← Chapters

ဖေဖေဝမ်၏ နေ့စဥ်ဘဝ၊ စေ့ဆော်မှုကို ရှာဖွေခြင်း

Vol. 5 Ch. 74

ဖေဖေဝမ်၏ နေ့စဥ်ဘဝ၊ စေ့ဆော်မှုကို ရှာဖွေခြင်း

Vol. 5 Ch. 74

ဖေဖေဝမ်က စီးကရက်တစ်လိပ်ကို သောက်ပြီးနောက် တုန်လှုပ် ချောက်ချားစရာ နတ်ဆိုးအော်သံဖြင့် အော်ဟစ်လိုက်သည်။

အမျိုးသမီး အသံလွှင့် အစီအစဉ် တင်ဆက်သူ ရွှယ်လေးက အကြောင်းကြားစာကို လက်ခံရရှိပြီး ချက်တင်ခန်း ထဲသို့ အလျင်အမြန် ပြန်ဝင်လာခဲ့သည်။

သူမက ကွန်ပြူတာ ဖန်သားပြင် ရှေ့တွင် သိမ်မွေ့စွာ မထိုင်ခင် အဝတ်အစားကို သပ်သပ်ရပ်ရပ် ဖြစ်အောင် လုပ်ဆောင်လိုက်သည်။

သူမက အံ့သြသော အမူအရာဖြင့် ကင်မရာကို ကြည့်ကာ လက်ဝှေ့ရမ်း နှုတ်ဆက်လိုက်သည်။

"မင်္ဂလာပါ.. ကျောင်းမိန်လည်း ရှိနေတာကိုး.. ကြိုဆိုပါတယ် ကြိုဆိုပါတယ်"

ဝမ်လင်း၏ အမြင်အရ ရွှယ်လေး၏ ရုပ်ရည်မှာ လက်ဖျားခါလောက်အောင် မလှပသော်လည်း တစ်ဖက်သားကို စွဲလန်းစေသော အသွင်အပြင်မျိုး ရှိသည်။

သူမတွင် အွန်လိုင်း ဆယ်လီ တစ်ဦး၏ စံလက္ခဏာများ ဖြစ်သော ဖြောင့်စင်းသော မျက်ခုံးမွှေးနှင့် ဘဲဥပုံမျက်နှာ ရှိသည်။

သို့သော် ရုပ်ရည်တစ်ခုတည်းကို နှိုင်းယှဉ်ကြည့်လျှင် မိတ်ကပ်မလိမ်းဘဲ လှချင်တိုင်းလှနေသည့် စွန်းရုံက သူမထက် ပို၍ ဆွဲဆောင်မှုရှိနေဆဲ ဖြစ်ကြောင်း ဝမ်လင်း ခံစားမိသည်။

သို့သော် အွန်လိုင်းပေါ်ရှိ ငြီးငွေ့စရာကောင်းသော ရုပ်ရည်ကို ပိုင်ဆိုင်သည့် တခြား အမျိုးသမီး ရုပ်သံ တင်ဆက်သူများနှင့် နှိုင်းယှဉ်လျှင် ရွှယ်လေးက ချစ်စရာကောင်းသော မိန်းကလေး ဖြစ်ကြောင်း ဝန်ခံရပေမည်။

ထို့အပြင် သူမက ဇာဖြင့်လုပ်ထားသည့် အိမ်အကူ ဝတ်စုံကို ဝတ်ဆင်ထားပြီး သူမ၏ သွယ်လျသော ခြေသလုံးတွင် အနက်ရောင် ပိုးသား ခြေအိတ်ရှည်ကို ၀တ်ဆင်ထားသည်။

ယင်းက ပရိသတ်တွေ ရွှယ်လေးကို ချစ်နေရသည့် အကြောင်းရင်းလည်း ဖြစ်နိုင်သည်။

ဝမ်လင်းက မေးစေ့ကို လက်ဖြင့် ပွတ်သပ်၍ တွေးနေသည်။

တစ်ဖက်တွင် ဖေဖေဝမ်က ဆေးလိပ်ကို မီးသတ်လိုက်ပြီး ရွှယ်လေးကို ပျင်းရိလေးတွဲ့စွာ ကြည့်လိုက်သည်။

ဤအမူအရာက ဘာကိုဆိုလိုသည်ကို သူမ ရှင်းရှင်းလင်းလင်း နားလည်သည်။

"ကျမတို့ ကျောင်းမိန်က နောက်တစ်ကြိမ် လှုံ့ဆော်မှု လိုအပ်နေပုံပဲ"

"စာအုပ်ဟောင်းက ပြီးတော့မယ်.. ဒါပေမယ့် စာအုပ်အသစ်အတွက် ငါ့မှာ စိတ်ကူးသစ်တွေ မရှိသေးဘူး.. တစ်ခွန်းတည်းပြောရရင် ငါ သောကရောက်နေတယ်"

ဖေဖေဝမ်က မျက်ခုံးမွှေး အရိုးကြားမှ အရေပြားကို ပွတ်သပ်လိုက်သည်။

"စာအုပ်ဟောင်း နဲ့ စာအုပ်အသစ် ထုတ်ဝေမှု စပ်ကြားမှာ ချောမွေ့တဲ့ အသွင်ကူးပြောင်းမှု တစ်ခု ရှိမှရမယ်.. မဟုတ်ရင် ငါတို့ တစ်မိသားစုလုံး ဗိုက်ကို တင်းတင်းကြပ်ကြပ် စီးထားရလိမ့်မယ်.. ဒီအတိုင်းဆိုရင် ငါတို့ မိသားစုအတွက် ပန်းကန်ခွက်ယောက်တောင် မတတ်နိုင်တော့တဲ့ ဖြစ်နိုင်ခြေတစ်ခု ရှိနေပြီ.. မိသားစုအတွက် လစဉ် ပန်းကန်ခွက်ယောက်တွေ သုံးရတဲ့ ပမာဏက နည်းနည်းလေးမှ မဟုတ်တာလေ"

ဖေဖေဝမ်က ၎င်း၏ ဆင်းရဲနွမ်းပါးမှုကို ညည်းတွားနေစဉ် တိုက်ရိုက် ထုတ်လွှင့်မှု၌ ရွှယ်လေး၏ အခြား ပရိသတ်များက ရုန်းရင်းဆန်ခတ် ဖြစ်နေကြသည်။

"ကျောင်းမိန်.. မင်းက ဂုရုကြီးပဲလေ.. မင်းတောင် ဆင်းရဲတယ် ဆိုရင် နေ့တိုင်း အလုပ်သွားလုပ်ရတဲ့ အောက်ခြေ အလုပ်သမားတွေက အသက်ရှင်နေစရာတောင် မလိုတော့ဘူး"

"စကားမစပ်... ငါက ဒီမှာ အသစ်ပဲ.. ဂုရုကြီး ကျောင်းမိန်ရဲ့ ကလောင်နာမည်ကို ပြောပြပေးနိုင်တဲ့သူ ရှိလား.. သူက ဘာစာအုပ်တွေ ရေးထားတာလဲ"

"ဘာငရဲလဲဟ.. ကျောင်းမိန်ကိုတောင် မသိဘူးလား.. ကျောင်းမိန်ရဲ့ ကလောင်နာမည်က ဝမ်စစ်ထူ ပါ"

"သောက်ချီး.. တကယ်ပဲ သူက ဂုရုကြီး ဝမ်စစ်ထူလား"

…..................

ဤသို့ဖြင့် တိုက်ရိုက် ထုတ်လွှင့်မှုတွင် ပရမ်းပတာ ဖြစ်ပွားခဲ့သည်။

အဘယ်ကြောင့်ဆိုသော် ကလောင်နာမည် ဝမ်စစ်ထူက အလွန် နာမည်ကြီးနေ၍ ဖြစ်သည်။

တစ်ချိန်က ဝဘ်ဝတ္ထု လောကတွင် လူသစ်တစ်ဦး ဖြစ်ခဲ့ဖူးသော ဖေဖေဝမ်မှာ နှစ်လမပြည့်မီမှာပင် စကားလုံးပေါင်း သုံးသိန်း ရေးသားခဲ့ပြီး ၎င်း၏ ပွဲဦးထွက်ဝတ္ထု ဖြစ်သော "နို့ထိန်းမိခင်ဆီသွားကြစို့" ဟူသောဝတ္ထုမှာ ပရိသတ်များ၏ ရင်ထဲသို့ လုံးလုံးလျားလျား ဝင်ရောက်သွားခဲ့သည်။

သူ၏ ဝတ္ထုအတွက် အခန်းစာရင်းသွင်းမှုများတွင် ဖတ်ရှုသူပေါင်း နှစ်သိန်းကျော် အထိ တိုးမြင့်လာခဲ့ပြီး စံချိန်မှတ်တမ်း အသစ်တစ်ခုကိုပင် ဖန်တီးနိုင်ခဲ့သည်။

ယင်းက ဝဘ်ဝတ္ထုရှည်များကို အချိန်အတော်ကြာအောင် ရေးသားခဲ့သော ထိပ်တန်း စာရေးသူများကိုပင် အနှောင့်အယှက် ဖြစ်စေသည်။

ထိုအချိန်က ဝမ်စစ်ထူမှာ ဝဘ်လောကကို ဖောက်ခွဲ၍ ဝင်ရောက်လာသည်ဟုပင် ဆိုနိုင်သည်။

သူက လက်ငါးချောင်း တောင်အောက်မှ ဖောက်ထွက်လာပြီး ဝါရင့် စာရေးဆရာများစွာကို မြင်းနက်(ဖျက်မြင်း)ကဲ့သို့ အမီလိုက်နိုင်ခဲ့သည်။

(dark horse= မျှော်လင့်မထားဘဲ အနိုင်ရသည်ဟု အများအားဖြင့် ဆိုလို)

ယခင်က ကျင့်ကြံခြင်း နက်ဝေါ့ခ်တွင် အနှစ်နှစ်ဆယ် နီးပါး စာအုပ်များကို ရေးသားခဲ့သော "ကျူးကော" အမည်ရှိ ထိပ်တန်း စာရေးဆရာတစ်ဦးမှာ ဝမ်စစ်ထူ၏ ပွဲဦးထွက် အောင်မြင်မှု အတွက် အလွန် စိတ်ဆိုးသွားရသည်အထိပင်။

ဖေဖေဝမ်က အိမ်တွင် သူ၏ အရေးအသား အကြောင်း တော်ရုံပြောဆိုလေ့ မရှိသော်လည်း ဝမ်လင်းက ဖေဖေဝမ်၏ ကြီးကျယ်ခမ်းနားသော အွန်လိုင်း ဒဏ္ဍာရီများကို ကြားဖူးခဲ့သည်။

နှစ်တွေ ကြာလာသည်နှင့် အမျှ ဖေဖေဝမ်က နာမည်ရလာခဲ့ပြီး လက်ရှိအချိန်တွင် အလွန် နာမည်ကြီးလာခဲ့သည်။

မည်သို့ပင်ဆိုစေ ဝမ်စစ်ထူ ဟူသော အမည်မှာ ကျင့်ကြံခြင်းနက်ဝေါ့ခ်ရှိ အယ်ဒီတာများ အတွက်ပင် လျှို့ဝှက်ဆန်းကြယ်မှု အဖြစ် တည်ရှိနေဆဲ ဖြစ်၏။

ဖေဖေဝမ်က နှစ်စဥ် ဝတ္ထုတို ဆုပေးပွဲ၌ ထိပ်တန်း စာရေးဆရာ အဖြစ် အကြိမ်များစွာ ရွေးချယ်ခံခဲ့ရသည်။

ဝဘ်ဆိုဒ်က သူ့ကို ပွဲတက်ရောက်ရန် နှစ်စဥ် ဖိတ်ကြားစာ တစ်စောင် ပေးပို့ခဲ့သော်လည်း တစ်ကြိမ်မျှ မတက်ရောက်ခဲ့ဖူးပေ။

သူက အွန်လိုင်းနှင့် အော့ဖ်လိုင်း လှုပ်ရှားမှုများ ဆိုင်ရာ သတိပေးချက် အားလုံးကို ပယ်ချခဲ့ပြီး စာပေဖန်တီးမှုတွင်သာ သူ့ကိုယ်သူ စိတ်နှစ်ထားခဲ့သည်။

ကျောင်းမိန်၏ အထောက်အထား အမှန်ကို ထုတ်ဖော်ပြီးနောက် ရွှယ်လေး၏ တိုက်ရိုက် ထုတ်လွှင့်မှုတွင် (.) အမှတ်အသား မက်ဆေ့ချ်များ ဆက်တိုက် ဖြစ်ပွားခဲ့သည်။

ပရိသတ် အရေအတွက်ကလည်း ကနဦး သုံးသိန်းကနေ ငါးသိန်း အထိတောင် တိုးလာသည်။

ယင်းကို ကြည့်လိုက်လျှင် ဖေဖေဝမ် အနေဖြင့် အွန်လိုင်းပေါ်တွင် မည်မျှအထိ နာမည်ကြီးမှန်း မြင်သာနိုင်သည်။

"ဂုရုကြီး ကျောင်းမိန်က ဂုရုကြီး ဝမ်စစ်ထူလို့ ဘယ်သူထင်မိမှာလဲ.. ဘယ်လိုပဲပြောပြော သူရေးတဲ့ "နို့ထိန်းမိခင်ဆီ သွားကြစို့" ဆိုတဲ့ စာအုပ်က မပြီးသေးဘူး မဟုတ်လား"

"မပြီးသေးဘူးလေ.. ဒါပေမယ့် မကြာခင် ပြီးတော့မှာပါ.. ဘာလို့လည်းဆိုတော့ ငါတို့ ဂုရုကြီး ဝမ်စစ်ထူက စာအုပ်အသစ်အတွက် စိုးရိမ်နေတာကြောင့်လေ"

"နောက်ဆုံးတော့ ပြီးသွားတော့မှာပေါ့"

တစ်ယောက်ယောက်က ငိုနေသည့် အီမိုဂျီကို ပို့လိုက်သည်။

"ဂုရုကြီး ဝမ်စစ်ထူ ရေးတဲ့ စာအုပ်ကို စဖတ်စဥ်က အချိန်ကို မှတ်မိသေးတယ်.. အဲဒီတုန်းကဆို ငါက ချီသန့်စင်ခြင်း မူလတန်းကျောင်းမှာ တက်နေတုန်းပဲ ရှိသေးတာလေ.. အခုတော့ မကြာခင် တက္ကသိုလ်က ဘွဲ့ရတော့မယ်"

(.) မက်ဆေ့ချ်များကို မြင်လျှင် ဖေဖေဝမ်က ချွေးထွက်သည့် အီမိုဂျီကို ပေးပို့လိုက်သည်။

".........."

"ဒီစာအုပ်က 13နှစ်တောင် ကြာခဲ့ပြီ.. ဒီစာအုပ်က ဝတ္ထုတွေထဲမှာ စကားလုံး အရေအတွက် အများဆုံး နံပါတ်တစ် ဖြစ်မယ်လို့ ထင်တယ်"

"မဟုတ်သေးဘူး.. ပြန်လည် မွေးဖွားလာသော နတ်ဆိုးဘဝလို့ ခေါ်တဲ့ စာအုပ်တစ်အုပ် ရှိသေးတယ်..ငါကြားဖူးသလောက် လူတစ်ယောက်က ဒီစာအုပ်ကို ဖတ်ရင်း ကျင့်ကြံသူ ဆရာသခင် တစ်ယောက် ဖြစ်လာတယ်.. သူက အနှစ်တစ်ရာကျော် ဇာတ်မြုပ်နေခဲ့တယ်.. ဇာတ်မြုပ်ရာက ထွက်လာပြီးနောက်မှာ ဒီစာအုပ်က ဆက်လက် ထွက်နေသေးတာကို တွေ့ရှိခဲ့တယ်.. အဲဒါက သူ့ကို အလွန်ထိတ်လန့်စေခဲ့ပြီး သူ့ရဲ့ကျင့်ကြံမှုနယ်ပယ်ကို မြှင့်တင်ဖို့ တက်ကြွလာစေခဲ့တယ်.. နောက်ဆက်တွဲ အနေနဲ့ သူက သေဆုံးလုနီးပါး ဖြစ်ခဲ့ရတယ်"

"ဂုရုကြီး ဝမ်စစ်ထူ.. ကျေးဇူးပြုပြီး ဇာတ်မသိမ်းပါနဲ့ဦး.. နံပါတ်တစ်နေရာ အတွက် အဲဒီ စာအုပ်ရဲ့ စကားလုံး အရေအတွက်ကို အနိုင်ယူဖို့ ကြိုးစားပါဦး"

ယင်း မက်ဆေ့ချ်ကို မြင်လိုက်ရလျှင် ဖေဖေဝမ်က မရယ်နိုင် ဖြစ်သွားရသည်။

သူ၏ စာအုပ်ကို ဆက်ရေးနေလျှင်ပင် "ပြန်လည် မွေးဖွားလာသော နတ်ဆိုးဘဝ" စာအုပ်ထဲက စကားလုံး အရေအတွက်ကို ကျော်လွန်နိုင်မည် မဟုတ်ပေ။

အဆုံးသတ်တွင် ထိုစာအုပ်က ဝဘ်ဆိုက် စတင် တည်ထောင်စဉ်ကတည်းက စတင်ခဲ့သော စာအုပ် ဖြစ်၏။

သူရေးသားသော "နို့ထိန်းမိခင်ဆီ သွားကြစို့" ဝတ္ထုမှာ သွေးကြောများ ပျက်စီးနေသော မင်းသား၏ ခန္ဓာကိုယ်ထဲတွင် ပြန်ဝင်စားသော ဝတ္ထု ဖြစ်သည်။

ဝတ္ထုထဲတွင် မင်းသားက နို့ထိန်းမိခင်၏ စောင့်ရှောက်မှုဖြင့် ကြီးပြင်းခဲ့ရသည်။

နောက်ပိုင်းတွင် နို့ထိန်းမိခင်က သံမဏိ အပ်စိုက်ပညာဖြင့်မင်းသား၏ ပိတ်ဆို့နေသော သွေးကြောများကို ပြန်ဖွင့်ပေးခဲ့သည်။

သူက နတ်ဘုရားဆီမှ ရရှိသည့် လက်ဝါး နည်းစနစ်ကို အသုံးပြုပြီး နိုင်ငံအတွင်းရှိ ထိပ်တန်းလူသတ်သမား နတ်ဆိုးဟော့ယွင်ကို အနိုင်ယူကာ ကမ္ဘာ့အဆင့် သခင် တစ်ယောက် ဖြစ်လာခဲ့သည်။

ထိုအချိန်က ဖေဖေဝမ်မှာ အိမ်သာတက်ရင်း သတင်းစာ ဖတ်နေလျှင်ပင် ဤဇာတ်လမ်းအတွက် စေ့ဆော်မှုများကို ရခဲ့သည်။

ဤဝတ္ထုက စီးရီးတွဲ အဖြစ်သို့ ပြောင်းလဲသွားပြီးနောက် စာဖတ်သူများ ကြားတွင် မမျှော်လင့်ဘဲ ကျယ်ကျယ်ပြန့်ပြန့် ရေပန်းစားလာလိမ့်မည်ဟု မည်သူက တွေးထင်မိမည်နည်း။

သို့သော် နှစ်ပေါင်းများစွာ အခန်းဆက်ဝတ္ထု ရေးသားပြီးနောက်တွင် ဖေဖေဝမ်က ဤဝတ္ထု၌ သူပြောချင်သမျှကို ထည့်သွင်းပြီးပြီဟု ခံစားခဲ့ရသည်။

မလိုအပ်ဘဲ ချဲ့ကားရေးခဲ့လျှင် သမာဓိရှိသော စာရေးသူ မဖြစ်နိုင်တော့ပေ။

ဤဝတ္ထုက ဝတ္ထုကောင်း တစ်ပုဒ် ဖြစ်သည့်အတွက် သူဖန်တီးထားသော ဇာတ်ကောင်များကို ကျေနပ်စရာ အဆုံးသတ် ပေးရုံသာ ကျန်ရှိတော့၏။

သို့သော် ထိုအတွေးက သူ့ကို အနည်းငယ် ဝမ်းနည်းစေခဲ့သည်။

တကယ်တမ်း ဤစာအုပ်ကို သူရေးနေတာ ဆယ်နှစ်ကျော် ကြာမြင့်ခဲ့ပြီး သူ၏ ပွဲဦးထွက် စာအုပ်လည်း ဖြစ်သည်။

အသစ်တစ်ခု စတင်ရန် ရုတ်တရက် ပြီးဆုံးသွားခြင်းသည် သူ့ကို အနည်းငယ် အထီးကျန်မှု ဖြစ်စေမည်မှာ မလွဲမသွေပင် မဟုတ်ပါလား။

ထို့ကြောင့် ဖေဖေဝမ်က ရွှယ်လေးကို ရှာဖွေခဲ့ခြင်း ဖြစ်သည်။

ရွှယ်လေးလို နုပျိုလှပသည့် လုံမပျိုလေးက သူ့စိတ်ထဲမှ အထီးကျန်မှုတွေကို အနည်းအကျဥ်း သက်သာရာ ရစေမည်ဟု သူခံစားမိလိုက်၏။

မိန်းကလေးများက ထက်မြက်သော စိတ်ကူးစိတ်သန်းများ ရှိတတ်သောကြောင့် ရွှယ်လေးက သူ့ကို လှုံ့ဆော်မှုနှင့် ပတ်သက်ပြီး အကြံဉာဏ် အချို့ ပေးနိုင်လိမ့်မည်ဟု သူထင်ခဲ့သည်။

ဖေဖေဝမ် အွန်လိုင်းတက်ပြီး နာရီဝက် မပြည့်သေးပေ။

ရွှယ်လေးက တိုက်ရိုက်ထုတ်လွှင့်မှုမှ လူအရေအတွက်ကို ကြည့်ရှုလိုက်သည်။

ဖေဖေဝမ်၏ အထောက်အထားကို ထုတ်ဖော်ပြီးနောက် အရေအတွက်က ခြောက်သိန်းအထိ တိုးလာနေပြီ ဖြစ်သည်။

ဖေဖေဝမ် တစ်ယောက်တည်းက ပရိသတ်အသစ် သုံးသိန်းကို ဆွဲဆောင်နိုင်ခဲ့သည်။

သူမလို ရုပ်သံထုတ်လွှင့်သူ အတွက် ထိုကဲ့သို့ ကြည့်ရှုသူ များပြားခြင်းမှာ သူမ ရရှိနိုင်သည့် မည်သည့် လက်ဆောင်များထက် မဆို ပို၍ အဖိုးတန်၏။

ထို့ကြောင့် ရွှယ်လေးက တိုက်ရိုက်ထုတ်လွှင့်မှု အကြောင်းအရာကို "ဂုရုကြီး ဝမ်စစ်ထူကို အတွေးအမြစ်သစ်တွေ စေ့ဆော်မှုရအောင် ကူညီကြစို့" ဟု ပြောင်းလိုက်သည်။

သူမက ကွန်ပြူတာဖန်သားပြင်ပေါ်တွင် သူမထက် ဖေဖေဝမ်ကို နေရာပေးလိုက်သည်။

ဤပြောင်းလဲမှုကို ပြုလုပ်ပြီးနောက် ရွှယ်လေးက ဖေဖေဝမ်၏ မေးခွန်းနှင့် ပတ်သက်ပြီး အတွေးရေယာဥ်ကြောထဲတွင် နစ်မြောသွား၏။

ရွှယ်လေးက အချစ်နှင့် ပတ်သက်သော မေးခွန်းများကို ဖြေကြားသည့် အခါတိုင်းတွင် စိတ်တည်ငြိမ်စွာ ဖြေကြားလေ့ရှိသည်။

ပရိသတ်တွေက သူမ၏ ယခုလိုပုံစံကို တစ်ခါမှ မမြင်ဖူးပေ။

(.)မက်ဆေ့ခ်ျများက တိုက်ရိုက်ထုတ်လွှင့်မှုတွင် တစ်ဖန် ပျံ့နှံ့သွားပြန်သည်။

"ရွှယ်လေးက စိတ်ဆိုးနေတာလား.. ဒါပေမယ့် အရမ်းလှနေသေးတယ်နော်"

"ဒါက ရွှယ်လေးရဲ့ ပုံစံ အသစ်လား.. မိုက်တယ်ဟေ့"

ဤ စိတ်လှုပ်ရှားနေသည့် မက်ဆေ့ချ်များကို ကြည့်ရင်း ဖေဖေဝမ်က စိတ်ပေါက်ပေါက်ဖြင့် စီးကရက် တစ်လိပ်ကို ဆွဲထုတ်လိုက်သည်။

ယခုအချိန်တွင် ဝတ္ထုသစ်၏ အကြောင်းအရာများကို တွေးတောရန် ကူညီပေးမည့်သူ ခြောက်သိန်းရှိနေပြီ ဖြစ်သည်။

၎င်းကို မသုံးဖြစ်လျှင်ပင် အနည်းဆုံးတော့ အကြံဥာဏ်ကောင်းတွေ ရနိုင်မည် မဟုတ်လော။

"ဖပ်"

ဖေဖေဝမ်က မီးခြစ်ကို ခြစ်လိုက်သည်နှင့် ကွန်ပျူတာ ဖန်သားပြင်ပေါ်ရှိ ရွှယ်လေး၏ မျက်နှာက ရုတ်တရက် တောက်ပလာခဲ့သည်။

"ဝတ္ထု ဘယ်လိုရေးရမှန်း ကျမ မသိပါဘူး... ဒါပေမယ့် ဒီအကြောင်းအရာကို ကျောင်းမိန် စမ်းကြည့်နိုင်မယ်လို့ ထင်ပါတယ်... တိုက်ရိုက်လွှင့်ရင်ရော ဘယ်လိုလဲ"

"တိုက်ရိုက်လွှင့်ရမှာလား"

ဖေဖေဝမ်က ချက်ချင်း သူ့ခေါင်းကိုသူ ပြန်ရိုက်လိုက်သည်။

"ဟုတ်သားပဲ.. သူ တိုက်ရိုက်လွှင့်တာကို လုပ်နိုင်တယ်လေ.. ဒါကို သူကိုယ်တိုင် ဘာလို့ မတွေးခဲ့မိရတာလဲ"

All Chapters