ကျန့်ထန်၏ လွတ်လပ်သော တပ်ရင်း
Vol. 4 Ch. 57
ဝမ်လင်းက သစ်ပင်ထိပ်သို့ အားစိုက်ထုတ်၍ ခုန်တက်ကာ သစ်ခေါင်းပေါက်ကို အချိန်အတော်ကြာအောင် စိုက်ကြည့်လိုက်သည်။
သစ်ခေါင်းတွင်းရှိ အဆုံးမရှိသော နေရာလွတ်ကို သူခံစားမိပြီး နယ်မြေ ချဲ့ထွင်မှု နည်းပညာကို အသုံးပြုထားကြောင်း ချက်ချင်း သိရှိခဲ့၏။
ယင်းမှာ ကြောင်သူဌေး ကျန့်ထန်၏ ဉာဏ်ရည် ထက်မြက်ပုံကို သက်သေပြနေသည်။
ကျန့်ထန်မှလွဲပြီး ဤနေရာ၌ နယ်မြေချဲ့ထွင်ရန် မည်သူမှ တွေးမိမည် မဟုတ်ပေ။
ယင်းအချိန်တွင် ကျန့်ထန်က ဤနေရာကို ဖန်တီးရန် များစွာအားထုတ်ခဲ့ရကြောင်း ကြောင်ကြီးက ဝမ်လင်းကို ဂုဏ်ယူစွာ ပြောပြခဲ့သည်။
ဝမ်လင်းက ကျန့်ထန်နှင့် မတွေ့ရသေးခင် နှစ်ပေါင်းသုံးရာ သက်တမ်းရှိသော မိုးမခပင်အိုကြီးကို အရင်ဆုံး တွေ့ခဲ့ရသည်။
ကြောင်ကြီး၏ အဆိုအရ ကောင်းကင်နှင့် မြေကြီး၏ ဝိညာဉ်စွမ်းအင်များက ရှေးဟောင်း မိုးမခပင်အိုကြီးကို ဝိညာဉ်ရေးရာ ဉာဏ်အလင်း ဖွင့်ပေးရန် ပေါင်းစည်းခဲ့သည်။
ကပ်ဘေး ဖြတ်ကျော်ခြင်း အဆင့်တက်သည့် ဖြစ်စဉ် အတွင်း မိုးမခပင်အိုကြီး၏ ခန္ဓာကိုယ်ကို မိုးကြိုးက ထိမှန်သွားခဲ့ပြီး မိုးမခပင်အိုကြီး၏ အသက်ဓာတ်ကို အမှတ်မထင် နှိုးဆွမိခဲ့၏။
ကျန့်ထန် သစ်ခေါင်းပေါက်ကို လျှို့ဝှက်နေရာ အဖြစ် အသုံးပြုနေသည်မှာလည်း မိုးမခပင်၏ အကြံဉာဏ်ပင် ဖြစ်၏။
နှစ်ပေါင်းများစွာ အချိန်ယူ၍ ကျင့်ကြံခဲ့ရသောကြောင့် မိုးမခပင်အိုကြီးက အထီးကျန်ခဲ့ရသည်။
ထို့ကြောင့် အဖော်များစွာနှင့် သူ့ကိုယ်သူ ဝန်းရံထားရန် တောင့်တခဲ့ခြင်း ဖြစ်၏။
"ဒီဝိညာဥ်သစ်ပင်က နိုးထလာတာ ဘယ်နှစ်ကြိမ် ရှိပြီလဲ"
ဝမ်လင်းက ကြောင်ကြီးကို ကြည့်ကာ စိတ်ချင်း ဆက်သွယ်၍ မေးလိုက်သည်။
"မင်း သူ့ကို ဆရာကြီး ရှို့ လို့ခေါ်ရမယ်"
ကြောင်ကြီးက ဖန်ရှင်း၏ အခေါ်အဝေါ်ကို ပြင်ပေးလိုက်သည်။
"ဆရာကြီး ရှို့က အချိန်အတော်ကြာအောင် အိပ်ပျော်နေတတ်ပြီး ညနေမှ နိုးလာလေ့ရှိတယ်.. ဆရာကြီး ရှို့ရဲ့ မျိုးရိုးနာမည်ကတော့ ကျိုးပါ"
ဝမ်လင်း"..........."
"ကျိုးရှို့ရန်တော့ မဟုတ်ပါဘူးနော်"
(ကျိုးရှို့ရန်= ကမ္ဘာ့သမိုင်းတစ်လျှောက် အကောင်းဆုံး အာရှဝတ္ထု ဆယ်အုပ် စာရင်းဝင်ခဲ့သည့် "အရူးတစ်ယောက်၏ ဒိုင်ယာရီ" စာအုပ်ကို ရေးသားခဲ့သော စာရေးဆရာ)
ထို့နောက် ဝမ်လင်းက ကြောင်များ နောက်သို့ လိုက်ကာ သစ်ခေါင်းပေါက်ထဲသို့ ခုန်ဝင်သွားခဲ့သည်။
သူတို့ ဝင်ရောက်လိုက်သည်နှင့် အာကာသ ဥမင်လိုဏ်ခေါင်းကို ဖြတ်သန်းသွားသလို အလင်းနှင့် အရိပ်တွေ အပြောင်းအလဲ ဖြစ်သွားပြီး နောက်ဆုံးတွင် အတွင်းထဲ၌ အလွန် ကြီးမားသော နေရာလွတ်ကြီးကို မြင်လိုက်ရသည်။
ဤနေရာက ရုပ်ရှင်နှင့် တီဗီ စီးရီးများတွင် တွေ့ရလေ့ ရှိသည့် လျှို့ဝှက် အခြေစိုက်စခန်းများ ကဲ့သို့ပင်။
ဤ နေရာတစ်ခုလုံးကို သူအပိုင်းနှင့်သူ သပ်သပ်ရပ်ရပ် ခွဲထားပြီး အသုံးပြုထားပုံရသည်။
အဖြူရောင်ဝတ်စုံ ဝတ်ထားသော ကြောင်များစွာ၏ ခေါင်းပေါ်မှ သူတို့နှစ်ယောက်က ဟန်ချက်ညီညီ ဖြတ်သန်းသွားခဲ့သည်။
ကြောင်ကြီးက ဖန်ရှင်းကို မိတ်ဆက်ပေးလိုက်သည်။
"သူတို့က သူဌေးကျန့်ထန်ရဲ့ တပ်ရင်းက သုတေသန အဖွဲ့ပါ။"
ထို့နောက် ဝမ်လင်းက အနီးနားရှိ ပြောင်းဖူးခင်း တစ်ခုတွင် တူညီ မျက်မှန်လေးများ ဝတ်ဆင်ထားသည့် စာငှက် ဒါဇင်ပေါင်းများစွာကို တွေ့လိုက်ရသည်။
"သူတို့က ငါတို့ တပ်ရင်းရဲ့ ဝေဟင်တပ်ခွဲပဲ"
ထို့နောက်တွင် ကြောင်ကြီးက အနက်ရောင်အဝတ်ကို မျက်နှာတစ်ဝက် အုပ်ထားသည့် ကြောင်တွေကို ညွှန်ပြလိုက်သည်။
"ဒီနင်ဂျာကြောင်တွေက စပိုင်တပ်ခွဲက တပ်ဖွဲ့ဝင်တွေပါ.. သံချပ်ကာ ယန္တရားတပ်ကတော့ သစ်ပင် အပြင်ဘက်မှာ ရှိတဲ့ လျှို့ဝှက်စခန်းတစ်ခုမှာ လေ့ကျင့်နေတယ်"
".............."
ဝမ်လင်းက မေးလိုက်သည်။
"ကျေးဇူးပြုပြီး ငါ့ကို ပြောပြပါ.. မင်းတို့ တပ်ရင်းကို ဘယ်လိုခေါ်လဲ"
ကြောင်ကြီးက လူသား ဘာသာစကားဖြင့် ရေးထားသော ကျောက်ပြားငယ် တစ်ခုကို ညွှန်ပြလိုက်သည်။
လွတ်လပ်သောတပ်ရင်း..
ဝမ်လင်းက ကျောက်ပြားကို ခဏလောက် စူးစမ်း၍ ကြည့်လိုက်သည်။
ယင်းအချိန်မှာပင်ကြောင်ကြီးက ကျောက်ပြားကို နောက်တစ်ကြိမ် ညွှန်ပြ၍ ပြောလိုက်သည်။
"ဒီကျောက်ပြားရဲ့ နောက်ကျောမှာ ဆရာကြီး ရှို့ရန်ရဲ့ ကဗျာကို ရေးထွင်းထားတယ်"
ဝမ်လင်းက စူးစမ်းသော အကြည့်ဖြင့် ကြည့်လိုက်ရာ ကျောက်ပြား၏ နောက်ကျောတွင် ကဗျာစာသား နှစ်ကြောင်း ရေးထွင်းထားသည်ကို တွေ့လိုက်ရသည်။
"ကျွန်ုပ်သည် ပြင်းထန်စွာ မျက်မှောင်ကြုတ်၍ ခေါင်းဆောင်၏ စကားကို နာခံရန် ငြင်းဆန်ခဲ့သည်
တစ်ဖက်တွင်မူ ခေါင်းဆောင်ကို ဦးညွှတ်လိုစိတ် ရှိခဲ့သည်"
"ဒါက ကဗျာရော ဟုတ်ရဲ့လား"
ဝမ်လင်း လုံးဝကို အံ့အားသင့်သွားသည်။
…......................
နယ်မြေချဲ့ထွင်ခြင်း နှင့် တပ်ရင်း၏ ဖွဲ့စည်းပုံအရ ကျန့်ထန်မှာ အလွန် ဥာဏ်ကောင်းသော ကြောင်တစ်ကောင်ဟု ဆိုရမည်။
သူ့တပ်ရင်းတွင် သံချပ်ကာ ယန္တရားတပ်၊ စပိုင်တပ်နှင့် စာဌက်များဖြင့် ဖွဲ့စည်းထားသော ဝေဟင်တပ်ပင် ရှိနေသည်။
ဤသည်မှာ တကယ်ကို မယုံနိုင်စရာ ကောင်းနေ၏။
မိုးမခပင်အို အတွင်းရှိ နေရာက နယ်မြေချဲ့ထွင်မှု စွမ်းရည်ကို အသုံးချထားသဖြင့် အလွန်ပင် ကျယ်ဝန်းသွားသည်။
ဤစွမ်းရည်မှာ အသုံးအများဆုံး အမျိုးအစားဖြစ်၍ အံ့သြစရာတော့ မဟုတ်ပေ။
သို့သော် ဤနယ်မြေ ချဲ့ထွင်မှု စွမ်းရည်ကို သစ်ခေါင်းပေါက်လိုနေရာတွင် ကျယ်ဝန်းစွာ ချဲ့ထွင်နိုင်ခဲ့သည်မှာ ချီးကျူးစရာ ဖြစ်၏။
ယင်းက လေလွင့်ကြောင်လေးများ အတွက် နေစရာ လုံလောက်စေ၏။
ကျန့်ထန်၏ တပ်ရင်းဌာနသည် ဤအခြေစိုက်စခန်း၏ အတွင်းအကျဆုံး နေရာတွင် တည်ရှိသည်။
ကြောင်ကြီးက ဝမ်လင်းကို ရုံးခန်းတံခါး ဆီသို့ လမ်းညွှန်ခဲ့သည်။
ထို့နောက်တွင် သူ၏ ကြောင်များကို ဝမ်လင်းနှင့်အတူ တံခါးဝတွင် စောင့်ဆိုင်းစေလိုက်၏။
"အစ်ကို.. ဒီမှာ ခဏစောင့်ပါ.. ငါအရင် သတင်းပို့လိုက်ဦးမယ်"
ငါးမိနစ် မပြည့်မီမှာပင် ကြောင်ကြီးနှင့် အတူ ကျန့်ထန်က ရုံးခန်းထဲမှ ထွက်လာသည်။
ကျန့်ထန်က မည်းနက် တောက်ပြောင်သော အမွေးနှင့် ချွန်ထက်သော နားရွက်များကို ပိုင်ဆိုင်ထားသည်။
သူ၏ အမြီးတွင် လှပသော ကြေးနီခေါင်းလောင်း တစ်ခု တပ်ဆင်ထားသည်ကိုလည်း တွေ့ရ၏။
ထိုကြေးနီခေါင်းလောင်းမှာ လွတ်လပ်သော တပ်ရင်း၏ တပ်မှူးအဖြစ် ၎င်း၏ အာဏာကို မီးမောင်းထိုးပြနေသည်။
ဝမ်လင်းက ကြေးနီခေါင်းလောင်းကို ဝရဇိန်ကျား ထျန်းရှစ် တန်ဆာ ဆင်ထားပေးခြင်း ဖြစ်ကြောင်း အသေအချာသိသည်။
ထျန်းရှစ် ပျိုးထောင်ထားသည့် ကြောင်တွေသာ ဤကဲ့သို့ တစ်ဖက်လူ ရှိန်လောက်သည့် ပုံစံမျိုး ဟိတ်ဟန်ထုတ်တတ်ကြမည် ဖြစ်သည်။
ကျန့်ထန်၏ အသက်ရှုသံ ခပ်မျဥ်းမျဥ်းကြောင့် ဝမ်လင်းက ကျန့်ထန် ညစာစားနေသည်ကို မှန်းဆရန် မခက်ခဲခဲ့ပေ။
ထို့အပြင် ကျန့်ထန် စားနေသည့်အရာက ပင်လယ်စာ အစပ် အရသာ ဟော့ပေါ့ တစ်မျိုး ဖြစ်ကြောင်းလည်း သူသိ၏။
ကျန့်ထန်က ပါရှန်းကြောင်ကို မြင်လျှင် ကူကယ်ရာမဲ့စွာဖြင့် မျက်မှောင်ကြုတ်သွားသည်။
တပ်ရင်းမှူး ရာထူးကို ရရှိထားသော ကျန့်ထန်မှာ ရုန့်ရင်းသော ကြောင်ကြီးထက် ပို၍ အကင်းပါးသည်။
ဒဏ္ဍာရီလာ အင်မော်တယ်ကြောင်က ပါရှန်းကြောင် အမျိုးအစားမှန်း သူကောင်းကောင်း သိသည်။
အထူးသဖြင့် ထျန်းရှစ်၊ စုန့်စီနှင့် ယွမ်ချွီတို့က ဤပါရှန်းမျိုးစိတ်ကို အထူး သတိထားပြီး စစ်ဆေးဖို့ သက်ဆိုင်ရာ နယ်မြေများမှ တပ်ရင်းမှူးများကို ညွှန်ကြားထား၏။
သို့ရာတွင် အင်မော်တယ်ကြောင် အနားယူထားသည်မှာ အတော်ကြာနေပြီ ဖြစ်၏။
ကျန့်ထန် ကိုယ်တိုင် အနီးနားရှိ နေရာများကို အခါအားလျော်စွာ ရှာဖွေခဲ့သော်လည်း ရလဒ် ထွက်ပေါ်ခြင်း မရှိခဲ့ပေ။
ယခု ပါရှန်းကြောင် တစ်ကောင်က သူ့ကို ရှာနေသော သတင်းကို ကြောင်ကြီးထံမှ ရုတ်တရက် ကြားရလျှင် သူ တုန်လှုပ်သွားခဲ့သည်။
"ဒါ ဘယ်လိုမှ မဖြစ်နိုင်ဘူး.. ဒါက တိုက်ဆိုင်မှု တစ်ခုတော့ မဟုတ်ဘူး မလား"
သူက ပါးစပ်ထဲမှ အစပ်အရသာ ငါးဆုပ်တွေကို ဝါးလို့ မပြီးသေးခင် အပြင်ကို အလျင်အမြန် ထွက်လာခဲ့သည်။
သူက သူ့ရှေ့မှ ပါရှန်းကြောင်ကို အသေအချာ အကဲခတ်လိုက်သည်။
ဤပါရှန်းကြောင်က လေထဲတွင် ညင်သာစွာ လွင့်မျောနေပြီး တင်ပျဉ်ခွေ ထိုင်နေသည်ကို တွေ့လိုက်ရသည်။
တစ်ချိန်က အင်မော်တယ်ကြောင်မှာ လေလွင့်ကြောင်များကို ကျင့်ကြံခြင်း နည်းစနစ်များ သင်ပေးခဲ့၏။
သို့ရာတွင် အခြေခံ တည်ဆောက်ခြင်း ကိုယ်ခန္ဓာ လေ့ကျင့်မှု နည်းလမ်းများကိုသာ သင်ပေးခဲ့သည်။
လေလွင့်ကြောင်များကို အင်မော်တယ် မန္တန်များ သင်ကြားပေးခဲ့ခြင်း မရှိပေ။
လေထဲမှာ နေနိုင်သည့် အစွမ်းကို ထုတ်သုံးနိုင်တဲ့ ပါရှန်းကြောင် တစ်ကောင်..
ထို့အပြင် လေထုထဲက ပါရှန်းကြောင်ကို မြူမှုန်တွေက ဝန်းရံနေသည်။
ထပ်တွေးစရာပင် မလိုတော့ချေ။
ကျန့်ထန်က ဤပါရှန်းကြောင်၏ ဝိသေသ လက္ခဏာကို သိရှိသွားပြီ ဖြစ်သည်။
ကျန့်ထန် "............."
ကြောင်ကြီး "ဝိုး.. အံ့သြစရာကောင်းတဲ့ မှော်လှည့်ကွက်ပါလား"
ထိုစကားကို ကြားလျှင် ကျန့်ထန်က သူ့ဘေးနားမှ မိုက်မဲသောကြောင်ကြီးကို သတ်ပစ်ချင်စိတ်ပင် ဝင်လာသည်။
"သောက်ချီး.. မင်းတော်တော် အတင့်ရဲနေပါလား..ဒါက အင်မော်တယ်ကြောင်ကွ"
"အမ်.. ဒါက အင်မော်တယ်ကြောင်လား"
ကြောင်ကြီး၏ လျှာက ကြောက်ရွံ့မှုဖြင့် တုန်ယင်လာသည်။
သူကျူးလွန်ထားသည့် အပြစ်ကို သူကိုယ်တိုင် ကောင်းစွာ သိသည် မဟုတ်လော။
ကျန့်ထန်က မျက်လုံးများကို မှိတ်ထားလိုက်သည်။
ခန့်မှန်းဖို့ မလိုလောက်အောင်ပင် ဤ ငမိုက်သားက အင်မော်တယ်ကြောင်ကို အပြစ် ကျူးလွန်ထားမှန်း သူရိပ်စားမိလိုက်သည်။
"သူဌေး.. ကျနော် တကယ်မသိဘူး... ကျနော် ဘုရင်ကြီးဆီက ငါးဆားနယ် အရသာ ခေါက်ဆွဲခြောက်ထုပ် သုံးထုပ်ကိုပဲ ယူခဲ့မိတာပါ"
ကြောင်ကြီးက တုန်တုန်ယင်ယင်ဖြင့် ၎င်း၏ ခြေသည်းများကို ဆန့်ထုတ်ကာ ဝမ်းဗိုက်တွင် ဝှက်ထားသော ခေါက်ဆွဲခြောက်ထုပ်များကို ထုတ်ယူလိုက်သည်။
ကျန့်ထန်က ကြောင်ကြီး၏ ခေါင်းကို လက်တစ်ဖက်ဖြင့် ရိုက်ကာ နပန်ကျင်းပေးလိုက်သည်။
ဤ ခေါက်ဆွဲခြောက်ထုပ်က ဘာမှ တန်ဖိုးမရှိသော်လည်း အခန့်မသင့်လျှင် သူ့အတွက် အရာအားလုံး ပျက်စီးသွားစေနိုင်သည်။
အင်မော်တယ်ကြောင်သာ သူ့ကို အရေးယူခဲ့လျှင်...
"ငမိုက်ကောင်.. မင်းရဲ့ ဘောနပ်စ်ကို ဖြတ်လိုက်ပြီး.. မင်းရဲ့လစာကိုလည်း ဖြတ်လိုက်ပြီး.. နှစ်ကုန် ဘောနပ်စ် ငါးခြောက်ကိုလည်း မင်းရရှိဖို့ စိတ်မကူးနဲ့တော့"
"ငါ့ရဲ့ စစ်ခေါင်းဆောင် တစ်ယောက်က ဘာလို့ အသိဉာဏ်မရှိတဲ့ ငတုံးကောင် ဖြစ်နေရတာလဲကွာ"
"အာ...ဒီကောင်က ငါ့အတွက် ချီးထုပ်ပဲ"
ကျန့်ထန်က ကြောင်ကြီး၏ သောက်ခွက်ကို ရိုက်ပြီးနောက် စကားမပြောနိုင်လောက်အောင် ဒေါသထွက်နေသည်။
ဝမ်လင်းက မြေပြင်ပေါ်မှ ခေါက်ဆွဲခြောက်များကို ကောက်ယူလိုက်သည်။
ထို့နောက် သူက ခြေတစ်ဖက်ကို ဆန့်ထုတ်ကာ ဝမ်မင်၏ ပုံတူကို မြေပေါ်တွင် ဆွဲပြလိုက်သည်။
တစ်ချိန်တည်းမှာပင် ၎င်း၏ တောင်းဆိုမှုကို ကျန့်ထန်အား ဝိညာဉ်ရေး အာရုံဖြင့် ပြောပြလိုက်သည်။
ငယ်စဥ်က နိုင်ငံ အနုပညာ ပြိုင်ပွဲတွင် အောင်မြင်မှု ရပြီးကတည်းက ဤ အဆင့်မြင့် ပုံကြမ်း ရေးဆွဲခြင်း စွမ်းရည်ကို သူအသုံးမချ ဖြစ်ခဲ့ပေ။
ကျန့်ထန်က ဝမ်လင်းကို ခေါင်းညိတ်ပြလိုက်သည်။
ထို့နောက် သူက နောင်တရကာ မြေပြင်ပေါ်တွင် လဲလျောင်းနေသည့် သူ၏ စစ်ခေါင်းဆောင်ကို ကြည့်လိုက်သည်။
"တာပင်း.. မင်းရဲ့ အပြစ်ကို မင်းကိုယ်တိုင် ပေးဆပ်ဖို့ အချိန်ရောက်ပြီ"
စကားပြောနေရင်း ကျန့်ထန်က ကြောင်ကြီးကို ခြေထောက်ဖြင့် ကန်ထည့်လိုက်သည်။
"တပ်ရင်း တစ်၊ နှစ်၊ သုံးရယ်...သံချပ်ကာယန္တရားတပ်၊ စပိုင်တပ်နဲ့ ဝေဟင်တပ် တို့ကို မြေပြင် အနေအထား ကျွမ်းကျင်မှုကို အားကိုးပြီး အမှတ် ၅၉ အထက်တန်းကျောင်း တစ်ခုလုံးကို စေ့စေ့စပ်စပ် ရှာဖွေဖို့ ချက်ချင်း အကြောင်းကြားလိုက်.."