အစ်ကိုကြီး၏ မူလရည်ရွယ်ချက်
Vol. 5 Ch. 61
"ကြောင်တစ်ကောင်မှာ ဒီလို ပြင်းထန်တဲ့ ဖိနှိပ်မှု ဘယ်လိုရှိနိုင်မှာလဲ"
ကျန်းလျှိုယင်းက ယခုအခါတွင် လုံးဝ ချုပ်နှောင်ခံထားရသည်။
သူမ၏ အံ့အားသင့်ပြီး ဖြူဖျော့သော အမူအရာက ကြောက်ရွံ့မှုကို သက်သေပြနေသည်။
သူမ ခန္ဓာကိုယ်ကဲ့သို့ပင် သူမ၏ လျှာသည်လည်း ထုံကျင်လာပြီး စကားမပြောနိုင်တော့ပေ။
ဤအခြေအနေမျိုးတွင် သူမက ငရဲကျောက်တုံး၏ တည်နေရာ ရွှေ့ပြောင်းခြင်း အစွမ်းကိုပင် အသုံးမပြုနိုင်တော့ချေ။
ယင်းအခိုက်အတန့်တွင် ကျန်းလျှိုယင်းက အစ်မဖြစ်သူ၏ စကားများကို ပြန်သတိရမိသော်လည်း နောင်တရရန် အချိန်နှောင်းသွားပြီ ဖြစ်၏။
သူမ အစောပိုင်း ကတည်းက ပြန်ဆုတ်သင့်သည် မဟုတ်လော။
တကယ်တမ်းတွင် ဝမ်လင်းက ကျန်းလျှိုယင်းကို ဖိနှိပ်ရန် သူ၏ အရှိန်အဝါနှင့် ဖိနှိပ်မှု စွမ်းအားကို မထုတ်ဖော်ခဲ့ပေ။
မိန်းကလေးက တစ်စုံတစ်ရာ နားလည်မှု လွဲသွားပုံရသည်ဟု ဝမ်လင်း ခံစားလိုက်ရသည်။
အကြောင်းပြချက်မှာ အလွန်ရိုးရှင်းသည်။
ဖိနှိပ်မှုစွမ်းအားကို ထုတ်လွှတ်ခြင်းသည် မဟာတာအို ၃၀၀၀ ထဲမှ စွမ်းရည်တစ်မျိုး ဖြစ်၏။
အကယ်၍ သူသာ ဖိနှိပ်မှု စွမ်းရည်ကို ဤအခြေအနေတွင် ပေါ့ပေါ့ဆဆ ထုတ်သုံးခဲ့လျှင် ဤမိန်းကလေး၏ အသားက ပျော့အိအိ အဖြစ်သို့ တွဲကျသွားလိမ့်မည် မဟုတ်လော။
ထို့အပြင် သူ၏ မိုက်မဲသော အကိုကြီး နှင့် ကြောင်အုပ်စုသည်လည်း ပြာဖြစ်သွားလိမ့်မည်။
အမှန်တကယ်တွင် ဝမ်လင်း၏ သူ့အလိုလို တုံ့ပြန်နိုင်သောခန္ဓာကိုယ်ကြောင့်သာ ကျန်းလျှိုယင်းက သူမ၏ စွမ်းအားကို ထိန်းချုပ်မရခဲ့ခြင်း ဖြစ်၏။
သူ့ခန္ဓာကိုယ်က ဖိနှိပ်လာသော အင်အားထက် နှစ်ဆများသော အင်အားဖြင့် တန်ပြန် သက်ရောက်နိုင်စွမ်း ရှိသည်။
၎င်းက ရုပ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုကို တန်ပြန်သည့် ထိုက်ကျိ သဘောတရားနှင့်လည်း တူညီသည်။
ဥပမာပြရလျှင် အရိပ်လုပ်ကြံသူ အဖွဲ့အစည်းမှ ရှယင်းကို ပြရမည် ဖြစ်သည်။
ထိုအချိန်က ရှယင်းမှာ ဝမ်လင်း၏ ခန္ဓာကိုယ် တုံ့ပြန်မှုကြောင့် အသေဆိုးဖြင့် သေခဲ့ရသည်။
ဝမ်မင်အတွက်မူ ပြန်လည် ခုခံနိုင်စွမ်း မရှိသော ဤမိန်းကလေးမှာ အနည်းငယ် ရယ်စရာ ကောင်းနေပုံရသည်။
ထိုအချိန်တွင် ဝမ်မင်က သူ၏ ကိုယ်ပိုင်ဝိသေသ လက္ခဏာကို ရိပ်စားမိလောက်ပြီဟု ဝမ်လင်းက သိလိုက်သည်။
သဘောကျသည်ဖြစ်စေ.. သဘောမကျသည်ဖြစ်စေ.. သူတို့ နှစ်ယောက်က ဆက်ဆံရေးကောင်းများ မရှိကြသော်လည်း ထူးခြားသည့် အခြေအနေများတွင် အတူတကွ ကောင်းမွန်စွာ ညှိနှိုင်းတတ်ကြသည်။
နံရံကို ဖောက်ခွဲ၍ ဖွင့်လိုက်သည့် အချိန်ကတည်းက ဝမ်လင်းဖြစ်ရမည်ဟု ဝမ်မင်က သိထားပြီးသား ဖြစ်၏။
သူက လက်ပတ်နာရီကို ကြည့်လိုက်သည်။
တာအိုအဆောင် သက်တမ်း ကုန်ဆုံးရန် ဆယ်မိနစ်ပင် မလိုတော့ချေ။
သူက တာအို အဆောင်ကို ထုတ်ယူကာ ဝမ်လင်း၏ လက်မောင်းတွင် သတိကြီးစွာ ရစ်ပတ်ပေးလိုက်သည်။
အဆုံးသတ်တွင် တာအိုအဆောင် စည်းတံဆိပ်ကို ဝမ်လင်း၏ ကိုယ်ပေါ်တွင် တပ်ဆင်နိုင်ခဲ့၏။
ဝမ်လင်းက သူ့ခြေထောက်တွေကို စစ်ဆေးလိုက်သည်။
သူ မျှော်လင့်ထားသလိုပင် တာအိုအဆောင် အသစ်က အဟောင်းထက် များစွာ ပိုအားကောင်းနေသည်။
သူ၏ ခွန်အားကို ပြင်းပြင်းထန်ထန် ထိန်းချုပ်ထားသည်အား ရှင်းရှင်းလင်းလင်း သိနိုင်၏။
တာအိုအဆောင်က သုံးလအကြာတွင် စွမ်းအားများ လျော့ကျ သွားလေ့ ရှိသည်။
ထို့ကြောင့် နောက်သုံးလ အတွင်း ဝမ်လင်းက သူ၏ ရုန့်ရင်းသော စွမ်းအားနှင့် ပတ်သက်ပြီး စိတ်ပူစရာမလိုတော့ပေ။
ရေဒီယို ကျွမ်းဘား အားကစားတွင်လည်း ထိန်းချုပ် ထားစရာမလိုဘဲ ခုန်ပေါက်နိုင်တော့မည် ဖြစ်၏။
ယင်းက သတင်းကောင်း တစ်ခုလည်း ဖြစ်သည်။
ခေါက်ဆွဲကြွပ်ကြော်မုန့် စားရတာထက်ပင် သူ့ကို ပိုပျော်စေသည်။
"ဒီတစ်ခေါက် တာအို အဆောင်ကို ဖန်တီးဖို့ အတွက် လွန်ခဲ့တဲ့ သုံးနှစ်လောက်က ပစ္စည်းတွေကို သန့်စင်ပြီး ပစ္စည်း အသစ်အဆန်းတွေနဲ့ ပေါင်းစည်းထားတယ်.. ဒီတာအိုအဆောင်က ငါးနှစ်လောက်တော့ ခံမယ်လို့ ငါမှန်းထားတယ်.. ဒါက မင်းအတွက် လုံလောက်တဲ့အချိန် ဖြစ်မှာပါ"
ဝမ်လင်းက စိတ်ဖတ်စွမ်းရည်ဖြင့် ရှင်းလင်းစွာ ကြားနိုင်သည်ကို သိသောကြောင့် ဝမ်မင်က ကျယ်လောင်စွာ ပြောမည့်အစား စိတ်ထဲကနေ တဆင့် ဆက်သွယ်၍ ပြောလိုက်သည်။
ပတ်ဝန်းကျင်တွင် ပြင်ပလူတွေ ရှိနေ၍ တာအိုအဆောင်၏ လျှို့ဝှက်ချက်ကို သူတို့ ပေါက်ကြား၍ မဖြစ်ပေ။
တစ်နည်းအားဖြင့် ဝမ်လင်း၏ ထိန်းချုပ်၍ မရနိုင်သော ခွန်အား တိုးတက်မှုများမှာ ဟွာရှို့နိုင်ငံ၏ အစွမ်းထက်ဆုံးသော ဦးနှောက်ဖြစ်သည့် သူ့ကို ကာကွယ်ရန်ထက်ပင် ပို၍ အရေးကြီးသော နိုင်ငံတော် လျှို့ဝှက်ချက် ဖြစ်သည်ဟု ဝမ်မင် ခံစားခဲ့ရသည်။
ဤကိစ္စကို သူက လျှို့ဝှက်ချက်လို သဘောထားသည်။
သူက ဤအကြောင်းများကို အပြင်လူ ပေးမသိဟု ဝမ်လင်း၏ မိဘတွေကို ကတိပေးခဲ့သည်။
သူ့မိဘတွေပင် မသိခဲ့ချေ။
သူသာ ဖော်ထုတ်ခဲ့မည် ဆိုလျှင် နောက်ဆက်တွဲအနေဖြင့် အဆုံးမဲ့စစ်ပွဲများ ဖြစ်လာနိုင်ချေ ရှိသည်။
ဝမ်လင်းက စစ်ယန္တရား အဖြစ် နိုင်ငံတော်၏ သိမ်းယူခြင်းကို ခံရပေလိမ့်မည်။
ထို့ကြောင့် ဝမ်မင်က ဝမ်လင်း၏ ကိစ္စရပ်များကို အလွန် အလေးအနက် ထားပြီး အာရုံစိုက်ခဲ့သည်။
ဝမ်လင်း အတွက် ယခုထက်ပိုပြီး အစွမ်းထက်သည့် တာအိုအဆောင်ကို ဖန်တီးရန် တစ်ချိန်လုံး သုတေသန လုပ်နေရုံတင် မကဘဲ ဤလျှို့ဝှက်ချက်နှင့် ပတ်သက်ပြီး သူ့နှုတ်ခမ်းတွေကို တင်းတင်းကြပ်ကြပ် စေ့ထားခဲ့သည်။
ဝမ်လင်းအနေဖြင့်လည်း အနည်းဆုံးတော့ သူနှင့် ဝမ်မင်က ဤကိစ္စအပေါ် စိတ်သဘောထားချင်း တူညီသည်ဟု တွေးမိခဲ့သည်။
သူ့ဆန္ဒက ကမ္ဘာကြီး ငြိမ်းချမ်းဖို့ ဖြစ်၏။
ယင်းမှာ ဝမ်မင်၏ ဆန္ဒနှင့် အတူတူပင်။
မလှုပ်မယှက်ဖြစ်နေသော ကျန်းလျှိုယင်းကို ကြည့်ရင်း ဝမ်မင်က ခေါင်းလှည့်၍ ဝမ်လင်းကို မေးလိုက်သည်။
"ဒီအလှလေးကို ငါတို့ ဘာလုပ်သင့်လဲ"
ဝမ်လင်းက မျက်ခုံးပင့်လိုက်သည်။
တခြား ဘာလုပ်နိုင်မည်နည်း။
သူမကို နိုင်ငံတော် လက်ထဲသို့ အပ်လိုက်သည်ကသာ အကောင်းမွန်ဆုံး ဆုံးဖြတ်ချက် ဖြစ်သည် မဟုတ်လော။
သူ့အနေဖြင့် အစကတည်းက သူမကို သတ်ပစ်ဖို့ ရည်ရွယ်ချက် မရှိခဲ့ပေ။
အဘယ်ကြောင့်ဆိုသော် နိမ့်ကျသည့် လုပ်ကြံရေးသမား တစ်ယောက်က သူ့အတွက် တန်ဖိုးမရှိ၍ ဖြစ်၏။
အကယ်၍သာ သူမကို ကျင့်ကြံခြင်း ရဲများထံ အပ်လိုက်လျှင်အရိပ်အဖွဲ့အစည်းကို စုံစမ်းစစ်ဆေးမှုက သိသိသာသာ အရှိန်မြင့်သွားလိမ့်မည် မဟုတ်ပါလား။
လူသတ်သမား တစ်ယောက်ကို ချေမှုန်းလိုက်လျှင်ပင် ထောင်သောင်းချီသည့် တခြားသူတွေက ရှိနေတုန်းပင်။
ထို့ကြောင့် နိုင်ငံတကာက အလိုရှိနေသည့် အဖွဲ့အစည်း တစ်ခုကို အရင်းအမြစ်မှ ဖယ်ရှားနိုင်စေရန် ကျင့်ကြံခြင်းရဲများကို ကူညီပေးသင့်သည် မဟုတ်လော။
ယင်းမှာ ကျင့်ကြံခြင်း၏ အဓိက တန်ဖိုးများကို လက်ကိုင်ထားသော စံပြနိုင်ငံသား တစ်ဦး၏ အခြေခံအရည်အသွေးလည်း ဖြစ်သည်။
ဝမ်လင်းက ဤလုပ်ရပ် အတွက် အရိပ်အဖွဲ့ကို အကြွေးတောင်းရန် အစီအစဉ် မရှိပေ။
အဆုံးသတ်တွင် သူက ဤအရှုပ်အထွေးကို ဖြေရှင်းရန် ဟွာရှို့နိုင်ငံ၏ စွမ်းအားအရှိဆုံး ဦးနှောက်ကိုသာ လိုအပ်မည် ဖြစ်သည်။
ဝမ်မင်က အရိပ်အဖွဲ့ ခိုးယူသွားသော ငရဲကျောက်တုံးကို ပြန်လည်ရယူရန် ကျန်းလျှိုယင်း၏ အိတ်ကပ် အားလုံးကို ရှာဖွေလိုက်သည်။
သူမ၏ မလှုပ်မယှက် ပုံစံက နေကြာပန်း အပ်စိုက် စွမ်းရည်ကြောင့် အကြောဆိုင်းနေသည်နှင့် တူနေသည်။
ဝမ်မင်က သူမကို လက်ညှိုးထိုးပြပြီး စိတ်ထဲကနေ သက်ပြင်းချကာ ပြောလိုက်သည်။
"သူ့ကို ကြိုးတုပ်ထားလိုက်"
ဝမ်လင်းက ခဏလောက် စဉ်းစားပြီးနောက် ဝမ်မင် ပြောသည့်အတိုင်း လုပ်ဆောင်ရန် ကျန့်ထန်တို့ကို အမိန့်ပေးလိုက်သည်။
ဝမ်လင်းက သူ့အစ်ကိုနှင့် တစ်ကျိတ်တည်း တစ်ဉာဏ်တည်း ဖြစ်နေသည်ဟု ပထမဆုံး အကြိမ် ခံစားခဲ့ရသည်။
…................
ကြောင်တပ်မဟာက တပ်ဆုတ်သွားပြီး ကျန့်ထန်၊တာပေါင်း၊ဘုန်းကြီးနှင့် အခြား ကြောင်တချို့သာ အားကစားရုံ တံခါးနားတွင် ကျန်ရစ်ခဲ့သည်။
ကျန်းလျှိုယင်းကမူ ကောက်ညှင်းထုပ်လို ချည်နှောင် ခံထားရသည်။
ကျန့်ထန်က ဝမ်လင်း၏ အဖြူရောင် လက်သည်းလေးကို ဆုပ်ကိုင်လိုက်ပြီး မျက်ဝန်းထဲတွင် မျက်ရည်စများ ရစ်ဝဲလာသည်။
"ဒီတစ်ခေါက် အင်မော်တယ်ကြောင်နဲ့ တွဲပြီး စစ်ဆင်ရေး လုပ်ရတာ အံ့သြစရာ အတွေ့အကြုံပဲ.. စိတ်မပူပါနဲ့ အင်မော်တယ်ကြောင်.. ကျနော့်ရဲ့ အင်ဂျင်နီယာ အဖွဲ့က ဒီအပေါက်ကို ပြုပြင်ဖို့ အမြန်ဆုံး လုပ်ဆောင်လိုက်ပါ့မယ်"
ဝမ်လင်း "..............."
ကျန့်ထန်၏ အခြေစိုက်စခန်းတွင် တွေ့ခဲ့ရတဲ့ အဖြူရောင် ဝတ်စုံ ဝတ်ဆင်ထားသည့် ကြောင်သုတေသန ပညာရှင်တွေကို ပြန်အမှတ်ရသွားသည်။
ဤသုတေသန အဖွဲ့က နှစ်နှစ်သုံးနှစ် အတွင်း ရီတာလီအမြောက်ကို ဖန်တီးနိုင်ခဲ့လျှင်ပင် သူ အံ့သြမိမည် မဟုတ်ချေ။
ဝမ်လင်းက ဘာမှပြန်မပြောဘဲ ကျန့်ထန်နှင့် အခြားကြောင်များကို လက်ပြ နှုတ်ဆက်လိုက်ပြီး သူ၏ အံ့အားသင့်မှုများကို နှလုံးသားထဲတွင်သာ ဖုံးကွယ်ထားလိုက်သည်။
လေလွင့်ကြောင်များက အင်မော်တယ်ကြောင်နှင့် ခွဲခွာရတော့မည် ဖြစ်၍ ကြေကွဲနေကြသည်။
၎င်းတို့က ဝမ်လင်း ပျောက်ကွယ်သွားသည် အထိ မျက်စိတဆုံး လိုက်ကြည့်နေကြပြီး ၎င်းတို့၏ ခြေထောက်များကို ဝှေ့ယမ်း၍ နှုတ်ဆက်လိုက်ကြသည်။
အင်မော်တယ်ကြောင်နှင့် အတူ တိုက်ပွဲဝင်ခွင့်ရသည်က ကြောင်သမိုင်းတွင် မှတ်တမ်းတင် ခံရထိုက်သည်ဟု တွေးကာ ကျန့်ထန်က ဂုဏ်ယူနေမိသည်။
ဤတစ်ခေါက် ကျန့်ထန်၏ အကူအညီသာ မရခဲ့လျှင် မည်သို့သော အကျိုးဆက်များ ဖြစ်လာနိုင်သည်ကို မည်သူမှ မသိနိုင်ပေ။
ဝမ်လင်းက ရုတ်တရက် သူတို့ အနားသို့ ချဥ်းကပ်လာသည့် အရှိန်အဝါကို သတိပြုမိလိုက်သည်။
ယင်းက ဆရာဝမ်၏ အရှိန်အဝါ ဖြစ်သည်။
ဝမ်လင်းက သူ၏ ဝိညာဉ်အာရုံများကို ဖြန့်ကျက်လိုက်ရာ ဤနေရာနှင့် သိပ်မဝေးသော နေရာတွင် ဆရာဝမ်နှင့် ဒါရိုက်တာရှဲ့တို့ လက်ချင်းချိတ်ကာ လမ်းလျှောက်ရင်း နီးကပ်လာသည်ကို သဘောပေါက်လိုက်သည်။
ဝမ်မင်က ရုတ်တရက် ဆရာဝမ်တို့ကို မြင်လိုက်သောကြောင့်အံ့အားသင့်သွားသော်လည်း လျင်မြန်စွာ ပြုံးကာ သူတို့ထံသို့ လျှောက်လာခဲ့သည်။
"မင်္ဂလာပါ ဆရာတို့"
ဤအချိန်က သူ၏ သရုပ်ဆောင် စွမ်းရည်ကို ပြသရမည့် အချိန် မဟုတ်လော။
ဒါရိုက်တာရှဲ့ "ကျောင်းသား မိသားစုဝင် တစ်ယောက်က ဒီအချိန်ကြီး ဘာလို့ ဒီမှာ ရှိနေရတာလဲ.."
ထူးဆန်းသည်မှာ မနက်ဖြန်တွင် ကျင်းပမည့် ဝိညာဥ်ဓားဖလှယ်ပွဲ ချောမွေ့စွာ ပြီးဆုံးစေရန် အတွက် ပြဿနာရှိသောရေပြင်တွင် ငါးဖမ်း သလို အုပ်ထိန်းသူများ အဖြစ် အသွင်ယူထားနိုင်သည့် ရာဇ၀တ်ကောင်များကို တားဆီးရန် အတန်းချိန်ပြီးသည်နှင့် ကျောင်းသားများကို စာသင်ခန်းထဲတွင် ထားရန် ခွင့်မပြုကြောင်း တာဝန်ခံ ဆရာ၊ ဆရာမ အားလုံးကို အကြောင်းကြားခဲ့သည်။
(ပြဿနာရှိသော ရေတွင် ငါးဖမ်းခြင်း= ကိုယ်ကျိုးစီးပွားအတွက် သူတပါး အကျပ်အတည်းကို အခွင့်ကောင်းယူသည်ဟု ဆိုလို)
ထို့ကြောင့် ဆရာဝမ်နှင့် ဒါရိုက်တာရှဲ့ တို့က ဝမ်မင်ကို ချက်ချင်း သတိထားမိခဲ့ကြသည်။
ဤအရာက အထူးဆန်းဆုံး အရာ မဟုတ်သေးပေ။
အထူးဆန်းဆုံးမှာ ထိုလူငယ် ဘေးတွင် သတိလစ်နေသော မိန်းကလေး တစ်ယောက်ကို ကောက်ညင်းထုပ်လို ချည်နှောင်ထားသည်အား တွေ့လိုက်ရခြင်းပင်။
ဒါက Cosplay သို့မဟုတ် ကျွန်ပြု ကစားခြင်းလော။
(Cosplay= ကာတွန်း ၊ ဗီဒီယိုဂိမ်း၊ ရုပ်ရှင်များမှ ဇာတ်ကောင်များအတိုင်း ဝတ်ဆင်၍ ဖျော်ဖြေရသည့် အနုပညာတစ်ခု)
"မင်းက ဘယ်သူလဲ"
"ကျွန်တော်က ဝမ်လင်းရဲ့ အစ်ကို ဝမ်ရှောင်အာပါ.. ဝမ်လင်းကို ရှာဖို့ ဒီကိုရောက်နေတာပါ"
ဝမ်မင်က သူ၏ ID ကတ်ကို ထုတ်ပြလိုက်သည်။
"အိုး.. ဝမ်လင်းရဲ့ အစ်ကိုကြီးလား"
ဆရာဝမ်က ID ကတ်ကို စစ်ဆေးပြီး ဝမ်မင်၏ အထောက်အထားကို အတည်ပြုပြီးနောက် ဒါရိုက်တာရှဲ့ဘက်သို့ လှည့်၍ ရှင်းပြလိုက်သည်။
"သူက ကျောင်းသားဝမ်လင်းရဲ့ အကိုပါ.. ဝိညာဥ်ဓား ဖလှယ်ပွဲအတွက် ဒီကို ရောက်လာတာလေ"
"အိုး.. ကျမ သဘောပေါက်ပြီ"
ဆရာဝမ်၏ ရှင်းပြချက်ကို ကြားလျှင် ဒါရိုက်တာရှဲ့က သူမ၏ မသင်္ကာစိတ်ကို လျော့ချလိုက်သည်။
"ဒါနဲ့ ဒီအချိန်ကြီး ဒီမှာ ဘာလုပ်နေတာလဲ"
"ပထမ ငါ့ရဲ့ ရည်ရွယ်ချက်က ဝမ်လင်းကို ရှာဖို့ပဲ.. ဒါပေမဲ့ သူ့ကို ရှာမတွေ့ခင်မှာ အရိပ်အဖွဲ့က ရွှေရောင် ဖဲပြားအဆင့် လုပ်ကြံသတ်ဖြတ်သူနဲ့ ထိပ်တိုက် ဆုံခဲ့တယ်.. သူမကို ဆုံးမရင်း ငါ့ရဲ့ အချိန်တချို့ကို ဖြုန်းတီးခဲ့ရတယ်"
ဝမ်မင်က မြေပြင်ပေါ်ရှိ "ကောက်ညင်းထုပ် လက်သစ်"ကို လက်ညှိုးထိုးပြလိုက်သည်။
"အရိပ်အဖွဲ့က ရွှေရောင် ဖဲပြားအဆင့် လုပ်ကြံသတ်ဖြတ်သူ..."
ဒါရိုက်တာရှဲ့က အံသြသွားသည်။
လုပ်ကြံသတ်ဖြတ်သူ တစ်ဦးက မည်သူမှ သတိမပြုမိဘဲ ကျောင်းထဲသို့ ဝင်သွားခဲ့သည်။
ယင်းက လေးနက်သည့် ကိစ္စတစ်ခု ဖြစ်သည်။
"ဒီမိန်းကလေးက အရိပ်အဖွဲ့ရဲ့ လုပ်ကြံသူ ဆိုတာ သက်သေရှိလား"
ဒါရိုက်တာရှဲ့က သံသယရှိနေဆဲ ဖြစ်သလို ဆရာဝမ်တွင်လည်း သံသယအချို့ ရှိနေသည်။
သူစိမ်းတစ်ယောက်၏ စကားကို လုံးလုံး ယုံကြည်နေစရာ အကြောင်း မရှိချေ။
"ဆရာနှစ်ယောက်က ငါ့စကားကို မယုံရင် ဒီမိန်းကလေးရဲ့ လက်မောင်းနားက ဖဲကြိုးကို ကြည့်ပြီး အမှန်တရားကို ကိုယ်တိုင်ကိုယ်ကျ စစ်ဆေးကြည့်လိုက်ပါ"
ကျန့်ထန်က ကျန်းလျှိုယင်းကို ကြိုးနှင့် ချည်တုန်းက ဝမ်မင်က သူမ၏ လက်မောင်းကို သတိပြုမိခဲ့သည်။
အရိပ်အဖွဲ့၏ ဖဲပြားက အထူးပစ္စည်း တစ်ခုဖြင့် ပြုလုပ်ထား၏။
ကျန်းလျှိုယင်း လက်မောင်းရှိ ရွှေရောင်ဖဲပြားက လူသတ်သမား၏ အထောက်အထား အစစ်အမှန်ကို တိုက်ရိုက် သက်သေပြနေသည်။
ကောင်မလေး၏ လက်မောင်းပေါ်မှ ဖဲပြားကို စစ်ဆေးကြည့်ရင်း ဆရာဝမ်၏ စိတ်ထဲတွင် အလွန် တုန်လှုပ်သွားသည်။
ရွှေရောင်ဖဲပြား အဆင့် လူသတ်သမား အစစ်ပါလား...
သူက လုပ်ကြံရေး လောကနှင့် ပတ်သက်သည့် အရာများကို ထူးထူးခြားခြား အာရုံခံစားတတ်သူ ဖြစ်သည်။
ထို့အပြင် ကောက်ညင်းထုပ်လို ချည်ထားခံရသော်လည်း ဖုံးကွယ်၍ မရနိုင်လောက်အောင် ကြီးမားနေသော ရင်-သားများ ပိုင်ဆိုင်ထားသည့် မိန်းကလေးကို ကြည့်ရင်း ဆရာဝမ်က တွေးမိသည်။
ဤလုပ်ကြံသူ မိန်းကလေးက ဒဏ္ဍာရီလာ အရိပ်အဖွဲ့အစည်း၏ အမှုဆောင်တစ်ဦး ဖြစ်နိုင်ပါမည်လော။