← Chapters

ကျင့်ကြံသူအဖြစ် ဟန်ဆောင်ခြင်း

Vol. 4 Ch. 51

ကျင့်ကြံသူအဖြစ် ဟန်ဆောင်ခြင်း

Vol. 4 Ch. 51

ကောင်းကင်ပိုးကောင် အာလူးချောင်းကြော်ပဲ ဖြစ်ဖြစ် သွေးစွန်းနေတဲ့ ခရမ်းချဉ်သီးပဲ ဖြစ်ဖြစ် ဤအမည်များက မိခင်ကျွမ့်၏ စိတ်ကြမ်းကိုယ်ကြမ်း ပင်ကိုစရိုက်ကို ဖော်ပြနေသည်။

သို့သော် ယနေ့ ဟင်းလျာများက သာမန်ဟုသာ ထင်ရသောကြောင့် လူတိုင်း၏ နှလုံးသားထဲတွင် တိတ်တဆိတ် သက်ပြင်းချလိုက်ကြ၏။

ဆရာဝမ်က ခရမ်းချဉ်သီး အတုံးတစ်တုံးကို ကောက်ယူပြီးချိန်တွင် အမေကျွမ့်က သူသယ်လာသည့် ဟင်းခတ်အိတ်ထဲမှ သကြား သုံးဇွန်းကို ချက်ချင်း ခပ်ယူကာ ခရမ်းချဥ်သီးတုံးပေါ် လောင်းချလိုက်ပြီး ဆရာဝမ်ကို ကြည့်ကာ ပြောလိုက်သည်။

"သွေးစွန်းနေတဲ့ ခရမ်းချဉ်သီးနဲ့ သကြားသုံးဇွန်းကို တွဲစားရင် ပိုအရသာရှိတယ်"

လူတိုင်း "...........…"

အမေကျွမ့်၏ ချစ်ခြင်းမေတ္တာ ဘန်တိုကို စားပြီးတဲ့ နောက်တွင် လူတိုင်းက သူမကို ကျောင်းဂိတ်တံခါးထိ လိုက်ပို့ပေးပြီး လက်ပြ နှုတ်ဆက်ခဲ့ကြသည်။

ချစ်ခြင်းမေတ္တာ ဘန်တို၏ အရသာက အလွန် ထူးဆန်းနေသော်လည်း သူမ၏ ရည်ရွယ်ချက်ကောင်းများကြောင့် သူတို့၏ စိတ်ထဲတွင် ထိရှသွား၏။

လူစာရင်းကို စစ်ဆေးပြီးနောက် ခြောက်ဦးစာရင်း လျော့နေကြောင်း တွေ့ရှိခဲ့သည့် အမေကျွမ့်မှာ ကျောင်းနှစ်ကျောင်း အတွေ့အကြုံ ဖလှယ်ပွဲကို သတိရမိသွားပြီး အမှတ်၆၀ အထက်တန်းကျောင်း၏ ကိုယ်စားပြု ကျောင်းသားအုပ်စုကို ချစ်ခြင်းမေတ္တာ နေ့လည်စာ ပေးဆောင်ရန် ကိုယ်တိုင်ကိုယ်ကျ ခရီးထွက်ခဲ့ခြင်း ဖြစ်သည်။

မိခင်ကျွမ့်က သူမ ပြုလုပ်ရန် လိုအပ်သည့် ဘန်တိုအရေအတွက်ကို အတိအကျ သိသည်။

အမှတ် ၆၀ အထက်တန်းကျောင်း၏ မိခင်ကျွမ့်မှလွဲ၍ အခြားမည်သူမျှ ထိုသို့ မလုပ်နိုင်ပေ။

အမှတ် ၆၀ အထက်တန်းကျောင်းတွင် နှစ်ပေါင်း ရာနှင့်ချီ ချက်ပြုတ်ခဲ့ရသည့် အမေကျွမ့်မှာ ကျောင်းသားတိုင်းနှင့် ဆရာ ဆရာမတိုင်း၏ နှလုံးသားထဲတွင် အမှန်တကယ် ရှိခဲ့သည်။

"မင်္ဂလာပါ ကျောင်းသားတို့.. မနက်ဖြန် ကျင်းပမဲ့ ဝိညာဉ်ဓား ဖလှယ်ပွဲ အတွက် အခွင့်အရေးရရင် ထပ်လာခဲ့ပါမယ်.. ဖူး"

မိခင်ကျွမ့်က လက်ဝှေ့ယမ်းပြကာ လူတိုင်းကို ကြောက်ရွံ့ထိတ်လန့်စေသည့် အနမ်းတစ်ခုကိုပါ ပါးစပ်ကနေ မှုတ်ထုတ်လိုက်သည်။

ထို့နောက် သူမ၏ လူးဝစ်ဗစ်တွန် တံဆိပ် ဓားပျံပေါ် တက်ကာ ထွက်ခွာသွားခဲ့သည်။

တခဏအတွင်း အမေကျွမ့်က အဝေးသို့ ရောက်သွားပြီး သူတို့မြင်ကွင်းမှ ပျောက်ကွယ်သွားခဲ့သည်။

အမေကျွမ့် ထွက်သွားသည်နှင့် တပြိုင်နက် ဝမ်လင်း၏ မျက်ခွံနှစ်ဘက် စလုံးက လှုပ်ယမ်းလာသည်။

ကပ်ဘေးအဆင့် ကြယ်နှစ်ပွင့်....

သူက အကြောင်းရင်းကို အကြမ်းဖျင်း ခန့်မှန်းနိုင်ခဲ့သည်။

သူ့လက်ပေါ်ရှိ တာအိုအဆောင်က သက်တမ်းကုန်တော့မည်။

အချိန်ကို တွက်ဆကြည့်လျှင် မှန်းဆရ မခက်ချေ။

ထိုအကောင် လာနေပြီ ဆိုတာ သိသာနေသည်။

မေမေဝမ် အရင်ဆုံး ဆက်သွယ်ဖူးသည့် မုန်းတီးစရာကောင်။

ငယ်စဥ်ကတည်းက ဝမ်လင်းမှာ ဝမ်မင်အတွက် ခေါင်းကိုက်ခဲ့ရသည်။

ဝမ်မင်၏ ဝိသေသလက္ခဏာကို နိုင်ငံတော် လျှို့ဝှက်ချက်အဖြစ် သတ်မှတ်ခံထားရပြီး ၎င်း၏ ဦးနှောက်အတွက် ချီးမွမ်းဂုဏ်ပြုခြင်း ခံခဲ့ရသည်။

ဝမ်မင်၏ ဦးနှောက်ကို နတ်လက်နက်မှန်သမျှထက် ပိုကြောက်စရာကောင်းသည်ဟု မှတ်ယူထားသော်လည်း ထိုဝမ်းကွဲအကိုအပေါ် ထားရှိသည့် ဝမ်လင်း၏ အထင်အမြင်မှာ အတော်လေး နိမ့်ကျသည်။

ရှင်းလင်းစွာ ပြောရလျှင် ဝမ်မင်က ပေါကြောင်ကြောင် တစ်ယောက် ဖြစ်သည်။

ဤအယူအဆက မှန်ကန်ကြောင်း ဝမ်မင်က အခြား နည်းလမ်းအမျိုးမျိုးဖြင့် သက်သေပြခဲ့၏။

ဝမ်မင်လုပ်ခဲ့သည့် ပေါကြောင်ကြောင် အကွက်တွေထဲတွင် သူလုပ်ရတာ အပျော်ဆုံးဖြစ်ပြီး ဘယ်တော့မှ မငြီးငွေ့သည့် အရာမှာ ကျင့်ကြံသူ အဖြစ် ဟန်ဆောင်ခြင်း ဖြစ်သည်။

…..................

ကြာသပတေးနေ့ နေ့လည် လေးနာရီခွဲ...

အမှတ် ၅၉ အထက်တန်းကျောင်းက ပုံမှန် ကျောင်းဆင်းခဲ့သည်။

ကျောင်းသားများက သင်ကြားရေး အဆောက်အဦးကနေ ကိုယ်စီ ထွက်လာကြပြီး နှစ်နာရီ သို့မဟုတ် သုံးနာရီအတွင်း ကျောင်းတံခါးကနေ ထွက်သွားကြသည်။

ထိုအချိန်တွင် ကျောင်းတံခါးဝ၌ လူငယ် တစ်ယောက် ရပ်နေသည်။

ထိုလူငယ်က ပိတ်ကြမ်းဖြင့် ရက်လုပ်ထားသည့် အင်္ကျီကို ၀တ်ဆင်ထားပြီး သပ်သပ်ရပ်ရပ် ညှပ်ထားသည့် အနက်ရောင် ဆံပင်ကေနှင့် ဖြစ်၏။

လူငယ်က ဂျင်တစ်ရာ အလေးချိန်ရှိသော ဓားရှည်တစ်လက်ကို နောက်ကျောတွင် လွယ်ထားပြီး ကမ္ဘာကို လှည့်ပတ်သွားလာခဲ့သော အတွေ့အကြုံရင့် ကျင့်ကြံသူ တစ်ဦး ကဲ့သို့ပင်။

ကံမကောင်းစွာပဲ သူ၏ ဝတ်စားဆင်ယင်မှုနှင့် အရှိန်အဝါက မလိုက်ဖက်ဘူး ဖြစ်နေသည်။

မြင့်မြတ်သည့် စိတ်ဝိညာဥ်နယ်ပယ်က ကျင့်ကြံသူတွေ ဆိုလျှင် တစ်ချက် ကြည့်သည်နှင့် ချက်ချင်းပင် သိရှိလိမ့်မည်။

ဆိုရလျှင် ထိုလူငယ်က ဝိညာဉ်စွမ်းအင် လုံးဝမရှိသည့် မက်ဂဲလ်(muggle) တစ်ယောက်သာ ဖြစ်၏။

(muggle= မှော်စွမ်းအားမရှိသူ(ဝါ) ကျင့်ကြံမှုမရှိသော သာမန်လူ)

ကျင့်ကြံသူတိုင်းက သဘာဝတရားမှ ဆင်းသက်လာသော အနှစ်သာရကို ပိုင်ဆိုင်ကြသည်။

၎င်းက လူတစ်ဦး၏ ဒန်တန် နေရာကနေ ဖြစ်ပေါ်လာပြီး ခန္ဓာကိုယ်၏ သွေးကြောများတွင် စီးဆင်းနေ၏။

ဤအနှစ်သာရက လူတစ်ဦး၏ စိတ်စွမ်းအားနှင့် အရှိန်အဝါကို ထောက်ပံ့မှု ပေးသည့် အပြင် ခြေလှမ်းများကိုပါ လေကဲ့သို့ ပေါ့ပါးသွားစေသည်။

စစ်မှန်သော ကျင့်ကြံသူ၏ ခန္ဓာကိုယ်သည် မွှေးကြိုင်သော သင်းရနံ့များကိုပင် ထုတ်လွှတ်နိုင်၏။

အမှတ်၅၉ အထက်တန်းကျောင်း၏ တံခါးဝတွင် ရပ်နေသော ဝမ်မင်က နှလုံးသားထဲကနေ တိတ်တဆိတ် သက်ပြင်းချလိုက်သည်။

သူက ငယ်ငယ်ရွယ်ရွယ်နှင့် အလားအလာရှိပြီး ချောမော ထက်မြက်သည်။

သို့သော် အရည်အချင်း ရှိခြင်းက ကျင့်ကြံမှုကို အစားထိုး၍ မရပေ။

သူ ငယ်ရွယ်စဉ်ကပင် သူ့ကိုယ်လုံးကိုယ်ပေါက်ကြောင့် ကျင့်ကြံခြင်း မပြုနိုင်သည်ကို သူနားလည်ခဲ့သည်။

ဤအကြောင်းအရာက သူ၏ ဉာဏ်စွမ်းမှန်သမျှကို သိပ္ပံသုတေသန အတွက်တွင်သာ မြှုပ်နှံထားရသည့် အကြောင်းရင်းလည်း ဖြစ်သည်။

သူ့အနားက ဖြတ်သွားသော အခြေခံ တည်ဆောက်ခြင်း အဆင့် အထက်တန်း ကျောင်းသူကျောင်းသားများကို စိတ်အားထက်သန်စွာ ကြည့်ရင်း ဖော်မပြနိုင်လောက်အောင် မနာလိုဝန်တို လာမိသည်။

သူသာ ကျင့်ကြံ၍ရမည် ဆိုလျှင် သူ၏ ဉာဏ်စွမ်းရည်ဖြင့် အချိန်တို အတွင်း အထွတ်အထိပ်သို့ ရောက်သွားနိုင်၏။

ဝမ်လင်းလို အရေးမပါသည့် ငချွတ်လေးက သူ့အတွက် လုံးဝ ပြိုင်ဘက် မဖြစ်နိုင်တော့ပေ။

ဤသည်မှာ ဝမ်မင်၏ စိတ်ထဲမှ သနားစရာ အတွေးများသာ။

"သခင်လေး.. မင်း တစ်ယောက်ယောက်ကို ရှာနေတာလား"

အမှတ်၅၉ အထက်တန်းကျောင်း၏ ဂိတ်စောင့် အဘိုးကြီးက အနည်းငယ် သတိထားသော အမူအရာဖြင့် ဝမ်မင်နား ချဉ်းကပ်လာသည်။

မနက်ဖြန် ဝိညာဥ်ဓား ဖလှယ်ပွဲနေ့ ဖြစ်၍ အမှတ် ၅၉ အထက်တန်းကျောင်း၏ ကျောင်းဝင်းအတွင်းမှ ဝန်ထမ်းများမှာ သံသယဖြစ်စရာ ကောင်းသည့် လူများကို အထူး သတိထားနေကြသည်။

ကျောင်းသားများ၏ အုပ်ထိန်းသူများနှင့် မိသားစုဝင်များပင် ကျောင်းထဲ ဝင်လိုလျှင် ဆရာတစ်ဦးကို ကြိုတင်အကြောင်းကြားရမည် ဖြစ်ပြီး ထိုဆရာက ကျောင်းလုံခြုံရေးအဖွဲ့၏ ခွင့်ပြုချက်ကို ယူပြီးနောက်မှသာ အုပ်ထိန်းသူက ဝင်ခွင့်ရရှိမည် ဖြစ်သည်။

သို့သော် ဤလူငယ်က ကျောင်းတံခါးဝတွင် မိနစ်နှစ်ဆယ်ကြာ ရပ်စောင့်နေပြီး သက်ပြင်းကို အခါခါချနေသည်။

ဂိတ်စောင့်အဘိုးကြီးက ဝမ်မင်ကို ကြည့်ကာ အနည်းငယ် ထူးဆန်းနေသည်ဟု ခံစားမိလာသည်။

ဝမ်မင်က ဂိတ်စောင့်ကို ကြည့်ကာ ဆံပင်ကို လက်ဖြင့်သပ်လိုက်ပြီး

"မင်္ဂလာပါ တာအိုမိတ်ဆွေ.. ကျတော်က လူတစ်ယောက်ကို ရှာဖို့ ရောက်လာတာပါ"

ဂိတ်စောင့်အဘိုးကြီးက တာအိုမိတ်ဆွေဟု အခေါ်ခံရသဖြင့် အတော်လေး စိတ်ပျက်သွားသည်။

သူက ဝမ်မင်ကို ဂရုတစိုက်ဖြင့် ထပ်ခါတလဲလဲ အကဲခတ်လိုက်သည်။

"မင်းက အုပ်ထိန်းသူလား"

ဂိတ်စောင့်အဘိုးကြီးက ကျင့်ကြံသူ တစ်ယောက် ဖြစ်သည်။

သူ့နယ်ပယ်က သိပ်မမြင့်သော်လည်း ကျင့်ကြံသူ၏ အရှိန်အဝါကို ခံစားနိုင်၏။

အထွတ်အထိပ် အဆင့်အထိ ကြီးကျယ်ခမ်းနားစွာ ပေါက်ရောက် အောင်မြင်သူတွေသာ အချင်းချင်း တာအိုမိတ်ဆွေဟု ခေါ်လေ့ ရှိကြသည်။

ဂိတ်စောင့် ဦးလေးကြီးက ဝမ်မင်၏ မျက်နှာကို အချိန်တော်ကြာ စိုက်ကြည့်နေခဲ့သည်။

သူဘယ်လိုပဲ ကြည့်ကြည့် ဤလူငယ်၏ အရှိန်အဝါက ဘာမှ မထူးခြားဟုသာ ခံစားမိသည်။

ဆန့်ကျင်ဘက်အားဖြင့် လူငယ်ကို ကြည့်လေလေ သံသယ ပိုဝင်လေလေ ဖြစ်လာသည်။

"ဟုတ်ပါတယ်.. ကျွန်တော်က အုပ်ထိန်းသူပါ.. ကျနော်က ဝမ်းကွဲညီလေးကို ရှာနေတာ"

မိသားစုတွင် ဝါစဥ်အရ ဝမ်မင်မှာ ဝမ်လင်း၏ အကိုကြီးတစ်ယောက် ဖြစ်သည်။

သူက ဝမ်လင်းထက် အသက် ခြောက်နှစ်လည်း ကြီး၏။

ထို့ကြောင့် ဝမ်မင်က ဝမ်လင်း၏ အုပ်ထိန်းသူဟု ပြောခြင်းမှာ အသေအချာ တွေးကြည့်လျှင် မလွန်ပေ။

"မင်းက ဘယ်သူ့အုပ်ထိန်းသူလဲ.. ဘယ်အတန်းက ကျောင်းသားကို ရှာနေတာလဲ"

"ကျွန်တော်က အမှတ်၆၀ အထက်တန်းကျောင်းရဲ့ ကိုယ်စားလှယ်တွေထဲက ကျောင်းသားဝမ်လင်းကို ရှာနေတာပါ.."

ဂိတ်စောင့်က ဝမ်မင်ကို အမှတ်၆၀ အထက်တန်းကျောင်းမှကိုယ်စားလှယ် တစ်ဦး ဖြစ်သည့် ဝမ်လင်း၏ ဝမ်းကွဲအကိုမှန်း ချက်ခြင်း နားလည်လိုက်သည်။

သို့သော် ဝမ်မင်၏ အထောက်အထားနှင့် ပတ်သက်၍ အုပ်ထိန်းသူ အဖြစ် သံသယရှိနေဆဲ ဖြစ်သည်။

အခြေခံ တည်ဆောက်ခြင်း အဆင့် ကျောင်းသားတစ်ဦး၏ အုပ်ထိန်းသူက အနည်းဆုံးတော့ ရွှေအမြူတေအဆင့်ကို ရောက်နေသင့်သည် မဟုတ်လော။

ကျောင်းရှိ ဆရာအများစုမှာ ရွှေအမြူတေ အဆင့်တွင် ရှိကြသောကြောင့် ဂိတ်စောင့်က ရွှေအမြူတေ အဆင့် အရှိန်အဝါနှင့် ရင်းနှီးနေခဲ့သည်။

ဤလူငယ်တွင် ဝိညာဉ်စွမ်းအင် လုံးဝမရှိတာ သေချာနေ၏။

အမှတ်၆၀ အထက်တန်းကျောင်းနှင့် နာမည်ဆိုးဖြင့် ကျော်ကြားသော အရိပ်အဖွဲ့အစည်း၏ မကြာသေးမီက အဖြစ်အပျက်ကို တွေးတောကာ သူ အံ့သြ၍ မဆုံးနိုင် ဖြစ်ခဲ့ရသည်။

လွန်ခဲ့သည့် နှစ်ရက်အတွင်း သူ့အထက်မှ လူများက ဝိညာဥ်ဓား ဖလှယ်ပွဲနေ့တွင် အရိပ်လုပ်ကြံသူ အဖွဲ့အစည်း အခွင့်ကောင်းယူမည်ကို စိုးရိမ်သောကြောင့် ကြိုတင်သတိထားရန် ပြတ်ပြတ်သားသား အမိန့်ထုတ်ခဲ့သည်။

ယခုဆိုလျှင် အမှတ်၅၉ အထက်တန်းကျောင်း၏ ကျောင်းလုံခြုံရေး အဖွဲ့က ကျောင်းသို့ ဝင်ရောက်လိုသူများကို တင်းတင်းကျပ်ကျပ် စစ်ဆေးနေပြီ ဖြစ်သည်။

ကျောင်းတွင်း လုံခြုံရေး အဖြစ် ကျွမ်းကျင်အဆင့် အကြီးအကဲများနှင့် ကင်းလှည့် ဝန်ထမ်းများကို အလှည့်ကျ စီစဉ်ပေးထားသည်။

ရိုးရိုးသားသား ပြောရလျှင် အရိပ်လုပ်ကြံသူ အဖွဲ့အစည်းက အမှတ်၅၉ အထက်တန်း ကျောင်းကို အတင့်ရဲကာ စိမ့်ဝင်နိုင်စွမ်း ရှိလိမ့်မည်ဟု ဂိတ်စောင့်အဘိုးကြီးက မထင်ခဲ့ပေ။

သို့သော် ကျင့်ကြံသူ အဖြစ် ဟန်ဆောင်နေသည့် ဤလူငယ်က သူ့အာရုံကို ဆွဲဆောင်နိုင်ခဲ့သည်။

ဂိတ်စောင့် အဘိုးကြီးမှာ လွန်ခဲ့သည့် နှစ်အနည်းငယ်က ကျင့်ကြံခြင်း ရဲဌာန၏ မှုခင်း စုံစမ်းစစ်ဆေးရေး ဌာနမှ အနားယူခဲ့သူ ဖြစ်၏။

သူ၏ နှစ်ပေါင်းများစွာ အတွေ့အကြုံများကို အခြေခံ၍ သူရှေ့မှ လူငယ်ကို သံသယဖြစ်နေသည်။

ထိုလူငယ်လေးက ကျောင်းထဲကို စိမ့်ဝင်ဖို့ အရိပ်အဖွဲ့က စေလွှတ်ထားသည့် သူလျှိုတစ်ယောက် ဖြစ်နိုင်ချေ ရှိသည် မဟုတ်လော။

All Chapters