သူမသည် အစုလိုက်အပြုံလိုက် ပျက်စီးစေသော လက်နက်များကို ဝှက်ထားသည်
Vol. 4 Ch. 60
ကျန်းလျှိုယင်း နှင့် ဝမ်မင်က နံရံပေါ်ရှိ အပေါက်ကို စိုက်ကြည့်ရင်း မအံ့သြဘဲ မနေနိုင်တော့ချေ။
ရှင်းလင်းစွာပြောရရင် သူတို့မျက်လုံးရှေ့မှ မြင်ကွင်း၏ ရိုက်ခတ်မှုနှင့် ထိတ်လန့်မှုကို စကားလုံးဖြင့်ပင် ဖော်ပြနိုင်စွမ်း မရှိပေ။
တစ်ဖက်မှ ဖုန်းခေါ်ဆိုသည့် အမျိုးသမီးပင် တိတ်ဆိတ်နေသော အခြေအနေကြောင့် စိုးရိမ်စိတ် ဝင်လာသည်။
ကျန်းလျှိုယင်း မြင်ခဲ့ရသည်မှာ မျက်မှန် တပ်ထားသည့် ကြောင်နက် ဖြစ်သည်။
ထိုကြောင်နက်က သူမကို စိုက်ကြည့်ရင်း ခါးတွင် ချိတ်ထားသည့် ဘက်ထရီအိတ်ကို လက်တစ်ဖက်ဖြင့် ကိုင်ထားသည်။
ကြောင်နက်၏ ပတ်ဝန်းကျင် နေရာတိုင်းတွင် မရေမတွက်နိုင်သောကြောင်များ ရှိနေသည်။
မြေပြင်ပေါ်နှင့် သစ်ပင်တွေပေါ်မှာသာမက အနက်ရောင် ဝတ်ထားသည့် နင်ဂျာကြောင်တွေပင် နံရံ၌ ကပ်၍ ရှိနေကြသည်။
ကြောင်အများစုက ခြေနှစ်ချောင်းပေါ်တွင် မတ်တပ်ရပ်နေသည်ကို ကျန်းလျှိုယင်း သတိထားမိခဲ့သည်။
"ဒါက ဘာငရဲလဲ.. အတောင်ပံသာ ပါရင် ဒီကြောင်တွေက တန်ခိုးရှင် မျိုးစိတ်တွေတောင် ဖြစ်နိုင်လောက်တယ်"
လွန်ခဲ့သော နှစ်အနည်းငယ် အတွင်း ဝိညာဉ်ရေး ဉာဏ်အလင်း ရရှိသည့် အိမ်မွေးတိရစ္ဆာန် များစွာ ရှိခဲ့သော်လည်း ၎င်းတို့အားလုံးကို ဟွာရှို့နိုင်ငံ၏ ကွာရန်တင်း ဌာန မှ တင်းကြပ်စွာ ထိန်းချုပ်ထားသည်။
လက်ရှိိတွင်မူ ဝိညာဉ်ရေး ဉာဏ်အလင်း ရရှိနေသည့် လေလွင့်ကြောင်များက တစ်စုတစ်စည်းထဲ ရှိနေကြသည်။
၎င်းတို့ထဲမှ တချို့မှာ ကြောက်မက်ဖွယ် ကောင်းသော ရီတာလီအမြောက်ကို ကိုင်ဆောင်ထားကြသည်။
ဤနယ်ပယ်နှင့် စွမ်းအားက သေးငယ်သော နတ်ဆိုး သောင်းကျန်းမှု တစ်ခုနှင့် ယှဉ်နိုင်သည်ဟု ကျန်းလျှိုယင်း ခံစားမိသည်။
ကမ္ဘာခြား ဂိတ်တံခါး အလွန်ကြောက်စရာ ကောင်းနေရသည့် အကြောင်းရင်းမှာ နတ်ဆိုးများ၏ ကပ်ဘေးအန္တရာယ် ထက် နတ်ဆိုးများ၏ စည်းလုံးမှု ပေါ်တွင်သာ ပိုမို မှီတည်နေသည်။
နတ်ဆိုးများက ကမ္ဘာခြား ဂိတ်ပေါက်မှ ကမ္ဘာမြေကို ကျူးကျော်ဝင်ရောက်လာတိုင်း ကျူးကျော်မည့် အစီအစဉ်ကို စနစ်တကျ ချမှတ်ထားတတ်ကြသည်။
လက်ရှိအခြေအနေက ကျန်းလျှိုယင်း မျှော်လင့်ထားသည်ထက် ကျော်လွန်နေသည်။
ဤအရာက ကြိုတင် ပြင်ဆင်ထားသည့် ကယ်ဆယ်ရေး လုပ်ငန်းစဥ်မှန်း သိသာထင်ရှားနေ၏။
"ဒီကယ်ဆယ်ရေး လုပ်ငန်းကို အကောင်အထည် ဖော်နေတဲ့ အဖွဲ့က တကယ်တော့ ကြောင်တွေပဲ.. အမ"
ဖုန်း၏ အခြားတစ်ဖက်မှ အမျိုးသမီးက အံ့သြတုန်လှုပ်သွားသည်။
"နင်.. အိပ်ချေမူးတူး ဖြစ်နေတာလား"
"အစ်မ.. ငါတကယ် နောက်နေတာ မဟုတ်ဘူး… ယုံချင်ယုံ မယုံချင်နေ.. ငါတကယ်ကို အဝိုင်း ခံနေရတယ်… အိုး.. မဟုတ်ဘူး.. ငါ့ကို ဝိုင်းထားတာက ကြောင်တွေ.. အထူးသဖြင့် သူတို့ရဲ့ခေါင်းဆောင်ဖြစ်တဲ့ ကြောင်နက်က ငါ့ကို တပ်မက်တဲ့ အကြည့်နဲ့ စိုက်ကြည့်နေတယ်"
တစ်ဖက်မှ အမျိုးသမီး "............."
ဖုန်းပြောသံကို နားထောင်ပြီးနောက် အမျိုးသမီးက ငြိမ်ကျသွားသည်။
တခဏမျှ နှုတ်ဆိတ်နေပြီးနောက်တွင် သူမက နောက်တစ်ကြိမ် ထပ်ပြောလိုက်သည်။
"နင့် ဦးနှောက်ထဲမှာ တစ်ခုခု မှားနေပြီလို့ ငါထင်တယ်.. နင် အခု နင့်ကိုယ်နင် တစ်ခုခု မခံစားမိဘူးလား.. နေမကောင်းဘူး ဆိုရင်လည်း ဒီတခေါက် စစ်ဆင်ရေးကို ဘာကြောင့် မဖျက်လိုက်တာလဲ"
"ညီမ ရှင်းပြပါရစေဦး"
ကျန်းလျှိုယင်းက တစ်ဖက်မှ အမျိုးသမီး၏ စကားကြောင့် ကြေကွဲသွားသည်။
အမျိုးသမီးက သူမ စကားပြန်မည်ကိုပင် မစောင့်တော့ဘဲ ခပ်ပြတ်ပြတ် အမိန့်ပေးလိုက်သည်။
"ဘေးကင်းကင်းနဲ့ ပြန်လာလိုက်တော့.. နာရီဝက် အချိန်ပေးမယ်"
ထိုစကားကို ပြောပြီးသည်နှင့် အမျိုးသမီးက ဖုန်းခေါ်ဆိုမှုကို တိုက်ရိုက် အဆုံးသတ်လိုက်သည်။
ကျန်းလျှိုယင်းက ရှက်ရွံ့သော အကြည့်ဖြင့် ကြောင်စစ်တပ်ကို ကြည့်လိုက်သည်။
သူမက ကြောင်များ ရှေ့တွင် ရပ်နေရသည့် အခြေအနေကို ရှင်းပြရန် အခွင့်အရေး မရှိခဲ့ပေ။
ခဏလောက် စိုက်ကြည့်ပြီးနောက် အဆုံးသတ်တွင် သူမက နှုတ်ခမ်းလေးကို စူ၍ ကြောင်များကို ပြောလိုက်သည်။
"ဒီအဒေါ်က မင်းတို့ကို ကြောက်မယ်လို့ ထင်နေလား"
ကျန်းလျှိုယင်း၏ ကျင့်ကြံမှုက အလွန် ကြောက်စရာကောင်းသည်။
သူမက ရွှေအမြူတေအဆင့် ကျင့်ကြံသူ အများစုနှင့် ကွဲပြားသည်။
တစ်ချက် ကြည့်လိုက်ရုံဖြင့် ဝမ်လင်း၏ ရေဒါနှင့် တူသည့် မျက်လုံးများက သူမ၏ စစ်မှန်သော ခွန်အားကို ဖြတ်ကျော်ကာ အကဲခတ်နိုင်ခဲ့သည်။
သူမက ရွှေရောင် အမြူတေ နှစ်ခု ပါရှိသည့် ရှားပါး ကျင့်ကြံသူ တစ်ဦး ဖြစ်နေသည်။
ထိုအမြူတေ နှစ်ခုက သူမ၏ ဒန်ထျန်တွင် အတူတကွ ပေါင်းစည်းနေပြီး ရွှေအမြူတေ အထွတ်အထိပ် အဆင့် ကျင့်ကြံသူထက် ဆယ်ဆ ပိုမို သန်မာစေသည်။
ကျန်းလျှိုယင်း၏ ဒေါသကြောင့် ဖြစ်ပေါ်လာသော အရှိန်အဝါ ဖိအားက အလွန် ကြောက်ဖို့ကောင်း၏။
သူမ၏ စိတ်ခံစားမှုလှိုင်း အနည်းငယ်ကပင် ဝမ်မင်၏ ပါးပြင်များကို တုန်လှုပ် သွားစေသည်။
ကျန့်ထန်က ဉာဏ်အလင်း ရထားသော်လည်း အခြေခံ တည်ဆောက်ခြင်း အဆင့် ကြောင်တစ်ကောင်သာ ဖြစ်သည်။
ကျန်းလျှိုယင်း ထုတ်ဖော်လိုက်သည့် ဖိနှိပ်မှု စွမ်းအားက သူ၏ အနက်ရောင် အမွေးများကို အဆုံးထိ ထောင်ထစေခဲ့သည်။
အလားတူပင် သူ့နောက်ကွယ်ရှိ ကြောင်အားလုံး၏ အမွေးများကလည်း ဖြူကောင်များကဲ့သို့ ထိုးထိုးထောင်ထောင် ဖြစ်နေသည်။
ရုတ်တရက် ဆိုသလို လူအုပ်ထဲမှ ထိပ်ပြောင်ကြောင် တစ်ကောင်က သတိပေးလိုက်သည်။
"သတိထားပါ.. တပ်ရင်းမှူး"
ဒုတပ်ရင်းမှူး ဘုန်းကြီးက သတိပေးရင်း ကျန့်ထန်ကို ခုန်အုပ်၍ အကာအကွယ် ပေးလိုက်သည်။
သူ့နောက်ကွယ်မှ ကြောင်တချို့ကလည်း သူ့လုပ်ရပ်ကို လိုက်နာပြီး ကျန့်ထန်ကို တယောက်ပြီး တယောက် ခုန်အုပ်လိုက်ကြသည်။
ရိုးသားစွာ ဝန်ခံရလျှင် သူ့အပေါ် ထိုသို့ အကာအကွယ် ပေးကြသဖြင့် ကျန့်ထန်က အလွန် စိတ်လှုပ်ရှားသွားသော်လည်း ကြောင်ဆယ်ဂဏန်း အရေအတွက် အောက်တွင် ရုတ်တရက် အသက်ရှူကျပ်လု နီးပါး ဖြစ်လာပြီး အော်ဟစ်လိုက်သည်။
"မင်းတို့ ဘာတွေ လုပ်နေကြတာလဲ"
ကျန့်ထန်က ရှုံ့မဲ့နေသော မျက်နှာဖြင့် သူ့ကို တက်ဖိထားသည့် ကြောင်အုပ် အတွင်းမှ သူ၏ အနက်ရောင်ခေါင်းကို ထုတ်ဖော်ကာ မေးလိုက်သည်။
"သူဌေးကို ကာကွယ်ကြ.. ဒီအမျိုးသမီးရဲ့ ရင်ဘတ်ကို သတိထားကြ"
ကြောင်ပေါင်း များစွာက တညီတညွတ်တည်း အော်ဟစ်လိုက်ကြသည်။
"............."
ဘုန်းကြီးက ခေါင်းညိတ်လိုက်သည်။
"ဒီမိန်းမရဲ့ ရင်ဘတ်က သာမန် လူသား မိန်းမ တစ်ယောက်ထက် အများကြီး ပိုကြီးနေတယ်.. ဒါကြောင့် ဒီမိန်းမရဲ့ ရင်ဘတ်မှာ ကျနော်တို့ အားလုံးကို အစုလိုက် အပြုံလိုက် ဖျက်ဆီးပစ်နိုင်တဲ့ လက်နက်တွေ ရှိနေလောက်တယ်"
ကျန့်ထန် "............"
ဝမ်လင်း "............."
ဝမ်မင် ပင်လျှင် လူစကားပြောတတ်သော ကြောင်များကို အံ့အားသင့်နေမိသည်။
၎င်းတို့ မည်မျှ ကျွမ်းကျင်စွာ ပြောဆိုနေသည်ကို သတိထားမိကာ သူ အံ့သြသွားမိသည်။
ဟွာရှို့ နိူင်ငံ၏ စွမ်းအားအကြီးဆုံး ဦးနှောက်အဖြစ် သတ်မှတ်ခံရသော သူက ဤကြောင်များ မည်မျှ ဥာဏ်ရည်ဥာဏ်သွေး ကြီးမားသည်ကို ခန့်မှန်းနိုင်သည်။
ကြောင်အုပ်စုထဲတွင် ခေါင်းဆောင် ဖြစ်သည့် ကြောင်နက်မှာ ဉာဏ်ရည် အမြင့်ဆုံး ဖြစ်ပြီး ၎င်း၏ဘေးရှိ ထိပ်ပြောင်ကြောင်မှာ ဒုတိယ ဉာဏ်ရည် အမြင့်ဆုံး ဖြစ်သည်။
၎င်းတို့၏ ဉာဏ်ရည်မှာ သာမန် လူသားများထက်ပင် မြင့်မားသည်ဟု ဝမ်မင် ခံစားခဲ့ရသည်။
မည်သို့ပင်ဖြစ်စေ ၎င်းတို့၏ ဉာဏ်ရည်က သူ့ထက် သာလွန်စရာ အကြောင်းတော့ မရှိချေ။
ဝမ်မင်က ကျန်းလျှိုယင်းကို ကြည့်လိုက်သည်။
"ဟေ့.. အမကြီး.. မင်းကိုယ်မင်း သတိမထားမိဘူးလား"
"..............."
ဝမ်မင်၏ စကားကို ကြားလျှင် ကျန်းလျှိုယင်း၏ မျက်နှာပေါ်တွင် နားမလည်နိုင်သော အရိပ်အယောင်များ ပေါ်ပေါက်လာသည်။
ကျန်းလျှိုယင်း၏ အမူအရာကို ကြည့်ကာ ဝမ်လင်းတို့ ညီအကို နှစ်ယောက်က နားလည် သဘောပေါက်လိုက်ကြ၏။
သဘောထား ကွဲလွဲလေ့ ရှိသည့် ဝမ်လင်းနှင့် ဝမ်မင်တို့ ညီအကို နှစ်ယောက်မှာ ပထမဆုံးအကြိမ် သဘောထားချင်း တူညီခဲ့ကြသည်။
"ရင်သားကြီးလျှင် ဦးနှောက်မရှိ"ဟူသော စကားတစ်ခွန်းရှိသည်။
ယခု ကြည့်ရသည်မှာ ဤစကားက အဓိပ္ပါယ်မရှိသော စကားတစ်ခွန်း မဟုတ်လောက်ပေ။
"အစ်မကြီး.. မင်းရဲ့ ကျင့်ကြံမှု နယ်ပယ်နဲ့ ဆိုရင် ရွှေအမြူတေအဆင့် ကျင့်ကြံသူတွေ ကိုတောင် လက်တစ်ဖက်တည်းနဲ့ ချေမှုန်းနိုင်မှာပဲ.. ဒါပေမယ့် မင်းရဲ့ ဖိနှိပ်ချုပ်ချယ်မှုတွေက အခုအချိန်မှာ အသုံးမဝင်ဘူး ဆိုတာ မင်းသတိမထားမိဘူးလား.. ဒီကြောင်တွေက ဝိညာဉ်ရေး ဥာဏ်အလင်း ရှိကောင်း ရှိနိုင်ပေမဲ့ မင်းရဲ့ ဖိနှိပ်မှုကို ခုခံနိုင်လောက်တဲ့ အထိတော့ အစွမ်းထက်မနေဘူး.. ဒါပေမဲ့ အခုချိန်ထိ မင်းရဲ့ ဖိနှိပ်မှုအောက်မှာ သူတို့က အေးအေးဆေးဆေး ရှိနေတုန်းပဲ"
ဝမ်မင်၏ သတိပေးမှုကြောင့် ကျန်းလျှိုယင်းက တစ်စုံတစ်ရာကို စဥ်းစားမိသွားသည်။
ထို့နောက် သူမ၏ မျက်နှာ သေးသေးလေးပေါ်တွင် ချွေးသီးချွေးပေါက်များ ကျဆင်းစ ပြုလာသည်။
"စောစောကတည်းက ငါ သတိထားမိသင့်တယ်"
ပုံမှန်အားဖြင့် ဝိညာဉ်စွမ်းအင် လုံးဝမရှိသော ဤကြောင်လေးများမှာ သူမ၏ ဖိနှိပ်မှု အောက်တွင် ခြေတစ်လှမ်းပင် လှုပ်ရှားနိုင်မည် မဟုတ်ပေ။
သို့သော် ယခုအခါတွင် ထိုကြောင်များက အမှန်တကယ်ပင် လှုပ်လှုပ်ရွရွ ဖြစ်နေသည်။
အခြေအနေကို ဆက်စပ် တွေးတောရင်း ကျန်းလျှိုယင်းက ဖြစ်နိုင်ခြေ တစ်ခုတည်းကိုသာ တွေးမိခဲ့သည်။
ဤနေရာတွင် သူမထက် ပိုမြင့်မားသည့် နယ်ပယ်တစ်ခုမှ အစွမ်းထက် လူတစ်ဦး ရှိနေလောက်သည်။
ထိုသို့သော လူကသာ သူမ၏ ဖိနှိပ်ထားသော အင်အားအတက်အကျ အပေါ် သက်ရောက်မှု ရှိနိုင်စေပြီး ဆည်အဝကို ရုတ်တရက် ပိတ်ဆို့လိုက်သလိုမျိုး အစကတည်းက အကျိုးသက်ရောက်မှု မဖြစ်အောင် တားဆီးနိုင်မည် ဖြစ်၏။
"ဘယ်သူလဲ"
ကျန်းလျှိုယင်း၏ အကြည့်များက ကြောင်များပေါ်တွင် လျင်မြန်စွာ ပျံ့လွင့်သွားသည်။
တစ်ချိန်တည်းမှာပင် သူမက ၎င်းတို့ထဲမှ ထူးခြားသော အရှိန်အဝါကို ရှာဖွေတွေ့ရှိရန် သူမ၏ ဝိညာဉ်ရေး အာရုံများကို အစွမ်းကုန် အသုံးပြုခဲ့သည်။
ဤအခိုက်အတန့်တွင် ကျန်းလျှိုယင်း၏ ဦးနှောက်က တစ်စုံတစ်ရာကို စဥ်းစားမိလိုက်သည်။
သူမက ဤကြောင်များနှင့် ပတ်သက်၍ တစ်ခုခု ရှိနေသည်ဟု သံသယဝင်လာသည်။
ဥပမာအားဖြင့် သခင်တစ်ဦးဦးက ၎င်းတို့၏ အလယ်သို့ ခိုးဝင်ရန် အသွင်ပြောင်းစွမ်းရည် သို့မဟုတ် ပုံရိပ်ယောင် နည်းပညာကဲ့သို့ တစ်စုံတစ်ရာကို အသုံးပြုထားပုံ ရသည်။
အကယ်၍ ဤအရာသာ အမှန်တကယ် ဖြစ်ခဲ့လျှင် အရှိန်အဝါကို ဂရုတစိုက် ခွဲခြားခြင်းဖြင့် လူကို ရှာတွေ့နိုင်မည် ဖြစ်သည်။
သို့ရာတွင် နယ်ပယ် သိပ်မကွာမှသာ အရှိန်အဝါ ခွဲခြား သတ်မှတ်နိုင်မှုအား အသုံးပြုနိုင်မည် ဖြစ်သည်။
ဝမ်လင်းအနေဖြင့် အချိန်သာ တကယ်ရှိလျှင် ကောင်မလေး နှင့် ခဏလောက် ဖြစ်ဖြစ် အေးအေးဆေးဆေး ကစားနေမည်မှာ သေချာသည်။
သို့သော် ယခုအချိန်က ပုန်းလျှိုးကွယ်လျှိုး နေရမည့် အချိန် မဟုတ်ပေ။
ကမ္ဘာမပျက်ခင် ဆယ်မိနစ်ပဲ ကျန်တော့သည် မဟုတ်လော။
သိပ်မကြာခင် ကျန်းလျှိုယင်း၏ အံ့အားသင့်နေသော အကြည့်အောက်တွင် အဖြူအမည်း ပါရှန်ကြောင်တစ်ကောင်က တည်ငြိမ်စွာ လမ်းလျှောက်လာသည်။
ပါရှန်းကြောင် ထွက်ပေါ်လာသည်နှင့် ကျန်ကြောင်များက အသိစိတ်ရှိရှိ လမ်းဖယ် ပေးလိုက်ကြသည်။
"ငါ့ရဲ့ဖိအားတွေကို အလဟဿ ဖြစ်စေခဲ့တာ ဒီကြောင်လား"
ကျန်းလျှိုယင်း၏ ခေါင်းထဲသို့ အန္တရာယ်ဟူသော အသိ ချက်ချင်း ဝင်ရောက်လာသည်။
သူမက ဝိညာဉ်စွမ်းအင်ကို ထုတ်ဖော်တော့မည့် အချိန်တွင် ပါရှန်းကြောင်က သူမကို ဖိနှိပ်ရန် ပြင်းထန်သော စွမ်းအား တစ်ခုကို ထုတ်လွှတ်လိုက်သည်။
ထို့နောက်တွင် သူမ၏ ဝိညာဉ်စွမ်းအင် စုစည်းမှုက တစ်ဝက်တစ်ပျက်မျှဖြင့် ရပ်တန့်သွားသည်ကို တုန်လှုပ်ဖွယ် သိလိုက်ရသည်။
အမှန်တကယ်ပင် သူမ၏ ဒန်ထျန်က ထိုစွမ်းအားအောက်တွင် နစ်မြုပ်သွားခဲ့သည်။
ထိုထက်မက သူမ၏ တစ်ကိုယ်လုံးက လုံးလုံးလျားလျား ချုပ်နှောင်ခံထားရ၏။
"ပါရှန်းကြောင်... ဒါက ထူးခြားတဲ့ ကြောင်တစ်ကောင်များလား"