ထူးခြားသောပစ္စည်းများကို ဖန်တီးသည့် ရီတာလီ သုတေသနဌာန
Vol. 4 Ch. 59
ထူးခြားသော ပစ္စည်းများကို ဖန်တီးသည့် ဟွာရှို့နိုင်ငံရှိ ရီတာလီ သုတေသန ဌာန။
ဤဌာနက ထူးခြားသော မှော်ပစ္စည်းများကို လေ့လာရန် အထူးပြုသည့် ဟွာရှို့နိုင်ငံ၏ ကျော်ကြားသော သုတေသန ဌာန တစ်ခု ဖြစ်သည်။
သုတေသန ဌာန၏ အကြီးအကဲမှာ ဘုရင်ဘီလီဟု ချစ်စနိုးခေါ်ဝေါ်သော မီလူမျိုး ခဲယမ်းမီးကျောက် ကျွမ်းကျင်ပညာရှင် ဖြစ်၏။
ဘုရင်ဘီလီ ဦးဆောင်သော အဖွဲ့သည် သိပ္ပံသီအိုရီများနှင့် နည်းပညာဆိုင်ရာ သုတေသနပြုချက် များတွင် သိသာထင်ရှားသော အောင်မြင်မှုများကို ရရှိခဲ့သည်။
၎င်းတို့က လွန်ခဲ့သည့် နှစ်အနည်းငယ် အတွင်း သုတေသန လုပ်ငန်းများကို အရှိန်အဟုန်မြှင့် လုပ်ဆောင်လာခဲ့သည်။
"ထူးခြားသော ပစ္စည်းများကို ဖန်တီးသည့် ရီတာလီ သုတေသနဌာန" ဟူသော အမည်ကို အသုံးပြုခွင့်ရရန် အချိန်အတော်ကြာ ကတည်းက စာရင်းသွင်းထားသော်လည်း ပြီးခဲ့သောနှစ်နှစ်ကမှ ခွင့်ပြုချက် စတင် ရရှိခဲ့သည်။
ဘုရင်ဘီလီ အဖွဲ့မှ သုတေသန ပြုထားသော မှော်ပစ္စည်းများ အားလုံးတွင် "ရီတာလီ" ဟူသော အဓိပ္ပါယ် မတူညီသည့် တရုတ်စာလုံး သုံးလုံးကို တွဲဖက်၍ အမှတ်တံဆိပ် အဖြစ် အကျဉ်းချုပ် ဖော်ပြထားတတ်သည်။
ဆိုရလျှင် "ရီတာလီ"ဟူသော စာလုံး၌ ထူးခြားသည့် အဓိပ္ပါယ်သုံးခု ရှိသည်။
ပထမစာလုံး ဖြစ်သည့် "ရီ" ၏ အဓိပ္ပါယ်မှာ "အံ့သြခြင်း" ဖြစ်သည်။
ဘုရင်ဘီလီ၏ အဖွဲ့မှ သုတေသန ပြုထားသည့် ပစ္စည်း အများစုသည် ဤထူးခြားသော လက္ခဏာကို ပိုင်ဆိုင်ထားကြသည်။
ထိုပစ္စည်းများက သူတို့၏ ပိုင်ရှင် တစ်ယောက်ချင်းစီတိုင်းကို အံ့သြဘနန်း ဖြစ်စေသည်။
ဒုတိယစာလုံး ဖြစ်သည့် "တာ"မှာ ပစ္စည်းတစ်ခု၏ ကြီးမားသော အကျိုး သက်ရောက်မှုကို ရည်ညွှန်းရုံသာမက ၎င်းကို အသုံးပြုနိုင်သည့် အကြိမ် အရေအတွက်ကိုလည်း ရည်ညွှန်းသည်။
မှော်ပစ္စည်း တစ်ခုကို ၎င်းပိုင်ဆိုင်ထားသည့် တမူ ကွဲပြားသော ထူးခြားသည့် စွမ်းရည်များ ပျောက်ကွယ်မသွားခင် ပုံမှန်အားဖြင့် သုံးကြိမ်သာ အသုံးပြုနိုင်သည်။
သို့သော် ဘုရင်ဘီလီ အဖွဲ့မှ သုတေသန ပြုထားသော ထူးခြားသည့် မှော်ပစ္စည်း တစ်ခုစီတိုင်းမှာ အနည်းဆုံး ဆယ်ကြိမ် အသုံးပြုနိုင်သည်။
နောက်ဆုံးဖြစ်သည့် "လီ"ဟူသော စကားလုံးတွင်လည်း အဓိပ္ပါယ်နှစ်မျိုး ရှိသည်။
ပထမအဓိပ္ပါယ်အရ ယင်းစကားလုံးမှာ "ပျောင်လီ" မှ "လီ" ဖြစ်သည်။
ဆိုလိုသည်မှာ မှော်လက်ရာများက အဆင်ပြေပြီး အသုံးပြုရလွယ်ကူသည်ဟု ဆိုလိုသည်။
ဒုတိယအဓိပ္ပါယ်ဖြစ်သည့် "လီ" မှာ ဘုရင်ဘီလီ၏ အမည်မှ ဒုတိယမြောက် တရုတ်စာလုံးကို ဆိုလိုသည်။
ထို့ကြောင့် သုတေသနဌာန၏ အမည်ဖြစ်သည့် "ရီတာလီ" ဟူသော အမည်မှာ အမှန်တကယ်ပင် လေးနက်သော အဓိပ္ပာယ် ရှိသည်။
ဘုရင်ဘီလီ၏ အဖွဲ့က လွန်ခဲ့သော နှစ်အနည်းငယ်အတွင်း အသုံးပြုရ အလွန် လွယ်ကူသော ထူးခြားသည့် ပစ္စည်းအချို့ကို တီထွင်ခဲ့သည်။
ထိုအထဲတွင် လတ်လတ်ဆတ်ဆတ် ကိတ်မုန့် ကဲ့သို့ အရောင်းရဆုံး ပစ္စည်းမှာ "ရီတာလီ အမြောက်" ဖြစ်သည်။
ရီတာလီ အမြောက်....
အများဆုံး အသုံးပြုနိုင်မှု အရေအတွက်= ဆယ်ကြိမ်
စွမ်းရည်= ဤထုတ်ကုန်သည် မည်သည့် ခံတပ်ကိုမဆို ဖြိုခွင်းရာတွင် အသုံးပြုနိုင်သည်၊ အနက်ရောင်သံနှင့် အနက်ရောင်သလင်းကျောက် ကဲ့သို့ မာကျောသော အရာများကိုပင် အလွယ်တကူ ပေါက်ကွဲစေနိုင်သည်။
အသုံးပြုရန် လမ်းညွှန်ချက်များ= ဤထုတ်ကုန်ကို အသံထိန်းချုပ်မှုဖြင့် လုပ်ဆောင်ထားပြီး အဆောက်အဦးများတွင်သာ အသုံးပြုသင့်သည်။
"Fire"ဟု ပထမဆုံး အော်သံတွင် အမြောက်သည် ပစ်မှတ်ကို အလိုအလျောက် ချိန်ရွယ်ကာ လမ်းကြောင်းကို ဆုံးဖြတ်ပေးမည် ဖြစ်သည်။
"Fire"ဟု ဒုတိယမြောက် အော်သံတွင် အမြောက်ထိပ်ဝက အလိုအလျောက် ပူလာပြီး စွမ်းအားကို စုဆောင်းမည် ဖြစ်သည်။
"Fire"ဟု တတိယမြောက် အော်သံတွင်မူ ရီတာလီ အမြောက်အတွင်းရှိ "ယွင်လုံ" ဒုံးကျည်ကို ပစ်လွှတ်မည် ဖြစ်သည်။
တပ်ရင်းမှူး သို့မဟုတ် ဒုတိယ တပ်ရင်းမှူး တစ်ဦးတို့ ထံတွင် ဆိုလျှင် ယွင်လုံဒုံးကျည်၏ ဖျက်စီးမှုနှုန်းက နှစ်ဆယ်ရာခိုင်နှုန်း အလိုအလျောက် တိုးလာမည် ဖြစ်သည်။
အတိုက်အခိုက် ခံရသော အဆောက်အဦး အတွင်း အမျိုးသမီး တစ်ဦး ရှိနေလျှင် ပျက်စီးဆုံးရှုံးမှုက ဆယ်ရာခိုင်နှုန်းကနေ အမြင့်ဆုံး ဖြစ်သည့် ရာနှုန်းပြည့် အထိ တိုးလာမည် ဖြစ်၏။
"ရီတာလီ အမြောက်"၏ ဤလမ်းညွှန်ချက်များမှာ လူအများ စိတ်ဝင်တစား ပြောဆိုကြသည့် ကိစ္စတစ်ခု ဖြစ်ခဲ့သည်။
တကယ်တမ်း ဤထူးခြားသော ပစ္စည်း၏ လျှို့ဝှက်ဆန်းကြယ်ဆုံး အရာမှာ အထောက်အထား စိစစ်ခြင်းနှင့် အမျိုးသမီး ဦးရေ တိုးလာသည်နှင့် အမျှ ဖျက်ဆီးနှုန်း ပိုများလာခြင်း ဖြစ်၏။
ဘုရင်ဘီလီ၏ ထူးခြားသော စွမ်းရည်ကြောင့် တချို့လူတွေက ထူးခြားသော ပစ္စည်းများကို အပြီးပြည့်စုံဆုံး ဖော်ထုတ်နိုင်သည့် အတော်ဆုံး လူသားဟု လည်း ဘုရင်ဘီလီကို တင်စားကြသည်။
ထိုသို့ ချီးကျူးမှုခံရအောင်လည်း ဘုရင်ဘီလီ အဖွဲ့မှ ဒီဇိုင်းထုတ်ထားသော ထုတ်ကုန်များက အနည်းငယ် ဆန်းကြယ်နေသည် မဟုတ်ပါလား။
ရီတာလီ အမြောက်က အရောင်းရဆုံး ထုတ်ကုန်တစ်ခု ဖြစ်သော်လည်း စျေးမကြီးပေ။
၎င်းကို သာမာန် ပြည်သူလူထုနှင့် ကျင့်ကြံသူများ၏ ပိုင်ဆိုင်မှု တရားမဝင်သော အခါမျိုးတွင် ဖြိုဖျက်ရေး အဖွဲ့များက အများစု အသုံးပြုခဲ့ကြသည်။
ကျန့်ထန်တို့ လက်ထဲတွင် ရှိသော ရီတာလီ အမြောက်ကမူ ဝယ်ထားခြင်း မဟုတ်ပေ။
အမှတ်၅၉ အထက်တန်းကျောင်းကို လွန်ခဲ့သော ခြောက်လခန့်က သူဌေး ရှန်ဖောင် ထံမှ သိမ်းယူခဲ့ကြောင်း ကျန့်ထန်၏ မှတ်ဉာဏ်မှ တဆင့် ဝမ်လင်း ရှာဖွေတွေ့ရှိခဲ့သည်။
ရှန်ဖောင်က အိမ်များတွင် တယုတယ မွေးသည့် ခွေးအမျိုးအစား ဖြစ်သော်လည်း ဝိညာဉ်ရေး ခွေးများ၏ သွေးကို ပိုင်ဆိုင်ထားသော မျိုးကွဲတစ်မျိုး ဖြစ်သောကြောင့် လိင်စိတ် တက်ကြွသူ ဖြစ်သည်။
ကျန့်ထန်က ပြတ်သားသော စိတ်ဓာတ်ဖြင့် နယ်မြေ အတွက် တိုက်ပွဲဝင်ခဲ့သည်။
၎င်း၏ ကွပ်ကဲမှုအောက်ရှိ တပ်ရင်းမှူးများနှင့်အတူ ကာလအတန်ကြာ ခါးခါးသီးသီး ရုန်းကန်ခဲ့ရပြီးမှ အဆုံးသတ်တွင် နယ်မြေကို သိမ်းပိုက်ရရှိခဲ့သည်။
"ရီတာလီ အမြောက်"မှာ ထိုအချိန်က ရှန်ဖောင်၏ ဌာနချုပ်ကို သိမ်းပိုက်ပြီးနောက် သိမ်းပိုက်ရရှိခဲ့သည့် ပစ္စည်းများ၏ တစ်စိတ်တစ်ပိုင်း ဖြစ်သည်။
ယနေ့တိုင် ဤထူးခြားသော ပစ္စည်းအား ရှန်ဖောင် မည်ကဲ့သို့ ရယူခဲ့သည်ကို ပဟေဠိ ဖြစ်နေဆဲပင်။
ဉာဏ်ရည် ထက်မြက်သော တိရိစ္ဆာန်များ လက်ထဲသို့ ဤကဲ့သို့ ဖျက်ဆီးရေး ပစ္စည်းများ ရောက်ရှိသွားရသည့် အကြောင်းအရင်းမှာ အနည်းငယ် ရှုပ်ထွေးသည်ဟု ဝမ်လင်း ခံစားမိသည်။
ဤလေလွင့်ကြောင်များက ၎င်းတို့၏ "အင်မော်တယ်ကြောင်"ကို လေးစားကြသည်။
ထိုအချိန်က ၎င်းတို့ကို စိတ်ပိုင်းဆိုင်ရာ အကြံဉာဏ်များနှင့် စီမံခန့်ခွဲမှု သဘောတရားကိုပါ သင်ပေးခဲ့သည်။
အခြားနေရာမှ လေလွင့်ကြောင်များက လူသားများနှင့် မည်ကဲ့သို့ ဆက်ဆံသည်ကို သူမသိသော်လည်း ဖေးယန် ခရိုင်၏ လေလွင့်ကြောင်များကမူ လူသားများနှင့် လိုက်လျောညီထွေစွာ နေထိုင်နိုင်ခဲ့ကြသည်။
ပတ်ဝန်းကျင်တွင် လူကောင်းသူကောင်း မရှိတတ်သည့် ညဘက်အခါမျိုးတွင် တစ်ယောက်တည်း လမ်းလျှောက်ပြန်မည့် အမျိုးသမီးများကို လိုက်ပို့ပေးမည့် ဖြောင့်မတ်သော ကြောင်အုပ်စုကြီးပင် ရှိသည်။
ထို့ကြောင့် သူလေ့ကျင့် သင်ကြားထားသော ကြောင်များက လူသားများကို ဘယ်တော့မှ ကျူးလွန်မည် မဟုတ်ကြောင်း သူအလွန် ယုံကြည်ခဲ့သည်။
သို့သော် ဤထူးခြားသည့် ပစ္စည်းတွေသာ ဉာဏ်ရည်ထက်မြက်သည့် တိရစ္ဆာန်များ၏ လက်ထဲကို ရောက်သွားခဲ့လျှင် မည်သို့သော အကျိုးဆက်များ ဖြစ်လာနိုင်မည်ကို မည်သူက သိနိုင်မည်နည်း။
ကြောင်နက်တစ်ကောင်နှင့် ၎င်း၏ လက်အောက်ငယ်သားများက မြက်ခင်းပြင်တွင် ဝှက်ထားသော ဈေးခြင်းတောင်း အရွယ်အစား မျှသာရှိသည့် အမြောက်အား ဖြည်းညှင်းစွာ တွန်းထုတ်လာသည်ကို မြင်တွေ့ရသည်မှာ အနည်းငယ်ထူးဆန်းနေသည်။
ဤ"ရီတာလီ အမြောက်"က အဆောက်အဦး တစ်ခုလုံးကို မပျက်စီးစေဘဲ ဤအနက်ရောင် သလင်းကျောက် နံရံရှိ အပေါက်တစ်ခုကိုသာ အလွယ်တကူ ပေါက်ကွဲစေမည် ဖြစ်သည်။
ဝမ်လင်းက "ကျင့်ခယ်"ကို အသုံးပြုရန် စိတ်ကူးထားသော်လည်း ၎င်းမှာ သူနှင့် တူလွန်းသည်။
ကျင့်ခယ်က ဓားဝိညာဥ် အနေဖြင့် ကမ္ဘာကြီး၏ အတွေ့အကြုံများစွာကို မတွေ့ကြုံရသေးပေ။
၎င်းက ငယ်ရွယ်သေးသဖြင့် ၎င်း၏ ခွန်အားကို မည်ကဲ့သို့ ထိန်းချုပ်ရမည်မှန်း မသိနိုင်သေးချေ။
ကျင့်ခယ်က အားကစားရုံအား တစ်စစီ လုပ်ပစ်လိုက်မည်ကို ဝမ်လင်းတစ်ယောက် ကြောက်နေမိသည်။
ထို့ကြောင့် သူ၏ တစ်ခုတည်းသော မျှော်လင့်ချက်မှာ ဘုရင်ဘီလီ အဖွဲ့မှ ဒီဇိုင်းထုတ်ထားသည့် "ရီတာလီအမြောက်"သာ ရှိတော့သည်။
ယင်းအချိန်တွင် ဝမ်လင်းက ထူးခြားသည့် လှုပ်ရှားမှုများကို မလုပ်နိုင်ခဲ့ပေ။
တာအိုအဆောင် အားနည်းသွားသောကြောင့် သူ့အသက် ရှူနှုန်းကိုပင် တည်ငြိမ်အောင် ထိန်းသိမ်းနေရသည်။
လက်ရှိအချိန်၌ နှာချေတာကပင် လူတွေကို သေစေနိုင်သည်။
သို့သော် ရိုးရှင်းသော မန္တန်များကိုတော့ အသုံးပြုနိုင်ပါသေးသည်။
အမှတ်၅၉ အထက်တန်းကျောင်း၏ ကျောင်းစောင့်က အပြီးတိုင် ထွက်ခွာမသွားသေး၍ "ရီတာလီ အမြောက်"၏ ပစ်ခတ်သံက အစောင့်၏ အာရုံကို ဖမ်းစားနိုင်သည်။
ထို့ကြောင့် ဝမ်လင်းက အသံလုံသည့် အတားအဆီး တစ်ခုကို ပတ်ဝန်းကျင်တွင် စည်းချထားလိုက်သည်။
အကာအကွယ် မျက်မှန် တပ်ထားသည့် ကျန့်ထန်က ၎င်း၏ သေးသွယ်သောခါးကို လက်နှစ်ဖက်ဖြင့် ထောက်ကာ ရီတာလီ အမြောက်နားတွင် ရပ်နေသည်။
"ဒုတပ်ရင်းမှူး အဆင်သင့်ဖြစ်ပြီလား"
"အဆင်သင့်ဖြစ်ပြီ တပ်ရင်းမှူး"
ကျန့်ထန်က ခေါင်းညိတ်လိုက်ပြီး ၎င်း၏ ခြေဖဝါးကို အာရုံခံ ခြေနင်းခုံပေါ်တွင် တင်လိုက်ပြီး တပ်ရင်းမှူး အဖြစ် အတည်ပြုခဲ့သည်။
တပ်ရင်းမှူး သို့မဟုတ် ဒုတပ်ရင်းမှူး၏ ဝိသေသ လက္ခဏာမှသာ အမြောက်၏ အဖျက်စွမ်းအားက နှစ်ဆယ် ရာခိုင်နှုန်း တိုးလာမည် မဟုတ်လော။
ထို့နောက် အမြောက်၏ ဒုံးကျည်က နံရံပေါ်ရှိ တိကျသေချာသော နေရာတစ်ခုကို ချိန်ရွယ်နေစဥ် ကျန့်ထန်၏ အကြည့်က အမြောက်၏ ဦးတည်ရာ နောက်သို့ လိုက်သွားသည်။
"Fire"
"Fire"
"Fire"
Fireဟု ကြွေးကြော်သံ သုံးကြိမ် ထွက်ပေါ်ပြီးနောက်...
"ဝုန်း"
ပေါက်ကွဲသံ နှင့်အတူ အမြောက်၏ ထိပ်ဝမှ ကောင်းကင်ဘုံ အလင်းတန်း တစ်ခု ထွက်လာသည်။
တခဏအတွင်း နံရံက ပေါက်ကွဲကာ ခါးလောက်မြင့်သည့် အပေါက်တစ်ခု ဖြစ်ပေါ်လာသည်။
…....................
ပေါက်ကွဲအား အရှိန်ကြောင့် အမျိုးသမီး လော့ကာခန်းထဲတွင် အိပ်ပျော်နေသော ဝမ်မင် တစ်ယောက် လန့်နိုးလာသည်။
ထိုအချိန်တွင် ကျန်းလျှိုယင်းက အပေါက် အပြင်ဘက်မှ မြင်ကွင်းကို ကြည့်ရင်း ဖြူဖပ်ဖြူရော် မျက်နှာဖြင့် အံ့အားသင့်စွာ မတ်တပ် ရပ်နေခဲ့သည်။
ယင်းအချိန်မှာပင် လက်ပတ်နာရီ၏ အခြားတစ်ဖက်မှ အမျိုးသမီး တစ်ဦး၏ အသံ ထွက်ပေါ်လာသည်။
"နင့်စကားအဆုံးမှာ ပေါက်ကွဲသံကို ငါကြားလိုက်ရတယ်.. ဘာတွေ ဖြစ်နေတာလဲ"
ကျန်းလျှိုယင်း၏ ပါးစပ်က လှုပ်လှုပ်ရွရွ ဖြစ်သွားသည်။
"အစ်မ… ကြောင်တွေ ငါ့ကို ဝိုင်းနေတယ်"