ရွှယ်လေး ဒီမှာရှိနေလား
Vol. 5 Ch. 73
ကျောင်းက အပြန်ခရီးကို ကြိုတင် စီစဉ်ထားပြီးသား ဖြစ်သည်။
၎င်းသည် ကျောင်းသားတိုင်း၏ အိမ်အပြန်လမ်းကြောင်းကို သီးသန့်တာဝန်ယူသည့် ဘတ်စ်ကား ဝန်ဆောင်မှုတစ်ခုဖြစ်သည်။
ဝမ်လင်း၏ အိမ်က အဝေးဆုံးနေရာ ဖြစ်သောကြောင့် သူက နောက်ဆုံးမှသာ အိမ်သို့ ရောက်ရှိခဲ့သည်။
ကျောင်းက ကျောင်းသားတစ်ဦးစီ အိမ်သို့ ဘေးကင်းစွာ ရောက်ရှိနိုင်စေရန် အတွက် ဘတ်စ်ကား ဒရိုင်ဘာအား အထူးအချိန်ပို အခကြေးငွေ ပေးဆောင်ခဲ့သည်။
ခရီးက ရှည်လျားသော်လည်း ကားသမားက အခကြေးငွေ ပိုယူထားသည့် အတွက် သိပ်ပြီး မညည်းညူခဲ့ပေ။
ကားသမားက ဝမ်လင်းကို အိမ်ရှေ့တံခါးဝမှာ ချပေးလိုက်ပြီး လူသူကင်းမဲ့သော ရွာကလေးတွင် ဖွင့်ထားသည့် နိုက်ကလပ် တစ်ခုလို ခြောက်ကပ်နေသော ဝမ်မိသားစု၏ အိမ်ငယ်လေးကို ငေးကြည့်မိလိုက်ရင်း ဝမ်လင်းအတွက် စိတ်မကောင်းဖြစ်ကာ သူ့စိတ်ထဲတွင် သက်ပြင်းပင် မချနိုင်တော့ပေ။
"ဒီကောင်လေးက အမှန်တကယ် သနားဖို့ကောင်းလွန်းတယ်"
ယခုအချိန်တွင် မြို့တွင်း၌ အိမ်ယာဈေးများ မမြင့်မားသော်လည်း ဤကောင်လေး၏ မိသားစုက မြို့လယ်တွင် အိမ်တစ်လုံး ဝယ်ဖို့ပင် မတတ်နိုင်သဖြင့် လူသူ ဆိတ်ငြိမ်သော မြို့စွန်တွင် အမှန်တကယ် နေထိုင်ခဲ့ရသည်။
ယင်းက ကျောင်းတက်ဖို့ နေ့တိုင်း အားထုတ်ရသည်ဟုဆိုလိုသည် မဟုတ်လော။
ဒရိုင်ဘာက သူ့စိတ်ထဲတွင် တွက်ချက်မှုအချို့ကို လျင်မြန်စွာ ပြုလုပ်ခဲ့သည်။
အလျင်မြန်ဆုံး စိတ်ဝိညာဉ်ဘတ်စ်ကား စီးလျှင်ပင် အမှတ်၆၀ အထက်တန်းကျောင်းကို ရောက်ဖို့ နှစ်နာရီ ကြာမြင့်သောကြောင့် အသွားအပြန် တွက်ကြည့်လျှင် လေးနာရီ ကြာမြင့်မည် ဖြစ်သည်။
"ဒီကလေး နေ့တိုင်း ကျောင်းတက်မှန်ဖို့ အသေအလဲ ကြိုးစားခဲ့ရလို့ အိပ်ရေးပျက်မှာ အသေအချာပဲ"
"သူ့မှာ ဒီလို ပိုကာမျက်နှာမျိုး ရှိနေတာ အံ့သြစရာ မဟုတ်ဘူးပဲ"
(Poker face= စိတ်ခံစားမှုမရှိသော မျက်နှာအမူအရာ၊ မျက်နှာပေါ်တွင် ခံစားချက်အစစ်အမှန်ကို ဖုံးကွယ်ထားခြင်းမျိုး)
ဝမ်လင်းက အနည်းငယ် ပင်ပန်းနေခဲ့သည်။
အဓိက အကြောင်းရင်းမှာ ဘတ်စ်ကားပေါ်တွင် အချိန်အတော်ကြာ ထိုင်နေရခြင်းကြောင့် ဖြစ်သည်။
သို့မဟုတ်လျှင် သူအိမ်ပြန်ရောက်တာ ကြာပြီ ဖြစ်၏။
သူက မောပန်းနွမ်းလျနေသော နှလုံးသားဖြင့် ဘတ်စ်ကားပေါ်မှ ဆင်းရန် ပြင်ဆင်ရင်း သက်ပြင်းကို မှုတ်ထုတ်လိုက်သည်။
အိမ်ရှေ့တံခါးဝ နားမှာ ရှိနေစဥ် ဒရိုက်ဘာ ဦးလေးကြီးက သူ့ကို လှမ်းခေါ်လိုက်သည်။
"ကျောင်းသား"
ဝမ်လင်းက နားမလည်နိုင်သော အမူအရာဖြင့် လှည့်ကြည့်လိုက်သည်။
".....???....."
သက်လတ်ပိုင်းအရွယ် ဒရိုက်ဘာက ကရုဏာသက်သော အမူအရာဖြင့် သူ့အိတ်ကပ်ထဲမှ ပိုက်ဆံအိတ်ကို ထုတ်ယူလိုက်သည်။
ထို့နောက် ယွမ်တစ်ရာတန် ငွေစက္ကူများကို ဆွဲထုတ်ကာ ဝမ်လင်း၏ လက်ထဲသို့ ထည့်ပေးလိုက်သည်။
"ကျောင်းသားလေး.. ငါက သာမန် အလုပ်သမားပါပဲ.. ဒါပေမယ့် အခု အခြေအနေတွေက မင်းအတွက် တကယ် မလွယ်ကူဘူး ဆိုတာ ငါသိတယ်.. ဒီဦးလေးမှာ ပိုက်ဆံ များများစားစား မရှိဘူး ဆိုပေမဲ့ ဒါလေးကိုတော့ ငါ့စေတနာကို အသိအမှတ်ပြုတဲ့ အနေနဲ့ ယူသွားလိုက်ပါ"
".............."
ဝမ်လင်းက လမ်းဘေးမှာ ရပ်လိုက်ပြီး ဘတ်စ်ကား မောင်းထွက်သွားသည်ကို အဝေးကနေ လှမ်းကြည့်လိုက်၏။
သူက စိတ်ရှုပ်ထွေးသော အမူအရာဖြင့် ယွမ်ငါးရာကို လက်ထဲတွင် တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားလိုက်သည်။
........................
ဝမ်လင်း အိမ်ပြန်ရောက်သောအခါ စင်္ကြန်က မှောင်မဲနေပြီး အလင်းရောင်ဖျော့ဖျော့သာ ရှိနေသည်။
ဧည့်ခန်းထဲရှိ တီဗီထဲမှ တီဗီသံ ခပ်တိုးတိုး ထွက်ပေါ်နေသည်။
ထိုအသံကိုကြားလျှင် ဝမ်လင်းက မေမေဝမ် အကြိုက်ဆုံး တီဗီ စီးရီးတွဲ ဖြစ်သည့် "ဒဏ္ဍာရီထဲက ကျန်းဟွမ်း" မှန်း သိလိုက်သည်။
ထိုစီးရီးမှာ နာမည်ကြီး တီဗီ ဒရမ်မာ စီးရီး ဖြစ်သည့် "ပုလဲမင်းသမီးလေး"၏ နောက်ဆက်တွဲလည်း ဖြစ်၏။
ဤဇာတ်လမ်းတွဲက စိတ်အားတက်ကြွစေသော ဇာတ်လမ်း အမျိုးအစား ဖြစ်သည်။
ဇာတ်လမ်းထဲတွင် ကျန်းဟွမ်းဟု ခေါ်သော မိန်းမပျိုလေး တစ်ဦးက ပြင်းပြင်းထန်ထန် ကြိုးစားအားထုတ်မှု၊ အနစ်နာခံမှု၊ ရဲရင့်မှုနှင့် ဖြတ်ထိုးဉာဏ် တို့ကို အသုံးချကာ လက်စွပ် ၅ ကွင်းကို စုဆောင်းခဲ့သည်။
ဤသို့ဖြင့် သူမက အခြားပြိုင်ဖက်များကြားတွင် ထင်ရှားလာပြီး နောက်ဆုံးတွင် ကျင့်ကြံခြင်း အိုလံပစ် အားကစားပြိုင်ပွဲ၌ ထိပ်ဆုံးနေရာကို ရရှိခဲ့၏။
မေမေဝမ်က ဤစီးရီးကို ယခင်ကလည်း အကြိမ်ကြိမ် ကြည့်ခဲ့ဖူးပြီ ဖြစ်သည်။
ယခုက နေ့ပိုင်း ပြသသည့် အစီအစဥ်ကို ညဥ့်အချိန်တွင် တစ်ဖန် ပြန်လည် ပြသခြင်း ဖြစ်၏။
မေမေဝမ်တစ်ယောက် ဧည့်ခန်းထဲတွင် အိပ်စက်ခြင်း မပြုဘဲ စောင့်နေရသည့် အကြောင်းရင်းမှာ သူမ၏ အဖိုးတန်သားလေး အိမ်ပြန်ရောက်လာသည် အထိ စောင့်ချင်သောကြောင့် ဖြစ်သည်။
သို့သော် နောက်ဆုံးတွင် မေမေဝမ်က တောင့်မခံနိုင်တော့ဘဲ အိပ်ပျော်သွားခဲ့သည်။
ထိုသို့ ဖြစ်ရခြင်းမှာ မေမေဝမ်က သာမန်လူ တစ်ဦးမျှသာ ဖြစ်ခြင်းကြောင့် ဖြစ်၏။
သူမက ခန္ဓာကိုယ် သန့်စင်ခြင်း အဆင့်၏ အခြေခံအုတ်မြစ် အချို့ ရှိသော်လည်း အဆုံးသတ်တွင် ကျင့်ကြံသူနှင့် နှိုင်းယှဥ်၍ မရသည့် သတ်လတ်ပိုင်း အမျိုးသမီးသာ ဖြစ်သည် မဟုတ်လော။
မေမေဝမ်က ဆိုဖာပေါ်တွင် အိပ်မက်ကောင်း မက်နေသကဲ့သို့ နှုတ်ခမ်းထောင့်များက အပေါ်ဘက်သို့ အနည်းငယ် ကွေး၍ ပြုံးပြုံးလေး ဖြစ်နေသည်။
သူမက စောင်အသေးလေးအောက်တွင် လဲလျောင်း၍ အိပ်မောကျနေသည်။
ခြုံစောင်မှာ မေမေဝမ် စောင်လွတ်နေသည်ကို မြင်ပြီး ဖေဖေဝမ်က ခြုံလွှမ်း ပေးထားခြင်း ဖြစ်၏။
ဝမ်လင်းက နာရီကို ကြည့်လိုက်ရာ နံနက် နှစ်နာရီ ထိုးနေပြီကို တွေ့လိုက်ရသည်။
သူက လက်ကို မြှောက်၍ မှော်အစွမ်းကို ထုတ်သုံးလိုက်ရာ မေမေဝမ်က ချက်ချင်းပင် သူမ အခန်းရှိ အိပ်ရာဆီသို့ တိုက်ရိုက် ပြောင်းရွှေ့သွားခဲ့သည်။
ထို့နောက် ဝမ်လင်းက ဒုတိယထပ်သို့ တိတ်တဆိတ် တက်သွားခဲ့သည်။
သူ့နှလုံးသားက လေးရက်ကြာ ဝေးကွာနေရသည့် သူ့အိပ်ခန်းငယ်လေးကို တောင့်တခဲ့သည်။
ဝမ်မောင်နှံ၏ မာစတာအိပ်ခန်းက တတိယထပ်တွင် ရှိနေသည်။
ဒုတိယထပ်တွင် သူ့အိပ်ခန်းအပြင် ဖေဖေဝမ်၏ စာကြည့်ခန်းလည်း ရှိ၏။
စာကြည့်ခန်း၏ အလင်းရောင်က လင်းနေသောကြောင့် ဖေဖေဝမ်က စာရေးနေဆဲ ဖြစ်မှန်း ဝမ်လင်းက သိလိုက်သည်။
ဖေဖေဝမ်က နောက်ထပ် တဖန် စာရေးဖို့ အာရုံ ရနေတာ ဖြစ်နိုင်သည်။
ဝဘ် ဝတ္ထုများက ရိုးရာစာပေနှင့် ကွဲပြားသည်။
ဖေဖေဝမ်က ပညာရေးတွင် မထူးချွန်ပေ။
တစ်စုံတစ်ယောက်က ဝတ္ထုများများဖတ်ကာ အတွေ့အကြုံများစွာကို စုဆောင်းခြင်းဖြင့် တိုးတက် ကောင်းမွန်အောင် အမြဲတစေ လုပ်ဆောင်နိုင်သည် မဟုတ်လော။
ဖေဖေဝမ်က ဝဘ်ဝတ္ထု လောကတွင် ဆယ်နှစ်ကျော်ကြာအောင် ကျင်လည်ခဲ့ပြီးနောက် ဖေဖေဝမ်၏ အရေးအသားပုံစံမှာ အဆိုးကြီး မဟုတ်တော့ပေ။
သို့သော် လက်ရှိတွင် သူ့အနေဖြင့် အရင်ကလို သောင်းနှင့် ချီသည့် စကားလုံးတွေကို မရေးဖြစ်တော့ချေ။
ယခုအချိန်တွင် ဖေဖေဝမ်က သူရေးသားသော ဇာတ်လမ်းများအတွက် ပို၍ စိတ်ဝင်စားဖွယ် ကောင်းသော ဇာတ်ကွက်များ ရရှိရန် နေ့တိုင်းလိုလို ရုန်းကန်နေရသည်။
ဝမ်လင်းက စာရေးဆရာများ၏ အာရုံ ပိတ်ဆို့ခြင်းကို နားမလည်ပေ။
သို့သော် ၎င်းမှာ လိပ်ခေါင်းကဲ့သို့ နေမထိထိုင်မသာ ခံစားရမည်ဟု အကြမ်းဖျင်း ခန့်မှန်းနိုင်သည်။
စာရေးဆရာများက နည်းလမ်းအမျိုးမျိုးဖြင့် အာရုံပိတ်ဆို့ခြင်းကို ဖြေရှင်းနိုင်မည့် လှုံ့ဆော်မှုကို ရှာဖွေတတ်ကြသည်။
ဆေးလိပ်သောက်ခြင်းနှင့် အရက်သောက်ခြင်းသည် အသုံးအများဆုံး နည်းလမ်းများ ဖြစ်သည်။
သို့သော် ဖေဖေဝမ်၏ လှုံ့ဆော်မှုမှာ အများနှင့် မတူဘဲ ထူးခြားသည်။
သူက အာရုံမလာသည့် အခါမျိုးတွင် တိုက်ရိုက် ထုတ်လွှင့်သည့် ဆိုရှယ် ပလက်ဖောင်း အချို့တွင် ပါဝင်ပြီး သူ၏ စာရေးခြင်း အတွက် လှုံ့ဆော်မှုရရှိစေရန် မျှော်လင့်ချက်ဖြင့် အမျိုးသမီး အသံလွှင့် တင်ဆက်သူများ နှင့် ချိတ်ဆက်ဖို့အတွက် စိတ်အားထက်သန်စွာ ကြိုးစားခဲ့သည်။
ဖေဖေဝမ်၏ နာမည် အပြည့်အစုံမှာ ဝမ်ကျောင်း ဖြစ်သည်။
သူက အမျိုးသမီး အသံလွှင့် အစီအစဉ် တင်ဆက်သူများနှင့် ပိုမိုရင်းနှီးလာစေရန် သူစာရေး၍ ရလာသော ဝင်ငွေ တစ်စိတ်တစ်ပိုင်းကို လက်ဆောင်များ ဝယ်ပေးခဲ့သည်။
ထို့အပြင် ဝမ်ကျောင်းက သူ့အတွက် အလွန်ပျော်စရာကောင်းသော ID တစ်ခုကိုလည်း ဖန်တီးခဲ့သည်။
သေချာသည့်အချက်မှာ မေမေဝမ်က ထိုကိစ္စများကို သတိမထားမိသော အချက် ဖြစ်သည်။
သူမသာ သိခဲ့လျှင် ဖေဖေဝမ်က နောက်တစ်နေ့ အရုဏ်တက်ချိန် နေထွက်သည်ကိုပင် မြင်ရတော့မည် မဟုတ်ပေ။
ထိုကိစ္စနှင့် ပတ်သက်ပြီး ဝမ်လင်း ရေငုံနှုတ်ပိတ် နေစေရန် အတွက် ဖေဖေဝမ်က ဗျူဟာမြောက်သော လှုပ်ရှားမှုတစ်ခုကို ပြုလုပ်သည့် အနေဖြင့် မုန့်ဖိုးကို တိုးပေးခဲ့သည်။
ကိစ္စများစွာ ကြုံလာရသည့် ဝမ်လင်းက အိပ်ယာပေါ်တွင် တည်ငြိမ်စွာ လှဲလျောင်းရင်း အေးချမ်းသော အခိုက်အတန့်ကို ရရှိခဲ့သည်။
ယင်းက သူအပြင်မှာ လေးရက်တာ အလုပ်ရှုပ်နေတာကြောင့်လည်း ဖြစ်ကောင်း ဖြစ်နိုင်သည်။
ရုတ်တရက် သူက ဖေဖေဝမ် ဘာတွေပြောနေလည်း ဆိုတာ သိချင်လာခဲ့သည်။
ဝမ်လင်းက ယခင်က ထိုကဲ့သို့ မစပ်စုဖူးပေ။
ဤအကျင့်က ကော်ဟောက်ဆီမှ ကူးစက်ခံရသည်မှာ သေချာသည်။
သူက မတ်မတ်ထိုင်လိုက်ပြီး စာကြည့်ခန်း ဦးတည်ရာ ဆီသို့ ကြည့်လိုက်၏။
သူ့မျက်လုံးများက ကာလိုင်ဒိုစကုပ် တစ်ခုလို တောက်ပနေသည်။
(Kaleidoscope= ရုပ်စုံမှန်ပြောင်း)
ဝမ်လင်းက သူ့ရှေ့မှ နံရံကို ဖောက်ထွင်းမြင်နေရပြီး ဖေဖေဝမ်၏ ကွန်ပျူတာ ဖန်သားပြင်ကို ကြည့်ရှုနိုင်ခဲ့သည်။
ဝမ်လင်းက ဖေဖေဝမ် ဝင်ထားသော တိုက်ရိုက် ထုတ်လွှင့်မှု၏ အမည်ကို ကြည့်လိုက်သည်။
"မင်းရဲ့လ.. ငါ့နှလုံးသား" ထိုအမည်ဘေးတွင် အမျိုးသမီး အစီအစဥ် တင်ဆက်သူ၏ အမည်ကို စာလုံးသေးဖြင့် ရေးထိုးထားသည်။
သူမ၏ IDမှာ "ရွှယ်လေး" ဖြစ်သည်။
ဤနာမည်ကို ယခင်က ကြားဖူးသဖြင့် ဝမ်လင်း အံ့သြသွားခဲ့သည်။
သူမက လက်ရှိအွန်လိုင်းတွင် အကျော်ကြားဆုံး အမျိုးသမီး live streamer တွေထဲက တစ်ဦး ဖြစ်သည်။
သူမ၏ နုပျိုလှပသည့် မျက်နှာ၊ ချိုမြိန်သော အသံနဲ့ ညဥ့်အထီးကျန်သူများ၏ အချစ်နဲ့ ပတ်သက်သည့် မေးခွန်းအားလုံးကို လိမ္မာပါးနပ်စွာ တုံ့ပြန်မှုတွေကြောင့် ပရိသတ်များက ချစ်ခင် အားပေးခဲ့ကြခြင်း ဖြစ်၏။
သူမ ပရိသတ်များ၏ အဆင့်သတ်မှတ်ချက် စာရင်းကို ကြည့်လိုက်ရာ ဖေဖေဝမ်က ထိပ်တန်း ဆယ်ယောက်တွင် ရှိနေကြောင်း ဝမ်လင်း မြင်လိုက်ရသည်။
ထို့ပြင် ဖေဖေဝမ်က အုပ်ထိန်းသူ စေတမန် တစ်ဦးလည်း ဖြစ်သည်။
"ပရိသတ်အမှတ်နှစ်သိန်း"
ဝမ်လင်းက ရေရွတ်လိုက်မိသည်။
ယင်းက ဤ အမျိုးသမီး အစီအစဥ် တင်ဆက်မှု အတွက် ဤလထဲတွင် ယွမ်နှစ်သောင်း သုံးစွဲခဲ့သည့် အဓိပ္ပါယ်လည်း ဖြစ်၏။
အကယ်၍ ဝမ်လင်းသာ ဤအဆင့်သတ်မှတ်ချက် စာရင်း၏ စခရင်ပုံ တစ်ပုံကို မေမေဝမ်ထံ ပေးပို့ခဲ့မည် ဆိုလျှင် ဖေဖေဝမ်အဖို့ မေမေဝမ်၏ အရိုက်ခံရ၍ အရိုးပြာများပင် ကျန်တော့မည် မဟုတ်ဟု သူယုံကြည်ခဲ့သည်။
သို့သော် ဝမ်လင်းက မိသားစု ညီညွတ်မှု ဖြစ်ရေး အတွက် ထိုသို့ မလုပ်ဘဲ နေခဲ့သည်။
ဤတိုက်ရိုက် ထုတ်လွှင့်မှုတွင် ဖေဖေဝမ်က အလွန်ကျော်ကြားကြောင်း ထင်ရှားနေသည်။
သူအွန်လိုင်းပေါ် ရောက်သွားသည်နှင့် တပြိုင်နက် ချက်တင်ခန်း၏ စနစ်က သူ၏ ID ကို ဖန်သားပြင်ပေါ်တွင် စာလုံးကြီးများဖြင့် အလိုအလျောက် ပြသခဲ့သည်။
[အသံလွှင့်တင်ဆက်သူ ရွှယ်လေး၏ အုပ်ထိန်းသူ စေတမန် ဝမ်ကျောင်းက ယခု အွန်လိုင်းပေါ်တွင် ရှိနေပြီ ဖြစ်သည်]
လက်ရှိတွင် တိုက်ရိုက်ထုတ်လွှင့်မှု ချက်တင်ခန်းက ဗလာဖြစ်နေသည်။
အမျိုးသမီး အသံလွှင့် အစီအစဉ် တင်ဆက်သူ ရွှယ်လေးက သန့်စင်ခန်းကို ရောက်သွားပုံရသည်။
တိုက်ရိုက် ထုတ်လွှင့်မှုများတွင် အမျိုးသမီး အသံလွှင့်အစီအစဉ်ရှင်နှင့် တိုက်ရိုက် စကား ပြောဆိုခွင့်ရသည်က အုပ်ထိန်းသူ စေတမန်၏ အထူးအခွင့်အရေး ဖြစ်သည်။
သူမ၏ ချက်တင်ခန်း အလွတ်ကို ငေးကြည့်ရင်း ဖေဖေဝမ်၏ မျက်ခုံးများ တွန့်ကွေးသွားသည်။
သူက ချက်ခြင်းပဲ နားကြပ်တပ်ကာ လည်ချောင်းကို ရှင်းလိုက်သည်။
ယင်းနောက်တွင် ဝမ်လင်း တစ်ခါမှ မကြားဖူးသော နားကလော်စရာ ကောင်းသည့် အသံတစ်ခုက လေထဲ ပြည့်နှက်သွားသည်။
"ရွှယ်လေး ဒီမှာရှိနေလား.. ရွှယ်လေး ဒီမှာရှိနေလား.. အဆင်သင့်ပဲလား အဆင်သင့်ပဲလား.. ငါက ကျောင်းမိန်ပါ"
ဝမ်လင်း"............."