ဝိညာဉ်ဓား ဖလှယ်ပွဲ
Vol. 5 Ch. 64
ကျောင်းသား အချင်းချင်းနှီးနှော ဖလှယ်ပွဲကြီးက လေးရက်တာ ကုန်ဆုံးသွားခဲ့ပြီ ဖြစ်သည်။
ဤလေးရက်အတွင်း ဝိညာဉ်ချီ စုစည်းမှု အစီအရင်များ ပျက်စီးခြင်း၊ ပန်စီဂိုဏ်းခွဲ ပြိုကွဲခြင်း၊ အထွေထွေ ညီညွတ်ရေး စီမံခြင်းအဖွဲ့ ထူထောင်ခြင်း၊ ဆိုးသွမ်းသူများ ပြန်လည် လိမ်မာလာခြင်း၊ ကမ္ဘာပျက်လုနီးပါး ဖြစ်စဥ်နှင့် ယမန်နေ့ညက ရွှေရောင်ဖဲပြား အဆင့် လူသတ်သမားကို ဖမ်းဆီးလိုက်ခြင်း စသည့် အဖြစ်အပျက်များ ဖြစ်ပျက်သွားခဲ့သည်။
အဆုံးသတ်တွင် ဤကြောက်စရာကောင်းသည့် အဖြစ်အပျက်များက ဝမ်လင်းကြောင့် ဖြစ်ပျက်ခဲ့မှန်း မည်သူမှ စိတ်ကူးပင် ယဥ်မိမည် မဟုတ်ပေ။
ဝမ်မင်က ထွက်ခွာသွားစဉ် ဆရာဝမ်နှင့် ဒါရိုက်တာရှဲ့ကို သူ၏ အထောက်အထားအား လျှို့ဝှက်ထားပေးရန် တောင်းဆိုခဲ့သည်။
တကယ်တမ်းတွင် ယင်းသို့ တောင်းဆိုခြင်းက ဝမ်လင်း အပေါ် အာရုံစူးစိုက်မှု အလွန်အကျွံ မဖြစ်စေရန် အကာအကွယ်ပေးဖို့ ဖြစ်သည်။
ဤအဖြစ်အပျက်က တုန်လှုပ် ချောက်ချားစရာ ဖြစ်စေခဲ့သည်မှာ သေချာသည်။
သို့သော် တရားခံကို လက်ရ ဖမ်းဆီးပေးခဲ့သည့် ဝမ်ရှောင်အာက အမှတ်၆၀ အထက်တန်းကျောင်းမှ ကျောင်းသားတစ်ဦး၏ အစ်ကို ဖြစ်ကြောင်း ရဲများမှလွဲ၍ အပြင်လူများက မသိကြချေ။
သူတို့သိထားသည့် တစ်ခုတည်းသော အချက်မှာ ကျောင်းပေါင်း ၁၀၀ အထွေထွေ အုပ်ချုပ်ရေးဌာနရှိ လက်ထောက်ညွှန်ချုပ် ကျိုးရီ၏ ထူးချွန်ပြောင်မြောက်သော ဦးဆောင်မှုဖြင့် အရိပ် အဖွဲ့အစည်း၏ ကျူးကျော်မှုကို ရပ်တန့်နိုင်ခဲ့ပြီး အမိမြေ၏ အဖိုးတန် ပန်းပွင့်များ ဖြစ်သည့် ကျောင်းသားများကို တစ်ဖန် ပြန်လည် ကယ်တင်ထားနိုင်ခြင်း ဖြစ်သည်။
သို့သော် ယင်းအဖြစ်အပျက် ဖြစ်ပြီး နောက်ပိုင်းတွင် ဝမ်လင်းက သူ့ကိုယ်သူ ပတ်ဝန်းကျင်ကို အဆိပ်သင့်စေသော သူလား ဟုပင် စတင် တွေးတောမိလာသည်။
ဤအထက်တန်းကျောင်းသို့ ရောက်ကတည်းက သူ့တွင် ငြိမ်သက် အေးချမ်းမှု မရှိခဲ့ပေ။
နေ့တိုင်း သူက စိတ်နှင့်လူနှင့် မကပ်သော ကျောင်းသား တစ်ယောက်လို ဖြစ်နေသည်။
သူသွားသည့် နေရာတိုင်းတွင် လူသေများ သို့မဟုတ် ကံဆိုးသည့်သူများ ရှိလာလိမ့်မည်ဟုလည်း ခံစားနေရသည်။
သူ့အတွက် ဖေဖေဝမ်နှင့် မေမေဝမ်တို့၏ ဆန္ဒမှာ အထက်တန်းကျောင်း ဒီပလိုမာကို အထစ်အငေါ့ မရှိ ရယူပြီး ကောလိပ်ကို ချောချောမွေ့မွေ့ တက်ရောက်ခွင့် ရရန် ဖြစ်သည်။
သို့ရာတွင် လက်ရှိ အခြေအနေအရ ဤခရီးလမ်းမှာ ဝမ်လင်း မျှော်မှန်းထားသည်ထက် အများကြီး ပိုမို ကြမ်းတမ်းနေ၏။
မည်သို့ပင်ဖြစ်စေ သူ့ ဘဝက ဆက်လက် လျှောက်လှမ်းရမည်သာ။
ညအချိန်အခါတွင် အမှတ်၅၉ အထက်တန်းကျောင်း၏ ကျောင်းအိပ်ဆောင်၌ အားလုံး ငြိမ်သက် တိတ်ဆိတ်နေသည်။
ချန်းချောင်နှင့် ကော်ဟောက်တို့ ငဆိုးနှစ်ကောင်က ခပ်ဖားဖားဝတ်စုံများ၊ လည်ဆွဲများ၊ လက်ပတ်နာရီများ၊ သားရေဖိနပ် တောက်တောက်ပြောင်ပြောင် များကို ဝတ်ဆင်ခဲ့ကြသည်။
၎င်းတို့က အွန်လိုင်းဂိမ်းကိုဆော့ရင်း ၅ယွမ်ထက် ပိုပေးရသည့် အချိုရည်တွေကို သောက်နေခဲ့သည်။
ဆရာဝမ်က သူတို့ကို ဂိမ်းပိတ်ခိုင်းပြီး အိပ်ရာဝင်ခိုင်းသည်မှာ မကြာသေးချေ။
စွန်းရုံနှင့် လင်းရှောင်ယုတို့က သူမတို့၏ အသားအရေ ကျန်းမာ လှပစေရန် အတွက် စောစောစီးစီး အိပ်ရာဝင်ကြသည်။
ဆရာဝမ်က တံခါးနားမှ ခေါက်ကုလားထိုင်တွင် ထိုင်နေသည်။
အရိပ်အဖွဲ့အစည်းက ကျောင်းဆင်းသည့် အချိန်ကို အခွင့်ကောင်းယူခဲ့သောကြောင့် သူက နောက်တစ်ကြိမ် အခွင့်အရေး မပေးရဲချေ။
ကျောင်းသားတွေ၏ ဘေးကင်းရေးက သူ့အတွက် အဓိကဖြစ်သည် မဟုတ်လော။
သူက မနက်ဖြန်တွင် ကျင်းပမည့် ဝိညာဉ်ဓား ဖလှယ်ပွဲကို ချောချောမွေ့မွေ့ ဖြစ်ရန် လိုလားသည်။
ထိုထက်ပို၍ ဆိုရလျှင် သူ၏ ကျောင်းသားများကို အမှတ် ၆၀ အထက်တန်းကျောင်းသို့ မပြန်မီ ထိခိုက်မှု မရှိစေရန် လိုလားခဲ့သည်။
ဆရာဝမ် အပြင် မအိပ်သေးဘဲ နိုးနေသည့် နောက်တစ်ယောက်မှာ ဝမ်လင်း ဖြစ်သည်။
သူက သူ့ဘေးမှာ ချထားသည့် သစ်သားဓားလေးကို ထိကိုင်ရင်း စိတ်ထဲတွင် ရှုပ်ထွေးသော ခံစားချက်များ ဝင်ရောက်လာသည်။
ကျင့်ခယ်၏ စွမ်းဆောင်ရည်က မနက်ဖြန်တွင် ပုံမှန်ဖြစ်လိမ့်မည်ဟု သူမျှော်လင့်ခဲ့သည်။
ကျေးဇူးပြုပြီး.. ကျေးဇူးပြုပြီး အတိုင်းအတာထက် ကျော်မသွားပါစေနဲ့...
….............
ကျောင်းစတက်ပြီး တတိယ အပတ်၏ သောကြာနေ့ ဖြစ်သည်။
အားလုံးလိုလို စောင့်မျှော်နေကြသည့် ဝိညာဉ်ဓား ဖလှယ်ပွဲ တွေ့ဆုံမှုက နောက်ဆုံးတွင် စတင်တော့မည် ဖြစ်၏။
ဒရမ်တီးခတ်သံတွေက လေထဲတွင် ပြည့်နှက်နေသည်။
မီးရှူးမီးပန်းများက ကျယ်လောင်စွာ ပေါက်ကွဲနေပြီး အနီရောင် အလံများက ကောင်းကင်ယံ၌ လွင့်ပျံနေ၏။
ရွှေပွဲလာ ပရိသတ်က များပြားလွန်းသောကြောင့် လူပင်လယ်ကြီးလို ဖြစ်နေခဲ့သည်။
ဝိညာဉ်ဓား ဖလှယ်ပွဲ၏ အစဥ်အလာမှာ ဗိုလ်ချုပ်ရီကနေ စတင်ခဲ့ခြင်း ဖြစ်၏။
ဗိုလ်ချုပ်ရီက ရှီမင်တိုက်ပွဲတွင် ဝန်ကြီးရှီနှင့် အတွင်းရေးမှူး စွန်းတို့နှင့် အတူ တိုက်ပွဲဝင်ခဲ့သည့် နိုင်ငံ တည်ထောင်သူ ဖခင်ကြီး ဆယ်ဦး အနက်မှ တစ်ဦး ဖြစ်ပြီး "ဓားသခင်"ဟု နာမည်ပြောင် ရထားသည်။
ရှီမင်တိုက်ပွဲ ပြီးဆုံးပြီးနောက် ဗိုလ်ချုပ်ရီက ကျောက်တုံးဂိတ်တံခါး၏ ကျောက်စာတိုင် ပေါ်တွင် ထင်ရှားသော စကားတစ်ခွန်းကို ချန်ထားခဲ့သည်။
"မင်းရဲ့ဓားဟာ ငါ့ရဲ့ဓားပဲ"
ဤစာသားက လက်ရှိသမိုင်းဝင် ဖတ်စာအုပ်များ အားလုံးတွင် ပါရှိသည်။
ဆရာဝမ် အနေဖြင့် ကျောင်းသားများကို နှစ်စဉ်နှစ်တိုင်း အလေးအနက်ထား သင်ကြားရမည့် မသင်မနေရ ဗဟုသုတလည်း ဖြစ်၏။
ယနေ့က ကျောင်းနှစ်ကျောင်းကြား ဓားဖလှယ်ပွဲ နှစ်ငါးရာပြည့်မြောက်သည့် နှစ်ပတ်လည်နေ့လည်း ဖြစ်သည့် အတွက် ဤတစ်ကြိမ် ဖလှယ်ပွဲက အရင်နှစ်တွေကထက် ပို၍ မြိုင်ဆိုင်နေခဲ့သည်။
ရန်သူများ ဖြစ်ကြသည့် အမှတ်၅၉ အထက်တန်းကျောင်းနှင့် အမှတ်၆၀ အထက်တန်းကျောင်းတို့က နှစ်ပတ်လည် အထိမ်းအမှတ်ပွဲများတွင် ထိပ်တိုက်တွေ့ဆုံရန် အတွက် ဤဝိညာဥ်ဓား ဖလှယ်ပွဲကို အသုံးပြုရန် တူညီသော အကြံအစည်များ ရှိခဲ့ကြသည်။
ထျန်ကျင်းဇီ နှင့် အဖွဲ့က ဤလေးရက်အတွင်း ပြဿနာများစွာကို ကြုံခဲ့ရ၏။
နောက်ဆုံးနေ့တွင်မူ ထျန်ကျင်းဇီက ၎င်းတို့၏ ရပ်တည်ချက်ကို လုံးလုံးလျားလျား စွန့်လွှတ်ခဲ့သည်။
ဤသည်က ၎င်းတို့၏ ဗျူဟာ သို့မဟုတ် ဝိညာဥ်ဓား ဖလှယ်ပွဲတွင် အနိုင်ရရှိမည် ဟူသည့် ယုံကြည်မှုကို မည်သို့မျှ ထိခိုက်စေမည်တော့ မဟုတ်ပေ။
ထျန်ကျင်းဇီက ပုံမှန် မဟုတ်သော နည်းလမ်းများကို အသုံးပြုရာတွင် မအောင်မြင်ခဲ့သောကြောင့် တရားမျှတသော တိုက်ပွဲ၌ ယှဉ်ပြိုင်ရလျှင် အခြေအနေ မဆိုးလောက်ဟု ခံစားခဲ့ရသည်။
သို့သော် အတွေးများကို ကြားနိုင်သော ဝမ်လင်းအနေဖြင့် ထိုကဲ့သို့ ယုံကြည်မှုကို ထျန်ကျင်းဇီ ဘယ်ကနေ ရသွားမှန်း မသိခဲ့ပေ။
….....................
အမှတ်၅၉ အထက်တန်းကျောင်း၏ ကျယ်ဝန်းပြီး အသစ်မွမ်းမံထားသော အားကစားကွင်းတွင် ကျောင်းသားများက မတူညီသော နယ်ပယ်ကို လိုက်၍ အတန်းနှင့် အခန်းအလိုက်အပြေးလမ်း ပတ်ပတ်လည်တွင် ကုလားထိုင်များကို စက်ဝိုင်းပုံသဏ္ဍာန် ဝိုင်းဖွဲ့၍ ခင်းကျင်းလိုက်ကြသည်။
ဤဝိညာဥ်ဓား ဖလှယ်ပွဲတွင် စာသင်ကျောင်းနှစ်ခုမှ ကိုယ်စားလှယ် ကျောင်းသားများ အတွက် အလယ်၌ နေရာလွတ်ကို ချန်ထားခဲ့သည်။
ဝမ်လင်းက လူတစ်ထောင်ကျော်၏ ရှေ့တွင် သူ၏စွမ်းအားကို အမှန်တကယ် မပြသလိုခဲ့ချေ။
သူက ဤမျှလောက် များပြားသော လူများရှေ့တွင် မည်သည့် အရည်အချင်းမျိုးမှ မပြသဖူးပေ။
စင်မြင့်ပေါ်၌ ကျောင်းနှစ်ကျောင်းမှ ခေါင်းဆောင်များ ရောက်ရှိလာကြပြီ ဖြစ်သည်။
အမှတ်၆၀ အထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီး ချန်းနှင့် ဒါရိုက်တာရှီး၊ အမှတ်၅၉ အထက်တန်းကျောင်းမှ ကျောက်အုပ်ဆရာကြီး ကျင်းနှင့် ဒါရိုက်တာရှဲ့၊ ဖေးယန် ခရိုင်၏ ဌာန ခေါင်းဆောင်များ နှင့် အတွင်းရေးမှုး စွန်းတာခန်းတို့က စိတ်လှုပ်ရှားမှုများ ပြည့်နှက်နေသော အမူအရာများဖြင့် စင်မြင့်ပေါ်တွင် ရှိနေကြသည်။
ကျိုးရီတစ်ယောက်သာ သနားစရာပုံ ပေါက်နေသည်။
ရိုးသားစွာပြောရလျှင် ပွဲကို တက်ရောက်လာသည့် ခေါင်းဆောင်များမှာ အတွင်းရေးမှူး တာခန်း ရောက်လာမည်ဟု မမျှော်လင့်ထားသောကြောင့် အလွန် အဆင်မပြေ ဖြစ်ခဲ့ရသည်။
ကျောင်းသားများကမူ စင်မြင့်ပေါ်မှ လူကို အတွင်းရေးမှူး စွန်းမှန်း မသိကြသည်မှာ သေချာသည်။
ထို့အပြင် ဤလူက အနည်းငယ် ရူးသွပ်နေသည်ဟုပင် ၎င်းတို့က ခံစားနေရသည်။
စင်မြင့်ပေါ်မှ ဆိုင်ကယ်ဦးထုပ် ဆောင်းထားသည့် ခေါင်းဆောင် တစ်ဦးကို ကျောင်းသားများက အကဲခတ်လိုက်သော်လည်း ထိုလူကို ၎င်းတို့က တစ်ခါမျှ မမြင်ဖူးခဲ့ပေ။
သို့သော် ဆိုင်ကယ် ဦးထုပ် ဆောင်းသူ၏ အထောက်အထားက သာမန် မဟုတ်ကြောင်းကိုမူ ကျောင်းသားများက ခန့်မှန်းနိုင်ခဲ့၏။
ဤလူက VIP ဖြစ်ဖို့များသည်။
ယင်းအပြင် ဝမ်လင်းပင် ကြိုမတွေးထားမိသည့် VIP တစ်ယောက်လည်း ဖြစ်၏။
တက်ရောက်လာသော ကျောင်းသားအားလုံးတွင် ဤခေါင်းဆောင်က မည်သူမည်ဝါ ဖြစ်သည်ကို ဝမ်လင်းတစ်ယောက်သာ ရှင်းရှင်းလင်းလင်း သိထားသည်။
ရိုးသားစွာ ပြောရလျှင် သူ့လှုပ်ရှားမှုကနေ ဤအတွင်းရေးမှူးက တစ်ခုခု ရိပ်မိသွားမှာကို အလွန်အမင်း စိုးရိမ်ခဲ့ရသည်။
သူက အတွင်းရေးမှူးစွန်းကို မျက်လုံးဖြင့် တိုက်ရိုက်မကြည့်ဝံ့ဘဲ စိတ်ထဲကနေ လေးလေးနက်နက် သက်ပြင်းချမိသည်။
သူက ဝိညာဥ်ဓားဖလှယ်မှု အတွင်း အတတ်နိုင်ဆုံး မက်ဂဲလ်(မှော်အစွမ်းမရှိသော သာမန်လူ) တစ်ယောက်လို ပြုမူ နေထိုင်နိုင်လိမ့်မည်ဟု မျှော်လင့်ထားခဲ့သည်။
အကယ်၍ သူသာ ဤအဘိုးကြီး၏ အာရုံကို မတော်တဆ ဆွဲဆောင်မိလျှင် ခက်ပေရော့မည်။
အတွင်းရေးမှူးစွန်းက ပတ်ဝန်းကျင်ကို အကဲခတ်လိုက်ပြီးနောက် ထူးဆန်းသော အမူအရာဖြင့် ကျောင်းနှစ်ကျောင်းမှ ခေါင်းဆောင်များကို ကြည့်လိုက်သည်။
"ဘာလို့မစသေးတာလဲ"
ကျောင်းအုပ်ကြီးချန်းနှင့် ကျောင်းအုပ်ကြီးကျင်း တို့၏ မျက်နှာထက်တွင် ကူကယ်ရာမဲ့သော အမူအရာများ ဖြစ်ပေါ်လာသည်။
"ကျောင်းအုပ်ကြီးကျင်း.. မင်းက ဒီမှာ စီနီယာခေါင်းဆောင်လေ.. အိမ်ရှင်ဖြစ်တဲ့ မင်းက စကား မပြောသရွေ့ ဘယ်သူက ပွဲကို စတင်ဝံ့မှာလဲ"
အတွင်းရေးမှုး တာခန်း၏ စကားကိုကြားလျှင် ကျောင်းအုပ်ကြီး ကျင်းက ပြုံးလိုက်ပြီး ဝိညာဉ်ဓားဖလှယ်ပွဲ၏ သဘာပတိအဖြစ် စတင် စကား ပြောဆိုလိုက်သည်။
သူ့အသံက လေထဲကနေ ပျံ့လွင့်လာပြီး လူတစ်ဦးစီ၏ နားထဲသို့ ရောက်ရှိလာသည်။
"ပထမဦးစွာ အမှတ်၅၉ အထက်တန်းကျောင်းနဲ့ အမှတ်၆၀ အထက်တန်းကျောင်းက ကျောင်းခေါင်းဆောင်တွေ ကိုယ်စား ဝိညာဥ်ဓား ဖလှယ်ပွဲမှာ ပါဝင်ကြမဲ့ လက်ရွေးစင် ကျောင်းသား ဆယ်ယောက်ကို ကျေးဇူးတင်စကား ပြောချင်ပါတယ်.. မင်းတို့လေးတွေရဲ့ ထူးချွန်မှုကြောင့် ငါတို့ရဲ့ ကျင့်ကြံခြင်း ပညာရေးက အနာဂတ်မှာ ပိုပြီး တောက်ပလာမှာ အသေအချာပါပဲ"
အတွင်းရေးမှူး စွန်း၏ ဦးဆောင်မှုနောက်တွင် ပရိသတ်အားလုံးထံမှ မိုးပြိုလုမတတ် ကျယ်လောက်သည့် လက်ခုပ်သံများ ထွက်ပေါ်လာသည်။
အတွင်းရေးမှူးစွန်း ကိုယ်တိုင် အားပါးတရ လက်ခုပ်တီးနေသည်ကို မြင်လျှင် အနီးအနားရှိ ခေါင်းဆောင် အချို့က အတွင်းရေးမှူးစွန်း အမြင်စောင်းမည်ကို စိုးရိမ်၍ ပို၍ ကျယ်လောင်စွာ လက်ခုပ်တီးလိုက်ကြသည်။
သူတို့၏ အတွင်းရေးမှူးစွန်းက စိတ်အားထက်သန်သူ တစ်ဦး ဖြစ်ပြီး ရုပ်ဖျက်၍ လှည့်လည်သွားလာခြင်းကို အမှန်တကယ် နှစ်သက်သူ တစ်ဦးဖြစ်ကြောင်း သူတို့အားလုံး သိထားကြသည်။
သူက ကျောင်းပေါင်း တစ်ရာကျော်၏ တွေ့ဆုံပွဲများကို လျှို့ဝှက်စွာ တက်ရောက်ခဲ့ဖူးသည်။
သို့သော် ဤတစ်ကြိမ်တွင်မူ အတွင်းရေးမှူးစွန်းက ဖိတ်ကြားစရာ မလိုအပ်ဘဲ ကိုယ်တိုင်ကိုယ်ကျ လာရောက်ခဲ့သည်။
ယင်းအတွက် ခေါင်းဆောင်များက အလွန်ဂုဏ်ယူမိသော်လည်း တစ်ဖက်ကလည်း စိုးရိမ်စိတ် အနည်းငယ် ရှိနေသည်။
လက်ခုပ်သံများ တိတ်ဆိတ်သွားပြီးနောက် မြင်ကွင်းက ခဏမျှ တိတ်ဆိတ်သွားသည်။
ထို့နောက်တွင် ပြိုင်ပွဲကျင်းပရေး တာဝန်ခံ အမျိုးသမီး ဆရာမက မိုက်ခရိုဖုန်းကို ကောက်ကိုင်ကာ ပြိုင်ပွဲ စည်းကမ်းများကို စတင် ရွတ်ပြလိုက်တော့သည်။
"ဒီဝိညာဥ်ဓားဖလှယ်ပွဲမှာ တစ်ဦးချင်း အစွမ်းပြတာတွေ ရှိမှာမဟုတ်ဘူး.. အဲဒီအစား ကျောင်းသားတွေက စမ်းသပ်မှု ပတ်ဝန်းကျင်နဲ့ နာကျင်မှု ခံစားချက် အစစ်အမှန်တွေကို ပြီးပြည့်စုံစွာ ဖော်ပြနိုင်တဲ့ ဟိုလိုဂရပ်ဖစ် ရုပ်ပုံတွေနဲ့ ကျင့်ကြံခြင်း အစီအရင်တို့ကို ပေါင်းစပ်ထားတဲ့ မှော်အခင်းအကျင်း တစ်ခုမှာ အသင်းလိုက်ပြိုင်ပွဲ တစ်ခု ယှဥ်ပြိုင်ရမယ်.. ပြိုင်ပွဲအတွင်း အသင်းသားတွေ ရရှိတဲ့အမှတ် အရေအတွက် အပေါ် မူတည်ပြီး အနိုင်ရတဲ့ အဖွဲ့ကို အဆုံးအဖြတ် ပေးမယ်.. ဝိညာဉ်ဓား တိုက်ပွဲအတွင်းမှာ ပြိုင်ဘက်ရဲ့ အရေးကြီးတဲ့ အမှတ်တွေကို ထိမှန်ခြင်းကနေ ရရှိတဲ့ ရည်ညွှန်း အမှတ်တွေ အပြင် ပြိုင်ပွဲဝင် အသင်းနှစ်သင်းလုံးက မှော်လက်နက်နဲ့ ပစ္စည်းတွေကို ဝယ်ယူဖို့အတွက် ဂိမ်းဒင်္ဂါးတွေကို ရရှိမှာဖြစ်တယ်.. အဲဒါက ပြိုင်ပွဲကို ပိုမို စိတ်ဝင်စားဖို့ ကောင်းစေပြီး အရှိန်မြင့်လာစေမှာ ဖြစ်တယ်"
အိမ်ရှင် အဖြစ် ကျင်းပနေသည့် အမှတ်၅၉ အထက်တန်းကျောင်းမှ တာဝန်ခံ ဆရာမက ပြုံးလိုက်သည်။
"ဒါတွေက ပြိုင်ပွဲရဲ့ စည်းမျဥ်းတွေပါ.. စည်းမျဥ်းတွေကိုနားလည်ပြီ ဆိုရင်တော့ ဝိညာဥ်ဓား ဖလှယ်ပွဲမှာ ပါဝင်တဲ့ ကျောင်းသားဆယ်ဦးက မှော်အခင်းအကျင်းထဲကို ဝင်လို့ရပါပြီ"