်သည့် ပေါ့ဂီတအမျိုးအစား တစ်ခု)
သီချင်း၏ အစောပိုင်း အဆင့်များတွင် တန်ပို (tempo) ကို တိုးမြှင့်လိုက်ရာ သံပြိုင် သီဆိုကြသည့် အသံက လူအများကို ရွှင်လန်းစေမည် ဖြစ်၏။
နှစ်များစွာ အတွင်း သူရေးစပ်ခဲ့သော သီချင်းများထဲတွင် လူသိအများဆုံး သီချင်းမှာ "အယုတ်တမာ အင်မော်တယ်၏ အလင်္ကာ" သီချင်းပင် ဖြစ်သည်။
ထို့အပြင် ဝမ်လင်း အလွန်နှစ်သက်သော အခြား သီချင်း အနည်းငယ်လည်း ရှိသေးသည်။
ဥပမာအားဖြင့် "အင်မော်တယ်နတ်ဆိုး" "ရှေးကာလ၏ အစာရေစာ ခေါင်းပါးခြင်း ကပ်ဘေး" စသော သီချင်းများ ဖြစ်သည်။
ဆရာတင်းယွီမှာ ဂီတနယ်ပယ်တွင် ဝမ်လင်း လွန်စွာ သဘောကျခဲ့သည့် အရည်အချင်းရှိ ဆရာတစ်ယောက် ဖြစ်သည်။
တေးရေးဆရာတစ်ဦး အနေဖြင့် ဆရာတင်းသည် နှစ်ပေါင်းများစွာ လေ့လာသင်ယူခဲ့သော ဂီတပညာကို အသုံးပြု၍ သူ၏ စိတ်ကူးများကို အစွမ်းကုန် ထုတ်ပြရန် ကြိုးစားခဲ့သည်။
ယင်းက ဂီတ၏ နှလုံးသားနှင့် စိတ်ဝိညာဉ်ကို ပုံဖော်ရာတွင် မရှိမဖြစ် လိုအပ်သည်။
သူနှစ်သက်သည့် ဂီတအမျိုးအစားကို မည်သည့်အခါမှ မစွန့်ပစ်ဟု ဆရာတင်းက သံဓိဌာန် ချထားသည်။
သူ၏ ကောင်းမွန်သော လက်ရာများကို အမာခံ ပရိသတ်များ အမြဲ အမှတ်ရစေရန် ကြိုးစားခဲ့၏။
သို့သော် ဂီတသမား တစ်ယောက် ဖြစ်ဖို့က သွေးနဲ့ချွေးတွေ အများကြီး ပေးဆပ်ဖို့ လိုအပ်သည်။
ဂီတလမ်းစဥ်က ပေါင်းစည်းနိုင်သော ဂျစ်ဆော မဟုတ်သလို ကြက်တူရွေးကဲ့သို့ အတုခိုးခြင်းကိုလည်း အားကိုး၍ မရချေ။
(Jigsaw=ကတ်ထူပြား သို့မဟုတ် သစ်သားပြား ပေါ်တွင် ရိုက်နှိပ်ထားသော ရုပ်ပုံတစ်ပုံ ပါ၀င်ပြီး ပုံသဏ္ဍာန် တစ်မျိုးမျိုးကို အပိုင်းအစများ အဖြစ် ဖြတ်တောက်ထားသည်အား ပေါင်းစပ် တပ်ဆင်ရသော ပဟေဠိတစ်မျိုး)
ဤသည်မှာ သူ၏ ဂီတ အတွေးအခေါ်ဖြစ်သည်။
တစ်ချိန်တည်းမှာပင် သူက ဂီတနယ်ပယ်ရှိ ခိုးကူးဖြစ်စဉ်ကို လုံးဝ စက်ဆုပ်ခဲ့သည်။
ကိုယ်ပိုင်သံစဥ်ကို ရေးစပ်သူ အနေဖြင့် သူက အသက်မကြီးသေးသလို စွန့်စားရမည့် တာဝန်တွေ အများကြီး ရှိသေးသည်ဟု ဆရာတင်းက ခံစားရသည်။
…..............
သောကြာနေ့ နောက်ဆုံးအတန်းမှာ ဆရာတင်း၏ ဂီတသင်ခန်းစာ အတန်း ဖြစ်သည်။
စာသင်ခန်းထဲသို့ ဆရာတင်း ဖြည်းညှင်းစွာ လျှောက်လာသောအခါတွင် လုံးဝ တိတ်ဆိတ် ငြိမ်သက်နေပြီး မည်သူမှ စကားမပြောရဲကြပေ။
(Grade 1) လက်ရွေးစင် ကျောင်းသားများက ဤတေးရေးဆရာကို အလွန်ပင် လေးစားကြသည်။
ယနေ့တွင် ဆရာတင်းက ခါတိုင်းနှင့် မတူဘဲ အတော်လေး ပျော်ရွှင်နေပုံရသည်။
"ဆရာတင်းကို ကြည့်ရတာ စိတ်ကူးသစ်တွေ ရနေတဲ့ပုံပဲ"
စွန်းရုံက ပြုံးပြီး မေးလိုက်သည်။
"ဟုတ်တယ်"
ဆရာတင်းက မငြင်းခဲ့ချေ။
"မကြာခင်မှာ သီချင်း အသစ်တစ်ပုဒ် ထွက်လာတော့မယ်...အားလုံး ပျော်ကြလိမ့်မယ်လို့ ဆရာ မျှော်လင့်ပါတယ်"
ထိုစကားကို ကြားလျှင် တစ်တန်းလုံး ဆူညံပွက်လော ရိုက်သွားသည်။
"အိုး.. ဆရာတင်းက သီချင်းအသစ်တစ်ပုဒ် ထွက်ရှိတော့မှာပေါ့"
"ဒီတစ်ခေါက် သီချင်းက ဘယ်လို ဂီတ အမျိုးအစားလဲ ဆရာ"
"ဆရာတင်းက သီချင်းဖန်တီးဖို့ ဘယ်ကနေ တွန်းအားရလာတာလဲ"
ဆရာတင်း အနေဖြင့် သီချင်း အသစ်မထွက်တာ အတော်ကြာနေပြီ ဖြစ်သည်။
အများအားဖြင့် အသက်ကြီးလာလျှင် အာရုံကြောများ ထုံထိုင်းလာသဖြင့် သီချင်းအသစ် ဖန်တီးဖို့မှာ အရင်လို မလွယ်ကူတော့ချေ။
ထို့အပြင် ဆရာတင်း၏ ဂီတအဘိဓာန်တွင် ပြီးစလွယ် သီကုံးမှုမျိုး မရှိခဲ့ပေ။
သူဖန်တီးသော မည်သည့်သီချင်းကို မဆို စိတ်နှလုံးအကြွင်းမဲ့ မြှုပ်နှံထားလေ့ ရှိသည်။
ယင်းက မျိုးဆက်ဟောင်း အနုပညာရှင်တွေ၏ ကျင့်ဝတ်သိက္ခာဟုလည်း ဆိုနိုင်သည်။
ကျောင်းသားများ၏ မေးခွန်းကို ကြားလျှင် ဆရာတင်းက ပြုံးရွှင်စွာ ပြန်ဖြေလိုက်သည်။
"ဆရာ့ရဲ့သီချင်းက ထုံးစံအတိုင်း ပေါ့ပ်သီချင်းပေါ့ကွာ.. အဲဒီသီချင်း အတွက် လှုံ့ဆော်မှုက မင်းတို့ အားလုံးဆီက လာတာပဲ.. မင်းတို့က ငါ့ကို လှုံ့ဆော်ပေးခဲ့တဲ့ အဓိက သူတွေပဲ"
"ဆရာတင်း.. သီချင်းကို လျှိုမထားပါနဲ့.. ကျနော်တို့ အတွက် အဲဒီသီချင်းကို ဆိုပြလို့ ရမလား"
"မင်းတို့ နားထောင်ချင်ရင်တော့ သီချင်းဆိုပြရတာ ပြဿနာ မရှိပါဘူး.. ဒါပေမယ့် ငါ့မှာ တောင်းဆိုချက်လေး နှစ်ခု ရှိတယ်.."
ဆရာတင်းက ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။
"မင်းတို့အားလုံး ပြီးခဲ့တဲ့ ရက်ပိုင်းက ငါပေးခဲ့တဲ့ ဂစ်တာအိမ်စာတွေကို အလေးအနက် ထားပြီး လေ့ကျင့်နေကြလားတော့ ငါမသိဘူး.. ဘာပဲဖြစ်ဖြစ် မင်းတို့ထဲက တစ်ယောက်ယောက်ကတော့ စေတနာ့ဝန်ထမ်း အနေနဲ့ ဂစ်တာ တီးခတ်တဲ့ အပိုင်းကို လာလုပ်ပေးမယ်လို့ မျှော်လင့်ပါတယ်.. ဒါ့အပြင် ဒီသီချင်းက စုံတွဲ သီဆိုရတာကြောင့် ဆရာနဲ့အတူ ကျောင်းသူ အမျိုးသမီး တစ်ဦးလည်း ပါဝင် သီဆိုနိုင်မယ်လို့ မျှော်လင့်ပါတယ်"
ဆရာတင်း စကားမဆုံးခင် ကော်ဟောက်က သူ့ပေါင်ကို သူပြန်ရိုက်၍ အော်ဟစ်လိုက်သည်။
"ဘုရားရေ.. ဆရာတင်းက ဖီးနစ်ဂန္တဝင်ထဲက နည်းလမ်းကို အသုံးချလိုက်တာပဲဟ"
ဝမ်လင်း၊စွန်းရုံ၊ချန်းချောင်၊လင်းရှောင်ယု ".............."
"ကျောင်းသားကော်.. မင်းရဲ့ အပြုအမူကို ဆင်ခြင်ပါ"
စာသင်ခန်းထဲတွင် အချိန်အတော်ကြာ တိတ်ဆိတ်သွားပြီးနောက် စွန်းရုံက ရှေ့ကို အရင် ထွက်လာသည်။
"ဆရာတင်း.. သမီး သီချင်းဆိုပေးမယ်.. ဒါပေမယ့် သမီးက ဂစ်တာတီးတာတော့ သိပ်မကောင်းဘူး"
"ကောင်းပါပြီ.. ပူးပေါင်း ဆောင်ရွက်မှု အတွက် ကျောင်းသူစွန်းရုံကို အထူးပဲ ကျေးဇူးတင်ရှိပါတယ်.. ဂစ်တာတီးတဲ့ အပိုင်း အတွက်က ယောက်ျားလေး တစ်ယောက်ယောက်ကို တီးခိုင်းလို့ ရပါတယ်.. ဆရာ့သီချင်းက စုံတွဲသီချင်း ဆိုတော့ စုံတွဲ သီဆိုရင် သိပ်မပင်ပန်းပါဘူး"
ဆရာတင်းက ကျောင်းသားစာရင်းကို တစ်ချက် ကြည့်လိုက်ပြီး စာရင်းထဲမှ နာမည်တစ်ခုကို ရွေးချယ်လိုက်သည်။
"ဝမ်လင်း... ကျောင်းသားဝမ်လင်းက ဘယ်သူလဲ.. ကျေးဇူးပြုပြီး စင်ပေါ်တက်လာခဲ့ပါ"
ဝမ်လင်း "............"
ဆရာတင်းက သူ့ကို ခေါ်ထုတ်လိမ့်မည်ဟု သူ မမျှော်လင့်ခဲ့ပေ။
သူက သူ့ကိုယ်သူ ရှေ့တန်းမတင်ဘဲ အတန်းထဲတွင် သိုသိုသိပ်သိပ်သာ နေထိုင်လိုခဲ့သည်။
ထို့ပြင် သူက လူရှေ့သူရှေ့တွင် အစွမ်းအစ ထုတ်ပြရတာမျိုးကို မနှစ်သက်ချေ။
သို့သော် ယခုတော့ ဆရာတင်းက သူ့နာမည်ကို ခေါ်လိုက်ရာ ရှောင်တိမ်းရန် အကြောင်းပြချက် မရှိဟု သူခံစားမိသည်။
ဆရာတင်းက သူအလွန် လေးစားရသော ဆရာတစ်ဦး ဖြစ်သောကြောင့် မျက်နှာသာ ပေးသင့်သည်ဟုလည်း သူတွေးမိသည်။
သူ့လက်မောင်းတွင် ဝမ်မင် တီထွင်ထားသည့် တာအိုအဆောင် အသစ် ရှိနေသောကြောင့် စွမ်းအား မထိန်းချုပ်နိုင်မည်ကို စိုးရိမ်နေစရာ မလိုပေ။
(ဒီအပိုင်းက နှီးနှောဖလှယ်ပွဲ မသွားခင် ကျောင်းမှာရှိစဥ်က ဖြစ်ရပ်ပါနော်.. တကယ့်အပိုင်းမှာ ဝမ်မင်အသစ် ထွင်ထားတဲ့ တာအိုအဆောင်က အားကုန်ခါ နီးနေပါပြီ)
ဝမ်လင်းက သူ့အိတ်ထဲမှ ကျောင်းသားများ အတွက် ကျောင်းမှ ထုတ်ပေးသော ဂစ်တာကို ထုတ်ယူကာ စင်ဘက်သို့ ဖြည်းညှင်းစွာ လျှောက်လာခဲ့သည်။
"ဒါဆို မင်းကို သီချင်းရဲ့ နုတ်တွေ သင်ပြပေးမယ်"
ဆရာတင်းက ညင်သာစွာ ပြုံးလိုက်သည်။
သူ့လက်နှစ်ဖက်ဆီမှ ဝိညာဥ်အလင်းတန်းများ ထွက်ပေါ်လာသည်။
ထိုအလင်းတန်းက ဝမ်လင်းနှင့် စွန်းရုံတို့၏ စိတ်ထဲကို ဖြည်းဖြည်းချင်း စိမ့်ဝင်သွားပြီး သူတို့ သိလိုသည့် စာသား၊ တေးသွားနှင့် တူရိယာ နည်းစနစ်များ အထိ ထည့်သွင်းပေးလိုက်သည်။
ငါးမိနစ်လောက် အကြာတွင် ထိုလုပ်ငန်းစဥ်က ပြီးဆုံးသွားသည်။
"သီချင်းနဲ့ ပတ်သက်ပြီး အားလုံး နားလည်ပြီလား"
ဆရာတင်းက မေးလိုက်သည်။
ဝမ်လင်းတို့ နှစ်ယောက်စလုံးက ခေါင်းညိတ်ပြလိုက်သည်။
"ဒါဆို ငါအသစ် ရေးစပ်ထားတဲ့ "အင်မော်တယ်ဘုရင်ရဲ့ ကူကယ်ရာမဲ့ခြင်း" သီချင်းကို ကျောင်းသားဝမ်လင်း ကျောင်းသူစွန်းရုံတို့နဲ့ အတူ လူတိုင်းအတွက် သီဆိုခွင့်ပြုပါ.."
ဆရာတင်း စကားဆုံးသည်နှင့် ဝမ်လင်းက ဂစ်တာကို တီးခတ်လိုက်သည်။
ဂစ်တာထံမှ တက်ကြွလန်းဆန်းသော သံစဥ်က လေထဲတွင် ငြိမ့်ညောင်းစွာ ထွက်ပေါ်လာသည်။
ထိုသံစဥ်ကို ဆရာတင်း၏ ဆွဲငင်မှုရှိသော သံလိုက်သံဖြင့် တွဲဖက် နားထောင်လိုက်သောအခါ ပရိသတ်၏ ရင်ကို ထိရှစေသည့် အထူး ကျက်သရေရှိသော သီချင်းတစ်ပုဒ် ဖြစ်လာတော့သည်။
…...................
မနေ့ညက ညသန်းခေါင်အထိ ကျင့်ကြံခဲ့တယ်🎵
အသေးအဖွဲကိစ္စတွေနဲ့ ပတ်သက်ပြီး စိတ်ပူမိတယ်🎶
အင်မော်တယ် ဘုရင်ရဲ့ အကူအညီမဲ့မှုကို ရှင်းလင်းစွာ မြင်နိုင်တယ်🎵
ငါ့အတွက် အက္ခရာ ၂ လုံး ပါတဲ့ ပျံသန်းခြင်း တာအိုအဆောင် ပေးပါ🎶
အတိတ်ရဲ့ ပုံပြင်တွေကို ဘယ်သူ နားထောင်မလဲ🎵
တကယ်တော့ ကျွန်တော့်ရဲ့ တကယ့်ဆန္ဒက ကမ္ဘာကြီးငြိမ်းချမ်းဖို့ပါ🎶
တက္ကသိုလ် ကျောင်းသားဘဝက ဘဲစေ့နဲ့ တူတယ်🎵
အချိန်တွေ တဖြည်းဖြည်း ရွှေ့လျားလာပြီး တွေ့ဆုံခြင်းနဲ့ လမ်းခွဲခြင်းကို မလွဲမသွေ ကြုံလာရမယ်🎶
အိပ်မက်က ဘယ်လောက်ဝေးဝေး ဇွဲမလျော့ဘဲ လိုက်ဖမ်းပါ🎵
ကလေးဘဝက စိတ်ကူးနဲ့ လိုက်ဖမ်းခဲ့ဖူးတဲ့ နတ်သူငယ်လေးများကို သတိရပါ🎶
ကျောင်းသားဘဝက ကိုးရိုးကားယား ဖြစ်ရပ်တွေကို သတိရပါ။🎵
သူမ လက်ကလေးကို ကိုင်ပြီး မော့ကြည့်လိုက်တယ်🎶
နှစ်စဥ်နှစ်တိုင်းမှာ ခမ်းနားထည်ဝါမှုတွေကို ငါမြင်ရတယ်🎵
နောက်ကို လှည့်မကြည့်ဘဲ စည်းချက်ကျကျ ဆက်လုပ်ပါ🎶
အယုတ်တမာ အင်မော်တယ်ရဲ့ အလင်္ကာ သီချင်းကို သီဆိုပါ🎵
ခေါင်းကိုမော့ထားပြီး ဂုဏ်ယူစွာနဲ့ ရှေ့ကို ဆက်လှမ်းပါ 🎶
မင်းရှိနေသ၍တော့ ငါလမ်းလွဲမှာမဟုတ်ဘူး...
🎵
…................
လူတိုင်းက သီချင်းထဲတွင် နစ်မြောသွား၏။
မြေအောက်ခန်းထဲတွင် သိုလှောင်ထားသည့် သက်တမ်းရင့် ဝိုင်တွေလို သီချင်းစာသားထဲမှာ ပါရှိသည့် လွမ်းဆွတ်သော ခံစားချက်က တကယ့် အနှစ်တွေချည်း ဖြစ်နေရာ ကျောင်းသားအားလုံး အံ့ဩသွားကြသည်။
ငြိမ့်ညောင်းပြီး ရွှင်မြူးသော တေးသံသာထဲတွင် လူငယ်များအတွက် လှပသော ခံစားချက်က ပေါ်လွင်နေသည်။
လူငယ်တွေရဲ့ ခြေလှမ်းတွေက🎶 ဘယ်တော့မှ ရပ်တန့်မသွားဘူး...🎵
ရိုးရှင်းသော ဂစ်တာအဟောင်းလေးက ငယ်ရွယ်ပြီး အတွေ့အကြုံ မရှိသေးသော ကာလကို သရုပ်ဖော်နေသည်။
သီချင်းက ဘယ်တော့မှ ပျောက်ကွယ်မသွားတော့မည့် မှတ်ဉာဏ် အစိတ်အပိုင်းများ... အမှတ်တရဟောင်းများကို ပုံဖော်ထားသည်။
လက်ရွေးစင် အတန်းမှ ကျောင်းသားများမှာ ရောထွေးနေသော ခံစားချက်များဖြင့် သက်ပြင်းကိုပင် မချနိုင်တော့ပေ။
ထိုသို့ဖြင့် ဤသီချင်းက လူငယ်တိုင်း၏ ဇာတ်ဝင်တေးသီချင်း ဖြစ်လာတော့သည်။
(duckweed=ဘဲစေ့= ရေမျက်နှာပြင်တွင် အမြောက်အမြား ပေါ်နေတတ်သည့် သေးငယ်သော ရေနေပန်းပွင့်အပင်)