ဝိညာဉ်ဓားသည် ၎င်း၏ သခင်နှင့် တူသည်
Vol. 5 Ch. 70
ဤတစ်ကြိမ် ဝိညာဉ်ဓား ဖလှယ်ပွဲ တွေ့ဆုံမှုတွင် "ကျင့်ကြံသူပြိုကွဲခြင်း"ဂိမ်း၏ စမ်းသပ်ဗားရှင်းကို အသုံးပြု၍ ဂိမ်း၏ ချို့ယွင်းချက် များကို ပြန်လည် သုံးသပ်ခဲ့သည်။
ယင်းမှာ ချန်းထျန်းရှန်း နှင့် ကျင်းမူယန်တို့ ကလေးကလား ဆန်သော ညီအကို နှစ်ယောက်၏ ပူးပေါင်း လုပ်ဆောင်မှု ရလဒ်လည်း ဖြစ်သည်။
ဆရာတွေ အားလုံးက စမ်းသပ်ဗားရှင်းကို အသုံးပြုမည်ဟု ကြိုမသိထားကြဘဲ ဝိညာဉ်ဓား ဖဲလှယ်ပွဲ မကျင်းပခင် နှစ်နာရီ အလိုမှ အကြောင်းကြားစာ ရရှိခဲ့သည်။
ကျောင်းအုပ်ဆရာကြီး နှစ်ဦးက ဝိညာဥ်ဓားကို သန့်စင်သောစမ်းသပ်ဗားရှင်း ယခုလောက် အောင်မြင်လိမ့်မည်ဟု မမျှော်လင့်ထားခဲ့ကြပေ။
ကစားပွဲတွင် အမျိုးမျိုး အဖုံဖုံ လုပ်ဆောင်နိုင်သော မှော်အတတ်များ အဆက်မပြတ် ထွက်ပေါ်လာခြင်းက ဝိညာဉ်ဓား ဖလှယ်ပွဲကို ပိုမို စိတ်ဝင်စားဖွယ် ကောင်းစေသည်။
ပရိသတ်ဖြစ်သည့် ကျောင်းသားအားလုံးမှာ အသံလွှင့်ဖန်သားပြင်ကနေ မျက်လုံး မခွာနိုင်ဖြစ်နေပြီး မျက်တောင်တစ်ချက်ပင် မခတ်ရဲခဲ့ပေ။
ယခင်နှစ်များက ဆိုလျှင် တွေ့ဆုံပွဲ တစ်ဝက်သို့ ရောက်သည်နှင့် ကျောင်းသားများက ငိုက်မြည်းလာ၍ ခေါင်းငိုက်စိုက်ကျ မသွားအောင် ခေါင်းကို လက်ဖြင့် ထောက်ထားရသည်။
ယခုနှစ်တွင် ကျင်းပသည့် ဝိညာဥ်ဓား ဖလှယ်ပွဲက စိတ်လှုပ်ရှားဖို့ ကောင်းသော်လည်း မမျှော်လင့်ထားသည့် အရာတချို့ ဖြစ်ပျက်ခဲ့သည်။
အဆုံးသတ်တွင် ဝိညာဉ်ဓား သန့်စင်ခြင်း လုပ်ငန်းစဉ်က စမ်းသပ်ဗားရှင်း အဖြစ်သာ ရှိနေသေးသည်။
တိုက်ပွဲတွင် မညီမျှမှု များစွာ ရှိခဲ့သည်။
တစ်ဖက်က အသာစီးရသွားသည်နှင့် ကျန်တစ်ဖက်က လုံးဝ အကာအကွယ်မဲ့ ကျန်ရစ်ဖို့ အလားအလာ အရမ်းများ၏။
ယင်းက ထူးခြားသော အဖြစ်အပျက် တစ်ခုကို ဖြစ်ပေါ်စေသည်။
ဝိညာဉ်ဓားကို ကျကျနန မတည်ဆောက်နိုင်မီ ပြိုင်ပွဲကို အဆုံးသတ်လိုလျှင် ဗလာဓားနှင့် မှော်ဓားကြီးကို အသုံးပြုရန် ဖြစ်နိုင်ချေ ရှိနေပြီ ဖြစ်သည်။
..........................
ယင်းအချက်ကို ယခုမှ သဘောပေါက်သည် ကလေးကလားဆန်သော ညီအကို နှစ်ယောက်မှာ မည်မျှ ရှက်ဖို့ကောင်းသည်ကို ချက်ခြင်း သဘောပေါက်သွား၏။
ကျောင်းသားအားလုံးက ဝိညာဉ်ဓားရှည်များ ကိုင်ဆောင်၍ ဝိညာဥ်ဓားဖလှယ်ပွဲကို ယှဥ်ပြိုင်ကြသော်လည်း သူတို့၏ ဝိညာဥ်ဓားကို ထုတ်ဖော်ပြသရန် အခွင့်အရေးပင် မရခဲ့ချေ။
မည်သို့ပင်ဖြစ်စေ ပြိုင်ပွဲက ပြီးဆုံးသွားလေပြီ။
ဝမ်လင်းက အခြား သူများနှင့် အတူ ပုံရိပ်ယောင် နယ်မြေမှ ထွက်လာသောအခါ စင်မြင့်ပေါ်ရှိ ကျောင်းအုပ်ဆရာကြီး နှစ်ယောက်က ဝိညာဥ်ရေးအာရုံကို အသုံးပြု၍ အပြန်ပြန် အလှန်လှန် အဆက်မပြတ် ပြောဆို ဆက်သွယ် နေကြသည်ကို ကြားလိုက်ရသည်။
"အကိုကြီး… မင်း တစ်ခုခုကို အမြန်စဉ်းစားသင့်တယ်"
".............."
ကျောင်းအုပ်ကြီးကျင်းက သူ့မျက်နှာကို လက်ဖြင့် ဖုံးအုပ်၍ စဥ်းစားဟန် ပြုလိုက်သည်။
"ဝိညာဉ်ဓား ဖလှယ်ပွဲက ဝိညာဉ်ဓားမပါဘဲ ပြီးသွားခဲ့တယ်.. ဒီစကားသာ ပြန့်သွားခဲ့ရင် ကျနော် အသက်မရှင်ချင်တော့ဘူး"
"ဂျူနီယာညီလေး စိတ်အေးအေးထားပါ"
ချန်းထျန်းရှန်းက ဖျောင်းဖြလိုက်သည်။
သူ၏ ဂျူနီယာ ညီလေးက အလွန် တုန်လှုပ်နေပြီး ခန္ဓာကိုယ်ထဲတွင် အချိန်အတော်ကြာ ချိတ်ပိတ်ထားသည့် နုနယ်သော နှလုံးသားလေးက အဆက်မပြတ် လှုပ်ရှားလာခဲ့ကြောင်း သူသိလိုက်သည်။
ကြယ်ခုနစ်ပွင့် တက္ကသိုလ်၏ နာမည် ဂုဏ်သတင်းကြောင့်ကျောင်းနှစ်ကျောင်းမှ ဆရာများနှင့် ကျောင်းသားများ၏ မျက်လုံးများက သူတို့အပေါ်တွင် ရှိနေကြောင်းကို ချန်းထျန်းရှန်းက တွေးတောမိပြီး သူ၏ ဦးနှောက်ကို အလုပ်ပေးလိုက်သည်။
သိပ်မကြာခင်မှာပင် ကျောင်းအုပ်ကြီးချန်းက
"ဂျူနီယာညီလေး.. လက်ထောက် ညွှန်ကြားရေးမှူးချုပ် ကျိုးရီရဲ့ ဝိညာဥ်ဓားအစွမ်းပြမှု အပိုင်း ကျန်ပါသေးတယ်.. သူအသုံးပြုမဲ့ ခြေလှမ်းတစ်ရာ ဓားပျံ စွမ်းရည် အတွက် ငါတို့က ကျောင်းသားတွေရဲ့ ဝိညာဥ်ဓား တစ်ချောင်းကို ရွေးခိုင်းလိုက်ရင်ရော ဘယ်လိုသဘောရလဲ"
ထိုစကားကို ကြားလျှင် ကျောင်းအုပ်ကြီးကျင်း၏ မျက်နှာက ချက်ချင်းပင် ပုံမှန် ပြန်ဖြစ်သွားသည်။
"စီနီယာအကိုရဲ့ အကြံဉာဏ်က အထာကျတယ်"
ကျောင်းအုပ်ကြီးချန်း ".............."
ဝမ်လင်း၏ နှုတ်ခမ်းက ကူကယ်ရာမဲ့စွာဖြင့် ရွဲ့သွားသည်။
"................."
….......................
စင်မြင့်ပေါ်ရှိ ကျိုးရီက စားပွဲပေါ်တွင် တင်ထားသော ဝိညာဉ်ဓားဆယ်ချောင်းကို ငေးကြည့်ရင်း ချွေးစေးများ ထွက်လာသည်။
ရိုးသားစွာပြောရလျှင် ဤအခြေအနေက သူမျှော်မှန်းထားသည်ထက် အများကြီး ပိုကောင်းသည့် ရလဒ်တစ်ခု ဖြစ်သည်။
ကောင်းကင်ပိုင်းဖြတ် ဓားသိုင်းကို သူ မသိသော်လည်း ခြေလှမ်းတစ်ရာ ဓားပျံသိုင်းကိုမူ သူကောင်းစွာ ကျွမ်းကျင်၏။
ဖျော်ဖြေပွဲ ချောချောမွေ့မွေ့ ပြီးဆုံးဖို့က ကျိုးရီနှင့် သူအသုံးပြုမည့် ဝိညာဥ်ဓားတို့ကြားရှိ နားလည်မှုပေါ်တွင် မူတည်နေသည်။
ဤဝိညာဥ်ဓားတွေ အားလုံးက ပိုင်ရှင်တွေ ရှိပြီးသားမို့ သူစိမ်းတစ်ယောက်ကို လုံးလုံးလျားလျား နာခံဖို့မှာ ကျိုးရီ၏ ဓားပညာနှင့် စိတ်စွမ်းအားတို့ အတွက် စမ်းသပ်မှုကြီး တစ်ခုလို ဖြစ်နေ၏။
သူ့လို ကျောင်းပေါင်း ၁၀၀ အထွေထွေ အုပ်ချုပ်ရေးဌာန၏ လက်ထောက်ညွှန်ကြားရေးမှူး တစ်ယောက်က ဤအပိုင်းတွင် အမှားလုပ်မိလျှင် အမှန်တကယ် ရှက်ဖို့ ကောင်းပေလိမ့်မည်။
"ပြိုင်ပွဲစည်းကမ်းတွေကို ဘယ်သူက ပြောင်းမယ်လို့ ထင်မှာလဲ... ငါက ငါ့ရဲ့ ဝမ်မန် နဲ့ ဝမ်ကျီ ကို ပြသခွင့်ရချင်ခဲ့တာ"
စင်အောက်တွင် ထိုင်နေသည့် လင်းရှောင်ယုက သက်ပြင်းချ၍ ရေရွတ်လိုက်သည်။
"ရှောင်ယုရဲ့ ဓားရေးစွမ်းရည်က သိသိသာသာ တိုးတက်လာပုံပဲ"
စွန်းရုံက ပြုံးရွှင်စွာ ပြောလိုက်သည်။
"ဟုတ်တယ်.. ဆရာဝမ်က မိစ္ဆာ တည်ထောင်သူ စာအုပ်ကို ပြပြီးတဲ့နောက်မှာ အမြွှာဓားတွေရဲ့ အဓိပ္ပါယ် အစစ်အမှန်ကို သိလိုက်ရတယ်လေ"
"အဓိပ္ပါယ်အစစ်အမှန်က ဘယ်လိုလဲ"
ကော်ဟောက်က မျက်ခုံးပင့်၍ မေးလိုက်သည်။
"ဉာဏ်များတဲ့ မိန်းမနှစ်ယောက်ကို အတူတကွ ထားရင် ကမ္ဘာတစ်ဝှမ်းလုံးမှာ မယုံကြည်နိုင်စရာတွေ ဖန်တီးနိုင်တယ်"
"..............."
"ငါသိချင်တယ်.. စီနီယာကျိုးက ဘယ်သူ့ဝိညာဉ်ဓားကို ရွေးချယ်မှာလဲ"
…....................
ကျိုးရီက ဝိဉာဉ်ဓား ဆယ်ချောင်းကို အသေအချာ အကဲခတ်နေသည်။
စွန်းရုံ၏ ဝိညာဥ်ဓား ဆန်းကြယ်ပင်လယ်က ဓားဝိညာဉ်ကိုမွေးထုတ်ပေးခဲ့ပြီ ဖြစ်သည်။
ဓားဝိညာဉ် ရှိနေသည့် ဓားတစ်ချောင်းကို အချိန်တိုအတွင်း ထိန်းချုပ်ရန်မှာ မဖြစ်နိုင်ပေ။
လင်းရှောင်ယု၏ အမြွှာဓားနှင့် ပတ်သက်၍မူ သူ မထိချင်ပေ။
အကြောင်းမသိသေးသည့် အမြွှာဓား တစ်စုံကို ကိုင်တွယ်ဖို့က အလွန်ပင် ခက်ခဲသည် မဟုတ်လော။
အခန့်မသင့်လျှင် ဤဓားက သူ့ကို ဆွဲချသွားနိုင်သည်။
ကျန်ဝိညာဥ်ဓားများမှာ ချန်းချောင်၏ စူပါခွန်အား၊ ကော်ဟောင်၏ သရဲစွယ်ဓား၊ ထျန်ကျင်းဇီ၏ အပြာရောင်သွေး၊ ဖန်ဟွာချင်း၏ ကျန်းဖို၊ လျန့်ညီနောင် သုံးဖော်၏ နဂါးတောင်တက်ဓားများ....
ဝမ်လင်းက ကျိုးရီ၏ အကြည့်နောက်သို့ လိုက်ကြည့်ခဲ့သည်။
"ဒါက ကျင့်ခယ်ကို ရွေးချယ်ဖို့ ဆယ်ပုံတစ်ပုံပဲ အခွင့်အရေးရှိတာလေ.. ဟုတ်တယ်မလား"
ကျိုးရီက စင်ပေါ်ရှိ တစ်ခုတည်းသော သစ်သားဓားငယ်လေးကို ကောက်ကိုင်လိုက်သည်။
"မင်းကိုရွေးလိုက်ပြီ"
ဝမ်လင်း ".............."
ကျိုးရီထံတွင် ကျင့်ခယ်ကို ရွေးချယ်ရန် အတွက် ကိုယ်ပိုင် အကြောင်းပြချက် ရှိနေသည်။
ပထမအချက်မှာ ဤဓားက ဝိညာဥ်ဓား အားလုံးထဲတွင် အန္တရာယ် အကင်းဆုံးဟု ထင်ရပြီး သူ့အပေါ် မည်သို့သော ခြိမ်းခြောက်မှုမျှ ပြုလုပ်နိုင်မည် မဟုတ်ချေ။
ထို့ကြောင့် ထိန်းချုပ်စရာပင် မလိုဘဲ ကိုင်တွယ်ရ အတော်လေး လွယ်ကူသွားမည် ဖြစ်သည်။
ဒုတိယအချက်မှာ ဤဓား၏ သခင်က ဝမ်လင်း ဖြစ်နေသောကြောင့် ဖြစ်၏။
ကျိုးရီက ဤအရာကို အခွင့်အရေး တစ်ခုဟု ခံစားရသည်။
ကျင့်ခယ်ကို ကိုင်ထားပြီး အကောင်းဆုံး စွမ်းဆောင်ဖို့ စိတ်ပိုင်းဖြတ်ထားသည်။
ဆရာသခင်၏ ဝိညာဉ်ဓားကို ကောင်းကောင်း အသုံးချနိုင်ရင် ဆရာသခင်ကို ကျေနပ်စေမည် မဟုတ်ပါလား။
"..............."
"လခွမ်း မင်းအမကိုပဲ ဆရာတင်လိုက်.. ဘယ်သူက မင်းရဲ့ ဆရာလုပ်မယ် ပြောလို့လဲ.. ငါ့ကို မင်းရဲ့ ဆရာအဖြစ် အတင်းအကျပ် လာမတင်နဲ့"
ဝမ်လင်းက ခေါင်းနောက်လာသဖြင့် မျက်ကြောကို လက်ဖြင့်နှိပ်လိုက်သည်။
ယခုအခါတွင် ကျင့်ခယ်က သူစိမ်းတစ်ယောက်၏ လက်ထဲတွင် သူ၏ ခွန်အားကို ထိန်းချုပ် ထားနိုင်လိမ့်မည်ဟုသာ သူမျှော်လင့်နိုင်တော့သည်။
ကျင့်ခယ်က မည်သို့သော အခြေအနေမျိုးမှာမှ အရိုင်းစိတ်ဖောက်သွား၍ မဖြစ်ချေ။
သို့မဟုတ်လျှင် ဓားလှိုင်း တစ်လှိုင်းကပင် ဤနေရာတွင် ရှိသည့် လူအားလုံးကို တခြားမြို့သို့ ပြောင်းရွှေ့ပေးလိမ့်မည် ဖြစ်၏။
ဤအရာက ချဲ့ကားသည်ဟု ထင်ရသော်လည်း ၎င်းမှာ အမှန်တကယ် ငြင်းဆန်၍ မရသော အချက် ဖြစ်သည်။
ကျင့်ခယ်က သစ်သားဓားတစ်လက်သာ ဖြစ်သော်လည်း ၎င်း၏ သေစေနိုင်မှုက ငြင်းမရပေ။
ဝမ်လင်းက အဘိုးကြီးလီကို ကယ်တင်ရန် ကမ္ဘာခြားဂိတ်ကို ဝင်သွားသောအခါ ကျင့်ခယ်ကို နတ်ဆိုးနတ်ဘုရား၏ ဦးခေါင်းကို ဖြတ်တောက်ရာတွင် အသုံးပြုခဲ့သည်။
ဤသို့ဖြင့် နတ်ဆိုးနတ်ဘုရား၏ သွေးက ကျင့်ခယ်တွင် မတော်တဆ စွန်းပေသွားပြီး မကြုံစဖူး အစွမ်းထက်သော သန့်စင်မှုကို ခံခဲ့ရသည်။
ထိုအချိန်မှစ၍ ကျင့်ခယ်က ၎င်း၏ ဓားကိုယ်ထည်ထဲရှိ စွမ်းအားများကို ဝမ်လင်းကဲ့သို့ မထိန်းချုပ်နိုင်တော့ပေ။
ဝိညာဥ်ဓားက ၎င်း၏သခင်နှင့် တူသည်ဟု ဆိုသော စကားမှာ ယုတ္တိမရှိသော စကား မဟုတ်ချေ။
"အခု ကျောင်းပေါင်း ၁၀၀ အထွေထွေ အုပ်ချုပ်ရေး ဌာနရဲ့ လက်ထောက် ညွှန်ကြားရေးမှူးချုပ် ဆရာကျိုးရီကို ခြေလှမ်းတစ်ရာ ဓားပျံသိုင်းရဲ့ အံ့သြဖွယ် စွမ်းဆောင်ရည် ပြသပေးဖို့အတွက် ဖိတ်ခေါ်ပါရစေ"
ဝိညာဉ်ဓားတစ်ချောင်းကို ကျိုးရီ ရွေးချယ်လိုက်သည်ကို မြင်လျှင် တာဝန်ခံ အမျိုးသမီးက ကျယ်လောင်စွာ ကြေငြာလိုက်သည်။
ကျိုးရီက ကျင့်ခယ်ကို ကိုင်ဆွဲ၍ မိုးပြိုလုမတတ် လက်ခုပ်သံများ ကြားတွင် အားကစားကွင်း အလယ်သို့ ဖြည်းညှင်းစွာလျှောက်သွားခဲ့သည်။
စင်မြင့်ပေါ်ရှိ စွန်းတာခန်းက မျက်မှောင်ကြုတ်လိုက်သည်။
"ဒီဓားပိုင်ရှင်က ကျောင်းသား ဝမ်လင်း မဟုတ်လား"
သူ့အနားတွင် ရှိနေသည့် ကျောင်းအုပ်ကြီးချန်းက အတွင်းရေးမှူးစွန်း အဘယ်ကြောင့် ဤမေးခွန်းကို ရုတ်တရက် မေးလာမှန်း မသိသော်လည်း တလေးတစား အဖြေပေးလိုက်သည်။
"ဟုတ်ပါတယ်.. အဲဒါ ဝမ်လင်းပါ.. ကျောင်းသားလေး ဝမ်လင်းက အတော်လေး ဆင်းရဲတဲ့ မိသားစုမှာ မွေးဖွားလာတာပါ.. ကျောင်းကို ပြန်ရောက်တာနဲ့ သူ့ကို ထောက်ပံ့ကူညီဖို့ ကျနော်တို့ စီစဥ်ထားပါတယ်"
အတွင်းရေးမှူးစွန်းက ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။
"ကောင်းတယ်.. ငါတို့က ဆင်းရဲပေမဲ့ ပညာရေးမှာ ထူးချွန်တဲ့ ကျောင်းသားတွေကို အလေးထားရမယ်.. ကျောင်းသားတစ်ဦးစီတိုင်းက ကျောင်းနဲ့ လူ့အဖွဲ့အစည်းထံကနေ ဂရုစိုက်မှုတွေရမှသာ စိတ်ဓာတ်တွေ သန်မာလာလိမ့်မယ်"
အတွင်းရေးမှူးစွန်း နံဘေးရှိ ကျောင်းနှစ်ကျောင်း၏ ကျောင်းအုပ်ဆရာကြီး၊ ဒါရိုက်တာများနှင့် ကျောင်းသားအဖွဲ့ကို ဦးဆောင်သည့် ဆရာ.. ဆရာမများက ခေါင်းတညိတ်ညိတ်ဖြင့် ထောက်ခံလိုက်ကြသည်။
"အတွင်းရေးမှူးစွန်း ပြောတာမှန်တယ်"
"ကောင်းပြီ ရဲဘော်တို့.. မင်းတို့အတွက် ခက်ခဲနိုင်ပေမဲ့ ချို့တဲ့တဲ့ ကျောင်းသားတွေကို ပိုဂရုစိုက်ပြတာက လူတိုင်း လိုက်နာသင့်တဲ့ အလေ့အကျင့် ဖြစ်သင့်တယ်"
ထိုစကားကို ပြောနေချိန်တွင် အတွင်းရေးမှူးစွန်းက ကျိုးရီ၏ လက်ထဲမှ မက်မွန်သစ်သားဓား ထံသို့ အကြည့်ရောက်သွားသည်။
"သူ အမှားလုပ်လိုက်တာလား"
တစ်စုံတစ်ရာသော အကြောင်းကြောင့် ဤဓားက အနည်းငယ်ပုံမှန်မဟုတ်ဟု သူခံစားလိုက်ရသည်။