ကျင့်ကြံသူ ပြိုကွဲခြင်း မှ ကြိုဆိုပါတယ်
Vol. 5 Ch. 65
"ဒီပြိုင်ပွဲက အရင် တွေ့ဆုံပွဲတွေနဲ့ တော်တော်ကွာခြားပုံရတယ်"
ပြိုင်ပွဲ၏ စည်းမျဉ်း စည်းကမ်းများကို နားထောင်ရင်း အတွင်းရေးမှူး စွန်း၏ မျက်လုံးများက တောက်ပလာသည်။
ယခင်က ဝိညာဥ်ဓား ဖလှယ်ပွဲ တွေ့ဆုံမှုများတွင် အခြေခံအားဖြင့် ကျောင်းသားများက ၎င်းတို့၏ စံနှုန်း ပုံစံအတိုင်း လှုပ်ရှားကြပြီး ဓားရေး ကျွမ်းကျင်မှုကို ပြသခဲ့ကြသည်။
၎င်းတို့၏ အသွင်အပြင်နှင့် ကျွမ်းကျင်မှု အပေါ် အခြေခံ၍ တစ်ဦးချင်း စွမ်းရည်များကို ဒိုင်များက အကဲဖြတ်ခဲ့ကြ၏။
ယင်းမှာ အလွန်ငြီးငွေ့စရာ ကောင်းသည်ဟု ယူဆနိုင်သည်။
သို့သော် ယခုတစ်ကြိမ် ပြိုင်ပွဲတွင်မူ အသင်းလိုက် ယှဥ်ပြိုင်ရမည် ဖြစ်ပြီး အကဲဖြတ်ဒိုင်များ အစား ပြီးပြည့်စုံသော အကဲဖြတ်စနစ်ဖြင့် အစားထိုးထားသည်။
ထို့ကြောင့် ရမှတ်များက ပိုမိုမျှတပြီး ဘက်လိုက်မှု နည်းမည်ဖြစ်၏။
ကျောင်းအုပ်ကြီး ကျင်းက ခပ်ယဲ့ယဲ့ ပြုံးလိုက်သည်။
"ဒီတစ်ကြိမ် ပြိုင်ပွဲပုံစံကို ကော်မတီ အမြဲတမ်း အစည်းအဝေးမှာ ဗိုလ်ချုပ်ကြီးရီ ကိုယ်တိုင် အဆိုပြုခဲ့ပြီး ငါတို့ ကျောင်းနှစ်ကျောင်းကို အကောင်အထည် ဖော်ဖို့ တာဝန်ပေးခဲ့တယ်"
"ခုနက ပြိုင်ပွဲစည်းမျဥ်းနဲ့ ပတ်သက်ပြီး တာဝန်ခံ ဆရာမ ပြောတာက နည်းနည်း ရှုပ်ထွေးတယ်.. တစ်ယောက်ယောက်က ပြိုင်ပွဲစည်းမျဉ်းကို နားလည်လွယ်အောင် ရှင်းပြပေးလို့ရမလား"
"အင်း.. နားလည်လွယ်အောင် ပြောရရင်တော့ ဒီပြိုင်ပွဲက တစ်ဖက်ငါးယောက်စီ ဆော့ရတဲ့ MOBA (multiplayer online battle arena) ဂိမ်းနဲ့ ဆင်တူတယ်.. ဂိမ်းမြေပုံမှာ လမ်း၃ သွယ်ရှိပြီး လမ်းတစ်ခုစီမှာ အပြင်ခံတပ်၊ အတွင်းခံတပ်နဲ့ မြင့်မားတဲ့ ခံတပ်တစ်ခုစီ အသီးသီးရှိကြတယ်.. ကျောင်းသားတွေက ကိုယ်သွားမဲ့လမ်းကို လွတ်လွတ်လပ်လပ် ရွေးချယ်ခွင့်ရှိတယ်.. အဆုံးသတ်ကျရင် ရန်သူရဲ့ အခြေစိုက်စခန်းမှာ ရှိတဲ့ သလင်းကျောက်ကို ဖျက်ဆီးဖို့ ကြိုးပမ်းရမယ်.. အဲဒီအခါ တစ်ဖက်ကလည်း သက်ဆိုင်ရာ ခံတပ်ကို ခုခံကာကွယ်ရမယ်.. ဂိမ်းထဲကို ဝင်ပြီးတာနဲ့ ကျောင်းသားတွေက အသုံးပြုမဲ့စွမ်းရည်တွေကို လွတ်လွတ်လပ်လပ် ရွေးချယ်နိုင်တယ်.. ရွေးချယ်နိုင်မဲ့ စွမ်းရည်တွေက တည်နေရာ ရွှေ့ပြောင်းခြင်း စွမ်းရည်၊ မီးလောင်ကျွမ်းခြင်း စွမ်းရည်၊ ကုသခြင်း စွမ်းရည်၊ လျှပ်တပြက်စွမ်းရည် အစရှိတဲ့ စွမ်းရည်တွေပဲ.. ခြုံငုံပြီး ကြည့်လိုက်ရင် နှစ်ဖက် ထိပ်တိုက် ရင်ဆိုင်ရမှာ ဖြစ်လို့ အရင်က ပြိုင်ပွဲတွေထက် ပိုပြီး စိတ်ဝင်စားစရာ ကောင်းတယ်"
ကျောင်းအုပ်ကြီး ကျန်းက ပြောလိုက်သည်။
"ပုံရိပ်ယောင် နယ်မြေထဲကို စတင် ဝင်ရောက်လိုက်တာနဲ့ ကျောင်းသားတွေရဲ့ ဝိညာဉ်ဓားတွေ အပါအဝင် ကိုယ်ရေးကိုယ်တာ အချက်အလက်တွေကို ဒစ်ဂျစ်တယ်ဒေတာအဖြစ် ပြောင်းလဲသွားမှာဖြစ်ပြီး သူတို့ရဲ့ အင်အားကို ကိန်းဂဏန်းတွေ အဖြစ် တွက်ချက်သွားမှာ ဖြစ်တယ်.. စနစ်ကနေ သတ်မှတ်လိုက်တဲ့ မှော်ပစ္စည်းတွေရဲ့ တန်ဖိုးတွေက လက်တွေ့ကမ္ဘာက တန်ဖိုးအပေါ်မှာ အခြေခံတယ်"
"ကျောင်းသားတွေ လုပ်ရမယ့် အလုပ် နှစ်ခုရှိတယ်.. ပထမတစ်ခုက လက်ပါးစေတွေ ဒါမှမဟုတ် မွန်းစတားတွေကို အနိုင်ယူပြီး သူတို့ရဲ့ အဆင့်ကို တဖြည်းဖြည်း မြှင့်တင်ဖို့ပဲ.. ဒေတာကူးပြောင်းပြီး နောက်မှာ ကျောင်းသားတွေရဲ့ အလုံးစုံ တိုက်ခိုက်နိုင်စွမ်းကို အဆင့်နှစ်ဆယ် အဖြစ် ပိုင်းခြားထားတယ်.. အဆင့်တစ်ခုစီမှာ ကျောင်းသားတွေရဲ့ မူလခွန်အား ငါးရာခိုင်နှုန်းကို ထည့်သွင်းထားတယ်.. ပြောရရင် အဆင့်၂၀လုံး ပြီးမြောက်မှ သူတို့ရဲ့ မူလခွန်အားကို ပြန်လည်ရရှိမှာ ဖြစ်တယ်.. ဒုတိယအနေနဲ့ သူတို့တွေက အချိန်တိုလေး အတွင်းမှာ သူတို့ရဲ့ ဝိညာဉ်ဓားတွေကို တည်ဆောက်ဖို့ အတွက် ဂိမ်းဒင်္ဂါးတွေကို တတ်နိုင်သမျှ စုဆောင်းပြီး လဲလှယ်ဖို့ လိုတယ်"
"ပြိုင်ပွဲရဲ့စည်းမျဥ်းက မှတ်သားစရာပဲ"
အတွင်းရေးမှူးစွန်းက ခေါင်းညိတ်လိုက်သည်။
"ကျောင်သားတွေ အတွက် အဆင့်၂၀ထိ မြှင့်ဖို့က အတော်ခက်ခဲမှာပဲ.. နောက်ပြီး ဝိညာဥ်ဓားတွေကို တည်ဆောက်တာက ကျောင်းသားတွေနဲ့ ဝိညာဥ်ဓားတွေရဲ့ ဆက်ဆံရေးကို တိုးတက်စေနိုင်တယ် ဆိုပေမဲ့ ဝိညာဥ်ဓားတွေရဲ့ တန်ဖိုးကို ဘယ်လိုတိုင်းတာမှာလဲ"
"မှန်ပါတယ်.. တရားမျှတမှု ရှိဖို့ အတွက် ဝိညာဥ်ဓားက အားကောင်းလေ ပိုတန်ဖိုးကြီးလေ သတ်မှတ်ထားပါတယ်..ဥပမာပြရရင် ကျောင်းသူစွန်းရုံရဲ့ ဆန်းကြယ်ပင်လယ်ဓားက ဓားဝိညာဥ်ကို မွေးမြူထားပြီ ဖြစ်တဲ့ အတွက် တည်ဆောက်ဖို့ ဒင်္ဂါးတွေ အများအပြား လိုအပ်လိမ့်မယ်.. ဒီဓားရဲ့ တန်ဖိုးကို ခန့်မှန်းရင် ဂိမ်းဒင်္ဂါး 5000 လောက်တော့ ရှိလိမ့်မယ်"
ဒါရိုက်တာရှဲ့က ဖြေကြားလိုက်သည်။
…..............
စင်မြင့်ပေါ်၌ ခေါင်းဆောင်အချို့က အချင်းချင်း တီးတိုးပြောနေချိန်တွင် တာဝန်ခံဆရာမက
"အစီအရင် ခင်းကျင်းမှုကို ဖွင့်လိုက်ပြီလို့ ကြေညာအပ်ပါတယ်.. ပြိုင်ပွဲက တရားဝင် စတင်ပါပြီ"
လက်ရှိ ခင်းကျင်းထားသည့် အစီအရင် များသည် အလွန်အဆင့်မြင့်ပြီး အားလုံးကို အသံဖြင့် ထိန်းချုပ်ထားသည်။
အစီအရင် အခင်းအကျင်းကို မထုတ်ဖော်မီ တာဝန်ခံဆရာမ၏ အသံကို စနစ်ထဲသို့ ထည့်သွင်းထားပြီး ဖြစ်၏။
ထို့ကြောင့် သူမ၏ ကြေငြာသံ ထွက်ပေါ်လာပြီး နောက်တွင် ကြီးမားသော အားကစားကွင်းကြီး၏ မြေပြင်ပေါ်၌ ဆူညံသော အသံများ ထွက်ပေါ်လာပြီး ကောင်းကင်နှင့် မြေကြီးကို ချိတ်ဆက်ထားပုံရသော အစိမ်းရောင် အလင်းတန်း တစ်ခုက လူအားလုံး ရှေ့တွင် ပေါ်လာသည်။
အမှတ်၆၀ အထက်တန်းကျောင်းမှ ကျောင်းသားများမှာ အစိမ်းရောင် အလင်းတန်းထဲသို့ ပထမဆုံး လှမ်းဝင်ခဲ့ကြသည်။
သာမန်မျက်စိဖြင့် ကြည့်နေစဥ်မှာပင် ၎င်းတို့က အစိမ်းရောင် အလင်းတန်းကြီး ထဲတွင် အမှုန်အမွှားလေးများ အဖြစ်သို့ ပြောင်းလဲကာ တဖြည်းဖြည်း ကွဲထွက်သွားပုံရသည်။
"ငါတို့လည်း သွားရအောင်"
ထျန်ကျင်းဇီက သွားများကို အံကြိတ်၍ ရေရွတ်လိုက်ပြီး ဖန်ဟွာချင်း၊ လျန့်ဝေ၊ လျန့်ကျန်း၊ လျန့်ဖေး တို့နှင့်အတူ အလင်းတန်းထဲ ဝင်ရောက်၍ ပျောက်ကွယ်သွားခဲ့သည်။
ကျောင်းနှစ်ကျောင်းမှ ကျောင်းသားများမှာ ပုံရိပ်ယောင်နယ်မြေထဲသို့ ရှေ့ဆင့်နောက်ဆင့် ဝင်ရောက်ခဲ့ကြသည်။
နောက်ဆက်တွဲ ဖြစ်ပျက်ခဲ့သမျှကို အားကစားကွင်းကြီးတွင် ထုတ်လွှင့်သည့် ဖန်သားပြင်၌သာ တိုက်ရိုက် ရှုစားရတော့မည်ဖြစ်၏။
MOBAဂိမ်း၏ တိုက်ပွဲဒီဇိုင်းကို အတော်လေး ကိုးကား၍ ပုံရိပ်ယောင် နယ်မြေ၏ မြေပုံကို ဖန်တီးထားသည်။
အနီရောင် အခြေစိုက်စခန်းနှင့် အပြာရောင် အခြေစိုက် စခန်း နှစ်ခု၏ ဘေးတွင် "ကျင့်ကြံသူ ပြိုကွဲခြင်း" ဟူသော စကားလုံးကို အရှက်မရှိ ရေးထိုးထားသည့် ကျောက်စာတိုင် တစ်ခုစီ ထောင်ထားသည်။
ထို့ပြင် သလင်းကျောက် မျှော်စင်များ၊ မြင့်မားသော ခံတပ်များ၊ အခြေစိုက်စခန်းများနှင့် တောတွင်းရှိ မွန်းစတားများပင် MOBAဂိမ်းကို ပြီးပြည့်စုံစွာ ပြန်လည် အတုယူ တည်ဆောက်ထားခဲ့သည်။
စက္ကန့်သုံးဆယ်တိုင်းတွင် အခြေစိုက်စခန်းများမှ လက်ပါးစေနှစ်ကောင် စေလွှတ်မည် ဖြစ်သည်။
ထိုလက်ပါးစေများကို သတ်ပြီး မြေပုံပေါ်ရှိ အဆက်မပြတ် ပြန်လည် ရှင်သန်နေသော မွန်းစတားများကို သတ်ခြင်းဖြင့် တစ်ဦးချင်းစီ၏ မှော်လက်နက်များကို တည်ဆောက်ရန်အတွက် သက်ဆိုင်ရာ ဂိမ်းဒင်္ဂါး အရေအတွက်ကို ရယူနိုင်၏။
သို့သော် အောင်ပွဲရရှိရန် အဆုံးစွန်သော နည်းလမ်းမှာ ရန်သူ၏ အခြေစိုက်စခန်းကို လုံးဝ ဖျက်ဆီးပစ်ရမည် ဖြစ်၏။
ဝမ်လင်းက ဂိမ်းကစားလေ့ မရှိသော်လည်း ဤဂိမ်းအမျိုးအစား၏ အခြေခံစည်းမျဉ်း အချို့ကို နားလည်နိုင်ပါသေးသည်။
တိုက်ပွဲဝင်မည့် အသင်းများ အနေဖြင့် မည်သို့မည်ပုံ ဆက်လက် ကစားသင့်သည်ကို ပိုမို အာရုံစိုက်ရမည် ဖြစ်သည်။
ကစားပွဲ၏ အဓိက သော့ချက်မှာ ကြောက်မက်ဖွယ် အကောင်းဆုံး မှော်လက်နက်ကို တတ်နိုင်သမျှ စောစီးစွာ တည်ဆောက်ရန် ဖြစ်၏။
သို့သော် ၎င်းမှာ ဝိညာဉ်ဓား ဖလှယ်ပွဲ တစ်ခုသာ ဖြစ်သောကြောင့် ၎င်းတို့ သယ်ဆောင်လာသော ဝိညာဉ်ဓား တစ်ချောင်းမှ လွဲ၍ ဂိမ်းစတိုးဆိုင်တွင် အခြားတိုက်ခိုက်နိုင်သော အစွမ်းထက် မှော်လက်နက်များ မရှိသလောက်ပင် ဖြစ်သည်။
ထို့အပြင် ဂိမ်းစတိုးဆိုင်တွင် လူတိုင်း၏ ဝိညာဉ်ဓားများ ပေါ်လာသော်လည်း ဓားတစ်ချောင်းစီက သက်ဆိုင်ရာ ပိုင်ရှင်နှင့် ချည်နှောင်ထားပြီးသား ဖြစ်၏။
ကိုယ်ပိုင် ဝိညာဥ်ဓား မဟုတ်လျှင် အခြားသူတစ်ဦးက ဝယ်ယူ၍မရပေ။
ထို့အပြင် ကျန်မှော်လက်နက်များမှာ အများသုံး လုပ်ဆောင်ချက် သို့မဟုတ် ခုခံမှု အမျိုးအစားများသာ ဖြစ်သည်။
ဤအရာအားလုံးကို ဗိုလ်ချုပ်ရီ ကိုယ်တိုင် ဒီဇိုင်း ထုတ်ထားသောကြောင့် တွေ့ဆုံပွဲ မစတင်မီတွင် မှော်ပစ္စည်း တစ်ခုစီ၏ စွမ်းရည်များက မည်သို့မည်ပုံ ဖြစ်လာမည်ကို မည်သူမျှ ကြိုမသိခဲ့ကြပေ။
ရွေးချယ်မှု မှားယွင်းလျှင် ကျောင်းသားများမှာ လုံးလုံးလျားလျား ပြဿနာ ကြုံရလိမ့်မည် ဖြစ်သည်။
"ချီး.. မှော်ပစ္စည်းတွေရဲ့ အသုံးဝင်မှု ဖော်ပြချက်တွေက အများကြီးပဲဟ.. အဲဒါတွေကို လိုက်ဖတ်နေရင် မနက်ဖြန်အထိ ပြီးမှာ မဟုတ်ဘူး"
"ဒါက ဘာအထာလည်းဟ.. ငါ့ရဲ့ နဂါးတောင်တက်ဓားက ဘာကြောင့် ဒီလောက် စျေးသက်သာနေရတာလဲ.. ဂိမ်းဒင်္ဂါး 998ပဲ ကျတာလား.. ဒီစနစ်ရဲ့ ဒေတာ ခွဲခြမ်းစိတ်ဖြာမှုမှာ တစ်စုံတစ်ရာ မှားယွင်းနေတာ ဖြစ်ရမယ်"
အမှတ်၅၉ အထက်တန်းကျောင်းမှ ထျန်ကျင်းဇီ ခေါင်းဆောင်သော လူတစ်စုက ပုံရိပ်ယောင်နယ်မြေထဲ ဝင်ရောက်ပြီးနောက် ၎င်းတို့ တစ်ဦးချင်းစီ၏ သွားလမ်းများကို ရွေးချယ်ရန် ငါးမိနစ်ခန့် အချိန်ယူပြီး ဆွေးနွေးခဲ့သည်။
ထို့နောက် စတိုးဆိုင်၏ ရတနာများကို တစ်ခုပြီးတစ်ခု စေ့စေ့စပ်စပ် ရှာဖွေရန် နောက်ထပ် ဆယ်မိနစ်ခန့် အချိန်ယူလိုက်သည်။
ဆန့်ကျင်ဘက်တွင်မူ အမှတ်၆၀ အထက်တန်းကျောင်းမှ ကျောင်းသားများက ၎င်းတို့ထက် ပို၍ ညီညွတ်စွာ လက်တွဲလုပ်ဆောင်ခဲ့ကြသည်။
တစ်ခါတစ်ရံတွင် ဆုံးဖြတ်ချက် အလုံးစုံကို လူတစ်ယောက်ထဲက ချမှတ်ခြင်းသည် အချိန်အများကြီးကို သက်သာစေနိုင်သည်။
"ဒါဆို ငါတို့ ဒီလိုလုပ်ရအောင်.. ငါက အပေါ်လမ်းကို သွားမယ်.. အတန်းဖော် စွန်းရုံက အလယ်လမ်းကနေသွား.. ရှောင်ယုကတော့ တောလမ်းကနေသွား.. အတန်းဖော် ကော်ဟောက်နဲ့ ဝမ်လင်းကတော့ အောက်လမ်းကနေ သွားရမယ်.."
ဂိမ်းစတင်သည်နှင့် လူတစ်ဦးချင်းစီ အတွက် ဂိမ်းဒင်္ဂါး၅၀၀ ပေးထားသည်။
ဂိမ်းအထူး ကျွမ်းကျင်သူ ဖြစ်သည့် ဝါရင့်ဂိမ်းသမား ချန်းချောင်က အသုံးအများဆုံး ဖြစ်သည့် "ဗလာဓား"နှင့် "မီးလောင်ကျွမ်းခြင်း"စွမ်းရည်ကို မရွေးချယ်မီ လူတိုင်းသွားရမည့်လမ်းများကို ရွေးချယ်ပေး၍ ဂိမ်း စတိုးဆိုင်မှ ထွက်လာခဲ့သည်။
[အမည်= ဗလာဓား]
[အမျိုးအစား= လက်နက်]
[အရည်အသွေး= သာမန်]
[တိုက်ခိုက်နှုန်း= 10]
[တန်ဖိုး= ရွှေဒင်္ဂါးပြား 350]
[ဖော်ပြချက်= ဘုံအသုံးဝင်သည့် ဓားလက်နက်၊ အိမ်သုံး သို့မဟုတ် ခရီးသွားရန် အထူးသင့်လျော်သည်]
စွန်းရုံက ဆိုင်ထဲတွင် သူမ၏ ကိုယ်ပိုင်ဓား ဆန်းကြယ်ပင်လယ်ကို တွေ့ရှိခဲ့သည်။
၎င်း၏ စျေးနှုန်းမှာ ဂိမ်းဒင်္ဂါး 5800 အထိ မြင့်မားနေသည်ကို တွေ့ရလျှင် သူမ ထိတ်လန့်သွားခဲ့သည်။
ထို့နောက် သူမက ချန်းချောင်ကဲ့သို့ လိုအပ်သည့် အရာများကို အလျင်အမြန် ရွေးချယ်ကာ ဂိမ်းဒင်္ဂါးရှာရန် စတင် ထွက်ခွာလာခဲ့သည်။
ဝိညာဉ်ဓား တစ်ခုစီက အချောထည် ပစ္စည်း 5ခု လိုအပ်သဖြင့် တည်ဆောက်ရန် အချိန်အတော် လိုအပ်မည် ဖြစ်၏။
သို့သော် သူမ၏ ဆန်းကြယ်ပင်လယ်ဓားကို တည်ဆောက်ပြီးသည်နှင့် ထိုဓားက သူမ တို့၏ အောင်ပွဲအတွက် သော့ချက်ဖြစ်လာမည်ဟု ခံစားခဲ့ရသည်။
တောလမ်းကို ရွေးချယ်ခဲ့သော လင်းရှောင်ယုက ဂိမ်းဒင်္ဂါးငါးရာဖြင့် ရောင်းချသော သာမန် အမဲလိုက်ဓားကို ရွေးချယ်ခဲ့သည်။
အမဲလိုက်ဓားငယ်က ဗလာဓားထက် တိုက်ခိုက်နှုန်း မြင့်မားပြီး အသက်စွမ်းအားကို ပြန်လည် မြှင့်တင်ပေးနိုင်သည့် အကျိုး သက်ရောက်မှု အချို့ ရှိသည်။
ဂိမ်းတစ်ခုလုံးတွင် ဝိညာဉ်ဓားများမှ လွဲ၍ ၎င်းက တိုက်ခိုက်နှုန်း မြင့်မားသည့် တစ်ခုတည်းသော ပစ္စည်း ဖြစ်သည်။
ထိုသို့ မဟုတ်ဘဲ ဗလာဓားကိုသာ အသုံးပြုနေမည် ဆိုလျှင် တောလမ်းရှိ မကောင်းဆိုးဝါး ဝံပုလွေကို သတ်ရန် အချိန်အတော်ကြာမည် ဖြစ်သည်။
"အားလုံးပဲ ကံကောင်းကြပါစေ.. ငါတို့ကျောင်းကို အရှက်မကွဲစေနဲ့"
လင်းရှောင်ယုက ပစ္စည်း ရွေးချယ်ပြီးနောက် အခြေစိုက်စခန်းမှ ထွက်ကာ စွန်းရုံ၏ နောက်သို့ လိုက်လာခဲ့သည်။
[အမည်= အမဲလိုက်ဓား]
[အမျိုးအစား= လက်နက်]
[အရည်အသွေး= အထွေထွေသုံး]
[တိုက်ခိုက်နှုန်း= 30]
[တန်ဖိုး= ရွှေဒင်္ဂါး500]
[ဖော်ပြချက်= ဤဓား၏ မွန်းစတားဆန်သော စွမ်းရည်က ဖျက်ဆီးနှုန်း 10% အပိုဆု နှင့် အသက်စွမ်းအား 10% ကို ရရှိစေသည်။ ယင်းက "တောတွင်းသုံးဓားမြှောင်"ကို တည်ဆောက်ရန်အတွက် အရေးကြီးသော မှော်လက်နက် တစ်ခုဖြစ်သည်။]
"တောတွင်းသုံး ဓားမြှောင်"ကိုသာ အောင်မြင်စွာ တည်ဆောက်ပြီးလျှင် ထိုဓားက မွန်းစတားများကို ချက်ချင်း အပြစ်ပေးကာ အမဲသား အဖြစ်သို့ ပြောင်းလဲပေးနိုင်မည် ဖြစ်သည်။
ထိုမှ ရရှိသည့် ရလာဒ်ကို အသင်းဖော်များနှင့် မျှဝေနိုင်သောကြောင့် ၎င်းတို့ တစ်ဖွဲ့လုံးက အသက်စွမ်းအင် အကျိုးသက်ရောက်မှုကို ခံစားရမည် ဖြစ်၏။
ယခုအခါတွင် လက်နက် မရွေးရသေးသည့်သူ ဟူ၍ ဝမ်လင်းနှင့် ကော်ဟောက်သာ ကျန်တော့သည်။
အောက်လမ်းကြောင်းက အထင်ရှားဆုံး အခန်းကဏ္ဍ တစ်ခု မဟုတ်၍ ဝမ်လင်းက ချန်းချောင်၏ ရွေးချယ်ပေးမှုကို လက်မခံခင် စဥ်းစားစရာပင် မလိုအပ်ခဲ့ချေ။
ကုန်ပစ္စည်းများ ပြည့်နှက်နေသော စတိုးဆိုင်တွင် ကော်ဟောက်၏ သရဲစွယ်ဓားက ဂိမ်းဒင်္ဂါး 2800 တန်ဖိုး ရှိကြောင်း ဝမ်လင်းက မြင်လိုက်ရသည်။
ဒေတာအရ ဆိုလျှင် သရဲစွယ်ဓားက အတော်လေး စျေးမြင့်သည်ဟု ဆိုရမည်။
ကော်ဟောက်က ဗလာဓား တစ်ချောင်းကို ရွေးပြီး အပြင်ကို ထွက်လာခဲ့သည်။
"ဝမ်လင်း မြန်မြန်လုပ်.. ငါတစ်ယောက်တည်း ထိန်းနိုင်မှာမဟုတ်ဘူး"
ဝမ်လင်း ယခုထိ ဆိုင်ထဲကနေ မထွက်ရသေးသည့် အကြောင်းရင်းမှာ ဆိုင်ထဲတွင် ကျင့်ခယ်ကို ရှာနေခြင်းကြောင့် ဖြစ်သည်။
သူ့အနေဖြင့် ကျင့်ခယ်က လမ်းတစ်ဝက်တွင် သောင်းကျန်းမည်ကို စိုးရိမ်သောကြောင့် လူရှေ့သူရှေ့တွင် ထုတ်ဖော်ပြသရန် ကြောက်ရွံ့ခဲ့ရသည်။
သို့သော် ယခုတစ်ကြိမ် ပြိုင်ပွဲတွင်မူ ၎င်းက ဂိမ်းဒေတာ အဖြစ် ပြောင်းလဲသွားသောကြောင့် ဝမ်လင်းအနေဖြင့် ကျင့်ခယ် မည်မျှ တန်ဖိုးရှိမည်ကို အမှန်တကယ် သိချင်နေခဲ့သည်။
ဆိုင်ရှိ မှော်လက်နက်များကြားတွင် ဓားတစ်ထောင်ကျော်ရှိ၏။
နောက်ဆုံးတွင် ဝမ်လင်းက ကုန်ပစ္စည်းစာရင်း၏ အောက်ဆုံးနေရာတွင် အလွန်သေးငယ်ပြီး ထင်ထင်ရှားရှား မရှိသည့် ကျင့်ခယ်ကို တွေ့လိုက်ရသည်။
[အမည်= ကျင့်ခယ် မက်မွန်သစ်သားဓား]
[အမျိုးအစား= လက်နက်]
[အရည်အသွေး= သာမန်]
[တိုက်ခိုက်နှုန်း= မသိရ ]
[တန်ဖိုး= ရွှေဒင်္ဂါး1]
[ဖော်ပြချက်- မက်မွန်သစ်သားဓား တစ်ချောင်းသည် နတ်ဆိုးများကို ကာကွယ်ရန် လည်ပင်းတွင် အဆောင်အဖြစ် ချိတ်ဆွဲထားနိုင်သည်]
ဝမ်လင်း "..............."