တစ်ချိန်က ဝူချင်းတောင်နှင့် မာလန်တောင် ပေါ်တွင်....
Vol. 5 Ch. 69
ထျန်ကျင်းဇီက အမှတ်၆၀ အထက်တန်းကျောင်းမှ မည်သူမှတည်နေရာ ရွှေ့ပြောင်းခြင်း အစွမ်းကို မရွေးချယ်ခဲ့ကြောင်း သိထားသည်။
ပုံမှန်အားဖြင့် အပေါ်လမ်းနှင့် အလယ်လမ်းကနေ အောက်လမ်းကြောင်းကို ရောက်ရန် အမြန်ဆုံးနှုန်းမှာ အနည်းဆုံး နှစ်မိနစ်ခန့် ကြာမည် ဖြစ်သည်။
သို့သော် စွန်းရုံတို့ ရောက်လာသည့် အမြန်နှုန်းက သြချရလောက်အောင် မြန်လွန်းနေသည်။
မြက်ခင်းပြင်ပေါ်မှ ရုတ်တရက် ထွက်ပေါ်လာသည့် လူသုံးယောက်ကို မြင်လိုက်ရလျှင် စင်မြင့်ပေါ်ရှိ ခေါင်းဆောင်အားလုံးက အံ့သြသွားကြသည်။
ဤပံ့ပိုးမှုမြန်နှုန်းက တကယ်ကို ကြောက်စရာကောင်းလွန်းနေသည် မဟုတ်လော။
"သူတို့ဘယ်လိုလုပ်ပြီး ဒီကိုရောက်လာတာလဲ"
ခံတပ်၏ တိုက်ခိုက်ရေး အကွာအဝေး အစွန်းတွင် ရပ်နေသည့်ဖန်ဟွာချင်းက သူ၏ဗလာဓားကို လက်ထဲတွင် တုန်တုန်ယင်ယင်ဖြင့် ဆုပ်ကိုင်ရင်း တအံ့တသြ ရေရွတ်လိုက်သည်။
"သူတို့တွေ ဖိနပ်ဝယ်လိုက်တာလား"
"ဖိနပ်လား.. သူတို့ ဘယ်လောက်ပဲ ခပ်မြန်မြန် လှုပ်ရှားနေပါစေ.. အမြန်နှုန်းက ဒီအတိုင်းအတာ အထိတော့ မဖြစ်သင့်ဘူး မဟုတ်လား"
ထျန်ကျင်းဇီက ပစ္စည်းစာရင်းကို အမြန်ဖွင့်ကြည့်လိုက်ရာ မြင်လိုက်ရသည့် အရာက သူ့ကို ဒူးထောက်ကျလု နီးပါး ဖြစ်သွားစေခဲ့သည်။
[အမည်= သတင်းထောက်ဖိနပ်]
[အမျိုးအစား= လက်တွေ့အသုံးဝင်သော မှော်ပစ္စည်း]
[အရည်အသွေး= အထူးကောင်းမွန်]
[တန်ဖိုး= ဂိမ်းဒင်္ဂါး 600]
[ဖော်ပြချက်= သတင်းထောက် ရဲဘော်များကို ဂုဏ်ပြုရန် မော့မိသားစုမှ ကိုယ်တိုင် စိတ်ကြိုက်ဒီဇိုင်း ဖန်တီးထားသော အပြေးဖိနပ်တစ်ရံ။ ဤဖိနပ်တစ်ရံကို ဝတ်ဆင်လိုက်လျှင် သင်သည် လူသားတို့၏ ကန့်သတ်ချက်များကို ချိုးဖျက်နိုင်ပြီး ပံ့ပိုးမှုလိုအပ်နေသော အသင်းဖော်များထံ အလျင်အမြန် ပြေးနိုင်မည် ဖြစ်သည်။ ဤဖိနပ်တစ်ရံသည် ဤနှစ်များ တစ်လျောက် ခေါင်းကြီးပိုင်း သတင်းများကို ရှာဖွေရန် နေရာအနှံ့ ခြေဆန့်၍ သွားလာခဲ့သည့် သတင်းထောက်များ အပေါ် ကျွန်ုပ်တို့၏ လေးစားမှုကို အကောင်းဆုံး ဖော်ပြသည်]
…...................
ပရိသတ်တွေက ထုတ်လွှင့်နေသည့် ပုံရိပ်ကို ကြည့်ရင်း ကူကယ်ရာမဲ့စွာဖြင့် အတွေးထဲတွင် ခဏမျှ နစ်မြောသွားသည်။
"ကျင့်ကြံသူ ပြိုကွဲခြင်း" ဂိမ်းထဲမှာရှိသည့် ကျူပင်တွေကို လေညင်းတွေက ဖြတ်သန်းနေပြီး နှလုံးသားကို အေးမြစေသည်.....
စွန်းရုံ၊ ချန်းချောင်၊ လင်းရှောင်ယုတို့က မျှော်စင် နောက်ကွယ်မှ တစ်ဦးပြီး တစ်ဦး ထွက်လာကြကာ ထျန်ကျင်းဇီ၏ လက်ထဲမှ ဗလာဓားကို ချိုးဖျက်ရန် ရည်ရွယ်ချက်ဖြင့် ဘက်ပေါင်းစုံမှ ဝိုင်းရံ တိုက်ခိုက်ရန် ပြင်လိုက်ကြသည်။
".............."
"ဘယ်လိုငရဲလည်းဟ.. သူတို့က အခုဘာလုပ်မှာလဲ"
အခြေအနေတွေ ပြောင်းလဲသွားသည်ကို မြင်လျှင် အစောပိုင်းက ခံတပ်ထဲတွင် ပုန်းနေသည့် ကော်ဟောက်က ထျန်ကျင်းဇီကို နှုတ်လှံထိုးရန် အပြေးလေး ထွက်လာခဲ့သည်။
"အိုး အကိုကြီး.. ငါတို့ပြန်ဆုံကြပြီ.. ဒီလို အလှည့်အပြောင်းမျိုး ဖြစ်လာမယ်လို ဘယ်သူက ကြိုသိနိုင်မှာလဲ... အဲဒါက ကံကြမ္မာ ရဟတ် တစ်ပတ် ပြန်လှည့်လာသလိုပဲ"
ခံတပ်မှ ထွက်လာသည့် ကော်ဟောက်က သူ၏ စူနေသော ဗိုက်ကို ကော့ပြလိုက်သည်။
"သတ္တိရှိရင် ထိုးလိုက်စမ်းပါ"
ထျန်ကျင်းဇီ "............"
"ဟီးဟီး.. မင်းလက်ညှိုးတောင် ထိုးလို့မရဲဘူးလား"
ကော်ဟောက်က မထိတရိ ခနဲ့ပြီး ခံတပ်ဆီသို့ ခုန်ဝင်သွားခဲ့သည်။
ထို့နောက် ခုန်ထွက်လာပြန်သည်။
"သတ္တိရှိရင် ကျိန်ဆဲစမ်း"
"..............."
ထျန်ကျင်းဇီက သွားတွေကို အတင်းအကျပ် အံကြိတ်ထားရသည်။
"မင်းပါးစပ်ကိုဖွင့်လို့မရဘူးလား"
"..............."
အမှတ်၆၀ အထက်တန်းကျောင်းမှ လူတိုင်းက ကော်ဟောက်၏ နှုတ်လှံထိုးစွမ်းရည်ကို ရိုးအီနေပြီ ဖြစ်သည်။
မည်သို့ပင်ဆိုစေ ဤလူငယ်က ယခုမှ ပါးစပ်ပုပ်ဖြင့် ပြောတတ်သူ မဟုတ်ပေ။
ကော်ဟောက်၏ စိတ်တိုစရာ အကောင်းဆုံး အချိန်မှာ သူ ပါးစပ်ပုပ်ကြီးဖြင့် ပေါက်ကရပြောသည့် အချိန် ဖြစ်သည်။
ယင်းအချိန်တွင် သူ့ကို ကိုင်တွယ်ဖြေရှင်းဖို့ နည်းလမ်းမရှိချေ။
"ညီအကိုတို့.. အေးအေးဆေးဆေး နေရအောင်လေ.. ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်ထားလို့ မရဘူးလား"
ထျန်ကျင်းဇီက ဤနေရာတွင် ရှုံးနိမ့်ခဲ့လျှင် ဝမ်လင်းတို့ကို ပြန်လည် အနိုင်ယူပြီး အောင်ပွဲရယူရန် အခွင့်အရေး နည်းပါးသွားမည်ကို သိရှိခဲ့သည်။
"စိတ်မကောင်းပါဘူး ညီနောင်တို့.. တစ်စုံတစ်ရာကို လုပ်တော့မယ်ဆိုရင် ညီးညူနေတာကို ရပ်တန့်ပြီး အစွမ်းကုန် လုပ်ရမယ် ဆိုတာ ငါတို့ရဲ့ စည်းမျဉ်းပဲ"
ကော်ဟောက်က ယခင်က ထျန်ကျင်းဇီ ပြောခဲ့သည့် စကားအတိုင်း တစ်ထပ်တည်း ပြန်ပြောလိုက်သည်။
ချန်းချောင်ကလည်း အခွင့်အရေးရတုန်း အထက်စီးကနေ အော်ငေါက်လိုက်၏။
"သွားစမ်း.. မင်းတို့ အမှတ် ၅၉ အထက်တန်းကျောင်းက ဘဝင်ရူး ငါးကောင်ကို ဖင်ဆောင့်ကန်ပြီး ခံတပ်ကနေ ခပ်ဝေးဝေး ကန်မထုတ်မီ မြန်မြန် ထွက်သွားကြစမ်း"
ထျန်ကျင်းဇီက သူ့ဖင်ကို ယောင်ယမ်း၍ ပွတ်လိုက်ပြီး ဒေါသကြောင့် မျက်နှာက တုန်ယင်နေသည်။
"ချီးပဲ.. ဒီပါးစပ်ပုတ် ဌက်လူသားက စကော်ပီရိုပဲ ဖြစ်ရမယ်.. ဌက်လူသားက အာဃာတတရားကို လက်ကိုင်ထားပုံပဲ"
(scorpios= ဆယ့်နှစ်ရာသီခွင်ထဲမှ ဂြိုဟ်ခွင်တစ်ခု၊ 23octကနေ 21Novထိကို စကော်ပီရိုဟု သတ်မှတ်၊ စကော်ပီရိုများသည် မိမိတို့၏ ရည်မှန်းချက်များကို လိုက်စားရာတွင် စိတ်ထား တသမတ်တည်း ရှိပြီး ရက်စက်ခြင်းနှင့် ပတ်သက်၍ ထင်ရှားသည်)
ကိုင်း...ပွဲပြတ်ပြီ.. ဘာမှ မရှိတော့ဘူး...
လက်ရှိ အနေအထားအရ ပစ္စည်းများ ကွာဟမှု နှင့် ခံတပ် တိုက်ခိုက်ရေး အကွာအဝေးကြောင့် အမှတ် ၅၉ အထက်တန်းကျောင်းမှ လူများက ပြန်လည် တိုက်ခိုက်ရန် အခွင့်အရေး လုံးဝ မရှိခဲ့ပေ။
"First kill"
"Double kill"
"Triple kill"
"Quadra kill"
"Penta kill"
"..............."
အချိန်တိုအတွင်း စနစ်မှ အသံတစ်ခု ထွက်ပေါ်လာသည်။
ကြီးမားသော အသံလွှင့်ဖန်သားပြင်၏ အလယ်တွင် "ACE" စာလုံးကြီးကို ပြသခဲ့သည်။
(ACE= လုပ်ဆောင်မှုအလွန်ကောင်းမွန်သည်ဟုဆိုလို)
တာဝန်ခံ အမျိုးသမီးက စိတ်လှုပ်ရှားစွာဖြင့် ကြေငြာခဲ့သည်။
"ဝိုး ACEပါလား.. ကျောင်းသား ချန်းချောင်ရဲ့ အရွေ့တွေကအလုပ်ဖြစ်ခဲ့ပုံပဲ.. ကျောင်းသားကော်နဲ့ ကျောင်းသားဝမ်လင်းတို့ရဲ့ ထောင်ချောက်ကလည်း အရမ်း အောင်မြင်ခဲ့တယ်.. ကျောင်းသူစွန်းရုံကတော့ Penta kill ကို ရရှိသွားပါတယ်.. အိုး တင်ဆက်နေတဲ့ အချိန်မှာပဲ ကျောင်းသူစွန်းရုံက ဝိညာဥ်စွမ်းအင်တွေ လွှမ်းမိုးနေတဲ့ သူမရဲ့ ဓားကို ခပ်မြင့်မြင့်ထိ မြှောက်တင်လိုက်ပါပြီ.. သူမက ယခုအချိန်မှာ အမှတ်၆၀ အထက်တန်းကျောင်းရဲ့ ကောင်းမွန်တဲ့ အစဥ်အလာတွေကို ကိုယ်စားပြုနေပါတယ်... ဒါပေမဲ့ သူမက တစ်ယောက်တည်း တိုက်ခိုက်နေတာ မဟုတ်ပါဘူး.. သူမက တစ်ယောက်တည်း မဟုတ်ပါဘူး"
"................"
အမှတ်၅၉ အထက်တန်းကျောင်းမှ ကျောင်းသားများက မျက်နှာဖြတ်ရိုက်ခံရသလို ခံစားနေရ၏။
"လခွမ်း.. ဒါက ငါတို့ရဲ့ အိမ်ကွင်းမှာ ယှဥ်ပြိုင်ရတဲ့ တိုက်ပွဲပါ.. အရှက်ကွဲလှချည်လားဟ"
ဒါရိုက်တာရှဲ့ သက်ပြင်းချလိုက်သည်။
"ငါတို့ ကျောင်သားတွေရဲ့ စွမ်းဆောင်ရည်တွေက မဆိုးပါဘူး.. ဒါပေမယ့် အမှတ်၆၀ အထက်တန်းကျောင်းက ကျောင်းသားတွေက မှော်လက်နက်တွေကို အသုံးပြုရာမှာ ပိုပြီး လိုက်လျောညီထွေ ရှိတယ်ဆိုတာ ရှင်းခနဲ မြင်နေရတယ်.. ကျမ ပြောချင်တာက အမှတ်၆၀ အထက်တန်းကျောင်းက ကျောင်းသားတွေက တကယ်ပဲ အရည်အချင်း ပြည့်ဝတဲ့ ကျောင်းသားတွေ ဆိုတာပဲ.. ဒါ့အပြင် အရေးကြီးဆုံး အချက်က ဒီကလေးတွေဟာ အဆင့်မြင့် စစ်ဆင်ရေး နည်းဗျူဟာတွေကို ဘယ်လို အသုံးပြုရမယ်ဆိုတာကို မမျှော်လင့်ဘဲ သိနေကြတာပဲ"
ကျေင်းအုပ်ကြီးချန်း "ဒါရိုက်တာရှဲ့.. မင်း တကယ်ပဲ ငါတို့အဖွဲ့ရဲ့ နည်းဗျူဟာကို လေ့လာ သုံးသပ်ခဲ့တာလား"
"ကျောင်းအုပ်ကြီးရှင့်.. သူတို့က မဟာဆရာသခင် ယဲ့ရှန်းရဲ့ ဗျူဟာတွေကို လက်တွေ့ အသုံးချနေတာပါ "
ဒါရိုက်တာရှဲ့က ရှက်ရွံ့စွာ ပြုံးလိုက်ပြီး ဆရာဝမ်ကို မြတ်နိုးစွာ ကြည့်လိုက်သည်။
"ကျမထက်စာရင် ဆရာဝမ်ကမှ တကယ် ကျွမ်းကျင်နှံ့စပ်သူပါ"
ဆရာဝမ်က ရှက်ကိုးရှက်ကန်း ပြုံးလိုက်သည်။
"အချစ်လေး.. မင်းကိုယ့်ကို မြှောက်ပင့်မနေပါနဲ့.. ကိုယ်က အပျော်တမ်းလောက်ပါပဲ"
ကျောင်းအုပ်ကြီး ချန်း၊ ကျောင်းအုပ်ကြီး ကျင်း နှင့် ဒါရိုက်တာ ရှီး"..............."
"မင်းတို့ စုံတွဲရိုတာ ဒီလောက်ဆို လုံလောက်ပြီ"
….................
ပြိုင်ပွဲဝင်ပြီး သုံးဆယ့်ရှစ်မိနစ် အတွင်း ဝင်ငွေကွာဟမှုက တစ်သောင်းနီးပါး ရှိသွားသည်။
အမှတ် ၆၀ အထက်တန်းကျောင်းမှ ကျောင်သား တစ်ဦးလျှင် ပစ္စည်းလေးမျိုးမှ ငါးမျိုးအထိ ပိုင်ဆိုင်ထားကြပြီး ဝင်ငွေအနည်းငယ် ထပ်ရရုံဖြင့် ဝိညာဥ်ဓားများကို တည်ဆောက်နိုင်တော့မည် ဖြစ်၏။
မည်သို့ပင်ဆိုစေကာမူ ကျောင်းနှစ်ကျောင်းလုံး၏ ဂုဏ်သိက္ခာကို ထည့်သွင်းစဉ်းစားကာ အမှတ်၅၉ အထက်တန်းကျောင်း အနေဖြင့် ဆိုးဆိုးရွားရွား ကျရှုံးခြင်း မရှိစေရန် အတွက် စွန်းရုံ၊ ကော်ဟောက် နှင့် ချန်းချောင် တို့က မိတ်ဖြစ်ဆွေဖြစ် အမှတ်များကို ချကျွေးခဲ့ကြသည်။
ယင်းသို့ လုပ်ဆောင်ပေးသည့်တိုင် ဟီးရိုးများကို သတ်ဖြတ်နိုင်သည့် အရေအတွက် ကွာဟချက်ကို မကျဥ်းမြောင်းနိုင်ခဲ့ပေ။
ဆယ့်နှစ်ကောင်မှ သုံးကောင်အထိ......
ဤတိုက်ပွဲတွင် အောင်နိုင်သူနှင့် ရှုံးနိမ့်သူကို ရှင်းရှင်းလင်းလင်း ဆုံးဖြတ်ထားပြီ ဖြစ်သည်။
စင်ပေါ်ရှိ ကျောင်းအုပ်ကြီးကျင်း၏ အမူအရာက အလွန်အမင်း ခက်ထန်နေသည်။
ဤသည်မှာ ကျောင်းနှစ်ကျောင်း၏ လက်ရွေးစင်အဖွဲ့ နှစ်ဖွဲ့ကြား ပြိုင်ဆိုင်မှု ဖြစ်သည်။
ဝင်ငွေကွာဟချက်ကြောင့် ယခုလို အသင်းလိုက် တိုက်ပွဲမျိုးတွင် အံ့ဖွယ်သရဲ ဖြစ်ရပ်များမှ လွဲ၍ အသာစီးရဖို့ အလှည့်အပြောင်း မဖြစ်နိုင်တော့ချေ။
ကျောင်းအုပ်ကြီးကျင်းက သက်ပြင်းတစ်ချက် ချလိုက်သည်။
"အင်း.. ငါတို့ရှုံးသွားပြီ"
ကျောင်းအုပ်ကြီးကျင်း နှင့် ကျောင်းအုပ်ကြီးချန်း တို့၏ ဆက်ဆံရေးက ဒါရိုက်တာရှဲ့နှင့် ဒါရိုက်တာရှီးတို့၏ ဆက်ဆံရေးကဲ့သို့ပင်။
သူတို့နှစ်ဦးက နှစ်ပေါင်းများစွာ ရန်သူတွေ ဖြစ်ခဲ့ကြသည်။
ကြယ်ခုနှစ်ပွင့် တက္ကသိုလ်မှ ဘွဲ့ရခဲ့သော ဤလူနှစ်ယောက်၏ အတိတ်မှ ဖြစ်ရပ်များကို ကျိုးရီက ကောင်းကောင်းကြီး သိထားခဲ့၏။
ကျောင်းအုပ်ကြီး ကျင်း သက်ပြင်းချသည်ကို မြင်လိုက်ရလျှင် တက္ကသိုလ်တွင် စီနီယာ ဖြစ်ခဲ့ဖူးသော ကျောင်းအုပ်ကြီးချန်းက ပျော်ရွှင်ခြင်း ဝမ်းနည်းခြင်း မရှိသော ရှုပ်ထွေးသည့် ခံစားချက်ကို ခံစားခဲ့ရသည်။
သူက ချက်ခြင်းပင် ဝိညာဥ်ရေးအာရုံဖြင့် ဆက်သွယ်ကာ နှစ်သိမ့်ပေးခဲ့သည်။
"ဂျူနီယာညီလေး.. ရှုံးသွားလို့လည်း ကိစ္စမရှိပါဘူး.. အရေးကြီးဆုံးက ကျောင်းနှစ်ကျောင်းရဲ့ စည်းလုံးမှုပါ.. ခင်မင်ရင်းနှီးမှုက ပထမ.. ပြိုင်ပွဲက ဒုတိယ မဟုတ်လား"
"စီနီယာအကို.. ဝူချင်းတောင်နဲ့ မာလန်တောင်တို့မှာ မင်းနဲ့ ငါ ဓားရေးယှဥ်ခဲ့တာကို မှတ်မိသေးလား.. အဲဒီတုန်းက မင်းကိုငါရှုံးခဲ့တယ်.. ဒီတစ်ခေါက် ငါတို့ ကျောင်းသားတွေ ကြားက တိုက်ပွဲမှာလည်း ငါမင်းကို ထပ်ရှုံးရမယ်လို့ ဘယ်သူ ကြိုသိနိုင်မှာလဲ.. အဲဒါက ငါ့ရဲ့ ကံကြမ္မာပါပဲ"
"ဒါက ဂိမ်းလေး တစ်ခုပဲ...အသင်းလိုက် တိုက်ပွဲတစ်ခုမှာ အမြဲတမ်း ခန့်မှန်းလို့ မရတဲ့ အချက်တွေ ရှိတတ်တယ်.. အမှတ်၅၉ အထက်တန်းကျောင်းရဲ့ ကလေးတွေကလည်း အဆုံးအထိ လက်မလျှော့ခဲ့ဘဲ အစွမ်းကုန် ကြိုးစားခဲ့တာပဲ.. အရှုံးကို လက်မခံဘဲ ခေါင်းမာတာက မင်းနဲ့တောင် ခပ်ဆင်ဆင်တူသေးတယ်"
"အမှတ် ၆၀ အထက်တန်းကျောင်းက ကျောင်းသားတွေကလည်း မဆိုးပါဘူး.. ကလေးတွေက အပေးအယူမျှပြီး စည်းလုံးကြတယ်.. သူတို့ရဲ့ လိမ္မာပါးနပ်မှုကလည်း စီနီယာအကိုနဲ့ အတူတူပါပဲ"
"ဟားဟား.. ဂျူနီယာညီလေး.. မင်း ငါ့ကို မြှောက်ပင့်နေတာလား"
"စီနီယာအကို.. ငါမင်းနဲ့ တစ်ခုခု ဆွေးနွေးလို့ရမလား"
"ပြောပါ"
"မင်းတို့ကျောင်းသားတွေ ငါတို့ကို အမှတ်ထပ်ပေးလို့မရဘူးလား"
"အဲဒါက စိတ်ကူးယဥ်နေတာပဲ ကောင်းတယ် ညီလေးရေ.. မင်းက ဝိညာဥ်ဓား သင်ကြားရေးကို ငါတို့ရဲ့ အမျိုးသားဘောလုံးအသင်းလို အောင်မြင်မှု မရစေချင်လို့လား”
".............."
"ဒါဆို စီနီယာအကို.. ငါမေးစရာတစ်ခု ရှိသေးတယ်"
"ပြောပါ"
"ဘာကြောင့်လဲ.. ဝိညာဥ်ဓားဖလှယ်ပွဲမှာ ဘာလို့ ဝိညာဥ်ဓားကိုအသုံးမပြုရတာလဲ"
"..............."
(Double kill= ရန်သူ နှစ်ယောက်ကို အချိန်တိုအတွင်း သတ်နိုင်လျှင် ခေါ်ဝေါ်သောစကား၊ Triple kill= ရန်သူ သုံးယောက်ကို အချိန်တိုအတွင်း သတ်နိုင်လျှင် ခေါ်ဝေါ်သောစကား၊ Quadra kill= ရန်သူလေးယောက်ကို အချိန်တိုအတွင်း သတ်နိုင်လျှင် ခေါ်ဝေါ်သောစကား၊ Penta kill= ရန်သူ ငါးယောက်ကို အချိန်တိုအတွင်း သတ်နိုင်လျှင် ခေါ်ဝေါ်သောစကား)