တကယ့်စွမ်းရည်အစစ်က လှုပ်ရှားစရာသိပ်မလိုဘူး
Vol. 5 Ch. 67
စနစ်က လူတိုင်း၏ အင်အားကို ဒစ်ဂျစ်တယ် ဒေတာ အဖြစ်သို့ ပြောင်းလဲပြီး အဆင့်နှစ်ဆယ်ဖြင့် ပိုင်းခြားထားသည်။
အဆင့်တစ်ခုစီကို အဆင့်မြှင့်တင်ခြင်းဖြင့် လူတစ်ဦးစီ၏ စွမ်းအားက ငါးရာခိုင်နှုန်းစီ တဖြည်းဖြည်း တိုးမြင့်လာမည် ဖြစ်၏။
သို့သော် ဤဒေတာ ကူးပြောင်းမှုက အခြေခံ တည်ဆောက်ခြင်းအဆင့် မဟုတ်သည့် သူ့အတွက် အလုပ်မဖြစ်သည်ကို ဝမ်လင်း သတိထားမိခဲ့သည်။
ယခုအချိန်ထိ နှစ်ကျောင်းလုံးက သူ၏ နယ်ပယ်အဆင့်ကို မသိခဲ့ကြချေ။
ပြိုင်ပွဲဝင်များက အခြေခံ တည်ဆောက်ခြင်း အဆင့်ကျောင်းသားများ ဖြစ်သောကြောင့် "ကျင့်ကြံသူ ပြိုကွဲခြင်း" ဂိမ်း၏ စမ်းသပ်ဗားရှင်း စနစ်က ဒေတာကူးပြောင်းမှုကို သဘာဝအတိုင်း အခြေခံ တည်ဆောက်ခြင်း အဆင့် အတွက်သာ သတ်မှတ်ပေးမည် ဖြစ်သည်။
တစ်နည်းဆိုရလျှင် ဝမ်လင်းက ဒေတာကူးပြောင်းသွားသော အခြားသူများနှင့် မတူညီပေ။
သူ့နယ်ပယ်ကို အပိုင်းနှစ်ဆယ် ခွဲထားပြီး အဆင့်တက်ဖို့အတွက် အတွေ့အကြုံသစ်တွေ စုဆောင်းရမည် ဖြစ်သော်လည်း ဤကဲ့သို့ အဆင့်မြှင့်တင်မှုမျိုးက သူ့အတွက် အဓိပ္ပါယ်မရှိချေ။
ထို့ကြောင့် သူက လောလောဆယ် အဆင့်1တွင်သာ ရှိသေးသော်လည်း ဤမြေပုံပေါ်တွင် သူ၏ တည်ရှိမှုက နတ်ဘုရားတစ်ပါးလို ဖြစ်နေသည်။
အောက်လမ်းကို ဖမ်းဖို့ ရောက်လာသည့် လူသုံးယောက်လောက်ကို မဆိုထားနှင့်... ယင်းက စစ်တပ်တစ်ခုလုံး ဖြစ်နေခဲ့လျှင်ပင် ဓားတစ်ချက်တည်းဖြင့် အားလုံးကို သတ်ပစ်နိုင်သည်ဟု သူခံစားရသည်။
သို့သော် အရည်အချင်း ပြည့်မီသော ပံ့ပိုးကူညီသူ တစ်ယောက် အနေဖြင့် အခြားသူများထက် ထင်ပေါ်လာမည်ကို သူ မလိုလားချေ။
သူက သူ့ကိုယ်သူ စတေးပြီး အောက်လမ်း၏ ဝင်ငွေနှင့် ဦးဆောင်မှုကို အခြားသူတစ်ဦးထံ လွှဲပြောင်းသင့်သည်ဟု တွေးလိုက်သည်။
ခံတပ်ထဲသို့ ဆုတ်သွားချိန်တွင် တုန်လှုပ်နေသော ကော်ဟောက်ကို တစ်ချက်ကြည့်ရင်း ဝမ်လင်းက ကျူတောထဲမှ ခြေလှမ်း တစ်လှမ်းချင်း လှမ်းကာ အပြင်သို့ ထွက်လာခဲ့သည်။
ရန်သူကို အပြင်ထွက်ပြီး သွေးဆောင်ရန် သူ့ခန္ဓာကိုယ်ကို စတေးဖို့ ဆုံးဖြတ်ခဲ့သည်။
အခွင့်အရေးကို တခြားလူတွေဆီ လက်ဆင့်ကမ်းပေးသည်က သူ့ဆီကနေ အာရုံစူးစိုက်မှုကို ဆွဲထုတ်ပစ်နိုင်မည့် အကောင်းဆုံးသော နည်းလမ်း ဖြစ်သည် မဟုတ်လော။
သူက လူအများ၏ အာရုံကို ဆွဲဆောင်မိမည်ကို စိုးရိမ်၍ ထျန်ကျင်းဇီ တို့ကို မသတ်နိုင်လျှင်ပင် အနည်းဆုံးတော့ လှည့်ဖြားမှု အချို့ကို အသုံးပြုနိုင်ပါသေးသည်။
…......
ထျန်ကျင်းဇီ၊ လျန့်ကျန်း နှင့် လျန့်ဖေး တို့က အနီရောင်ဘက်ခြမ်းရှိ ကျူတောထဲတွင် ပုန်းနေခဲ့ကြသည်။
ပုံရိပ်ယောင်နယ်မြေတွင် လူတိုင်းက ဒေတာ အဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီးနောက် ၎င်းတို့၏ ဝိညာဉ်ရေးအာရုံများနှင့် အတူ ၎င်းတို့၏ အရှိန်အဝါ များကိုပါ စနစ်မှ ပိတ်ထားသည်။
ထို့ကြောင့် ရန်သူ့ဘက်က ၎င်းတို့၏ အရှိန်အဝါအား ထောက်လှမ်းမိမည်ကို ကြောက်ရွံ့ခြင်းမရှိပေ။
"ဟိုမှာကြည့်စမ်း.. ဒီရုပ်ချောချောနဲ့ကောင်က မကြောက်မရွံ့ ထွက်လာရဲတယ်"
"ဒီကောင်က အဆင့် 1ပဲ ရှိသေးတယ်ဟ.. ဘယ်ကနေ သတ္တိတွေ ရလာတာလဲ"
"သူ့ရဲ့ အူတူတူ အသွင်အပြင်ကို ကြည့်ရင် ဂိမ်းဆော့လေ့ ဆော့ထ မရှိတာ သေချာပါတယ်.. ဒါမှမဟုတ် ဒီကောင်က ငါတို့ အမြင်မှားအောင် လုပ်နေတာလည်း ဖြစ်နိုင်တယ်.. ပြောရရင် အဲဒါက ထောင်ချောက်ပဲ"
"ဒါဆို ငါတို့သွားသင့်လား"
ထျန်ကျင်းဇီ၏ မျက်နှာကို နောက်ဆုံး စိုက်မကြည့်မီ သူတို့က မြက်ခင်းပြင်တွင် ထိုင်ကာ ထိုကိစ္စကို ဆွေးနွေးကြသည်။
"ဥက္ကဌ ကျေးဇူးပြုပြီး တစ်ခုခုပြောပါဦး"
ရိုးရိုးသားသား ပြောရလျှင် ထျန်ကျင်းဇီက ပထမတွင် သွားဖို့ ငြင်းဆိုချင်ခဲ့သည်။
ဝမ်လင်းနှင့် နှစ်ရက်ကြာ ရင်ဆိုင်ပြီးနောက် အရာအားလုံးကို လေးလေးနက်နက် တွေးတော ဖြစ်ခဲ့၏။
ခေါင်းတုံးဆံတောက်ကေနှင့် ဤခပ်ချောချော ကောင်လေးက မည်မျှ အဆိပ်ပြင်းသည်ကို သူလေးနက်စွာ သဘောပေါက်နေပြီ ဖြစ်သည်။
"သွားရမလား ဒါမှမဟုတ် မသွားရဘူးလား"
ဤ MOBA ဂိမ်းအမျိုးအစားတွင် တစ်စုံတစ်ဦးကို ဝိုင်းဝန်းတိုက်ခိုက်သည်က သာမာန်နည်းဗျူဟာသာ ဖြစ်သည်။
လောလောဆယ် သူတို့က လူပိုများပြီး အဆင့်လည်း ပိုမြင့်သည်။
ဟိုငတိက ယခုမှ အဆင့်1သာ ရှိသေးသည် မဟုတ်လော။
ထျန်ကျင်းဇီ၏ မျက်လုံးထဲတွင် အဆင့် 1 သာ ရှိသေးသော ဝမ်လင်းမှာ ပဲငံပြာရည်အပြင် တန်ဖိုးကြီး ငါးကြီး၏ အဆီများဖြင့် ရွှဲနေအောင် ချက်ထားသော ဝက်သားပြားကဲ့သို့ လတ်ဆတ်နေ၏။
ထိုအသား၏ ရနံ့က မိုင်ပေါင်းများစွာ ဝေးသော နေရာကပင် အနံ့ခံနိုင်သည်အထိ သူတို့လူစုကို ဆွဲဆောင်နေသည်။
နောက်ဆုံးတွင် ထျန်ကျင်းဇီက သွားများကို အံကြိတ်၍ ပြောလိုက်သည်။
"သွားစို့"
"ငါတို့မှာ ဒီကောင်ထက် လူတွေ ပိုရှိတာပဲ.. ဘာကိုကြောက်နေရမှာလဲ"
တစ်ဖက်တွင်လည်း ကျူတောထဲ ပုန်းနေသော ကော်ဟောက်က လှုပ်လှုပ်ရွရွ ဖြစ်နေသော အရာတစ်ခုကို အဝေးမှ လှမ်းမြင်လိုက်ရသည်။
ထို့နောက် ဗလာဓားကို ကိုယ်စီ ကိုင်ထားသော လူသုံးဦးက ဝမ်လင်းဆီသို့ ဦးတည်လာသည်ကို တွေ့လိုက်သည်။
"အတန်းဖော် ဝမ်လင်း.. ကြည့်စမ်း"
ဒေတာကူးပြောင်းပြီးနောက် ဝိညာဉ်စွမ်းအင်ကို အပြာရောင်ဘားများဖြင့် ကိုယ်စားပြုသည်။
ဗလာဓား ကိုင်လာသော လူသုံးဦးက ဝမ်လင်းကို သတ်ရန် အရေအတွက်ကို အားကိုး၍ ဝိုင်းဝန်း တိုက်ခိုက်သည့် ဗျူဟာကို ရွေးချယ်ခဲ့သည်။
" မြင်းနတ်ဘုရား ဥက္ကာပျံဓား"
"အလှတရားကို ဆုပ်ကိုင်၍ သတ်ဖြတ်ခြင်း"
"ကြယ်ပေါက်ကွဲခြင်းစီးကြောင်း"
ဤဓားစွမ်းရည်များက သာမန် တိုက်ခိုက်မှုသာ ဖြစ်သော်လည်း လုံလောက်စွာ အားကောင်းနေစေရန် နာမည်ကို ကျယ်လောင်စွာ အော်ဟစ်ခဲ့ကြသည်။
အဆုံးသတ်တွင် "ဓားစွမ်းရည်က ၎င်းတို့ အော်ဟစ်သံများ၏ အစွမ်းသတ္တိပေါ်တွင် မူတည်သည်" ဟူသော စကားမှာ ထာဝရအမှန်တရား တစ်ခု ဖြစ်သည်။
ဗလာဓား ကိုင်ဆောင်ထားသည့် လူသုံးယောက်က မြင်းသတ်သမားများက မြင်းကို ဝိုင်းဖမ်း သကဲ့သို့ ဝမ်လင်းကို ဝိုင်းရံ၍ ကြီးမားသော အင်အားဖြင့် ပြင်းပြင်းထန်ထန် တိုက်ခိုက်လိုက်ကြသည်။
ဝမ်လင်းက ဘာမှမလုပ်ဘဲ ထိုနေရာတွင်သာ ငြိမ်သက်စွာ ရပ်နေခဲ့သည်။
လူသုံးယောက်က သူ့ကို သတ်လိုက်ရင် မည်သည့်အရာများ ဖြစ်ပျက်လာမည်ကို သူအတိအကျ သိသည်။
၎င်းတို့က လောလောဆယ်တွင် ဂိမ်းတစ်ခုထဲတွင်သာ ရှိသော်လည်း သူ၏ အင်မော်တယ် ခန္ဓာကိုယ်က တုံ့ပြန်မှု ရှိနေပါသေးသည်။
ဤလူသုံးယောက်သာ သူ့ကို ဓားဖြင့် ခုတ်ခဲ့လျှင် အစအနပင် မကျန်အောင် ပျက်စီး ပျောက်ကွယ် သွားရလိမ့်မည် မဟုတ်လော။
ယင်းက သူမြင်ချင်သည့်အရာ လုံးဝမဟုတ်ပေ။
တစ်ဖက်တွင်လည်း ဤတိုက်ခိုက်မှုကို ကျော်ဖြတ်နိုင်လျှင် ရရှိမည့် ဝင်ငွေ အခွင့်အရေးက တကယ်ကို ဖမ်းစားနိုင်လွန်းသည်။
ထို့ကြောင့် ဤအချိန်က သူ၏ ခန္ဓာကိုယ် လှုပ်ရှားမှုကို စမ်းသပ်ဖို့ အချိန်ဟု ဆုံးဖြတ်လိုက်သည်။
ဝမ်လင်းတွင် အရည်အချင်း အများအပြား ရှိသော်လည်း ကြီးပြင်းလာသော အချိန်အထိ သူ၏ သေစေလောက်သော စွမ်းရည်များကို အပြည့်အဝ အသုံးချရန် အခွင့်အရေး မရှိခဲ့ချေ။
အားလပ်ချိန်တွင် လေ့ကျင့်နိုင်သည့် တစ်ခုတည်းသော စွမ်းရည်မှာ ခန္ဓာကိုယ် လှုပ်ရှားမှု ဖြစ်သည်။
ကျင့်ကြံခြင်း လောကတွင် ခန္ဓာကိုယ်လှုပ်ရှားမှု စွမ်းရည် အများစုသည် ဝင်ရောက်လာသော တိုက်ခိုက်မှုကို တိုင်းတာပြီး စနစ်တကျ ရှောင်တိမ်းနိုင်စေရန် ခိုင်မာသော အခြေခံအုတ်မြစ်ကို အထောက်အပံ့ ပေးထားသည်။
သို့သော် ဝမ်လင်း၏ ခန္ဓာကိုယ် လှုပ်ရှားမှု စွမ်းရည်က အလွန်အဆင့်မြင့်ပြီး ပရိသတ်အားလုံး၏ အာရုံကို ဖမ်းစားနိုင်သောကြောင့် ထိုစွမ်းရည်ကို ထုတ်ဖော်၍ မဖြစ်ချေ။
ထို့ကြောင့် သာမန် အခြေအနေများတွင် ထုတ်သုံးရန် အတွက် အသင့်တော်ဆုံး ဖြစ်သည့် ခန္ဓာကိုယ်လှုပ်ရှားမှု စွမ်းရည်ကို အချိန်အတော်ကြာ လေ့ကျင်လာသည့် အတွေ့အကြုံများကို အခြေခံ၍ တီထွင်ထားခဲ့သည်။
အဆုံးသတ်တွင် သူရလာခဲ့သည့် နိဂုံးချုပ် သဘောတရားမှာ အကောင်းဆုံး ရှောင်တိမ်းသည့် နည်းစနစ်က တကယ့် ပြိုင်ဘက်ကင်း နည်းစနစ် မဟုတ်ဘဲ ကောင်းကင်ကို ဖီဆန်နိုင်လောက်အောင် အစွမ်းထက်သည့် တကယ့် စွမ်းရည်အစစ်မှာ လှုပ်ရှားစရာ အများကြီး မလိုအပ် ဟူ၍ ဖြစ်သည်။
"ဒီချုံခိုတိုက်ခိုက်မှုက အောင်မြင်သွားမဲ့ပုံပဲ.. ပထမဆုံး သွေးတွေက အောက်လမ်းမှာ စွန်းထင်းကုန်တော့မယ်"
ကျောင်းအုပ်ဆရာကြီး ကျင်းက လေးနက်သော မျက်နှာထားဖြင့် ပြောလိုက်သည်။
တာဝန်ခံ အမျိုးသမီးက
"အမှတ်၅၉ အထက်တန်းကျောင်းက ကျောင်းသား ထျန်ကျင်းဇီ၊ လျန့်ကျန်းနဲ့ လျန့်ဖေး တို့က ဆင်းရဲနွမ်းပါးပြီး အားကိုးရာမဲ့နေတဲ့ ကျောင်းသားလေး ဝမ်လင်းကို လုပ်ကြံဖို့ အစပြုလိုက်ပါပြီ.. ရလဒ်က ဘယ်လိုတွေ ဖြစ်လာမလည်း ဆိုတာ စိတ်ဝင်စားစရာပါပဲ"
ထျန်ကျင်းဇီ နှင့် အခြားနှစ်ယောက်တို့က ဓားဗလာဖြင့် ရုတ်တရက် လျင်မြန်စွာ ထိုးနှက်လာကြသည်ကို ကြည့်ရင်း လူတိုင်း အသက်ရှူကြပ်သွားကြသည်။
လေထုတုန်ခါမှုက ဝမ်လင်း၏ ဆံပင်တိုတိုကိုပင် လှုပ်ခတ်သွားစေသည်။
သာမာန်အားဖြင့် ထျန်ကျင်းဇီတို့က သူတို့ပစ်မှတ်ကို ထိသင့်သည်။
သို့သော် မည်သူမှ စိတ်ကူးပင် မယဉ်နိုင်သော မြင်ကွင်းတစ်ခု ဖြစ်ပေါ်လာသည်။
ညှပ်ပူးညှပ်ပိတ် တိုက်ခိုက်မှုကို ရင်ဆိုင်ရင်း မူလက တစ်နေရာတည်းတွင် ရပ်နေသော ဝမ်လင်းမှာ ရုတ်တရက် အနည်းငယ် လှုပ်ရှားသွားသည်။
ဤဓားသုံးချောင်းနှင့် သူ၏ခန္ဓာကိုယ်ကြား ပျမ်းမျှ အကွာအဝေးမှာ 0.01 စင်တီမီတာသာ ရှိသည်။
သို့သော် ဝမ်လင်းက လှုပ်ရှားလိုက်သောကြောင့် သူတို့၏ ဓားထိပ်ဖျားများက ဝမ်လင်း၏ အရေပြားနှင့် အလွန် နီးကပ်နေသော်လည်း မထင်မှတ်ပဲ လေကိုသာ ခုတ်ဖြတ်မိသွားသည်။
"သောက်ချီး... ဒါက ဘယ်လို ခန္ဓာကိုယ် လှုပ်ရှားမှုမျိုးလဲဟ"
တာဝန်ခံဆရာမ၊ ကျောင်းအုပ် ဆရာကြီး ကျင်းနှင့် နောက်လိုက်များ အားလုံး အံ့အားသင့်သွားကြသည်။
"ကျမတို့ အမှတ် ၆၀ အထက်တန်းကျောင်းက ခန္ဓာကိုယ်လှုပ်ရှားမှု နည်းလမ်းတွေ မသင်ပေးသေးပါဘူး.. ကျောင်းသား ဝမ်လင်း ရှောင်တိမ်းနိုင်တာက ကံတရားကြောင့်သာ ဖြစ်ပါလိမ့်မယ်"
"ဒီကောင်လေးက သူ့ကိုယ်သူ နားလည်သွားတာ ဖြစ်မယ်.. မဟုတ်ရင် ဓားသုံးချောင်းကို ကပ်သီလေး ရှောင်တိမ်းဖို့ ဆိုတာ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"
"ကျောင်းအုပ်ဆရာကြီးကျင်း.. စိတ်မလှုပ်ရှားပါနဲ့.. အတွင်းရေးမှူးစွန်းလည်း ဒီမှာထိုင်နေတာပဲ.. သူ့ထင်မြင်ချက်က ဘယ်လိုလည်း ဆိုတာ မေးကြည့်ရအောင်"
စင်မြင့်ပေါ်ရှိ ခေါင်းဆောင်များအားလုံးက အစောပိုင်းကဖြစ်ရပ် ပြန်လည်ပြသနေမှုကို ဖန်သားပြင်ကနေ ကြည့်ရှုခဲ့ကြသည်။
ပြန်လည်ပြသမှုကို စိုက်ကြည့်ပြီးနောက် အတွင်းရေးမှူးစွန်းက ခေါင်းကို အနည်းငယ် ခါယမ်းလိုက်သည်။
"ဒီကျောင်းသားက ဘယ်လို လှုပ်ရှားမှု နည်းလမ်းကို သုံးနေတယ်ဆိုတာ ငါလည်း မပြောနိုင်ပါဘူး... ငါ့အမြင်တော့ ဒါက သာမန် ရှောင်တိမ်းလိုက်တဲ့ ခြေလှမ်းလေး တစ်လှမ်းပါပဲ"
"................"
အတွင်းရေးမှုးစွမ်း၏ သုံးသပ်ချက်ကိုကြားလျှင် ကျောင်းအုပ်ကြီးကျင်းက ချက်ချင်းပင် ဆွံ့အသွားရသည်။
အတွင်းရေးမှူး စွန်း၏ ခွန်အားက သူနားမလည်နိုင်လောက်သည့် နယ်ပယ်တွင် ရှိသည်။
ထို့ကြောင့် ပုံမှန်အားဖြင့် သူ၏ မှတ်ချက် မှားယွင်းနေမည်ကို သံသယရှိစရာ မလိုပေ။
တာဝန်ခံ အမျိုးသမီးက မြေပုံပေါ်ရှိ ကျောင်းနှစ်ကျောင်း၏ ဝင်ငွေကွာဟမှုကို တစ်ချက်ကြည့်လိုက်ပြီး သက်ပြင်းကို မချဘဲ မနေနိုင်တော့ချေ။
"အမှတ် ၅၉ အထက်တန်းကျောင်းက ကျောင်းသားတွေက ဒီတကြိမ် အောက်လမ်းမှာ ရန်သူကို ဖမ်းဖို့ ပျက်ကွက်ခဲ့ပြီး ၀င်ငွေ ဆုံးရှုံးသွားတဲ့ အတွက် အမှတ် ၆၀ အထက်တန်းကျောင်းက ကျောင်းသားတွေက ရွှေဒင်္ဂါးနှစ်ထောင်နဲ့ ဦးဆောင်နေကြပါတယ်.. အမှတ် ၅၉ အထက်တန်းကျောင်းက ကျောင်းသားတွေအနေနဲ့ စိတ်ဓာတ်မကျဘဲ ဆက်လက် တိုက်ပွဲဝင်ကြမယ်လို့ မျှော်လင့်ပါတယ်"
တာဝန်ခံ အမျိုးသမီး၏ စကားကိုကြားလျှင် ကျောင်းအုပ်ကြီး ချန်းက ကျေနပ်စွာ ပြုံးလိုက်သည်။
"ဒီလိုမျိုး အသင်းလိုက် ကစားနည်း အတွက် ငါ အကြံပေးချင်တာကတော့ အစောပိုင်း အဆင့်တွေမှာ အမှား ကြီးကြီးမားမား မလုပ်မိဖို့ပဲ.. တည်တည်ငြိမ်ငြိမ်နဲ့ ဖွံ့ဖြိုး တိုးတက်လာတာက ဒီကစားနည်းရဲ့ အဓိကသော့ချက်ပဲ"
"ကျောင်းအုပ်ကြီးချန်း.. မင်း ကိုယ့်ကိုကိုယ် သိပ်ကျေနပ်မနေပါနဲ့.. ငါ့ရဲ့ ကျောင်းသားတွေက သေချာပေါက် နောက်ကနေ မင်းတို့ကို အမီ လိုက်လာမယ်"
ကျောင်းအုပ်ကြီးကျင်းက ကျောင်းအုပ်ကြီး ချန်းအား စိုက်ကြည့်ပြီး ဝိညာဥ်ရေးအာရုံဖြင့် ဆက်သွယ် ပြောဆိုလိုက်သည်။
စင်မြင့်ပေါ်၌ ခေါင်းဆောင်များက အကြိတ်အနယ် ဆွေးနွေးနေကြသော အချိန်တွင် ကျိုးရီ တစ်ယောက်တည်းသာ ရုပ်တုကဲ့သို့ ဝမ်လင်းကို တိတ်တဆိတ် စိုက်ကြည့်နေသည်။
အကြောင်းမှာ ဤလူငယ်က သူ အမှန်တကယ် နားမလည်နိုင်လောက်သော လူတစ်ဦး ဖြစ်နေသောကြောင့်ပင်။
လွန်ခဲ့သည့် ခြောက်နှစ်က မကောင်းဆိုးဝါး ဘုရင်ကို တစ်ချက်တည်းနှင့် သတ်ပစ်ခဲ့သည့် ကြောက်မက်ဖွယ် စွမ်းအားမျိုး...
ထိုကဲ့သို့ စွမ်းအားမျိုးကို အတွင်းရေးမှူးစွန်းပင် သေချာပေါက်လုပ်ဆောင်နိုင်မည် မဟုတ်ပေ။
သူ့ကို အံ့အားသင့်စေသည်မှာ သူက အသေအလဲ ရှာဖွေနေသည်ကို ထိုလူငယ်က သတိထားမိပုံရပြီး သူ့ကို ရှောင်တိမ်းဖို့ နည်းအမျိုးမျိုးကို အသုံးပြုခဲ့ခြင်းပင်။
သူတို့နှစ်ဦး အမှန်တကယ် ပြန်လည် ဆုံတွေ့ကြသောအခါ နောက်ထပ်၆နှစ်အကြာတွင် ကျင်းပသော ဝိညာဥ်ဓားဖလှယ်ပွဲတွင် ဖြစ်နေသည်။
အနည်းငယ် ရင့်ကျက်လာပုံရသည့် ဝမ်လင်း၏ ငယ်ရွယ်နုပျိုသော မျက်နှာလေးကို ကြည့်ပြီး တစ်ချိန်တည်းမှာပင် လွန်ခဲ့သည့် ခြောက်နှစ်လောက်က နုပျိုသည့် မျက်နှာသေးသေးလေးကို ပြန်သတိရမိသွားသည်။
ဤအခိုက်အတန့်တွင် ကျိုးရီက ဘဝတစ်သက်တာလုံး ဖြတ်သန်းခဲ့ပြီးသလို မောပန်းနွမ်းလျမှုကို ခံစားလိုက်ရသည်။