အင်မော်တယ်ကြောင်
Vol. 4 Ch. 55
ကျောင်းမှာ ပြဿနာကြုံသော အခါမျိုးတွင် ဝမ်လင်း၏ ပထမဆုံး အတွေးမှာ တခြား ကျောင်းသားများ ဒါမှမဟုတ် ဆရာများ ဆီကနေ အကူအညီ တောင်းဖို့ မဟုတ်ပေ။
တစ်စိတ်တစ်ပိုင်းအားဖြင့် ဝန်ခံရလျှင် အေးစက်စက် နေတတ်သူ အဖြစ်မှ ဖော်ရွေသောသူ အဖြစ်သို့ ပြောင်းလဲသွားမည်ကို သူ မလိုလားချေ။
တခြားလူတွေကို သူ့အတွက် တစ်ခုခု လုပ်ပေးရန် အကူအညီတောင်းသည့် အလေ့အထ သူ့တွင်မရှိပေ။
သူက တစ်ယောက်တည်း နေလေ့ရှိပြီး ပြဿနာ ကြုံလာလျှင်လည်း သိုသိုသိပ်သိပ်သာ ဖြေရှင်းတတ်သူ ဖြစ်သည်။
သူ့အတွက် အခြားကျောင်းသားများ သို့မဟုတ် ဆရာများထံမှ အကူအညီ ရယူရန် သူတစ်ခါမှ မစဉ်းစားခဲ့ဖူးပေ။
ထို့ကြောင့် ဤကဲ့သို့သော အရေးပေါ် အခြေအနေမျိုးတွင် အသုံးချရန် အထူး အသိုက်အဝန်း တစ်မျိုးကို စုဆောင်း ပြင်ဆင်ထားခဲ့သည်။
၎င်းတို့မှာ ပန်းများကြားတွင် ဟစ်ကြွေးနေသော ပျားလေးများ.. နေရာမှန်သမျှကို ဝင်ရောက်နိုင်သော ပုရွက်ဆိတ်လေးများ သို့မဟုတ် ကျောင်းမြေပြင်တွင် ကျင်လည်ကျက်စားသော လေလွင့်ကြောင်လေးများ.....
မည်သို့ပင်ဆိုစေကာမူ ဝမ်လင်း စုရုံး ပြင်ဆင်ထားသော အင်အား အလုံးအရင်း များသည် လူသားများ မဟုတ်ပေ။
တကယ်တမ်းတွင် ပျားဖြစ်စေ ပုရွက်ဆိတ် ဖြစ်စေ အကန့်အသတ်တွေ ရှိကြသည်။
၎င်းတို့က အရေအတွက် များသော်လည်း ဉာဏ်ရည်ဉာဏ်သွေး နိမ့်ပါးမှုကြောင့် ဝမ်လင်းအနေဖြင့် ၎င်းတို့ကို ထိန်းချုပ်ရန် ခက်ခဲခဲ့သည်။
ယင်းမှာ နွားတစ်ကောင်ကို သာယာနာပျော်ဖွယ်ရှိသည့် ဇိသာသံစဥ် တီးပြလျှင် အသုံးမဝင် သကဲ့သို့ပင်။
ထို့ကြောင့် ယနေ့ခေတ် ကျောင်းများတွင် နေထိုင်ကြသော လေလွင့်ကြောင်များမှာ သူစုဆောင်းထားသမျှ အင်အားစုများ၏ တစ်စိတ်တစ်ပိုင်းအဖြစ် ယူဆရမည် ဖြစ်သည်။
….................
လေလွင့်ကြောင် အားလုံးအတွက် ယေဘုယျ နေထိုင်ခြင်း ဖြစ်သည့် အစာစားခြင်း၊ အိပ်စက်ခြင်း၊ နေပူစာလှုံခြင်း တို့အပြင် ၎င်းတို့ လုပ်ဆောင်ရမည့် အရေးကြီးဆုံး အချက်မှာ ၎င်းတို့နှင့် သင့်လျော်သည့် အဖွဲ့အစည်းတစ်ခုကို ရှာဖွေပြီး ခေါင်းဆောင်များ၏ စောင့်ရှောက်မှု အောက်တွင် ကျန်းမာစွာ ကြီးပြင်းလာခြင်း ဖြစ်သည်။
လေလွင့်ကြောင်လေးများက ကလေကချေ ဘဝကို ကြုံတွေ့ရပြီးနောက် ၎င်းတို့ကို မွေးမြူရန် မည်သူမှ ဆန္ဒမရှိကြသည့် ကြေကွဲဖွယ် ဖြစ်ရပ်ကို နောက်ဆုံးတွင် သိရှိ လာကြသည်။
ထို့ကြောင့် လေလွင့်ကြောင်လေးများက ၎င်းတို့၏ သိမ်ငယ်စိတ်ကို စွန့်လွှတ်ကာ အုပ်စုတစ်ခုခု၏ စောင့်ရှောက်မှုအောက်တွင် ခိုလှုံလေ့ ရှိကြသည်။
လေလွင့်ကြောင်လေး အားလုံးနီးပါးမှာ ထိုအတိုင်းပင်။
ယနေ့အချိန်အခါတွင်မူ လေလွင့်ကြောင် တစ်ကောင်က မည်သည့် အဖွဲ့ဝင်မှ မဟုတ်လျှင် ဆားနယ်ခြောက် တစ်ဖဲ့ကိုပင် မရရှိနိုင်တော့ပေ။
ယင်းမှာ ကြောင်မှု အဖွဲ့အစည်း၏ ရက်စက် ကြမ်းကြုတ်သော အမှန်တရား ဖြစ်သည်။
လေလွင့်ကြောင်များက ရမ်းကားပုံ ပေါက်နေသော်လည်း အမှန်တကယ်တွင် အထက်မှ ချမှတ်ထားသည့် တင်းကျပ်သော စည်းမျဥ်းများကို လိုက်နာကြသည်။
၎င်းတို့က သတ်မှတ်ချိန် တစ်ခုတွင်သာ အပြင်ထွက်ကြပြီး သတ်မှတ်ထားသော အချိန်၌ လျှို့ဝှက်စခန်းသို့ ပြန်လာကြလေ့ ရှိ၏။
ထို့ကြောင့် အမှောင်ထဲတွင် ပုန်းအောင်းနေသော မည်သည့် မကောင်းဆိုးဝါးများမှ သူတို့ကို ထိခိုက် နစ်နာစေမည့် အခွင့်အရေး မရရှိခဲ့ပေ။
အချုပ်အားဖြင့် ဆိုရလျှင် ပိုင်ရှင်၏ အကာအကွယ် မရရှိသော ဤ လေလွင့်ကြောင် အုပ်စုမှာ အမှန်တကယ်ပင် စည်းလုံး ညီညွတ်ကြသည်။
ဥပမာအားဖြင့် ဖေးယန် ခရိုင်ရှိ လေလွင့်ကြောင်များတွင် အုပ်စု အမျိုးမျိုး ရှိကြသည်။
၎င်းတို့ကြားတွင် ပြိုင်ဆိုင်မှုအပြင် ပူးပေါင်း ဆောင်ရွက်မှုများလည်း ရှိသည်။
ကြောင်လောကမှာ တကယ်တမ်းတွင် လူအများ ထင်ထားသလောက် မရိုးရှင်းပေ။
ကြောင်များတွင်လည်း လူသားများကဲ့သို့ အဖျက်အမှောင့် ဖန်တီးခြင်း၊ တိုက်ပွဲဝင်ခြင်းနှင့် နယ်မြေလုခြင်း ပြဿနာများ ရှိကြသည်။
သို့ရာတွင် ပုံသဏ္ဍာန် အရွယ်အစား အမျိုးမျိုးရှိသည့် မရေမတွက်နိုင်သော လေလွင့်ကြောင်များက တစ်ခုတည်းသော တည်ရှိမှု အပေါ်တွင် တူညီသော ယုံကြည်ချက်များ ရှိကြသည်။
အင်မော်တယ်ကြောင်...
အင်မော်တယ်ကြောင် နှင့်ပတ်သက်သော ဒဏ္ဍာရီများစွာ ရှိခဲ့သည်။
ထိုဒဏ္ဍာရီများမှာ အနည်းငယ် ချဲ့ကားပြောနေသည်ဟု ထင်ရသော်လည်း အမှန်တကယ် ဖြစ်ကြောင်း သက်သေခံနိုင်သည့်စီနီယာ လေလွင့်ကြောင်များမှာ ယခုအချိန်ထိ ရှိနေသေးသည်။
ပထမဆုံး ဒဏ္ဍာရီ... အင်မော်တယ်ကြောင်၏ မူလအစ...
အင်မော်တယ်ကြောင် ဘယ်အချိန်က စပေါ်လာသည်ကို ကြောင် တော်တော်များများ မမှတ်မိပေ။
ရုတ်တရက် ကြုံရာကျပန်း ပေါ်လာတတ်သည်ကိုသာ သူတို့သိသည်။
အင်မော်တယ်ကြောင်က မြူခိုးများ ဝိုင်းရံကာ ရုတ်တရက် ပေါ်လာတတ်သည်။
မြူခိုးများ ဝန်းရံနေသည့် အင်မော်တယ် ဟန်ပန်က ကြောင်များကို စွဲမှတ်သွားစေသည်။
အင်မော်တယ်ကြောင် ဟူသည့် ဘွဲ့ထူးသည် ထိုကဲ့သို့ဖြစ်လာခြင်းပင်။
…...................
ဒုတိယဒဏ္ဍာရီ.. အင်မော်တယ်ကြောင်၏ စွမ်းဆောင်ရည်...
ယင်းမှာ ၎င်းပတ်ပတ်လည်တွင် ဝန်းရံနေသည့် ဆန်းကြယ်သော မြူခိုးပုံရိပ်ကြောင့် မဟုတ်ဘဲ မွေးရာပါ ဂုဏ်သရေရှိ ပညာရှိ ဟန်ပန်နှင့် ပိုသက်ဆိုင်သည်။
ထို့အပြင် ကြောင်တိုင်းနီးပါးက ၎င်း၏ အသွင်အပြင်နှင့် အတူ ၎င်း၏ အံ့မခန်းဖြစ်ရပ်များကို အမြဲ အမှတ်ရနေကြသည်။
ပထမဦးစွာ ၎င်းက ဖေးယန်ခရိုင် အောက်ရှိ ကီလိုမီတာ ငါးထောင် ကျယ်ဝန်းသော ရေဆိုးမြောင်းကို သိမ်းပိုက်ထားသည့် ကြွက်များကို လက်တစ်ဖက်တည်းဖြင့် သုတ်သင် ရှင်းလင်းခဲ့ပြီး ခိုကိုးရာမဲ့နေသော ကြောင်များစွာ အတွက် နေထိုင်စရာနေရာ လုံလောက်အောင် ဖန်တီးပေးနိုင်ခဲ့သည်။
ကြွက်များက ကြောင်များထက် ဆယ်ဆ မျိုးပွားနှုန်း မြန်၍ အချိန်ကြာလာသည်နှင့်အမျှ ကြွက် အရေအတွက်မှာ ကြောင် အရေအတွက်ထက် ပိုများလာခဲ့သည်။
အကယ်၍ အင်မော်တယ်ကြောင် ကြောင့်သာ မဟုတ်လျှင် ကြောင်များက ရေဆိုးမြောင်းများတွင် အခြေစိုက် စခန်းချရန် နေနေသာသာ.. နေထိုင်စရာ နေရာပင် အလုံအလောက် ရှိမည်မဟုတ်ပေ။
အင်မော်တယ်ကြောင်၏ စွမ်းဆောင်မှုက ကြောင်များကို ကြီးမားစွာ အကျိုးပြုခဲ့သည်မှာ အမှန်တရားပင်။
ထိုအချိန်က ဖေးယန်ခရိုင်ရှိ ကြွက်များမှာ တကွဲတပြားစီ ခြေကုန်သုတ်၍ ထွက်ပြေးခဲ့ရ၏။
အချို့မှာ အင်မော်တယ်ကြောင်၏ ဝိညာဉ်ရေး ဖိအား အောက်တွင်ပင် အသက် ထွက်သွားကြသည်။
ထိုကြွက်များကို လေလွင့်ကြောင်များက အစာအဖြစ် ကောက်ယူခဲ့ကြ၏။
ဒုတိယ စွမ်းဆောင်မှု အနေဖြင့် အင်မော်တယ်ကြောင်က လေလွင့်ကြောင်များကို စီမံခန့်ခွဲသည့် ပညာရပ်များ သင်ကြားပေးခဲ့သည်။
ယခုအချိန်တွင် လေလွင့်ကြောင်များမှာ ၎င်းတို့ကို ကျွေးမွေးထောက်ပံ့မည့် သခင် မရှိလျှင်ပင် အိမ်ရှိသွားကြပြီ ဖြစ်သည်။
မြောင်းထဲတွင် တည်ထောင်ထားသည့် အခြေစိုက်စခန်းမှာ ယခုအခါတွင် ၎င်းတို့၏ အိမ် ဖြစ်လာသည်။
၎င်းတို့ တစ်ဦးစီတိုင်းက အင်မော်တယ်ကြောင်၏ အကျိုးကျေးဇူးကြောင့် အိမ်မွေးကြောင်များ၏ ကဲ့ရဲ့ရှုပ်ချခြင်းကို လုံးဝ လျစ်လျူရှုနိုင်ခဲ့သည်။
တတိယမြောက် စွမ်းဆောင်ရည်မှာ လေလွင့်ကြောင်များကိုခြိမ်းခြောက် အနိုင်ကျင့်လေ့ ရှိသည့် လေလွင့်ခွေးများကို မောင်းထုတ်ပေးခဲ့ခြင်း ဖြစ်သည်။
ထိုအချိန်က ဟက်စကီး ဦးဆောင်သော ခွေးလေခွေးလွင့် များသည် အင်မော်တယ်ကြောင်၏ စွမ်းအားကြောင့် ရူးမတတ် ထိတ်လန့်ကာ ထွက်ပြေးသွားခဲ့ရ၏။
...................
တတိယဒဏ္ဍာရီ... အင်မော်တယ်ကြောင်၏ စွန့်ခွာခြင်း
ဤအချက်သုံးချက်ကို လုပ်ဆောင်ပြီးနောက် အင်မော်တယ်ကြောင်က ဖေးယန် ခရိုင်ရှိ ကြောင်များ၏ မြင်ကွင်းမှ တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။
လေလွင့်ကြောင်များက အင်မော်တယ်ကြောင်ကို ရှာဖွေရန် မျိုးစုံ ကြိုးပမ်းခဲ့ကြသည်။
အချို့ဆိုလျှင် သစ်ပင်ပေါ်သို့ တက်ကာ ၂၄နာရီ ရက်သတ္တပတ်လုံး သစ်ပင်ပေါ်ကနေ အင်မော်တယ်ကြောင် ထွက်လာမည့် အချိန်ကို စောင့်ကြည့်ခဲ့ကြ၏။
ကံမကောင်းစွာပင် သူတို့၏ ကြိုးစားအားထုတ်မှု အားလုံးက အချည်းနှီးသာ ဖြစ်ခဲ့ရသည်။
အဘွားအိုကို တခဏတာ လမ်းဖြတ်ကူးပေးသည့် ကျေးဇူးရှင်ကဲ့သို့ သဲလွန်စမရှိဘဲ ပျောက်ကွယ်သွားပြီး ဘယ်သောအခါမှ ပေါ်မလာတော့ပေ။
သို့သော်လည်း အင်မော်တယ်ကြောင်မှာ ဖေးယန် ခရိုင်ရှိ လေလွင့်ကြောင်များ အားလုံး၏ နှလုံးသားထဲတွင် ခိုင်ခိုင်မာမာ ရှိနေဆဲ ဖြစ်သည်။
ဤယုံကြည်ချက်က အခြား ခရိုင်များ ဘက်သို့ပင် ပျံ့နှံ့သွားခဲ့သည်။
ထို့ကြောင့် အခြားခရိုင်များရှိ လေလွင့်ကြာင်များ ကျင့်သုံးသည့် စီမံခန့်ခွဲမှုနှင့် ယဥ်ကျေးမှုများသည် ဖေးယန်ခရိုင်ရှိ ကြောင်များနှင့် နက်ရှိုင်းစွာ သက်ရောက်မှု ရှိသည်ဟု ဆိုနိုင်သည်။
.....................
စတုတ္ထ ဒဏ္ဍာရီ... အင်မော်တယ်ကြောင်၏ အသွင်အပြင်...
လေလွင့်ကြောင် လောကတွင် အင်မော်တယ်ကြောင်၏ ပုံသဏ္ဍာန်နှင့် ပတ်သက်၍ ထင်မြင်ချက် အမျိုးမျိုး ရှိခဲ့သည်။
၎င်းက လူသားကဲ့သို့ အရပ် တစ်ရာ့ရှစ်ဆယ် စင်တီမီတာ ရှည်ပြီး ကြောက်မက်ဖွယ် ကောင်းသော အစွမ်းထက် ကြွက်သားများ ရှိသည့် သန္ဓေပြောင်း ကြောင်တစ်ကောင်ဟုလည်း ဆိုကြသည်။
ထွားကြိုင်းသော အပြာရောင် ကိုယ်ထည်နှင့် အနီရောင် နှာတံ ရှိသည့် အနာဂတ်ကမ္ဘာမှ ဂြိုလ်သား စက်ရုပ်ကြောင် ဟုလည်း ဆိုကြသလို အင်မော်တယ်ကြောင်ကို ဝန်းရံနေသည့် မြူခိုးများမှာ ၎င်းထံတွင် တပ်ဆင်ထားသည့် ရေနွေးငွေ့ အင်ဂျင်ဖြင့် ထုတ်လုပ်နိုင်ဖွယ် ရှိသည်ဟုလည်း ဆိုကြသည်။
ထုံးစံအတိုင်း ၎င်း၏ အသွင်အပြင်နှင့် ပတ်သက်သည့် ဤခန့်မှန်းချက်များမှာ ယုံနိုင်စရာ မရှိပေ။
အင်မော်တယ်ကြောင်၏ ပုံသဏ္ဍာန်အမှန်ကို စီနီယာ လေလွင့်ကြောင်များကသာ သိရှိထားကြသည်။
ကြောင်အိုကြီး တစ်ကောင်ကမူ မြူခိုးအငွေ့များ ကြားမှ အင်မော်တယ်ကြောင်၏ ပုံသဏ္ဍာန်ကို တစ်ကြိမ် မြင်တွေ့ဖူးသည်။
သူမြင်ခဲ့ရသည့် အင်မော်တယ်ကြောင်၏ အသွင်အပြင်မှာ အဖြူအမည်း ပါရှန်းကြောင် ဖြစ်၏။