← Chapters

အမွေးထူထူ ခြေထောက်ကို ကိုင်ထားသည့်ကျိုးရီ

Vol. 5 Ch. 72

အမွေးထူထူ ခြေထောက်ကို ကိုင်ထားသည့်ကျိုးရီ

Vol. 5 Ch. 72

ကျိုးရီက နောက်ထပ်တစ်ကြိမ် ထပ်၍ နာမည်ကြီးခဲ့သည်။

ဤတစ်ကြိမ်တွင် သူက အတွင်းရေးမှုး တာခန်း၏ ပေါင်ကို ကမ္ဘာပေါ်တွင် ပထမဆုံး ကိုင်ဆောင်နိုင်သည့် လူသား ဖြစ်လာခဲ့သည်။

ဤသမိုင်းဝင် မြင်ကွင်းက မျက်မြင်သက်သေတိုင်းကို အမှတ်တရ အဖြစ် ထာဝရ အမှတ်ရနေစေမည် ဖြစ်သည်။

အတွင်းရေးမှူးစွန်း၏ ပေါင်ကို ကိုင်ထားခွင့်ရဖို့က လူတိုင်းနှင့် မထိုက်တန်ပေ။

ဤအချိန်တွင် သူက နတ်ဆိုးနတ်ဘုရားများကို ချောင်းမြောင်းတိုက်ခိုက်ရန် အရေးပါသော စားနပ်ရိက္ခာနှင့် လက်နက်များကို သယ်ဆောင်ထားသလိုပင်။

တိုင်းပြည်အတွက် ထူးချွန်ပြောင်မြောက်စွာ စစ်မှုထမ်းခဲ့ဖူးသော ထင်ရှား ကျော်ကြားသည့် စီနီယာ ပုဂ္ဂိုလ်ကြီးမှာ မမျှော်လင့်ဘဲ သူ့ပေါင်များကို ဂျုနီယာတစ်ယောက်မှ ဆုပ်ကိုင်ခြင်းအား ခံလိုက်ရသည်။

လူအတော်များများက ဤအခြေအနေ၏ သက်ရောက်မှုကို အဖြေရှာဖို့ ကြိုးစားခဲ့ကြသည်။

ဤအချိန်တွင် ကျိုးရီ အသုံးပြုသည့် ခြေလှမ်းတစ်ရာ ဓားပျံသိုင်း၏ စွမ်းဆောင်မှုက အရေးမကြီးတော့ပေ။

အတွင်းရေးမှူးစွန်းကို အင်အားအချို့က ကုလားထိုင်ကနေ ဆွဲငင်သွားသောကြောင့် ကျောင်းခေါင်းဆောင် နှစ်ဦးနှင့် လုံခြုံရေးဝန်ထမ်းများက အကာအကွယ်ပေးရန် ပြေးထွက်လာခဲ့ကြသည်။

ဤမြင်ကွင်းကို ဝမ်လင်းက တစ်သက်လုံး မေ့ပျောက်မည် မဟုတ်တော့ပေ။

အားကစားကွင်းရှိ သောင်းချီသည့် အကြည့်အောက်တွင် အတွင်းရေးမှူး စွန်းက သူ့ကိုယ်ပေါ်က ဖုန်မှုန့်များကို ခါချလိုက်ပြီး မြေပြင်ပေါ်သို့ ဖြည်းညင်းစွာ ဆင်းသက်လိုက်သည်။

ထို့နောက် သူက ကျိုးရီဘက်သို့ ခေါင်းလှည့်ကာ ခပ်တိုးတိုး ပြောလိုက်၏။

"ကျိုးရီလေး.. ပွဲပြီးသွားရင် ငါ့ကိုလာရှာဖို့ မမေ့နဲ့ဦး"

လူတိုင်း အံ့အားသင့်သွားကြသည်။

"တကယ်ပဲ သူစိတ်မဆိုးခဲ့ဘူးလား"

ကျောင်းပေါင်းတစ်သောင်း မဟာမိတ်အဖွဲ့၏ အတွင်းရေးမှူးအဖြစ် သူ၏အမည်ကို လူတိုင်းသိကြသည်။

၎င်းမှာ မဟာမိတ်အဖွဲ့တွင် သြဇာကြီးမားသော ရာထူးတစ်ခုဖြစ်သည်။

ကျောင်းပေါင်း ၁၀၀ အထွေထွေ အုပ်ချုပ်ရေး၏ လက်ထောက် ညွှန်ကြားရေးမှူးချုပ် ကျိုးရီ၏ မကြာသေးမီက အောင်မြင်မှုများနှင့် လူထုစစ်တမ်း ရလဒ်များကို ဆက်စပ်ကာ ဤထူးခြားသော မြင်ကွင်းက ကျိုးရီကို အနာဂတ် အတွင်းရေးမှူးအဖြစ် အတွင်းရေးမှူးစွန်းက လျာထားသည်ဟု လူအများက ခံစားခဲ့ကြရသည်။

ယင်းက သူ့နေရာအတွက် သင့်လျော်သော ဆက်ခံသူကို ရှာတွေ့ပြီဟု လူတိုင်းအား အရိပ်အမြွက် ပေးလိုက်သလိုပင်။

သို့ဆိုလျှင် လက်ရှိအခြေအနေမှာ အလွန်ရှင်းလင်းသွားပြီ ဖြစ်သည်။

နောက်ဆက်ခံသူမှာ ကျိုးရီ ဖြစ်လာဖွယ် ရှိနေ၏။

"အတွင်းရေးမှူးစွန်း.. ဒဏ်ရာရသွားသေးလား"

ကျောင်းအုပ်ဆရာကြီးနှစ်ဦးမှာ ဝိညာဥ်ဓား ဖလှယ်ပွဲ ပြီးဆုံးခါနီးတွင် ထိုသို့သော ပြဿနာ တစ်ခု ဖြစ်လာမည်ဟု တစ်ခါမျှ မမျှော်လင့်ထားသဖြင့် ကြောက်လန့်နေကြသည်။

"ဒဏ်ရာလား.. ငါက ဘယ်လိုလုပ် ထိခိုက်မှာလဲ"

အတွင်းရေးမှူးစွန်းက ခပ်ယဲ့ယဲ့ ပြုံးလိုက်သည်။

"ကျိုးရီလေးရဲ့ ဓားလှိုင်းက ဒီလောက် အစွမ်းထက်လိမ့်မယ်လို့ ငါတကယ် မမျှော်လင့်ထားမိဘူး.. ငါ့ဘောင်းဘီတွေတောင် စုတ်ပြဲသွားခဲ့တယ်.. မရင်းနှီးတဲ့ ဝိညာဥ်ဓားကို အသုံးပြုတဲ့အခါမှာ ဝိညာဥ်စွမ်းအင်တွေ ထိန်းမနိုင်သိမ်းမရ ဖြစ်လေ့ရှိတာ သဘာဝပါပဲ.. ကံကောင်းထောက်မစွာပဲ ကျိုးရီလေးက ဉာဏ်ရည် ထက်မြက်စွာနဲ့ ဓားလှိုင်းကို နေရာရွှေ့ခဲ့တယ်.. မဟုတ်ရင် ကျောင်းသားတွေက ကြောက်စရာကောင်းတဲ့ အန္တရာယ်ကို ကြုံရလိမ့်မယ်"

ထို့ကြောင့် လက်ရှိ ဖြစ်ပေါ်နေသော အခြေအနေ အားလုံးမှာ အရေးပေါ် အခြေအနေအတွက် ကျိုးရီ၏ တုံ့ပြန်မှု ဖြစ်သည်ဟူသော အသိက လူတိုင်း၏ အတွေးထဲတွင် ပေါက်ဖွားလာခဲ့သည်။

"စိတ်မပူပါနဲ့.. ငါစိတ်မဆိုးပါဘူး.. ဆန့်ကျင်ဘက်အနေနဲ့ ကျိုးရီလေးကို စိတ်ရင်းမှန်နဲ့ ကျေးဇူးတင်သင့်တယ်လို့တောင် ငါထင်တယ်"

အတွင်းရေးမှူးစွန်းက

"ငါသိသလောက်တော့ ကျိုးရီလေးက ဝိညာဥ်ဓားကို မကိုင်တာ အတော်ကြာခဲ့ပြီ.. ဒါကြောင့် သူ့ကို ဝန်မပိအောင် သူအားသန်တဲ့ ကောင်းကင်ပိုင်းဖြတ် ဓားသိုင်းကိုပဲ ပေါ့ပေါ့ပါးပါး တင်ဆက်ခိုင်းမလားလို့ စိတ်ကူးခဲ့သေးတယ်.. အဆုံးသတ်မှာတော့ ခြေလှမ်းတစ်ရာ ဓားပျံသိုင်းကိုပဲ တင်ဆက်စေခဲ့တယ်.. အဲဒါတောင် ကြည့်စမ်း.. သူ့ရဲ့ဝိညာဥ်စွမ်းအင်က ထိန်းမနိုင်သိမ်းမရ အားကောင်းလွန်းနေတယ်"

"................"

"ငါဒီမှာရှိနေတာ ကောင်းသွားတယ်.. ဒီဓားလှိုင်းက ငါ့အပေါ် သက်ရောက်မှု သိပ်မရှိပေမယ့် ကျောင်းသားတွေဆီ ရောက်သွားရင်တော့ ဘေးအန္တရာယ် ဖြစ်လာလိမ့်မယ်.. ဒီအဖြစ်အပျက်ကနေ သင်ခန်းစာ ယူသင့်တာက လူတွေကို သူတို့ရဲ့ စွမ်းရည်ထက် ကျော်လွန်ပြီး တစ်ခုခုလုပ်ဖို့ အတင်းအကြပ် တွန်းအား မပေးသင့်တဲ့ အချိန်တွေ ရှိတယ်ဆိုတာ နားလည်ရမယ် ဆိုတာပဲ"

"အတွင်းရေးမှူးစွန်း ပြောတာ မှန်ပါတယ်.. အဲဒီစကားကို စိတ်ထဲမှာ စွဲမြဲနေအောင် မှတ်ထားပါ့မယ်"

"ကျိုးရီလေးရဲ့ အချိန်မီ တုံ့ပြန်နိုင်စွမ်းကြောင့် ဆိုးရွားတဲ့ ပျက်စီးမှုတွေကို ရှောင်ရှားနိုင်ခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်"

"................"

အတွင်းရေးမှုးစွန်း၏ စကားကြောင့် ကျိုးရီက အံ့သြသွားသည်။

သူက ဘာမှမလုပ်ရဘဲ အကျိုးကျေးဇူး ထပ်မံ ရခဲ့ပါသလော။

".............."

တစ်ဖက်တွင် ထိုစကားကို ကြားလိုက်ရသော ဝမ်လင်းက သူ့မျက်နှာကို လက်ဖြင့် ဖုံးအုပ်လိုက်သည်။

အတွင်းရေးမှူးစွန်းက ဤကဲ့သို့ ထူးဆန်းသော အဖြစ်အပျက်ကို ကျိုးကြောင်း ဆီလျော်အောင် ဆင်ခြင်နိုင်စွမ်း ရှိလိမ့်မည်ဟု မည်သူမှ စိတ်ကူးပင် ယဉ်မိမည် မဟုတ်ပေ။

အဘယ်ကြောင့်ဆိုသော် ကျင့်ခယ်က ခြေသလုံးမွေး ထူသော အတွင်းရေးမှူးစွန်းကို တမင်တကာ ရည်ရွယ်၍ လုပ်ဆောင်ခဲ့ခြင်းကြောင့် ဖြစ်သည်။

ထိန်းချုပ်နိုင်စွမ်း မရှိသော ဝိညာဉ်စွမ်းအင်ကို တခြားနေရာသို့ ရွှေ့ပါ။

အချိန်မီတုံ့ပြန်နိုင်စွမ်းက အလှည့်အပြောင်းတစ်ခုပဲ...

….....................

မမျှော်လင့်ထားသော ပြဿနာများကို ကြုံတွေ့ပြီး နောက်ဆုံးတွင် လေးရက်တာ ကျောင်းအချင်းချင်း ဖလှယ်ပွဲက ပြည်ဖုံးကာ ချသွားခဲ့သည်။

သဘောထား ကွဲလွဲမှုမရှိလျှင် မိတ်ဆွေဖြစ်လာမည် မဟုတ် ဟူသော ဆိုရိုးစကား ရှိသည်။

ဤစကားလုံးများက ဇာတ်ဝင်ခန်းနှင့် အမှန်တကယ် လိုက်ဖက်သည်ဟု ထျန်ကျင်းဇီက တွေးထင်ခဲ့သည်။

လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း ဝမ်လင်း အနေဖြင့် မပျော်မရွှင် ဖြစ်ခဲ့ရသော်လည်း ယေဘူယျအားဖြင့် ပြောရလျှင် ၎င်းမှာ မမေ့နိုင်သော အမှတ်တရတစ်ခု ဖြစ်သည်။

ယင်းက ဝမ်လင်း တစ်ခါမှ မကြုံဖူးသည့် အရာတစ်ခုဖြစ်သည်။

ဝမ်လင်းက ငယ်စဥ်ကတည်းက အုပ်စုဖွဲ့၍ နေထိုင်ခဲ့ခြင်း မရှိဘဲ အထီးကျန်စွာ ကြီးပြင်းလာခဲ့ရသည်။

သူက မူလတန်းကျောင်းနှင့် အလယ်တန်းကျောင်းများ၏ နွေရာသီ အားလပ်ရက် အပျော်ခရီးများတွင် မပါဝင်ရန် အကြောင်းပြချက် မျိုးစုံကို ရှာဖွေခဲ့သည်။

သို့သော် ထူးခြားသော အခြေအနေများ၏ ပေါင်းစပ်မှုဖြင့် လေးရက်တာ နှီးနှော ဖလှယ်ပွဲတွင် ပါဝင်ရန် အမှတ်၅၉ အထက်တန်းကျောင်းသို့ ရောက်ရှိလာခဲ့သည်။

ပြသနာများစွာ ရှိခဲ့သော်လည်း အနည်းဆုံးတော့ သူ၏ ကိုင်တွယ်နိုင်စွမ်းထက် မကျော်လွန်ခဲ့သည်ကို တွေးကာ ကျေနပ်နေမိသည်။

အမှတ်၅၉ အထက်တန်းကျောင်းရှေ့ရှိ ဂိတ်ဝတွင် အမှတ်၆၀ အထက်တန်းကျောင်းမှ လူများက အပြန် ဘတ်စ်ကားကို တိတ်တဆိတ် စောင့်ဆိုင်းနေကြသည်။

ဤနေ့က သောကြာနေ့ ဖြစ်ပြီး ကျောင်းဆင်းချိန်လည်း ဖြစ်၏။

ကျောင်းက လုံခြုံရေး အတွက် ထည့်သွင်း စဉ်းစားခဲ့ပြီး ကျောင်းသား အားလုံးကို ဘေးကင်းစွာ အိမ်ပြန်နိုင်ရန် ဘတ်စ်ကားတစ်စီး စီစဉ်ပေးခဲ့သည်။

ဤသယ်ယူပို့ဆောင်ရေးနည်းလမ်းမှာ သူ့ဖင်ကို ကျိန်းစက်စေသည်ဟု ဝမ်လင်းက အမြဲခံစားခဲ့ရသည်။

အကြောင်းရင်းမှာ သူ ပြေးသည်ဖြစ်စေ တွားသွားသည် ဖြစ်စေ... ဘတ်စ်ကားထက် ပို၍ မြန်နေသေးသောကြောင့် ဖြစ်၏။

ထျန်ကျင်းဇီတို့ အဖွဲ့က သူတို့လူစု ထွက်မသွားခင် နှုတ်ဆက်ရန် အချိန်အတော်ကြာ စဉ်းစားခဲ့သည်။

သူတို့က ပြိုင်ပွဲတွင် ရှုံးနိမ့်ခဲ့သော်လည်း အမှတ်၅၉ အထက်တန်းကျောင်း၏ ကိုယ်စားလှယ် အနေဖြင့် သဘောထားကြီးသည့် အသွင်အပြင်ကို ဆောင်ကြဥ်းသင့်သည်ဟု တွေးလိုက်သည်။

ထို့ကြောင့် ထျန်ကျင်းဇီက လက်ဆွဲနှုတ်ဆက်ရန် သူ၏ လက်ကို စွန်းရုံဆီသို့ ဆန့်ထုတ်လိုက်သည်။

သို့သော် လမ်းတစ်ဝက်တွင် ကော်ဟောက်က ကြားဖြတ်၍ ထျန်ကျင်းဇီ၏ လက်ကို ဆုပ်ကိုင်လိုက်သည်။

"ရင်းနှီးမှု မရှိဘဲ အမျိုးသားနဲ့ အမျိုးသမီးတွေက ရင်းရင်းနှီးနှီး မဆက်ဆံသင့်ဘူး.. အတန်းဖော် စွန်းရုံနဲ့ လက်ဆွဲနှုတ်ဆက်ဖို့ လက်မှတ်တစ်စောင်တော့ လိုအပ်တယ် ဆိုတာ မသိဘူးလား.. လက်မှတ်တစ်စောင်ကို သုံးသောင်းရှိတယ်.. စျေးနှုန်းက စွန်းရုံရဲ့ ဂုဏ်ကျက်သရေနဲ့ဆို သင့်တင့်ပါတယ်လေ"

ထျန်ကျင်းဇီက သူ့လက်ကို ပြန်ရုတ်သိမ်းလိုက်သည်။

"ဒီလောက်တောင် စျေးကြီးတာလား"

"အကယ်၍ မင်းက ငါနဲ့ လက်ဆွဲ နှုတ်ဆက်ချင်တယ် ဆိုရင်လည်း မခြားနားဘူး.. ငါက နိုင်ငံရေးသိပ္ပံ ကိုယ်စားလှယ်လေ.. ကျောင်းနှစ်ကျောင်းလုံးက လူတွေရဲ့ ဆန္ဒတွေကို ကိုယ်စားပြုဖို့ ဒီကို ရောက်လာခဲ့တာပဲ"

ကော်ဟောက်က မတူမတန်သလို ပြောထည့်လိုက်သည်။

ထိုစကားကြောင့် ထျန်ကျင်းဇီတို့ လူစုက ပါးစပ်ရွဲ့မလိုပင် ဖြစ်သွားကြသည်။

သိပ်မကြာခင် ဤဝတုတ်က အရှိန်ရလာပြီး ပတ်ဝန်းကျင်လေထုက ရုန်းရင်းဆန်ခတ် ဖြစ်လာသည်။

ကော်ဟောက်၏ အပြင်းထန်ဆုံးသော စရိုက်လက္ခဏာမှာ သူ၏ ပါးစပ်ပုတ်ကြီးဖြင့် "အတင်းအဖျင်းကို နှစ်သက်သည် ထက်ပင် ပိုမို နှစ်သက်စွာ ပြောလေ့ရှိသော စရိုက်လက္ခဏာ ဖြစ်သည်" ဟု ဝမ်လင်းက အမြဲတွေးခဲ့သည်။

ထျန်ကျင်းဇီက အစောပိုင်းတွင် နှုတ်ဆက်ရန် ရည်ရွယ်ခဲ့သော်လည်း ကော်ဟောက်၏ သဘောထားကြောင့် ရုတ်တရက် စိတ်ဆိုးသွားခဲ့သည်။

ထို့ကြောင့် ကော်ဟောက်၏ လက်ကို ဆုပ်ကိုင်ရင်း အသက်ကို ခပ်ပြင်းပြင်းရှူလိုက်ပြီး ပြောလိုက်သည်။

"ငါတို့ကျောင်းရဲ့ စိတ်ဝိညာဉ်ချီ စုစည်းမှု အစီအရင်တွေကို ပြင်ပြီးပြီ...မင်းတို့ ထပ်ပြီး လာလည်ဖို့ ကြိုဆိုပါတယ်"

ကော်ဟောက် "ငါတို့ပဲ အနိုင်ရမှာ"

ထျန်ကျင်းဇီ "ငါတို့ရဲ့ စိတ်ဝိညာဉ်ချီ စုစည်းမှု အစီအရင်တွေကို အဆင့်မြှင့်တင်ထားပြီးပြီ.. အခုဆို အရင်ကထက် ငါးဆပိုမို အားကောင်းသွားခဲ့ပြီ"

ကော်ဟောက် "ငါတို့ပဲအနိုင်ရမှာ"

ထျန်ကျင်းဇီ "ငါတို့ကျောင်းက ကျောင်းအိပ်ဆောင်ကို တိုးချဲ့ဖို့ စီစဉ်နေပြီ.. ဓာတ်လှေခါးတွေလည်း တပ်ဆင်ဦးမှာ"

ကော်ဟောက် "ငါတို့ပဲ အနိုင်ရမှာ"

ထျန်ကျင်းဇီ "ဒီနေ့ ပြိုင်ဆိုင်မှုရဲ့ ရလဒ်တွေကို အသုံးမပြုဘဲ ရပ်တန့်နိုင်မလား.. အဲဒါက ငါတို့ ကျောင်းနှစ်ကျောင်းကြားက ဆက်ဆံရေး အတွက် မကောင်းဘူးလေ"

ကော်ဟောက် "မင်းတို့တွေ ဘယ်မှာ သွားအိပ်ပျော်နေတာလဲ မင်းတို့ရဲ့ ဒါရိုက်တာရှဲ့က ငါတို့ရဲ့ သမိုင်းဆရာကို ချစ်မိသွားခဲ့ပြီ.. ပြောရရင် ငါတို့ကျောင်းနှစ်ကျောင်းက ရွှေလမ်းငွေလမ်း ဖောက်ထားပြီးပြီ"

ထျန်ကျင်းဇီ"............"

ကော်ဟောက် "မင်းရဲ့ ဆိုးသွမ်းတဲ့ စီနီယာက ငါတို့ အမှတ်၆၀ အထက်တန်းကျောင်းရဲ့ ပယောဂကြောင့် လိမ်မာသွားတယ်ဆိုတာ သံသယဖြစ်စရာ မရှိဘူး"

ထျန်ကျင်းဇီ "ဘာလို့ ခေါင်းစဉ် မပြောင်းသေးတာလဲ"

ကော်ဟောက် "ဒီနေ့ စင်မြင့်ပေါ်မှာ ရှိနေတဲ့ ကျောင်းပေါင်း၁၀၀ အထွေထွေဌာနရဲ့ လက်ထောက်ညွှန်ချုပ် ကျိုးရီက ငါတို့အမှတ်၆၀ အထက်တန်းကျောင်းရဲ့ ကျောင်းသားဟောင်းပဲ"

ထျန်ကျင်းဇီ "............."

"မင်း-မေ-သောက်-ဖုတ်"

All Chapters