တပါးသူ ထင်ပေါ်လာဖို့အတွက် ပံ့ပိုးကူညီရေး လမ်းကြောင်း
Vol. 5 Ch. 66
ဤအတောအတွင်း ဖန်သားပြင်ပေါ်မှ အလင်းရောင်များက အားကစားကွင်းတွင် တဖျပ်ဖျပ် လင်းလက်နေသည်။
ဖန်သားပြင်များက အားကစားကွင်း၏ နေရာတိုင်းကို မျက်နှာမူ၍ လေးလေးနက်နက် နေရာယူထားသည်။
ကျောင်းသား တစ်ထောင်ကျော်က အားကစား ကွင်းတွင် စုဝေးကာ ကျောင်းနှစ်ကျောင်းကြား ပွဲစဉ်များကို ကြည့်ရှုခဲ့ကြသည်။
အချို့က တိတ်တိတ်ဆိတ်ဆိတ် ကြည့်နေကြပြီး အချို့က ခေါင်းငုံ့ကာ စဥ်းစားခန်း ဝင်နေကြသည်။
တစ်ချို့ကမူ အချင်းချင်း တစ်ယောက်ကို တစ်ယောက် တီးတိုး ပြောဆိုနေကြ၏။
သာမာန် အခြေအနေများတွင် ထိုသို့ အသင်းလိုက် ဂိမ်းပြိုင်ပွဲများ အတွက် ပရော်ဖက်ရှင်နယ် မှတ်ချက်ပေးသူများ ရှိသော်လည်း ဤ "ကျင့်ကြံသူ ပြိုကွဲခြင်း" ဂိမ်းသည် လူသိရှင်ကြား မရရှိနိုင်သေးသည့် စမ်းသပ်ဗားရှင်း ဖြစ်နေသည်။
ထို့ကြောင့် ဂိမ်းအခြေအနေနှင့် ပတ်သက်ပြီး ဆက်စပ် သုံးသပ်ချက်ပေးရန် အတွက် တာဝန်ခံ အမျိုးသမီး ဆရာမက ဆောင်ရွက်ပေးခဲ့သည်။
ပြိုင်ပွဲက လက်ရှိတွင် အစောပိုင်း ဂိမ်းလမ်းကြောင်းတွင်သာ ရှိနေသေးသောကြောင့် အခြေခံအားဖြင့် မည်သည့် အသင်းတိုက်ပွဲမျှ မဖြစ်ပေါ်သေးပေ။
ထို့ကြောင့် တာဝန်ခံ အမျိုးသမီးက ထုတ်လွှင့်မှုကို ကြည့်ရင်း အနည်းငယ် ငြီးငွေ့လာသည်။
"ဒီဂိမ်းစတိုးဆိုင်မှာ ပစ္စည်းတွေ အများကြီး ရှိတယ်.. ရွေးချယ်ဖို့ကလည်း အရမ်းများလွန်းတယ်.. ကင်မရာက မီးကို ဖျတ်ခနဲ ထိုးလိုက်တာနဲ့ ဘာမှ ရှင်းရှင်းလင်းလင်း မမြင်ရတော့ဘူး"
"စီနီယာ ထျန်ကျင်းဇီ နဲ့ တခြားသူတွေတောင် ဒီနေရာမှာ အချိန်အတော်ယူခဲ့ရတယ်.. ဒီအခြေခံကနေ ရုန်းထွက်ဖို့ဆိုရင် တစ်နာရီလောက် အချိန်ပေးရမယ် ထင်တယ်.. ကနဦး ပေးထားတဲ့ ဂိမ်းဒင်္ဂါး ပမာဏက အရမ်းနည်းလွန်းတယ်လေ.. အဲဒါတွေကို ဘယ်လိုသုံးရမလဲ ဒါမှမဟုတ် ဘာဝယ်ရမှန်းမသိ ဖြစ်နေတာနဲ့ပဲ အချိန်တွေအလဟဿ ဖြစ်သွားနိုင်တယ်"
စင်မြင့်အောက်ရှိ ကျောင်းသားများက ကစားပွဲနှင့် ပတ်သက်ပြီး အသေးစိတ် ဆွေးနွေးနေကြသည်။
စင်မြင့်ပေါ်ရှိ အတွင်းရေးမှူး စွန်းတာခန်းပင် အနည်းငယ် မျက်မှောင်ကြုတ်သွားသည်။
"စတိုးဆိုင်မှာ ကုန်ပစ္စည်း အများအပြား ထားတာက တကယ်ကို ခေါင်းကိုက်စရာပဲ.. တစ်ခုခု ရွေးရခက်တဲ့ ကျောင်းသားက ဆိုင်မှာ အချိန်အများကြီး ကုန်သွားနိုင်တယ်"
"ကျနော်တို့ အသုံးပြုနေတဲ့ ဂိမ်းက စမ်းသပ်ဗားရှင်းမို့ပါ... အနာဂတ်မှာ ပုံမှန်ထုတ်ကုန် ဖြစ်လာရင်တော့ လက်ရှိ စတိုးဆိုင်မှာ တင်ထားတဲ့ မှော်လက်နက် အရေအတွက်ထက် ခြောက်ဆယ်ရာခိုင်နှုန်း ဒါမှမဟုတ် ခုနစ်ဆယ် ရာခိုင်နှုန်းခန့်ထိ လျော့ချမယ်လို့ ခန့်မှန်းထားပါတယ်"
"ဒါပေမယ့် ဒါကလည်း ကောင်းပါတယ်လေ.. စတိုးဆိုင်မှာ ကုန်ပစ္စည်းတွေ ပိုများလာရင် အသုံးဝင်ပြီး ကိုယ်နဲ့ သင့်တော်မဲ့ မှော်လက်နက်ကို ရွေးချယ်ဖို့ လိုအပ်လာပြီလေ.. အဲဒီကနေ အသုံးပြုသူတွေရဲ့ လိုက်လျောညီထွေ လုပ်နိုင်စွမ်းကို စမ်းသပ်လို့ရတာပေါ့"
"ဒါနဲ့ ဒီဂိမ်းမှာ ဘောနပ်စ်ပေးတဲ့ စနစ်တွေရော ရှိလား"
"အင်း.. ဆုတွေရှိတယ်.. မျှော်စင်ကို ဖျက်ဆီးနိုင်တဲ့ ပထမဆုံးအဖွဲ့က ဂိမ်းဒင်္ဂါး ငါးရာကို ဆုချီးမြှင့်ခံရမယ်.. ရန်သူကို သတ်နိုင်တဲ့ ပထမဆုံးလူကို ဂိမ်းဒင်္ဂါး ငါးရာ ချီးမြှင့်မယ်.. အကယ်၍ အခြားသူတစ်ဦးဦးကို သတ်တဲ့အခါ ပံ့ပိုးကူညီသူ ရှိတယ် ဆိုရင်တော့ ဆုကြေးကို အညီအမျှ ခွဲဝေပေးမှာ ဖြစ်တယ်.. နောက်တစ်ခုလည်း ရှိသေးတယ်… ဝိညာဥ်ဓား အချောထည် တစ်ခုလုံးကို တစ်ယောက်ယောက်က ပထမဆုံး တည်ဆောက်နိုင်ခဲ့ရင် ဒါမှမဟုတ် အတိုချုပ် ပြောရရင် "ပထမဆုံးပစ္စည်းဆု" ကို ရယူနိုင်ခဲ့ရင် ဆုလာဘ်အနေနဲ့ အဖွဲ့ဝင် တစ်ဦးချင်းစီကို ဂိမ်းဒင်္ဂါး ငါးရာ ဆုချလိမ့်မယ်"
"ဒီဆုတွေ အားလုံးကို ပြတ်ပြတ်သားသား ရယူပြီး ဦးဆောင်နိုင်ရင် အသင်းရဲ့ အားသာချက်က အများကြီး တိုးလာမှာပဲ"
သူ စကားမဆုံးခင် ဖန်သားပြင်မှ အီလက်ထရွန်းနစ် အသံတစ်သံ ထွက်ပေါ်လာသည်။
ပထမဆုံးပစ္စည်း ဆုလာဘ်..
ထို့နောက် စနစ်ကြေငြာချက်တွင် ဝမ်လင်း၏ နာမည်ပေါ်လာသည်။
ဝမ်လင်း= ပထမဆုံး အချောထည်ပစ္စည်း တည်ဆောက်မှုအောင်မြင်၊ အဖွဲ့ဝင် တစ်ဦးချင်းစီ အတွက် ဂိမ်းဒင်္ဂါး 500 ဆုလာဘ်။
တာဝန်ခံ အမျိုးသမီးက ချက်ချင်းပင် ကြေငြာလိုက်သည်။
"အမှတ်၆၀ အထက်တန်းကျောင်းရဲ့ ကျောင်းသား ဝမ်လင်းက ဝိညာဥ်ဓားကို ပထမဆုံး တည်ဆောက်နိုင်တဲ့သူ ဖြစ်တဲ့အတွက် အမှတ်၆၀ အထက်တန်းကျောင်းက အဖွဲ့ဝင် တစ်ဦးချင်းစီက ဆုလာဘ် အဖြစ် ဂိမ်းဒင်္ဂါး 500ကို ရရှိပါတယ်"
ပရိသတ်အားလုံး အံ့အားသင့်သွားသည်။
အသံလွှင့် ဖန်သားပြင်ပေါ်ရှိ ပုံက ဂိမ်းစတိုးဆိုင်၏ ကုန်ပစ္စည်းစာရင်းကို ပြသလိုက်သောအခါ အားကစားကွင်း တစ်ခုလုံး မရပ်မနား ဆဲဆိုသံများဖြင့် ချက်ချင်းပင် ဆူညံသွားတော့သည်။
"သောက်-ချီး.. ဂိမ်းဒင်္ဂါး တစ်ခုပဲ ကုန်ကျတဲ့ အချောထည် ပစ္စည်းတစ်ခုက ဘယ်ငရဲကနေ ရောက်လာတာလည်းဟ"
"လခွမ်း.. ဒီကောင်က အရင်းတောင်မှ မထိရသေးဘဲနဲ့ ဆုလာဘ်ကို တကယ်ကြီး ရခဲ့တာလား.. သေချာတာကတော့ ဒီဂိမ်းမှာ ချို့ယွင်းချက် ရှိနေပြီ"
"ချီးပဲ.."
တစ်ချိန်တည်းမှာပင် အနီရောင်ဘက်ရှိ ထျန်းကျင်းဇီတို့ ငါးဦးက ဂိမ်း၏ ကြေညာချက်ကို မြင်လျှင် တညီတညွတ်တည်း အော်ဟစ်ခဲ့ကြသည်။
သူတို့အဖွဲ့တွင် ဈေးအသက်သာဆုံး ပစ္စည်းမှာ လျန့်ဖေး၏ နဂါးတောင်တက်ဓား ဖြစ်သည်။
သူတို့က ပထမဆုံး အချောထည်ပစ္စည်း အတွက် ဂိမ်းဒင်္ဂါးများ စုဆောင်းနိုင်ရန် နောက်ထပ် အစေအပါး နှစ်ကောင်ကို သတ်နိုင်ရန်သာ လိုတော့သည်။
အခြေစိုက်စခန်းကနေတောင် မထွက်ရသေးသည့် ငတိက ဆုလာဘ်ကို ယူငင်သွားမည်ဟု မည်သူက ကြိုသိနိုင်မည်နည်း။
"အယူခံဝင်သင့်လား.. ကန့်ကွက်သင့်လား.. ဂိမ်းကို ပြန်စလိုက်သင့်လား"
"ဂိမ်းစနစ်မှာ တစ်ခုခု မှားယွင်းနေသလား မသိဘူး.. အဲဒါကို စစ်ဆေးဖို့ ပြိုင်ပွဲကို ခေတ္တ ရပ်ထားလိုက်သင့်လား"
ထိုမြင်ကွင်းကို မြင်ပြီးနောက် ကျောင်းအုပ်ကြီးကျင်းက မေးလိုက်သည်။
"ဒါက ဂိမ်းစနစ်ရဲ့ ပြဿနာ မဟုတ်ပါဘူး.. ကျောင်းသားဝမ်လင်းရဲ့ ဝိညာဥ်ဓားက အလွန် စျေးသက်သာတဲ့ အပေါစား သစ်သားဓားပါ"
အမှတ်၆၀ ကျောင်း၏ ကိုယ်စားလှယ် အဖွဲ့ခေါင်းဆောင် ဆရာဝမ်က သက်ပြင်းချ၍ ပြောလိုက်သည်။
"ကျောင်းသား ဝမ်လင်းက ဆင်းရဲတဲ့ မိသားစုကနေ မွေးဖွားလာတာပါ.. သူက ဒီတစ်ကြိမ် ပြိုင်ပွဲ အတွက် မက်မွန်သစ်သားဓား တစ်ချောင်းပဲ ယူလာခဲ့ပါတယ်"
ထိုစကားကိုကြားလျှင် ကျောင်းအုပ်ကြီးကျင်းက ကူကယ်ရာမဲ့စွာဖြင့် နှုတ်ခမ်းတွေ ရွဲ့မလိုတောင် ဖြစ်သွားရသည်။
"ဒါက ဒီဂိမ်းမှာ အသာရဖို့ ချမှတ်ထားတဲ့ နည်းဗျူဟာလား"
"အဲဒါတော့ မဟုတ်ဘူး.. ကျောင်းသားဝမ်လင်းမှာ သူ့ကိုယ်ပိုင် အကြောင်းပြချက် ရှိကောင်းရှိပါလိမ့်မယ်"
ဆရာဝမ်က ခေါင်းခါယမ်း၍ ဖြေလိုက်သည်။
သူတို့ စကားပြောနေစဉ် အသံလွှင့် ဖန်သားပြင်မှ မြင်ကွင်းက ကုန်စည်စာရင်း ကော်လံသို့ ပြောင်းသွားပြီး ဝမ်လင်း၏ သစ်သားဓားငယ် ပေါ်တွင် ပုံရိပ်က ရပ်တန့်သွားသည်။
သစ်သားဓား၏ စျေးနှုန်းကို ကြည့်လိုက်လျှင် လူတိုင်းက ထိတ်လန့်သွားကြသည်။
ဂိမ်းဒင်္ဂါး တစ်ခုလောက်သာ ကုန်ကျသည့် ဤမက်မွန်သစ်သားဓားက တကယ်ပဲ တည်ဆောက် ပြီးစီးသွားသည့် အချောထည် ပစ္စည်း တစ်ခုအဖြစ် သတ်မှတ်ခံခဲ့ရသည်။
ဤတန်ဖိုးဖြင့် "ပထမဆုံးပစ္စည်း" ဆုလာဘ်ကို မရခဲ့ရင်သာ တစ်ခုခုမှားသွားနေပြီဟု ဆိုနိုင်သည် မဟုတ်ပါလား။
…...................
ဝမ်လင်းက ကျင့်ခယ်၏ တန်ဖိုးကို ဂိမ်းဒင်္ဂါး တစ်ခုသာ ကျသင့်မည်ဟု မထင်ထားခဲ့ပေ။
မူလတွင် သူက စူးစမ်းချင်စိတ်ကြောင့် ဝယ်ခဲ့သော်လည်း ဂိမ်းစနစ်၏ မထင်မှတ်ထားသည့် အချက်အလက်ကြောင့် အချောထည် ပစ္စည်းကို ပထမဆုံး တည်ဆောက်သူ အဖြစ် ဆုလာဘ်ကို ရရှိသွားခဲ့သည်။
ယခု သူက အသံလွှင့် ဖန်သားပြင်ပေါ်တွင် သူ့နောက်ကို လိုက်ကြည့်နေသည့် ထောင်ပေါင်းများစွာသော မျက်လုံးများကို ခံစားနေရသည်။
ယင်းက သူ့ကို သဘောမကျသော ခံစားချက်များ ဖြစ်စေ၏။
ဒါက တကယ်ကို အာရုံစိုက်ခံရလွန်းသည်။
လူတိုင်း၏ အကြည့်များကို အခြားတစ်နေရာသို့ ဦးတည်ချက် ပြောင်းရန် အတွက် သူက လှည့်စားမှုလုပ်ရန် ဆုံးဖြတ်လိုက်သည်။
သူက အဖွဲ့ထဲမှ အခြားသူများ၏ ကောင်းမွန်သော အတွေ့အကြုံနှင့် တိုးတက်မှု စွမ်းရည်များ ထင်ပေါ်စေရန် အတွက် အတတ်နိုင်ဆုံး ပံ့ပိုးကူညီပေးမည် ဖြစ်၏။
ဤသည်မှာ အသင်းသားများကို အထောက်အပံ့ ပေးသည့် မှန်ကန်သော နည်းလမ်းလည်း ဖြစ်သည်။
ထို့ကြောင့် ယခုအချိန်ကစပြီး ဝမ်လင်းက နောက်ထပ် ဘာမှ ထပ်မလုပ်ရန် ဆုံးဖြတ်လိုက်သည်။
ယခု သူ့တွင် ဆုလာဒ်အဖြစ် ဂိမ်းဒင်္ဂါး500 ရရှိထားသည်။
သူက ပစ္စည်းတစ်ခုခုကို ဝယ်ယူကာ ဖြည်းဖြည်းမှန်မှန် ဖွံ့ဖြိုးတိုးတက်လာပြီး အတွေ့အကြုံကို ရယူသင့်သည်ဟု ဆုံးဖြတ်လိုက်၏။
ဆိုင်တွင် ပစ္စည်းများစွာ ရှိသည်။
သူ့တွင် ဂိမ်းဒင်္ဂါး 999ခု ကျန်ရှိနေသေးသော်လည်း အာရုံစိုက်မှု မခံရစေရန် စျေးအသက်သာဆုံး ပစ္စည်းတစ်ခုကို ရွေးချယ်ပြီးနောက် ဆိုင်မှ ထွက်လာခဲ့သည်။
[အမည်= လျှို့ဝှက်ဆန်းကြယ်သော အနက်ရောင် မျက်မှန်]
[အမျိုးအစား= လက်တွေ့အသုံးဝင်သော မှော်လက်နက်]
[အရည်အသွေး= သာမန်]
[တန်ဖိုး= ရွှေဒင်္ဂါး 300]
[ဖော်ပြချက်= အချိန်သည် ငွေဖြစ်ပြီး ငွေသည် အချိန်ဖြစ်သည်။ မော့ မိသားစုမှ ပြုလုပ်သော လျှို့ဝှက်ဆန်းကြယ် အနက်ရောင် မျက်မှန်တစ်စုံ၊ ဝတ်ဆင်လိုက်သည်နှင့် +2 ဂိမ်းဒင်္ဂါးပြား /1s…. 2 ]
ဝမ်လင်းက မျက်မှန်တပ်ထား၍ ထွက်ခွာသွားပြီး အောက်လမ်းကြောင်းသို့ ပြန်သွားခဲ့သည်။
ကော်ဟောက်က အဆင့်3ဆင့် အထိ တကယ်ကြီး အဆင့်တက်နေသည်ကို မြင်လျှင် သူ အံ့အားသင့်သွားသည်။
"ငါ အခြေစိုက်စခန်းမှာ အချိန်တွေ အများကြီး ဖြုန်းခဲ့မိတာပဲ"
ဝမ်လင်း စိတ်ထဲကနေ သက်ပြင်းချလိုက်သည်။
သူက ပုံမှန် ယောက်ျားလေးတွေနှင့် ယှဉ်လျှင် ဂိမ်းဆော့ဖို့ အခွင့်အရေးက အဆပေါင်းများစွာ နည်းပါး၏။
သူ၏ ရုန့်ရင်းသော စွမ်းအားများကို မထိန်းချုပ်နိုင်တော့ဘဲ ဂိမ်းစက်ကို ဖျက်ဆီးပစ်မိမည်ကို အမြဲစိုးရိမ်နေခဲ့ရသည်။
ထို့ကြောင့် သူက ချန်းချောင်နှင့် ကော်ဟောက်တို့လောက် ဂိမ်းကစားရာတွင် ကျွမ်းကျင်မှု မရှိခဲ့ပေ။
ယခုမူ တာအိုအဆောင်က ဗားရှင်းအသစ်သို့ ပြောင်းသွားသောကြောင့် နောက်သုံးလလောက် အထိ စိတ်ချသွားရပြီ ဖြစ်သည်။
သုံးလအတွင်း ဇွန်းနှင့် ပန်းကန်များ ဖျက်ဆီးမိမည်ကို စိတ်ပူစရာ မလိုတော့ပေ။
သူ၏ ယိုစိမ့်နေသည့် အရှိန်အဝါတွေက ပြည်သူပိုင် အဆောက်အဦးတွေအား ပျက်စီးစေမည်ကိုလည်း စိုးရိမ်စရာ မလိုတော့ချေ။
သို့သော် သုံးလကြာပြီးနောက်တွင် တာအိုအဆောင် စည်းတံဆိပ်၏ စွမ်းအားက တဖြည်းဖြည်း အားနည်းပြီး သူ၏ ကြောက်ရွံ့မှု နေ့ရက်များက တစ်ပတ် ပြန်လည်လာမည် ဖြစ်၏။
တာအိုအဆောင် ဖန်တီးရာတွင် အသုံးပြုသည့် ပစ္စည်းများက အလွန် ထူးခြားသောကြောင့် ဝမ်မင်က တီထွင်ရန် အချိန်အတော်ကြာ ယူခဲ့ရသည်။
သာမာန်အားဖြင့် ဝမ်လင်းက အချိန်ကို အတင်းအကြပ် အရှိန်မြှင့်နိုင်သည်။
သို့သော် ဤကိစ္စနှင့် ပတ်သက်လာသော အခါတွင် သူက များစွာ အကူအညီ မပေးနိုင်ခဲ့ပေ။
သူက ပစ္စည်းများနှင့် နီးသည်နှင့် တပြိုင်နက် တာအိုမန္တန်ကို အသုံးပြုရန် နေနေသာသာ သူ၏ ခွန်အားကိုပင် လုံးဝ အသုံးမချနိုင်တော့ချေ။
သူ့စိတ်ထဲတွင် ဤကိစ္စကို တွေးတောနေချိန်၌ စွန်းရုံ၏ အသံက အလယ်လမ်းမှ ထွက်ပေါ်လာသည်။
"အတန်းဖော် ဝမ်လင်း သတိထား.. ရန်သူရဲ့ အလယ်လမ်းက လူတွေက အောက်လမ်းကို ဖမ်းဖို့ ထွက်လာကြတယ်"
အဖွဲ့တစ်ခုစီ၏ အဖွဲ့ဝင်များက တစ်ဦးနှင့် တစ်ဦး ချိတ်ဆက်ထားပြီး အသံမက်ဆေ့ချ် များကို အဝေးကနေ ပေးပို့နိုင်သည်။
အောက်လမ်းက ကျူပင်များ ဖုံးလွှမ်းနေသော နေရာ ဖြစ်၏။
ထိုနေရာက လူအများကို ချုံခိုတိုက်ခိုက်ရန်နှင့် ဖမ်းဆီးရန် အတွက် အလွန် ဗျူဟာမြောက်သော နေရာ ဖြစ်သည်။
အနက်ရောင် မျက်မှန်တပ်ထားသော ဝမ်လင်းက အခြေအနေကို လျှို့ဝှက်စွာ စောင့်ကြည့်ရန် ခံတပ်အနီးရှိ ကျူတောထဲတွင် ပုန်းနေခဲ့သည်။
အနက်ရောင် မျက်မှန်ကို ချက်ချင်း အသုံးချလိုက်ရသဖြင့် အချိန်တိုလေး အတွင်း အနက်ရောင် မျက်မှန်အတွက် ကုန်ကျထားသည့် တန်ဖိုးကို ပြန်ရခဲ့သည်ဟု ဆိုရမည်။
"အတန်းဖော် ဝမ်လင်း အဲဒီမှာ ဖင်ကုန်းပြီး ဘာလုပ်နေတာလဲ.. မြန်မြန်ပြန်ဆုတ်လာခဲ့.. အန္တရာယ်ကင်းကင်း ကစားကြစို့.. သူတို့မှာ သုံးယောက်တောင် ရှိတယ်.. ငါတို့တွေ အနိုင်ရမှာ မဟုတ်ဘူး"
ကော်ဟောက်က ရန်သူ၏ အောက်လမ်းတွင် ရှိနေသော လူများ ပျောက်ကွယ်သွားပြီ ဖြစ်ကြောင်း သတိပြုမိခဲ့သည်။
ဆိုလိုသည်မှာ ရန်သူ၏ အောက်လမ်းကြောင်းမှ ရန်သူများက အလယ်လမ်းမှ လာသော အဖွဲ့နှင့် ပူးပေါင်း၍ သူတို့၏ အောက်လမ်းကြောင်းကို ညှပ်ပူးညှပ်ပိတ် တိုက်ခိုက်ရန် ဆောင်ရွက်တော့မည်ဟု ဆိုလိုသည်။
"ဘာလို့ ပြန်ဆုတ်ရမှာလဲ.. ငါတို့က သူတို့ကို တကယ်ပဲ အနိုင်မယူနိုင်လို့လား"
ဝမ်လင်းက ခေါင်းငုံ့ပြီး စဉ်းစားနေမိသည်။