အဖွဲ့လိုက်တိုက်ပွဲက ရှုံးသွားနိုင်ပေမယ့် ဝမ်လင်းကတော့ သေရမယ်
Vol. 5 Ch. 68
ကောင်းကင်ဘုံကို အံတုနိုင်သော ခန္ဓာကိုယ် လှုပ်ရှားမှု၏ သဘောတရားမှာ "လှုပ်ရှားစရာ သိပ်မလိုအပ်" ဟူသည့် သဘောတရား ဖြစ်သည်။
ဤကမ္ဘာတွင် ရှောင်တိမ်း၍ မရသော တိုက်ခိုက်ခြင်းမျိုး မရှိပေ။
ရှိခဲ့ရင်လည်း ဝမ်လင်းက နောက်တဖန် ရှောင်သွားလိမ့်မည်သာ။
နှစ်အတော်ကြာ သူ၏ ကြိုးစားအားထုတ်မှုက အလဟဿ မဖြစ်ခဲ့ဟု သူခံစားခဲ့ရသည်။
အတွင်းရေးမှုးစွန်းပင် မည်သို့သော ခန္ဓာကိုယ်လှုပ်ရှားမှု စွမ်းရည် ဖြစ်သည်ကို မပြောနိုင်ခဲ့ဘဲ သာမန် ရှောင်တိမ်းလိုက်သည့် ခြေလှမ်းလေး တစ်လှမ်းဟုသာ မှတ်ချက်ချခဲ့သည်။
စင်စစ် ဝမ်လင်းက သူ၏ အကောင်းဆုံး ခန္ဓာကိုယ် လှုပ်ရှားမှုစွမ်းရည်ကို အရိုးရှင်းဆုံး နည်းစနစ်များ အသုံးပြုကာ သူ့ကိုယ်ပိုင် စိတ်ကူးများဖြင့် ပေါင်းစပ်ထားခြင်း ဖြစ်သည်။
"နတ်ဆိုး ခြေလှမ်း" "မကောင်းဆိုးဝါးနှင့် အရိုင်းအစိုင်းတစ္ဆေ" "လီပေါင်း ကိုးသိန်း ရွေ့လျားခြင်း" စသည့် ခန္ဓာကိုယ် လှုပ်ရှားမှု နည်းစနစ်များ၏ အသေးစိတ် လုပ်ဆောင်ချက်များကို ချေဖျက်ပြီးနောက် တော်ရုံ တိုက်ခိုက်မှုများကို ရှောင်တိမ်းနိုင်သည့် သာမန် ခြေလှမ်းတစ်လှမ်းကို ရရှိလာခြင်း ဖြစ်သည်။
အကြီးမြတ်ဆုံး အမှန်တရားများသည် ဝမ်လင်း၏ ပုံစံအတိုင်း အရိုးရှင်းဆုံး ဖြစ်သည်။
စျေးကွက်ထဲတွင် ဝယ်ယူ၍ ရသည့် ခန္ဓာကိုယ် လှုပ်ရှားမှု နည်းစနစ်များကို ကြည့်ရင်း ခန္ဓာကိုယ် လှုပ်ရှားမှု နည်းစနစ် အများစုက မကောင်းဆိုးဝါး ဆန်သွားပြီဟု သူခံစားမိသည်။
လှုပ်ရှားမှု နည်းစနစ်က ပိုပြီး ရှုပ်ထွေးလေလေ ဈေးကြီးလေလေ ဖြစ်သည်။
"ဘယ်ညာခုန်" "မိုးကြိုးသုံးထောင်" "မြွေအရေခွံ တစ္ဆေ" စသည့် ကိုယ်ခန္ဓာလှုပ်ရှားမှု နည်းစနစ်များကို ဝမ်လင်းက သာမန်ခြေလှမ်းလေး လှမ်းရုံဖြင့် လှပစွာ လှည့်ပတ် ရှောင်တိမ်းနိုင်ခဲ့သည်။
ထျန်ကျင်းဇီတို့ အသုံးပြုနေသည့် ခန္ဓာကိုယ်လှုပ်ရှားမှုနည်းစနစ်က စူပါမန်း၏ အပြင်မှာ ထုတ်၀တ်ထားသော အတွင်းခံလို ကြည့်၍ ကောင်းသော်လည်း လက်တွေ့တွင် အသုံးမဝင်ပေ။
၎င်းက ကျင့်ကြံသူ တစ်ယောက်ကို ပိုပြီး သန်မာအောင် မပြုလုပ်ပေးနိုင်ချေ။
"အတန်းဖော် ဝမ်လင်း.. မင်းက အရမ်းမိုက်တယ်.. လခွမ်း.. မင်းဘယ်လိုလုပ်ပြီး ခြေတစ်လှမ်းထဲနဲ့ ညှပ်ပူးညှပ်ပိတ် တိုက်ခိုက်မှု သုံးခုကို ဘယ်လိုတောင် ရှောင်တိမ်းခဲ့တာလဲ"
ကော်ဟောက်က ဝမ်လင်း၏ လှုပ်ရှားမှုကြောင့် ထိတ်လန့်သွားပြီး သူ၏ ဦးနှောက် လုပ်ငန်းစဉ်များ ရပ်တန့်သွားသလို ခံစားလိုက်ရသည်။
သူ့ဘဝတွင် ပထမဆုံးအကြိမ်အဖြစ် သူ၏ ဉာဏ်ရည်ဉာဏ်သွေးက အသုံးမဝင်ဟု ခံစားခဲ့ရသည်။
ဝမ်လင်းက ညှပ်ပူးညှပ်ပိတ် တိုက်ခိုက်မှုကို တစ်ကြိမ်တည်းဖြင့် မည်သို့ ရှောင်တိမ်းခဲ့သည်ကို လုံးလုံးလျားလျား နားမလည်နိုင်ခဲ့ပေ။
ထို့ကြောင့် ဤခြေလှမ်းက ဗျူဟာမြောက်လွန်းသည် ဟုသာ မှတ်ချက်ချလိုက်ရတော့သည်။
ဝမ်လင်းက သင့်လျော်သည့် အခြေအနေတွင် ကံကြမ္မာကောင်းနှင့် လိုက်လျောညီထွေစွာ ဆုံစည်းခဲ့ရပုံပင်။
ဝမ်လင်း၏ လှုပ်ရှားမှုကို မည်သူမျှ သံသယမဝင်ခဲ့ပေ။
ဤခြေလှမ်းက သူတီထွင်ထားသည့် ခန္ဓာကိုယ်လှုပ်ရှားမှု နည်းစနစ် တစ်မျိုး ဖြစ်သည်ဟု ဝမ်လင်းကိုယ်တိုင်လည်း ဝန်မခံခဲ့ချေ။
အသေအချာ ပြန်စဥ်းစားကြည့်လျှင် သူအမှန်အတိုင်း ပြောရင်တောင် မည်သူမှ ယုံကြည်မည် မဟုတ်ဟု ခံစားခဲ့ရသည်။
ထို့ကြောင့် အားလုံးက ဝမ်လင်းကို ကံကောင်းလွန်းသည်ဟု သတ်မှတ်ခဲ့သည် မဟုတ်ပါလား။
ဝမ်လင်း၏ ဖြစ်တည်မှုက ထုံးစံအတိုင်း အလွန်အားနည်းသည်။
ထို့အပြင် ဆင်းရဲနွမ်းပါးသော မိသားစုမှ ဖြစ်သောကြောင့် ဤအဖြေကို အမှတ်၆၀ အထက်တန်းကျောင်းမှ သူငယ်ချင်းများ က လက်ခံနိုင်ခဲ့ခြင်း ဖြစ်သည်။
နောက်ထပ် အရေးကြီးဆုံး အချက်မှာ ဝမ်လင်းက အမှတ်၆၀ အထက်တန်းကျောင်း၏ ကံကောင်းခြင်း လာဘ်ကောင် ဖြစ်နေခြင်းပင်။
ဝင်ခွင့်စာမေးပွဲတွင် မျက်စောင်းတစ်ချက် တည်းဖြင့် SSS အဆင့်ကို တန်းရခဲ့သည်က အထင်ရှားဆုံး သက်သေပင် မဟုတ်ပါလား။
စနစ်တွင် ချို့ယွင်းချက်သာ ရှိမနေခဲ့လျှင် ဤကဲ့သို့သော အဆင့်ကို မည်ကဲ့သို့ ရနိုင်မည်နည်း။
SSS အဆင့်က ဤမျှလောက်ထိ လွယ်ကူနေပါသလော။
ထို့ကြောင့် အပေါ်လမ်းနှင့် အလယ်လမ်းရှိ သူငယ်ချင်းများသာမက တောလမ်းရှိ သူငယ်ချင်းကပါ သူ့ကို ဂုဏ်ပြုစာများ ပေးပို့ခဲ့ကြသည်။
လင်းရှောင်ယု "အတန်းဖော်ဝမ်လင်း လုပ်သွားတာ အရမ်းကောင်းတယ်.. နင်က အလွန်အားကောင်းတဲ့ တိုက်ခိုက်မှုကို ရှောင်တိမ်းနိုင်ခဲ့တာပဲ"
ချန်းချောင် "666ကို နှစ်ချက်နှိပ်ကြ.. သူငယ်ချင်းတို့အားလုံး လုပ်တာကောင်းတယ်"
(666= နတ်ဆိုးအတွက် အသိအမှတ်ပြုထားသော သင်္ကေတ)
စွန်းရုံ "ခစ်ခစ်.. အတန်းဖော်ဝမ်လင်း.. ငါတို့ အမှတ်၆၀ အထက်တန်းကျောင်းရဲ့ လာဘ်ကောင်က မျှော်လင့်ထားသလို ပါပဲလား"
ဝမ်လင်း "............"
…..................
ပြိုင်ပွဲဝင်ပြီး နှစ်ဆယ့်နှစ်မိနစ် အကြာတွင် ဝင်ငွေ ကွာဟချက်က ရွှေဒင်္ဂါး သုံးထောင်နီးပါး ကွာဟသွားသည်။
အမှတ်၅၉ အထက်တန်းကျောင်းက ဆိုးရွားသော အနေအထားတွင် ရှိနေဆဲဖြစ်ပြီး အခြေအနေက ထိုနေရာကနေ ဆက်လက် ကျဆင်းနေသည်။
ထိုသို့ ဖြစ်ရသည့် အဓိက အကြောင်းရင်းမှာ ထျန်ကျင်းဇီတို့သုံးယောက်က အောက်လမ်းကြောင်းတွင် ဝမ်လင်းကို ဖမ်းယူရန် ပျက်ကွက်ခဲ့ခြင်းကြောင့် ဖြစ်သည်။
ထို့အပြင် သူတို့အဖွဲ့က ယခုအချိန်အထိ အခြေအနေကိုပြောင်းပြန်လှန်နိုင်မည့် အခွင့်အရေးကောင်းကို မတွေ့ရှိသေးပေ။
"ဥက္ကဌ.. ငါတို့ ဒီအတိုင်း ဆက်သွားနေလို့ မရတော့ဘူး.. အောက်လမ်းကြောင်းကို တိုက်ခိုက်ဖို့ နောက်ထပ် အခွင့်အရေး ရှာလိုက်ရင် ကောင်းမလား"
အောက်လမ်းကြောင်းကို တာဝန်ယူကြသည့် လျန့်ကျန်းနှင့် လျန့်ဖေးတို့က အသံမက်ဆေ့ခ်ျများ ပေးပို့လိုက်ကြသည်။
"နောက်ဆုံး ကျရှုံးပြီးနောက်မှာ တစ်ဖက်က လူနှစ်ယောက်က ငါတို့ မျှော်စင်ကို နှိပ်ကွပ်လိုက်တယ်.. အခု မျှော်စင်ရဲ့ အသက်က တစ်ဝက်လောက် ကျသွားခဲ့ပြီ... ဆက်ကျသွားရင် ဘာမှတောင် ကျန်တော့မှာ မဟုတ်ဘူး"
"............."
ထျန်ကျင်းဇီက အားနည်းချက် ရှိနေသည့် သူ့ပစ္စည်း စာရင်းကို ကြည့်လိုက်သည်။
ဆန့်ကျင်ဘက်ဖြစ်သည့် စွန်းရုံ၏ ပစ္စည်းစာရင်းတွင်မူ တတိယ ဗလာဓား တစ်ချောင်း ရရှိနေပြီ ဖြစ်သည်။
သူမက စတုတ္ထ ဗလာဓား တစ်ခု ရလာသည်နဲ့ အမျှ ဝိညာဥ်ဓားကြီးကို တည်ဆောက်နိုင်တော့မည် ဖြစ်၏။
တစ်ဖက်တွင်မူ သူက ဒုတိယမြောက် ဗလာဓားကို တည်ဆောက်ရုံသာ ရှိသေးသည်။
ဤမိန်းမက တကယ်ကို သန်မာလွန်းနေသည်။
၀င်ငွေ အားနည်းချက်မှာ ထျန်ကျင်းဇီ အတွက် ကြီးမားသော နာကျင်ခြင်းကို ဖြစ်ပေါ်စေသည်။
ဤအတိုင်းသာ ဆက်လက် ဖိအားပေးခံရလျှင် စွန်းရုံက ဂိမ်းဒင်္ဂါး 5800 ကုန်ကျမည့် သူမ၏ ဝိညာဥ်ဓား ဆန်းကြယ်ပင်လယ်ကို တည်ဆောက်ပြီးသည်နှင့် သူတို့အတွက် အချိန်နှောင်းသွားလိမ့်မည်ဟု သူခံစားမိသည်။
ထိုဓားက ဒစ်ဂျစ်တယ် အသွင်ပြောင်းပြီးနောက် တိုက်စစ်နှုန်း 900 ကျော်ရှိကာ 200% ပြင်းထန်သော အကျိုးသက်ရောက်မှု ရှိနေခဲ့၏။
ဆိုရလျှင် ထိုဓားက သူတို့၏ ခံတပ်ကို ထိုးနှက်ချက် အနည်းငယ်ဖြင့်ပင် ထိုးဖောက်နိုင်မည် ဖြစ်သည်။
"မင်းတို့ရဲ့ တည်နေရာ ရွှေ့ပြောင်းခြင်း စွမ်းရည်ကို အသုံးမပြုရသေးဘူး မဟုတ်လား"
ထျန်ကျင်းဇီက ပြောလိုက်သည်။
"အင်း မသုံးရသေးဘူး"
"အောက်လမ်းကြောင်းက တည်နေရာအမှတ် ၃ ဆီကို အတူတူ တည်နေရာရွှေ့လိုက်ရအောင်"
ထျန်ကျင်းဇီက အယူအဆတစ်ခုကို အသေဆွဲကိုင် ထားတတ်သူမျိုး မဟုတ်ချေ။
မထင်မှတ်ဘဲ စက်ဘီးက မော်တော်ဆိုင်ကယ် ဖြစ်သွားနိုင်သည် မဟုတ်လော။
"ငါတို့ပြုတ်ကျတဲ့နေရာက ငါတို့ပြန်တက်ရမယ့်နေရာပဲ"
သူတို့က အပြောနဲ့တင် မဟုတ်ဘဲ အလုပ်နှင့် သက်သေပြရန် ဆုံးဖြတ်လိုက်သည်။
အမှတ်၅၉ အထက်တန်းကျောင်းမှ ထျန်ကျင်းဇီတို့က ဆက်လက်လုပ်ဆောင်ရန် ညှိနှိုင်းပြီး နောက်တွင် ရင်သပ်ရှုမောဖွယ်ရာ မြင်ကွင်းတစ်ခု ဖြစ်ပေါ်လာသည်။
အောက်လမ်းကြောင်းရှိ ကျူတော တစ်ဖက်တစ်ချက်စီတွင် အနီရောင် အလင်းတန်း နှစ်စင်းက မြေပြင်ကနေ ပေါက်ကွဲ၍ ထွက်ပေါ်လာသည်။
တာဝန်ခံ အမျိုးသမီးက စိတ်လှုပ်ရှားစွာ ကြေငြာလိုက်သည်။
"အခု အမှတ်၅၉ အထက်တန်းကျောင်းက ကျောင်းသားတွေက တည်နေရာ ရွှေ့ပြောင်းဖို့ ဆုံးဖြတ်ပြီး အောက်လမ်းကြောင်းကို နှိပ်ကွပ်ဖို့ ဆုံးဖြတ်လိုက်ကြပါပြီ"
အမှတ်၅၉ အထက်တန်းကျောင်းမှ ကျောင်းသားအားလုံး၏ မျက်လုံးများက မျှော်လင့်ချက်များဖြင့် ပြည့်နှက်နေသည်။
အသင်းခေါင်းဆောင် အဖြစ် တာဝန်ယူထားသည့် ကျောင်းသား သမဂ္ဂ ဥက္ကဌကြီး ထျန်ကျင်းဇီ အနေဖြင့် ဤတိုက်ပွဲက အသင်းအတွက် မည်မျှ အရေးပါသည်ကို ကောင်းစွာ သဘောပေါက်သည်။
အန္တရာယ်နဲ့ ထပ်မံကြုံခဲ့ရင် ပြုံးနိုင်ဦးမလား......
…...............
တည်နေရာရွှေ့ပြောင်းခြင်း အလင်းတန်းနှစ်ခု ရုတ်ချည်းပေါ်ထွက်လာခြင်းက ဝမ်လင်းကို ထိတ်လန့်သွားစေသည်။
"သတိထားကြ.. သူတို့တွေ ထပ်လာတော့မယ်"
စွန်းရုံက ဝမ်လင်း တို့ကို သတိပေးလိုက်သည်။
"စိတ်မပူပါနဲ့.. ငါတို့ လမ်းပေါ်ရောက်နေပါပြီ"
ချန်းချောင်က ပြောသည်။
"ချီး.. မင်းတို့နှစ်ယောက်လုံး တည်နေရာ ရွှေ့ပြောင်းတဲ့ စွမ်းရည် မယူလာဘဲနဲ့ ဘယ်လိုလုပ် ဒီကို မြန်မြန်ရောက်မှာလဲ"
ကော်ဟောက်က ငိုတော့မည့် အသံဖြင့် ပြောလိုက်သည်။
ထျန်ကျင်းဇီတို့ အဖွဲ့ကို အားသာချက် ရစေရန် စွန်းရုံနှင့် ချန်းချောင်တို့က "တည်နေရာ ရွှေ့ပြောင်းခြင်း စွမ်းရည်" အစား "မီးလောင်ကျွမ်းခြင်း စွမ်းရည်" ကို ရွေးချယ်ခဲ့သည်။
လင်းရှောင်ယုကမူ "လျှပ်တပြက်စွမ်းရည်" ကို ရွေးချယ်ခဲ့၏။
ကော်ဟောက်က သူနှင့် ဝမ်လင်း ရွေးချယ်ခဲ့သည့်" ကုသခြင်းစွမ်းရည်" ကို ကြည့်ပြီး မျက်ရည်ကျနေသည်။
ဤစွမ်းရည်တွေက သူတို့ကို ကူညီရန် လုံးဝ အသုံးမဝင်ပေ။
တည်နေရာ ရွှေ့ပြောင်းခြင်း စွမ်းရည်က အလွန်ပင်မြန်ဆန်သည်။
ထျန်ကျင်းဇီ၊ ဖန်ဟွာချင်းနှင့် လျန့်ညီအကို သုံးဦးက အောက်လမ်းကြောင်းတွင် ချက်ချင်းနီးပါး ပေါ်လာသည်။
သူတို့၏ အကြံအစည်မှာ ဝမ်လင်းနှင့် ကော်ဟောက်ကို လျင်မြန်စွာ သတ်ဖြတ်ရန် ဖြစ်၏။
"အစ်ကိုကြီးတို့.. အေးအေးဆေးဆေး နေရအောင်လေ.. ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်ထားလို့ မရဘူးလား"
ဤအခြေအနေတွင် ကော်ဟောက် တွေးနိုင်သည့် တစ်ခုတည်းသောအရာမှာ ၎င်းတို့ကို အချိန်ဆွဲထားရန် ဖြစ်သည်။
"တောင်းပန်ပါတယ် ညီလေး.. တစ်စုံတစ်ရာကို လုပ်တော့မယ်ဆိုရင် ညီးညူနေတာကို ရပ်ပြီး အစွမ်းကုန် လုပ်ရမယ် ဆိုတာ ငါတို့ရဲ့ စည်းမျဉ်းပဲ"
ဤအခွင့်အရေးကို ထျန်ကျင်းဇီက မည်ကဲ့သို့ စွန့်လွတ်နိုင်မည်နည်း။
သူက သူ့ဗလာဓားဖြင့် ဝမ်လင်းကို ချိန်ရွယ်လိုက်သည်။
သူ၏ အနိုင်ရလိုသော အာသီသကို မထိန်းချုပ်နိုင်တော့ချေ။
"ဒီကောင်လေးကို အရင်သတ်လိုက်.. ပြီးရင် စကားများတဲ့ ငှက်လူသားကိုပါ သတ်လိုက်"
ဝမ်လင်း "........."
ထိုစကားကို ကြားလျှင် ကော်ဟောက်က ဒေါသထွက်သွားသည်။
"လခွမ်း.. ငါ့မှာ ကြက်တူရွေး တစ်ကောင် ရှိလို့ ငါ့ကို ငှက်လူသားလို့ နာမည်ပြောင် ပေးခဲ့တာလား"
ယင်းအချိန်တွင် ထျန်ကျင်းဇီတို့ ငါးဦးက ဗလာဓားများကိုကိုင်ဆောင်၍ ရင်ဘတ်ထဲရှိ နာကြည်းမှုအားလုံးကို လွှတ်ပေးရန် အဆင်သင့် ဖြစ်နေကြသည်။
အမှတ် ၅၉ အထက်တန်းကျောင်း၏ တိုက်ပွဲဝင် စိတ်ဓာတ်ကို မြှင့်တင်ရန် ထျန်ကျင်းဇီ တို့က လျှပ်တပြက် လှုပ်ရှားမှုများဖြင့် ချီတက်ခဲ့ကြ၏။
ဂိမ်းထဲတွင် လူတိုင်းက ဒစ်ဂျစ်တယ် ဗားရှင်းများ အဖြစ်သို့ ပြောင်းလဲနေသောကြောင့် အမှန်တကယ် လူသတ်မိမည်ကို လုံး၀ စိတ်ပူစရာ မလိုပေ။
ဂိမ်းထဲတွင် တစ်စုံတစ်ဦးကို သတ်လိုက်လျှင်ပင် နာကျင်မှုရှိမည် မဟုတ်ပေ။
သူတို့၏ အသက်ဘားတမ်းမှ အသက်စွမ်းအင်များ ကုန်ခမ်းသွားလျှင်ပင် သူတို့က အခြေစိုက်စခန်းတွင် ပြန်လည်မွေးဖွားလာနိုင်မည် ဖြစ်သည်။
လွန်ခဲ့သည့် ရက်အနည်းငယ် အတွင်း ထျန်ကျင်းဇီက ဆိုးရွားစွာ ဖိနှိပ်ခံခဲ့ရသည်ဟု ဆိုနိုင်သည်။
ဂိမ်းထဲတွင် ဤအခွင့်အရေးကို ခက်ခက်ခဲခဲ ဆုပ်ကိုင်ခွင့် ရရှိပြီးနောက် ကတုံးဆံတောက်ကေနှင့် ဝမ်လင်းကို သူ့အနေဖြင့် လွယ်လွယ်ကူကူ လက်လွှတ်မခံတော့မည်မှာ သေချာသည်။
အဖွဲ့လိုက် တိုက်ပွဲက ရှုံးချင်ရှုံးနိုင်သော်လည်း ဝမ်လင်းကတော့ သေချာပေါက် သေဆုံးရပေမည်။
"............"
ထျန်ကျင်းဇီထံမှ မကျေနပ်ချက်ကို ခံစားလိုက်ရလျှင် ဝမ်လင်းက သက်ပြင်းမချဘဲ မနေနိုင်တော့ချေ။
အဘယ်ကြောင့် သူ့ကိုမှ ပစ်မှတ်ထားနေကြသနည်း။
သူက ဤအဖွဲ့တွင် အပြစ်ကင်းစင်သော ပံ့ပိုးကူညီသူ တစ်ဦးသာ မဟုတ်လော။
လူငါးယောက်၏ ပူးပေါင်း ထိုးစစ်ကို ရင်ဆိုင်ရသည့်အခါ ဝမ်လင်းလို သွေးအေးသော စရိုက် လုံးဝမရှိသည့် ကော်ဟောက်က ကြောက်ရွံ့ထိတ်လန့်စွာ အော်ဟစ်လိုက်သည်။
"ချီးပဲ.. ကယ်ကြပါဦး ညီအစ်ကိုတို့.. ဘယ်မှာ သွားသေနေကြတာလဲ.. ကူညီကြပါဟ"
ကော်ဟောက်၏ အကူအညီတောင်းသည့် အော်ဟစ်သံက ထျန်ကျင်းဇီကို ပို၍ အားရစေခဲ့သည်။
လက်တွေ့ဘဝတွင် တစ်စုံတစ်ဦးကို ဓားဖြင့် ထိုးသတ်ခြင်းမှာ ရာဇ၀တ်မှုတစ်ခု ဖြစ်သောကြောင့် ဂိမ်းထဲတွင်သာ ယခုလို ခံစားရနိုင်၏။
ဂိမ်းထဲတွင် ဖြစ်နေသည့်တိုင် ထျန်ကျင်းဇီတို့ ငါးဦး၏ လူသတ်ရန် ရည်ရွယ်ချက်က ပြင်းထန်နေဆဲ ဖြစ်သည်။
ဤတစ်ခေါက် တည်နေရာ ရွှေ့ပြောင်းခြင်း စွမ်းရည်ကို အသုံးပြုရသည့် ရည်ရွယ်ချက်မှာ ကော်ဟောက် သို့မဟုတ် ဝမ်လင်း ဖြစ်စေ၊ နှစ်ဦးစလုံး ဖြစ်စေ အသေသတ်ရန် ဖြစ်၏။
ထိုအချိန်မှာပင် လူသုံးယောက်က အနောက်ဘက်ရှိ ကျူတောထဲမှ ထွက်လာခဲ့သည်။
မူလက အပေါ်လမ်းနှင့် အလယ်လမ်းများတွင် ရှိခဲ့သော စွန်းရုံ နှင့် ချန်းချောင်တို့က တောလမ်းထဲမှ လင်းရှောင်ယုနှင့် အတူ ရောက်ရှိလာပြီ ဖြစ်သည်။