← Chapters

ကျနော်၏ မိုက်မဲသော အကိုကြီး

Vol. 5 Ch. 62

ကျနော်၏ မိုက်မဲသော အကိုကြီး

Vol. 5 Ch. 62

ဖြစ်နိုင်ခြေ အားလုံးကို စဥ်းစားကြည့်လျှင် သူမက ရင်သား ၃၆ဆိုဒ် ရှိသည့် ဒဏ္ဍာရီလာ အရိပ်လုပ်ကြံသူ အဖွဲ့အစည်း၏ ခေါင်းဆောင်ပင် ဖြစ်နေလောက်သည်။

သူမကို စစ်ဆေး မေးမြန်းရန် အတွက် ဖမ်းဆီးသွားပြီး ဝမ်မင်က သက်သေအဖြစ် လိုက်သွားရမည် ဖြစ်သည်။

ကျန်းလျှိုရင်းက ဝမ်မင် ကိုယ်တိုင် ဖမ်းလာသော တရားခံဖြစ်၍ ရဲစခန်းတွင် အဖြစ်အပျက်များကို ရှင်းပြပေးရန် လိုအပ်သည် မဟုတ်ပါလား။

ဆရာဝမ်နှင့် ဒါရိုက်တာရှဲ့က ဝမ်မင်ဆီသို့ ရောက်လာသည်။

ဒါရိုက်တာရှဲ့က ဆရာဝမ်၏ လက်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားသည်။

"လူဆိုးလူမိုက်တွေရဲ့ အစီအစဥ်တွေ လွဲချော်ကုန်တာ ဆရာလေးဝမ်ရဲ့ ကျေးဇူးကြောင့်ပဲ.. မဟုတ်ရင် ဘယ်လိုအကျိုးဆက်တွေ ဖြစ်လာနိုင်မလည်း ဆိုတာ ဘယ်သူမှ သိနိုင်မှာ မဟုတ်ဘူး"

"ဒါရိုက်တာရှဲ့.. မင်းက ငါ့ကို မြှောက်နေပြန်ပါပြီ..ငါက လုပ်သင့်တာကို လုပ်လိုက်တာပါ.. တရားမျှတမှုကို လက်ကိုင်ထားရမှာက ကျင့်ကြံသူတွေရဲ့ ကိုယ်ကျင့်တရားပဲ မဟုတ်လား"

"ဒါပေမယ့် ငါ အရမ်းသိချင်နေတယ်.. ဆရာလေးဝမ်ရဲ့ ဝိညာဉ်စွမ်းအင်ကို ဘာလို့ အရိပ်အမြွက်တောင် ခံစားလို့မရတာလဲ.. ဆရာလေးဝမ်.. နင့်မှာ အရှိန်အဝါကို ဖုံးကွယ်တဲ့ မှော်ရတနာ တစ်ခုခုများ ရှိနေလို့လား"

"မှော်ရတနာ တစ်ခုခု ဟုတ်လား.. ငါ့ရဲ့ အဆင့်က မှော်ရတနာ တစ်ခုခု လိုအပ်လို့လား"

ဝမ်မင်က လျှို့ဝှက်နက်နဲစွာ ပြုံးလိုက်ပြီး ခေါင်းကို ခါယမ်းလိုက်သည်။

ဝမ်မင်၏ စကားက ဒါရိုက်တာရှဲ့နှင့် ဆရာဝမ်တို့ကို ချက်ချင်းဆိုသလို လန့်ဖြန့်စေခဲ့သည်။

အကယ်၍ ဤလူငယ်သာ အရှိန်အဝါကို မှော်ရတနာဖြင့် ဖုံးကွယ်မထားလျှင် သူတို့ထက် အလွန်မြင့်မားသည့် နယ်ပယ်တွင် ရှိနေသည်ဟု ကောက်ချက်ချရန်သာ ကျန်တော့သည် မဟုတ်ပါလော။

ဆရာဝမ်က သက်ပြင်းကိုပင် မချနိုင်တော့ပေ။

"ဆရာလေးဝမ်က ငယ်ငယ်ရွယ်ရွယ်နဲ့ လျှို့ဝှက်နက်နဲတဲ့ စွမ်းအားတွေ ရှိလိမ့်မယ်လို့ ဘယ်သူက ထင်မိမှာလဲ.. ငါ မင်းကို တကယ်ပဲ လေးစားမိတယ်"

ဝမ်လင်း "............."

ဝမ်လင်း "မင်း သူတို့ကို လှည့်စားရတာ ပျော်နေတယ် မဟုတ်လား"

"ဒါ ဆရာလေးဝမ်ရဲ့ ကြောင်လား.. ဆရာလေးဝမ် နောက်ကို တကောက်ကောက် လိုက်နေတယ်နော်"

သူတို့ စကားပြောနေစဥ် ဒါရိုက်တာရှဲ့က ဝမ်လင်းကို သတိထားမိလိုက်သည်။

ဝမ်လင်းက လုပ်ကြံသူ လမ်းတစ်ဝက်တွင် သတိရလာမည်ကို စိုးရိမ်၍ ဝမ်မင်နောက်သို့ လိုက်လာခဲ့ခြင်း ဖြစ်သည်။

ပိုပြီး သေချာအောင် သူမကို ကောက်ညင်းထုပ်လို ထပ်စည်းရမလားဟုပင် အစောပိုင်းက တွေးနေခဲ့သေးသည်။

ဝမ်မင်က လုပ်ကြံသူကို ရဲလက်ထဲ အပ်ပြီးမှသာ သူသက်ပြင်းချနိုင်မည် ဖြစ်၏။

ဝမ်မင်က ဝမ်လင်းထံ မသွားခင် ခွင့်နှစ်ရက် တောင်းခံခဲ့သည်။

သို့သော် ခွင့်ပြုချက်မရ၍ သုတေသနဌာနမှ ခိုးထွက်လာခဲ့၏။

ထို့ကြောင့် ဟွာရှို့အစိုးရက ဝမ်မင်ကို ကာကွယ်ရန် သက်တော်စောင့် မထည့်ပေးလိုက်ရချေ။

ဤနေရာ၌ အစွမ်းအထက်ဆုံး ဦးနှောက်သာ တစ်ခုခုဖြစ်ခဲ့လျှင် ဟွာရှို့အစိုးရ အနေဖြင့် မည်မျှ အထိတ်တလန့် ဖြစ်မည်ကို ဝမ်လင်း စိတ်ပင် မကူးရဲချေ။

ထိုသို့ဖြစ်လာလျှင် အမှတ်၅၉ အထက်တန်းကျောင်းနှင့် အမှတ်၆၀ အထက်တန်းကျောင်း တို့က စေ့စေ့စပ်စပ် စုံစမ်းစစ်ဆေးခံရမည်မှာ မလွှဲဧကန် ဖြစ်သည်။

ဝမ်မင်၏ လျှို့ဝှက် အထောက်အထား အတွက် ဘယ်အရာကမှ အတားအဆီး ဖြစ်နိုင်မည် မဟုတ်ချေ။

ဝန်ခံလိုစိတ် မရှိသော်လည်း ဝမ်လင်းက ယခုအခါတွင် သူ၏ မိုက်မဲသော အကိုဖြစ်သူနှင့် တစ်လှေတည်းစီးဟု ဆိုရမည်။

ဝမ်လင်းက ဝမ်မင်၏ လုံခြုံရေးကို သေချာစေရန် ရဲများ ရောက်ရှိလာချိန် အထိ သူ့နောက်သို့ လိုက်ပါ စောင့်ရှောက်ပေးရန် ဆုံးဖြတ်ခဲ့၏။

ဤကဲ့သို့ အချိန်တွင် ဒါရိုက်တာရှဲ့က သူ့ကို ရုတ်တရက် သတိထားမိလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။

တစ်ချို့သော လူများ၏ "မိုက်မဲမှု"က သူတို့၏ ဉာဏ်ရည်နှင့် စိတ်ခံစားချက် ပေါ်တွင် ထင်ဟပ်နေသော်လည်း ဝမ်မင်၏ "မိုက်မဲမှု"ကမူ အမျိုးသမီးများ အထင်ကြီးအောင် လုပ်ဆောင်ခြင်း၊ ကျင့်ကြံသူအဖြစ် ဟန်ဆောင်ခြင်းများ အပြင် နေ့စဉ်ဘ၀၏ အသေးစိတ် အချက်အလက်များ အပေါ်၌ ထင်ဟပ် နေသည်။

သို့သော် ၎င်းတို့နှင့် မတူညီသော အချက်မှာ ဝမ်မင်က အရေးပေါ် အခြေအနေများတွင် လျင်မြန်စွာ တုံ့ပြန်နိုင်စွမ်း ရှိသည်။

"ဒါရိုက်တာရှဲ့က ဒီကြောင်ကို ပြောတာလား... ဒီကြောင် ငါ့နောက်ကို တကောက်ကောက် လိုက်နေတာ ငါ့မှာ ဆွဲဆောင်မှုတစ်ခုခု ရှိလို့ နေမှာပေါ့"

ဝမ်လင်း".............."

ဝမ်လင်း "မင်းရဲ့ဖင်ပဲ ဆွဲဆောင်မှုရှိ..."

ဒါရိုက်တာရှဲ့က ဝမ်လင်းကို ရည်ရွယ်၍ ပြောတာကို ကြားလျှင် ဝမ်မင်က အနည်းငယ် ကောက်ကျစ်စွာ ပြုံးလိုက်သည်။

ထို့နောက် သူက ခါးကို ကိုင်း၍ ဝမ်လင်းကို ကောက်ယူလိုက်သည်။

"ဆွေမရှိ မျိုးမရှိ အိမ်ရာမဲ့ ကြောင်လေး.. မင်းရဲ့ မိုက်မဲတဲ့ ခေါင်းကို မော့ထားစမ်း"

ဝမ်လင်း ".............."

ဝမ်လင်းက ငမိုက်သား ဝမ်မင် သူ့ကို ကိုယ်ထိလက်ရောက် နှိပ်စက်ခွင့် ရသည်မှာ ဤတစ်ခေါက်က ပထမဆုံး အကြိမ်ဟု သဘောပေါက်သွားသည်။

"နင့်-မေ-သောက်-ဖုတ်.."

"မင်းစောင့်နေလိုက်"

…......................

ကျန်းလျှိုယင်းကို ကျင့်ကြံခြင်း ရဲကား နောက်ဘက်ရှိ ထောင်လှောင်အိမ်တွင် လုံခြုံအောင်ထားပြီး ရဲမေ နှစ်ဦးက စောင့်ကြပ်ထားသည်။

ဝမ်မင်က နောက်ခန်းတွင် တည်ငြိမ်စွာဖြင့် လိုက်ပါလာသည်။

သူ၏ တစ်ဖက်တစ်ချက်စီတွင် ရဲတစ်ဦးစီ ထိုင်နေကြ၏။

ဝမ်မင်၏ ကိုယ်ရည်ကိုယ်သွေး အရ ဤဂုဏ်ကျက်သရေကို မတောင်းဆိုမည်မှာ သေချာသည်။

အဘယ်ကြောင့်ဆိုသော် သူက ဝမ်မင် မဟုတ်ဘဲ ဝမ်ရှောင်အာ ဝိသေသ လက္ခဏာကို အသုံးပြုထားသောကြောင့် ဖြစ်သည်။

ထို့ကြောင့် သူက ဤကိစ္စတွင် တစ်စုံတစ်ရာ ပြီးမြောက် အောင်မြင်သည်ဟု မခံစားရပေ။

ဤတစ်ခေါက် လုပ်ငန်းစဥ်တွင် ဝမ်မင်ကို စိတ်ကျေနပ်စေသည့် တစ်ခုတည်းသော အရာမှာ ဆရာဝမ်နှင့် ဒါရိုက်တာရှဲ့တို့ကို ကျင့်ကြံသူ အဖြစ် အမှန်အကန် လှည့်စားနိုင်ခဲ့ခြင်းပင် ဖြစ်၏။

ဝမ်မင်က ဤတစ်ကြိမ်တွင် ဝမ်လင်းကို စိန်ခေါ်ရန် အခွင့်အရေး မရခဲ့သော်လည်း ဝမ်လင်း အတွက် အကြိမ်၁၀၀မြောက် အခက်အခဲကို ဖန်တီးခဲ့သည်။

ဤခရီးစဥ်က အကျိုးမရှိဟု သူခံစားခဲ့ရသည်။

လမ်းတွင် ဝမ်မင်က အလုပ်ဆင်းခါနီး ရဲနှစ်ယောက်၏ မှုန်ကုပ်ကုပ် မျက်နှာကို အကဲခတ်သလို ကြည့်လိုက်သည်။

ဤတစ်ကြိမ် ငါးကြီးကြီး တစ်ကောင်ကို ဖမ်းမိသောကြောင့် ရဲနှစ်ဦးက အချိန်ပို ဆင်းရတော့မည်မှာ သေချာနေသည်။

ထို့ကြောင့် သူတို့၏ စိတ်ခံစားချက်များက အလွန် ဆိုးရွားနေခဲ့သည်။

ရဲနှစ်ယောက်က ဝမ်မင်ကို စိတ်မရှည်သလို ကြည့်လိုက်သည်။

ဤလူကြောင့်သာ မဟုတ်လျှင် သူတို့က အိမ်ပြန်၍ အေးအေးဆေးဆေး နားနေလောက်ပြီ မဟုတ်လော။

"ဆရာလေးဝမ်.. ကျေးဇူးပြုပြီး မင်းရဲ့ ID ကတ်ကို ပြပေးလို့ရမလား.. အချိန်ကုန် သက်သာဖို့ အတွက် အခုထဲက မှတ်ချက်ရေးထားလိုက်ပါ့မယ်"

ဝမ်မင်က နာခံစွာဖြင့် သူ၏ ID ကဒ်ကို ထုတ်ပြလိုက်သည်။

ကတ်ပေါ်မှ နာမည်နှင့် မွေးရပ်မြေကို မြင်လိုက်ရလျှင် ရဲနှစ်ဦး ထိတ်လန့်သွားသည်။

ယွင်တင်း ကောင်းကင်ဘုံနန်းတော်ရှိ ရှန့်ရှရွှေကဲ၊ ထျန်းပမြို့၊ ဟွာရှို့နိုင်ငံ...

"ထျန်းပမြို့မှာ တည်ရှိတဲ့ ယွင်တင်း ကောင်းကင်ဘုံ နန်းတော်က ဘယ်လိုနေရာမျိုးလဲ..."

ရဲနှစ်ယောက်က ကတ်ပေါ်မှ မွေးရပ်မြေနေရာကို ကြည့်ကာ ခဏမျှ မှင်တက်သွားပြီးနောက် ဝမ်မင်ကို ဗိုက်နာနေသလိုမျိုး ရှုံ့မဲ့သည့် အမူအရာဖြင့် ကြည့်လိုက်သည်။

"ဆရာလေးဝမ်.. အခုက နောက်နေရမဲ့ အချိန်မဟုတ်ဘူးနော်"

"ရဲဘော်.. ID ကတ်ကို ကြည့်ရုံနဲ့ အတုလို့ မင်း တကယ် ပြောနိုင်လို့လား"

"ဆရာလေးဝမ်.. ID ကတ် အတုသုံးရင် လက်ဖက်ရည် ၂ ခွက် ယူလာရမယ်ဆိုတာ သိတယ်မလား"

"အိုး... ဖူအန်း လက်ဖက်ရည်လား ဒါမှမဟုတ် လုံကျင်း လက်ဖက်ရည်လား.. နှစ်ခွက်ထက်ပိုရင် ပိုတောင် ကောင်းသေးတယ်"

"................"

ယနေ့အချိန်ပို အလုပ်ဆင်းနေရသောကြောင့် ရဲတပ်ဖွဲ့ဝင် နှစ်ဦးမှာ စိတ်မကြည်နေကြပေ။

ယခု ဝမ်မင်က သူတို့ကို IDကတ်အတုဖြင့် ဆော့ကစားနေသည်ဟု ထင်ကာ ရဲနှစ်ယောက်ထဲမှ တစ်ယောက်က ဝမ်မင်ကို စိုက်ကြည့်၍ ပြောလိုက်သည်။

"ဒါဆို စမ်းကြည့်ရအောင်.. မင်းရဲ့ ID ကတ်က အတုဖြစ်နေရင် ငါ မင်းရဲ့ ကတ်အစစ်ကို ရှာပြီး ဆယ့်ငါးရက် ပိတ်ပစ်မယ်"

"မင်းဆန္ဒရှိတဲ့အတိုင်း ကြိုက်သလိုလုပ်"

ဝမ်မင်က ကြောက်ရွံ့မနေဘဲ ပခုံးတွန့်ပြလိုက်သည်။

ထို့နောက် နှစ်မိနစ်ခန့် အကြာတွင် ကားပေါ်ရှိ ရဲတပ်ဖွဲ့ဝင် နှစ်ဦးမှာ စကင်ဖတ်သည့် စက်မှ ထုတ်ပေးသော အတည်ပြုစာရင်းကို ရရှိခဲသည်။

ဝမ်မင်၏ ထူးထူးဆန်းဆန်း စရိုက် လဏ္ခာဏာနှင့် ကိုယ်ရေးအကျဥ်းကို ဆန်းစစ်ပြီးနောက် ရဲနှစ်ဦးက

"အထက်ပါ အချက်အလက်များကို ဟွာရှို့နိုင်ငံ၏ အမျိုးသား ကျင့်ကြံခြင်း ရဲဌာနမှ အတည်ပြု စစ်ဆေးပြီး" ဟူသော စာကြောင်းကို စိုက်ကြည့်ကာ အတွေးပင်လယ် ထဲတွင် နစ်မြုပ်သွားတော့သည်။

….................

ဝမ်မင်ကို ရဲစခန်းသို့ ခေါ်ဆောင်သွားပြီးနောက် နာရီဝက်ခန့် အကြာတွင် ကမ္ဘာပေါ်၌ အကန့်အသတ် ထုတ်ထားသော အနက်ရောင် တိုက်ခိုက်ရေး ယာဥ်တစ်စင်းက ကျင့်ကြံခြင်း ရဲဌာန၏ ပင်မဝင်ပေါက် အပြင်ဘက်တွင် ရပ်တန့်သွားခဲ့သည်။

အဖြူရောင်ဝတ်စုံကို ၀တ်ဆင်ထားသည့် သိပ္ပံသုတေသီ နှစ်ဦးက ကားပေါ်မှ အလျင်အမြန် ဆင်းကာ ရဲစခန်း ထဲသို့ ပြေးဝင်သွားခဲ့သည်။

ငါးမိနစ်ခန့် အကြာတွင် သူတို့က ဝမ်မင်နှင့်အတူ ရဲစခန်းထဲမှ ပြန်ထွက်လာခဲ့ကြသည်။

ဝမ်မင်၏ ထွက်ဆိုချက်ကို ရယူရန် IDကတ် စစ်ဆေးခဲ့သည့် တာဝန်ရှိ ရဲနှစ်ဦးက ဝမ်မင်ကို တံခါးဝထိ လိုက်ပို့ပေးခဲ့သည်။

သူတို့၏ ရဲချုပ်က ဝမ်မင်ကို တောင်းပန်ပြီး ပြုံးရွှင်စွာ နှုတ်ဆက်နေသည်ကို မြင်လျှင် ထိုရဲနှစ်ဦး အံ့သြသွားခဲ့သည်။

ရဲချုပ်က ဤလူငယ်ကို အမှန်တကယ် ကိုယ်တိုင်ကိုယ်ကျ လာရောက် တွေ့ဆုံနေ၏။

ရဲတပ်ဖွဲ့ဝင် နှစ်ဦး အံသြသွားခဲ့သည်။

"ဒီလူငယ်က ဘယ်သူလဲ.. IDကတ်ထဲကလိုပဲ ယွင်တင်းကောင်းကင်ဘုံ နန်းတော်ဆိုတဲ့ နေရာကလား"

အနက်ရောင် တိုက်ခိုက်ရေးယာဉ် မောင်းထွက်သွားပြီးနောက်တွင် ရဲချုပ်က သက်ပြင်းချကာ ရဲတပ်ဖွဲ့ဝင်နှစ်ဦး ဘက်သို့ လှည့်ကာ ပြောလိုက်သည်

"မင်းတို့နှစ်ကောင် လုပ်ပေါက်က ငါ့ကို ဒုက္ခပေးလုနီးပါးပဲ"

(Pu-erh tea= တရုတ်နိုင်ငံ ယူနန်ပြည်နယ်ရှိ အချဥ်ဖောက်ထားသော ရိုးရာ လက်ဖက်ရည်)

(long jing tea= ချင်မင်းဆက်တွင် အသုံးပြုသော တော်ဝင်လက်ဖက်ရည်၊ တရုတ်နိုင်ငံ၏ အကျော်ကြားဆုံး စာရင်းဝင်လက်ဖက်စိမ်း အရည်)

All Chapters