အမကြီး မင်းငါ့ကိုမယုံနိုင်ဘူးဆိုတာ ငါသိတယ်
Vol. 4 Ch. 53
အရပ်ရှည်ပြီး ချောမောလှပသော ရုပ်ဆင်းအင်္ဂါရှိသည့် မိန်းမလှ တစ်ဦး ချိုမြိန်စွာ အကူအညီ တောင်းခံလာလျှင် ယောကျာ်းသား အများစုအဖို့ ငြင်းဆိုမည် မဟုတ်သည်မှာ သေချာသည်။
သူမ စကားထဲတွင် ဟာကွက်မရှိဟု ထင်ရသော်လည်း ကျင့်ကြံခြင်း ကျောင်းသား တစ်ယောက် ဆိုလျှင် တစ်စုံတစ်ရာ မှားယွင်းနေပြီဟု သေချာပေါက် ခံစားမိမည် ဖြစ်သည်။
ပထမဆုံးအနေဖြင့် တာရှန်း ကျောက်တုံး မဟုတ်လျှင် ဝိညာဉ်ဓားက ကျောက်တုံးမှာ စိုက်ဝင်နေဖို့ ဘယ်လိုမှ မဖြစ်နိုင်ချေ။
အဘယ်ကြောင့်ဆိုသော် ဝိညာဥ်ဓားက သာမန် ကျောက်တုံးတွေကို တို့ဟူးပျော့လို ခုတ်ဖြတ်နိုင်သောကြောင့် ဖြစ်သည်။
ထို့အပြင် အခြေခံ တည်ဆောက်ခြင်း အထက်တန်းကျောင်းတွင် အားကစားရုံများကို နေ့စဥ်မဖွင့်ပေ။
အထူးသဖြင့် ပြီးခဲ့သည့် နှစ်ရက်အတွင်း အမှတ် ၅၉ အထက်တန်းကျောင်းက လုံခြုံရေးကို တင်းကြပ်သည့် အနေဖြင့် အားကစားခန်းမကို အသုံးပြုလိုသည့် မည်သူမဆို ကြိုတင်၍ လျှောက်ထားရမည်ဟု အမိန့်ထုတ်ခဲ့သည်။
အကြောင်းရင်းမှာ အားကစားရုံက လုံခြုံရေးအဖွဲ့ လက်လှမ်းမမီသည့် မျက်ကွယ်နေရာ ဖြစ်နေခြင်းကြောင့် ဖြစ်၏။
ဤအားနည်းချက်ကို အခွင့်ကောင်းယူ၍ ရာဇဝတ်မှု ကျူးလွန်ရန် ဖြစ်နိုင်ခြေ အလွန် မြင့်မားသည်။
အမှတ် ၅၉ အထက်တန်းကျောင်း၏ ကျောင်းအာဏာပိုင်များက လုံခြုံရေးကို တိုးမြှင့်ရန် တတ်နိုင်သမျှ ကြိုးပမ်းဆောင်ရွက်ခဲ့ကြသည်။
သို့သော် ပြိုင်ဘက်က နှယ်နှယ်ရရ မဟုတ်သဖြင့် သူတို့၏ အစီအစဥ်များမှာ အရာမရောက်ခဲ့ချေ။
...................
ဝမ်မင်က သူ့အတွက် နွေဦးရာသီကို ရောက်လာပြီဟု ထင်ခဲ့သည်။
ကောင်မလေးက အလှတရားဖြင့် ဆွဲဆောင်ကာ အားကစားရုံသို့ ခေါ်သွားသော်လည်း အားကစားရုံရှေ့သို့ ရောက်လျှင် ပင်မတံခါးက သော့ခတ်ထားသည်ကို တွေ့လိုက်ရသည်။
သော့တွင် ဖုန်ပါတက်နေသဖြင့် အားကစားရုံကို ပိတ်ထားသည်မှာ ကြာပြီဖြစ်ကြောင်း ဝမ်မင် တစ်ယောက် တွက်ဆမိကာ အံ့အားသင့်သွားသည်။
သူ၏ တဏှာ ငယ်ထိပ် ရောက်နေသည့်စိတ်က ထိုမြင်ကွင်းကို မြင်ပြီးနောက် အေးခဲသွားသည်။
ဟွာရှို့နိုင်ငံ၏ အစွမ်းထက်ဆုံး ဦးနှောက် အနေဖြင့် တစ်စုံတစ်ရာ မှားယွင်းနေပြီဟု ခံစားလာရ၏။
ထိုအချိန်မှာပင် ရှေ့ကနေ သူ့ကို လမ်းပြလာသည့် ကောင်မလေးက ခြေလှမ်းကို ရပ်တန့်လိုက်ပြီး ဝမ်မင်ကို လှည့်ကြည့်ကာ အေးစက်စက် ပြုံးပြလိုက်သည်။
ဝမ်မင်က သူ၏ စိတ်လှုပ်ရှားမှုကို ထိန်းချုပ်ရင်း ပြောလိုက်သည်။
"ပင်မတံခါးတွေက သော့ခတ်ထားပုံပဲ.. အတန်းဖော်ကျန်း.. မနက်ဖြန် အတန်းချိန်ထိ မင်းရဲ့ဆရာကို စောင့်လိုက်ပါလား"
ထိုစကားကို ကြားလျှင် မိန်းကလေးကျန်းက ပြုံးလိုက်သည်။
သူမ၏ အပြုံးက ထူးဆန်းနေသဖြင့် ဝမ်မင်ကို ထိတ်လန့်စေခဲ့သည်။
ဝမ်မင်က ငတုံး မဟုတ်ချေ။
သူက ဟွာရှို့နိုင်ငံ၏ အသက်အငယ်ဆုံး သိပ္ပံသုတေသန ပညာရှင် အဖြစ် အသိအမှတ်ပြု ခံထားရသူ ဖြစ်သည်။
သူ၏ ကျင့်ကြံမှု အသိပညာက ကျင့်ကြံခြင်း ဝတ္တုများတွင်သာ ကန့်သတ်ထားသော်လည်း အခြေခံအကျဆုံး အဆင့် ဖြစ်သည့် လူ့အရိပ်အကဲကိုမူ ဖတ်ရှုနိုင်ဆဲ ဖြစ်သည်။
"အတန်းဖော် ဝမ်ရှောင်အာ.. အိုး မဟုတ်သေးဘူး.. နင့်ကို ဆရာလေး ဝမ်မင်လို့ ခေါ်တာက ပိုမှန်မယ် ထင်တယ်.. နင်က ဟွာရှို့အစိုးရက အသိအမှတ်ပြုထားတဲ့ အစွမ်း အထက်ဆုံး ဦးနှောက် မဟုတ်လား"
ကောင်မလေးက ဝမ်မင်ကို ချစ်စဖွယ် မျက်စောင်းထိုးကာ ပြောလိုက်သည်။
ထိုသို့ ပြောနေသော်လည်း သူမ မျက်နှာပေါ်ရှိ အပြုံးကမူ ပြောင်းလဲမသွားခဲ့ပေ။
"ငါတို့က နင့်ရဲ့ အထောက်အထားကို ခက်ခက်ခဲခဲ ရှာခဲ့ရတာ နင်သိလား"
သူမ၏ စကားကြောင့် ဝမ်မင် အံ့အားသင့်သွားသည်။
သူ၏ အထောက်အထားက နိုင်ငံတော်၏ ထိပ်တန်း လျှို့ဝှက်ချက်ဖြစ်သည်။
အပြင်လူတွေ အတွက်မူ သူက ဝမ်ရှောင်အာ ဖြစ်၏
ယွင်တင်း ကောင်းကင်ဘုံ နန်းတော်ရှိ ရှန်းရှဲ့ရွှေကဲ၊ ထျန်းပမြို့တော်မှ ပြိုင်ဘက်ကင်း ပါရမီရှင်...
သူ့သွေးတွေ အေးခဲသွားသလို ခံစားလိုက်ရသည်။
"မင်း ဘယ်သူလဲ"
ထိုအချိန်တွင် သူ၏ ဦးနှောက်ဆဲလ်များက လျင်မြန်စွာ အလုပ်လုပ်နေပြီ ဖြစ်သည်။
ကျန်းလျှိုယင်း..
ဤနာမည်ကို တစ်နည်းနည်းဖြင့် ရင်းနှီးသလို ခံစားလာရသည်။
လျှိုယင်း.. လျှိုယင်း.. အရိပ်လုပ်ကြံသူ အဖွဲ့က လျှိုယင်းလား..
ဝမ်မင်၏ တစ်ကိုယ်လုံးက ချက်ချင်းပင် အေးခဲသွားသည်။
ဤခပ်မိုက်မိုက် မိန်းမလှလေးက အရိပ်အဖွဲ့ဝင် ဖြစ်နေခဲ့ပါသလော။
"ငါတို့ရဲ့ အစွမ်းထက်ဆုံး ဦးနှောက်က တစ်ခုခု ဖြစ်သွားပုံပဲ"
ကောင်မလေးက ပြုံးလိုက်ပြီး သူမ၏ အင်္ကျီလက်တွင် တပ်ဆင်ထားသည့် ရွှေရောင်ဖဲပြားကို ဝမ်မင် မြင်သာအောင် ပြသလိုက်သည်။
အရိပ်အဖွဲ့အစည်းမှ ရွှေရောင်ဖဲပြား အဆင့် လုပ်ကြံသူ..
ထိုအဆင့်က လုပ်ကြံသူများထဲတွင် ကျွမ်းကျင်အဆင့် ဖြစ်ရုံသာမက ကျွမ်းကျင်သူများကြားတွင်ပါ အကျွမ်းကျင်ဆုံးသူ ဟု ဆိုနိုင်သည်။
ရွှေရောင်ဖဲပြားက ကျွမ်းကျင် လုပ်ကြံသူ အဖြစ် ဖော်ပြခြင်းအပြင် အရိပ်လုပ်ကြံသူ အဖွဲ့အစည်း၏ စီနီယာ အမှုဆောင် ရာထူး၏ သင်္ကေတ တစ်ခုလည်း ဖြစ်သည်။
ဝမ်မင်က သူဖတ်ဖူးသည့် သုတေသနဌာနမှ စစ်တမ်းထုတ်ထားသော အချက်အလက်များကို သတိရလာသည်။
လက်ရှိ နိုင်ငံတကာ လူသတ်သမားများ စာရင်းတွင် ထိပ်တန်းလူသတ်သမား ငါးဦးအနက် အရိပ်လုပ်ကြံသူ အဖွဲ့အစည်း၏ လုပ်ကြံ သတ်ဖြတ်သူများသည် ဒုတိယနေရာကနေ ပဉ္စမနေရာထိ နေရာယူထားကြသည်။
ပထမအဆင့်တွင် ရပ်တည်နေသော ကမ္ဘာ့နံပါတ်တစ် လူသတ်သမားဖြစ်သည့် "လူသတ်ဆရာ"ဟူသော အမည်ဝှက်နှင့် ပတ်သက်၍မူ နိုင်ငံတကာ ထောက်လှမ်းရေး အေဂျင်စီများက ယနေ့အချိန်ထိ တိကျသော အချက်အလက်များကို ခြေရာခံနိုင်ခြင်း မရှိသေးပေ။
သို့သော် ယခုအချိန်တွင် ဤအရာအားလုံးက အရေးမကြီးတော့ချေ။
အရေးကြီးဆုံး အချက်မှာ အရိပ်အဖွဲ့က သူတို့၏ ကလဲ့စားကို မမျှော်လင့်ဘဲ ပြန်လည် စတင် လုပ်ဆောင်လာခဲ့ခြင်းပင်။
ကျောင်းနှစ်ကျောင်း၏ ဝိညာဥ်ဓားဖလှယ်ပွဲက မကြာမီကျင်းပတော့မည် ဖြစ်သည်။
ပြောစရာ မလိုလောက်အောင်ပင် ဤလူတစ်စုက မနက်ဖြန် ကျင်းပမည့်ပွဲ၌ တစ်စုံတစ်ရာ ရိုက်ခတ်အောင် လှိုင်းလုံးများ ဖန်တီးနိုင်သည်ဟု ဝမ်မင် တစ်ယောက် ခံစားမိသည်။
ဝမ်မင်က သူ့အတွေးကို လျင်မြန်စွာ လက်စသတ်လိုက်ပြီး ကောင်မလေးကို ကြည့်ကာ စကားစလိုက်သည်။
"မင်းရဲ့ တကယ့်ပန်းတိုင်က ငါမဟုတ်ဘူး မဟုတ်လား"
မိန်းမလှလေး၏ တုံ့ပြန်မှု ကင်းမဲ့နေသည်ကို မြင်လျှင် ဝမ်မင်က ထပ်မံ ပြောဆိုလိုက်သည်။
"မင်းရဲ့ ပန်းတိုင်က လက်စားချေဖို့ပဲ.. ငါထင်တာ မှန်တယ် မဟုတ်လား.. ဟွာရှို့နိုင်ငံမှာ အင်အားအကြီးဆုံး ဦးနှောက် ဖြစ်တဲ့ ငါ့ကို ပြန်ပေးဆွဲဖို့ ကြိုးစားနေတာက မနက်ဖြန်ကျင်းပမဲ့ ဝိညာဥ်ဓား ဖလှယ်ပွဲကို ပြဿနာရှာဖို့ မဟုတ်လား"
ထိုစကားကို ကြားလျှင် ကျန်းလျှိုယွင် ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။
"ဟင်းဟင်း.. နင်ပြောတာမှန်တယ်"
"ဒါပေမယ့် ငါဘယ်သူလဲဆိုတာ မင်းသိခဲ့ရင်တောင် ငါ့ရဲ့အထောက်အထားကို တခြားသူတွေ မသိနိုင်သေးဘူးလို့ မင်းမစဉ်းစားမိဘူးလား.. သူတို့အမြင်မှာတော့ မင်းက ဘာမှတန်ဖိုးမရှိတဲ့ သာမန်လူတစ်ယောက်ကို ပြန်ပေးဆွဲခဲ့တာပဲ"
သူ့လို အဖိုးတန် ဓားစာခံကို ကျန်းလျှိုယွင်က ထိခိုက်အောင် လုပ်မည် မဟုတ်မှန်း ရိပ်စားမိ၍ ဝမ်မင်က အတော်လေး စိတ်တည်ငြိမ်သွားသည်။
"ဒါဆိုလည်း နင့်ရဲ့ အထောက်အထား အစစ်အမှန်ကို ငါတို့ ဖော်ထုတ်လိုက်ရုံပေါ့"
ဤအဖြေက ဝမ်မင်ကို အံ့အားသင့်စေခဲ့သည်။
"ဒါက မင်းကို ဘယ်လို အကျိုးရှိစေလို့လဲ"
"နင့် အတွက် အဆင်မပြေသရွေ့တော့ ငါတို့ အရိပ်အဖွဲ့အစည်း အတွက် အားသာချက် တစ်ခုပါပဲ.. အခုချိန် ပြန်တွေးကြည့်ရင်တောင် ဖဲပြားနီ လုပ်ကြံသတ်ဖြတ်သူတွေ အားလုံး ဒီလို သာမန်ကျောင်းလေးမှာ သေသွားတာကို ငါ တွေးလို့ မရနိုင်သေးဘူး.. ငါတို့ စုံစမ်းရသလောက်တော့ ကျောင်းနှစ်ကျောင်းရဲ့ ခေါင်းဆောင်တွေက မနက်ဖြန်မှာ ကျင်းပမဲ့ ဝိညာဥ်ဓား ဖလှယ်ပွဲကို တက်ရောက်ကြမယ်.. ဒီထက် ပိုရှင်းအောင်ပြောရရင် အဲဒီပွဲကို အကြီးအကဲတွေ အားလုံး တက်ရောက်လာကြလိမ့်မယ်"
"သောက်ကျိုးနည်း.. မင်းက သူတို့အားလုံးကို တစ်ခါထဲသတ်ဖို့ စီစဉ်နေတာလား"
ဝမ်မင် အံ့အားသင့်သွားသည်။
"ဘာတွေ အံ့သြစရာရှိလို့လဲ.. ဘာလို့မဖြစ်နိုင်ရမှာလဲ.. ဒါက သာမန် အထက်တန်းကျောင်းလေး နှစ်ခုပဲလေ"
"ငါတို့ တွက်ချက်ထားမှု အရ မနက်ဖြန်ပွဲမှာ ရွှေအမြူတေ အထွတ်အထိပ် အဆင့် ကျင့်ကြံသူ ရှိနေမှာ မဟုတ်ဘူး.. ဟင်း ဟင်း.. ငါ့ရဲ့စွမ်းအားနဲ့ ဆိုရင် အဲဒီနေရာမှာ ရှိတဲ့သူတွေကို လက်တစ်ဖက်တည်းနဲ့တောင် သတ်ပစ်နိုင်တယ်"
ဝမ်မင် "..............."
စကားပြောရင်း ကောင်မလေးက သူမ၏ အစွယ်များကို တဖြည်းဖြည်း ထုတ်ပြလာသည်။
ဝမ်မင်အနေဖြင့် သူမက ဝိညာဥ်ဓား ဖလှယ်ပွဲအား ဖျက်ဆီးမည်ကို လုံးဝ စိတ်မပူပေ။
နောက်ဆုံးအကြိမ်က အရိပ်အဖွဲ့ စေလွှတ်လိုက်သည့် အနီရောင်ဖဲပြား အဆင့် လုပ်ကြံသူများ၏ ရလဒ်များ အပေါ် အခြေခံ၍ အရိပ်လုပ်ကြံသူ အဖွဲ့အစည်း၏ စီမံခန့်ခွဲမှု ညံ့ဖျင်းပုံက သိသာ ထင်ရှားနေသည်။
"အရိပ်လုပ်ကြံသူ အဖွဲ့အစည်းက သူတို့ရထားတဲ့ သင်ခန်းစာကို လုံးဝ မလေ့လာဘူးပဲ"
တစ်နည်းဆိုရလျှင် အရိပ်အဖွဲ့က မည်သို့သော ရန်သူမျိုးနှင့် ရင်ဆိုင်နေရသည်ကို လုံးလုံး မသိခဲ့ကြပေ။
ဝမ်မင် ဆိုလိုသည့်သူမှာ ဝမ်လင်း ဖြစ်သည်။
ဤရက်ပိုင်းအတွင်း ဝမ်လင်း၏ အရှိန်အဝါကိုသာ အချိန်မီ မထိန်းချုပ်နိုင်ခဲ့လျှင် ဝမ်မင်ပင် ကြောက်ရမည့် တည်ရှိမှု တစ်ခု ဖြစ်လာနိုင်သည် မဟုတ်လော။
"မိန်းကလေးကျန်း.. မင်းရဲ့ အကြံအစည်ကို ချက်ချင်းစွန့်လွှတ်ပြီး အိမ်စောစော ပြန်လိုက်ပါ.. မင်းအမေက မင်းကို ညစာစားဖို့ စောင့်နေလောက်ပြီ.."
ဝမ်မင်က သူမကို စိတ်အားထက်သန်စွာဖြင့် အကြံပေးလိုက်သည်။
ဤကမ္ဘာကြီးတွင် သူ့ထက်ပင် ပိုရူးသွပ်သူ တစ်ဦး ရှိနေပါသလော။
ချစ်စရာကောင်းသည့် မိန်းမလှလေးက အဘယ်ကြောင့် သူ့ကိုယ်သူ သတ်သေချင်နေတာလည်း ဆိုသည်ကို သူတကယ် နားမလည်နိုင်ခဲ့ပေ။
"နင်ပြောတဲ့အတိုင်း လုပ်စရာလား"
ကောင်မလေးက သူမ၏ ဆုံးဖြတ်ချက်ကို တုံ့ဆိုင်းမှုမရှိဘဲ လုပ်ဆောင်ရန် သံဓိဌာန် ချထားသည်မှာ ထင်ရှားနေသည်။
"ဒီလက်စားချေ စစ်ဆင်ရေး အတွက် ငါတို့တွေ ပြင်ဆင်နေခဲ့တာ အတော်ကြာခဲ့ပြီ"
စကားပြောနေရင်း ကောင်မလေးက သူမ၏ လက်ကို ဝှေ့ယမ်းလိုက်ရာ ဝိညာဥ်အလင်းရောင်နှင့် အတူ လက်ဖဝါးပေါ်တွင် ဆဋ္ဌဂံ ပုံသဏ္ဍာန် တစ်ခုက ရုတ်ခြည်း ပေါ်လာသည်။
"နင် ဒါဘာလည်း သိတယ် မဟုတ်လား"
"လက်စသတ်တော့ ငါတို့ သုတေသနဌာနကနေ ငရဲကျောက်တုံးကို ခိုးသွားတဲ့သူက မင်းတို့တွေ ဖြစ်နေတာကိုး"
ဝမ်မင်က ငရဲကျောက်တုံးကို မျက်လုံးပြူးကာ စိုက်ကြည့်နေမိသည်။
ဤအရာဝတ္ထုကို သူတကယ်ပင် ရင်းနှီးသည်။
၎င်းမှာ တီထွင်နေဆဲ မှော်ပစ္စည်းတစ်ခု ဖြစ်၏။
ယင်း မှော်ပစ္စည်း၏ အခြေခံကို ခေတ်မီ စကြဝဠာ နည်းပညာဖြင့် ပေါင်းစပ်ထားသည်။
ထိုအရာတွင် ရှေးခေတ် အစီအရင် နှင့် အနက်ရောင် နည်းပညာကို ပေါင်းစပ် ထည့်သွင်းထားသော်လည်း စမ်းသပ်ဆဲ အဆင့်တွင်သာ ရှိနေသေးသည်။
ဤမှော်ပစ္စည်း၏ စွမ်းအားက တစ်စုံတစ်ဦးကို မီတာနှစ်ရာအကွာအဝေး အထိ အကြိမ်ပေါင်းများစွာ တည်နေရာရွှေ့ပြောင်းစေ ရုံသာ မကဘဲ ဝိညာဉ်ရေး အာရုံဖြင့်ပါ ရှာမတွေ့နိုင်အောင် အတိုင်းအတာ တစ်ခုအထိ အရှိန်အဝါကို ဖုံးကွယ်ပေးထားနိုင်သည်။
ခေတ်မီ အနက်ရောင် နည်းပညာဖြင့် ပေါင်းစပ်ထားသည့် ငရဲကျောက်တုံးမှာ မကြာသေးမီက ခိုးယူခံခဲ့ရသည်။
ထိုဖြစ်ရပ်ကို ဟွာရှို့နိုင်ငံ၏ အထူး စုံစမ်းရေးအဖွဲ့က အရေးပေါ် စုံစမ်း စစ်ဆေးနေခဲ့သည်။
သူတို့ သုတေသနဌာနကနေ ပျောက်ဆုံးသွားသည့် ငရဲကျောက်တုံးက အရိပ်လုပ်ကြံသူ အဖွဲ့အစည်း၏ လက်ထဲကို ရောက်နေလိမ့်မည်ဟု ဝမ်မင် ဘယ်တုန်းကမှ မမျှော်လင့်ထားခဲ့ပေ။
မျက်တောင်တစ်ချက် မခတ်ဘဲ လူသတ်လေ့ရှိသည့် ဤလူသတ်အဖွဲ့သာ ငရဲကျောက်တုံး၏ စွမ်းအားကို အသုံးပြုနိုင်ခဲ့လျှင်....
ဤအရာကို စိတ်ကူးဖြင့်ပင် သူ လုံးဝ မတွေးရဲချေ။
ကောင်မလေးက ဝမ်မင်၏ ပခုံးပေါ် သူမ လက်တစ်ဖက်ကို တင်လိုက်ပြီး ကျန်တစ်ဖက်ကမူ ငရဲကျောက်တုံးကို ကျင်လည်စွာ ကိုင်တွယ်လိုက်သည်။
ရုတ်တရက် ဝမ်မင်က ခဏတာ စဥ်းစားမရသလို ဖြစ်သွားသည်။
သူ သတိပြန်ဝင်လာသောအခါ အားကစားရုံထဲ ရောက်နေသည်ကို တွေ့လိုက်ရသည်။
"ဟင်းဟင်း.. မနက်ဖြန် ကျင်းပမဲ့ ဝိညာဥ်ဓား ဖလှယ်ပွဲ မတိုင်ခင် တစ်ညလောက် ဒီမှာနေဖို့ ငါတို့ရဲ့ အစွမ်းထက်ဆုံး ဦးနှောက်ကြီးကို ဒုက္ခပေးရတော့မှာပဲ"
"တစ်ခု မေးလို့ရမလား.. ဘယ်အချိန်ရှိပြီလဲ"
"ခြောက်နာရီထိုးခါနီးပြီ"
"ချီးပဲ.. ခြောက်နာရီတောင် ထိုးခါနီးပြီလား"
ဝမ်မင်၏ မျက်လုံးများက ထိတ်လန့်ကာ ပြူးကျယ်သွားသည်။
သူက အသစ် ဖန်တီးထားသည့် တာအိုအဆောင်ကို ဝမ်လင်းထံ ယခုအချိန်ထိ မပို့ရသေးပေ။
ဝမ်လင်း၏ တာအိုအဆောင်က စွမ်းအားကုန်ဆုံးရန် အချိန် သိပ်မကျန်တော့ဟု ဝမ်မင် တွက်ဆမိလိုက်သည်။
"ဘာလို့ မင်းအမေနဲ့ ညစာ ပြန်မစားသေးတာလဲကွာ"
ဝမ်မင်၏ ထိတ်လန့် တုန်လှုပ်နေသော မျက်နှာကို မြင်လိုက်ရလျှင် ကျန်းလျှိုယွင် တစ်ယောက် ချိုမြိန်စွာ မပြုံးနိုင်တော့ပေ။
ဝမ်မင်က ခဏလောက် စဉ်းစားပြီးနောက် ကျန်းလျှိုယင်းကို ပြောလိုက်သည်။
"အမကြီး.. မင်းငါ့ကို မယုံနိုင်ဘူးဆိုတာ ငါသိတယ်.. ဒါပေမဲ့ မင်းငါ့ကို ခွင့်မပြုရင် ကမ္ဘာကြီး ပျက်စီးရလိမ့်မယ်”