အားလပ်ရက်သည် ထုံးစံအတိုင်း စာလေ့လာရန် ဖြစ်သည်
Vol. 5 Ch. 75
အွန်လိုင်း တိုက်ရိုက် ထုတ်လွှင့်မှုသည် မကြာသေးမီက လူကြိုက်များသည့် အကြောင်းအရာ တစ်ခု ဖြစ်လာခဲ့သည်။
အွန်လိုင်း ရုပ်သံ ထုတ်လွှင့်သူများက သူတို့၏ ရုပ်ရည်နှင့် မလုံ့တလုံ အဝတ်အစားတွေကို ဗန်းပြပြီး ပရိသတ်တွေဆီမှ ငွေရှာသဖြင့် ၎င်းတို့ကို ရှေ့တွင်ရော နောက်ကွယ်တွင်ပါ ဝေဖန်သည့် ကျွမ်းကျင်သူများပင် ရှိသည်။
ထိုဝေဖန်ရေး ကျွမ်းကျင်သူများက ပညာရပ်ဆိုင်ရာ ပို့ချချက်များ ပေးရန် ဖန်သားပြင်ရှေ့တွင် ရပ်မနေနိုင်သည့် သူတို့ကိုယ်သူတို့ မုန်းတီးနေကြစဥ် ရုပ်သံတင်ဆက်သူများက လစဉ် သိန်းပေါင်း ရာချီကို လွယ်လွယ်လေး ရနိုင်ကြသည်။
သို့သော် မည်သူမဆို တိုက်ရိုက် ထုတ်လွှင့်ခြင်းဖြင့် လွယ်လွယ်ကူကူ အသက်မွေးဝမ်းကြောင်း ပြုနိုင်သည်တော့ မဟုတ်ပေ။
ဤခေတ်မှာ အလှတရားကို ဦးစားပေးသောခေတ် ဖြစ်သည်။
ဥပမာအားဖြင့် ယနေ့ခေတ်တွင် လူတစ်ဦး၏ အသွင်အပြင်သည် မျှော်လင့်ချက်များနှင့် မကိုက်ညီသောအခါ ဘလိုင်းဒိတ် ပျက်သွားသည့် မရေမတွက်နိုင်သော ကိစ္စများ ရှိခဲ့သည်။
(blind date= အချစ်ရေး သို့မဟုတ် လိင်မှုကိစ္စ တိုးတက်လာစေရန် ရည်ရွယ်၍ ယခင်က မတွေ့ဆုံဖူးသော လူတစ်ဦးနှင့်ဆက်ဆံ ချိန်းတွေ့ခြင်း တစ်မျိုး)
တစ်စုံတစ်ယောက်သည် အွန်လိုင်း ပလက်ဖောင်းပေါ်တွင် နာမည်တစ်ခု ရလိုလျှင် အနည်းဆုံးတော့ အွန်လိုင်းတွင် ရေပန်းစားသော မျက်နှာ အမျိုးအစား သို့မဟုတ် နှစ်သက်ဖွယ်ကောင်းသော ပုံပန်းသွင်ပြင်မျိုး ရှိရန် လိုအပ်သည်။
သို့သော် သွေးနီရောင် ပုံပန်းသွင်ပြင်၊ လိပ်ပြာဆံပင်နှင့်
"အား~~~ငါး~~~လက်စွပ်" သီချင်းဆိုထားသည့် တတိယသခင်လေးထန်လို ပုံဆိုးပန်းဆိုး မျက်နှာနှင့် တစ်စုံတစ်ယောက်က အကြီးအကျယ် အောင်မြင်လိမ့်မည်ဟု မည်သူသိနိုင်မည်နည်း။
အနည်းဆုံးတော့ ဒါက ပိုပြီး ပွဲတိုးသော မြင်ကွင်းတစ်ခု ဖြစ်လာနိုင်သည်။
ရွှယ်လေးက ဖေဖေဝမ် အတွက် အလွန် စိတ်အား ထက်သန်ခဲ့သည်။
တိုက်ရိုက်ထုတ်လွှင့်မှုမှာ အလွန်စွဲလန်းပြီး ပျော်စရာကောင်းသော စကြဝဠာလုံးဆိုင်ရာ အလုပ်အကိုင် တစ်ခုဟုပင် ယူဆနိုင်သည်။
သို့သော် ယခု သူစဉ်းစားရမည့် အချက်မှာ ဇာတ်ကွက်ကို မည်ကဲ့သို့ ဖန်တီးပြီး ပိုမို စိတ်ဝင်စားဖွယ် ကောင်းအောင် ပြုလုပ်ရမည် ဆိုသော အချက် ဖြစ်သည်။
ရွှယ်လေး၏ အကြံပြုချက်ကို ကြားပြီးနောက် ဖေဖေဝမ်က တိုက်ရိုက်ထုတ်လွှင့်မှုရှိ လူတိုင်းကို ကျေးဇူးတင်ကြောင်း ပြောပြီး ချက်ချင်းပင် အကောင့်မှ ထွက်လာခဲ့သည်။
ကျောင်းမိန်၏ ပရိုဖိုင် အိုင်ကွန်က မီးခိုးရောင် ပြောင်းသွားသည်ကို မြင်လိုက်ရသောအခါ အွန်လိုင်းမှ လူအားလုံး ချက်ချင်း သိလိုက်ကြသည်။
ဝဘ်ဝတ္ထု လောက၏ ဂုဏ်သိက္ခာ ကြီးမားသော ဂုရုကြီးသည် သူ့လှုပ်ရှားမှုကို စတင်တော့မည် ဖြစ်သည်။
ဤတစ်ခေါက်တွင် သူ ဘယ်လိုမျိုး အစုအပြုံလိုက် သတ်ဖြတ်ခြင်း အမျိုးအစားဖြင့် စာဖတ်သူကို နစ်မြောအောင် ပြုလုပ်ဦးမည်နည်း။
ဖေဖေဝမ်က စွမ်းဆောင်ရည် အတော်လေး ပြည့်ဝသူ တစ်ဦးဖြစ်ပြီး သူလုပ်သမျှ အရာတိုင်းတွင် အရာထင်အောင် လုပ်ဆောင်နိုင်သူ ဖြစ်သည်။
ဖေဖေဝမ်က စိတ်အား တက်ကြွလာသောအခါတွင် အိမ်သာခွက်ပေါ်၌ ထိုင်နေရင်းဖြင့် အလုပ်သုံးခုကို တစ်ပြိုင်နက်တည်း ပြီးမြောက်နိုင်သည်။
ဥပမာအားဖြင့် စားသောက်ခြင်း၊ စာဖတ်ခြင်း တို့အပြင် သူပိုင်ဆိုင်သည့် ရာနှင့်ချီသော ID အမျိုးမျိုးကို ကူးပြောင်းခြင်းဖြင့် အွန်လိုင်းစာအုပ် ပြန်လည်သုံးသပ်ခြင်း ကဏ္ဍတွင် ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်နေသူများနှင့် ငြင်းခုံခြင်းတို့ ဖြစ်သည်။
ထိုနေ့ ညနေခင်းမှာပင် ဖေဖေဝမ်က သန်းခေါင်ယံ အထိ အလုပ်လုပ်ခဲ့ပြီး အခြေခံ ဇာတ်ကွက်အကြမ်းနှင့် အနှစ်ချုပ်တို့ကို ပြီးသွားခဲ့သည့် အပြင် စာအုပ်အသစ်၏ ပထမအခန်းကိုပင် ပြီးသွားခဲ့သည်။
စာအုပ်အသစ်၏ ခေါင်းစဉ်မှာ "အင်မော်တယ် ဘုရင်၏ တိုက်ရိုက် ထုတ်လွှင့်မှုဘဝ" ဖြစ်၏။
အတိုချုံး ရှင်းပြရလျှင် ထိုဝတ္ထုမှာ ခန္ဓာကိုယ် အတွင်းရှိ ရှေးကျသော စွမ်းအားများကို ချိုးနှိမ်နိုင်စွမ်း မရှိသည့် ကျင့်ကြံသူ တစ်ဦး၏ နေ့စဉ်ဘဝ အကြောင်း ဖြစ်သည်။
ကမ္ဘာမြေပေါ်ရှိ အင်မော်တယ်တစ်ဦး၏ နေ့စဉ် ကျင့်ကြံမှု ဘဝကို တိုက်ရိုက်ထုတ်လွှင့်သော ဇာတ်လမ်းအား အွန်လိုင်းပေါ်တွင် ရောင်းချရန် စီစဥ်ခဲ့ခြင်းပင်။
"............."
ဝမ်လင်းက ဖေဖေဝမ်၏ ကွန်ပြူတာ ဖန်သားပြင်ကို တချိန်လုံး ကြည့်နေခဲ့ပြီး စိတ်လေးသလို ခံစားခဲ့ရသည်။
ဖေဖေဝမ်၏ လက်ရှိ စာရေးခြင်းဆိုင်ရာ ကျွမ်းကျင်မှု အဆင့်အရ အဖွင့်အခန်းကို ရေးရန်မှာ အလွန် မြန်ဆန် လွယ်ကူနေသည်။
စာလုံးပေါင်း အမှားများကို အပေါ်မှ အောက်ခြေ အထိ အထပ်ထပ်အခါခါ စစ်ဆေးပြီးနောက် ဖေဖေဝမ်က ၎င်း၏ မောက်စ်ကို နှိပ်လိုက်ပြီး အယ်ဒီတာချုပ်ထံ စာဖိုင်ကို တိုက်ရိုက် ပေးပို့လိုက်သည်။
ဖေဖေဝမ်၏ အယ်ဒီတာချုပ်ကို "စုန့်ကျီခိုင်"ဟု ခေါ်သည်။
သူ၏ အယ်ဒီတာကုဒ် အမည်မှာ "လဲ့ရှို့" ဖြစ်သည်။
ဝဘ်စ်ဝတ္ထုလောက အတွင်းရှိ လူများက ဤအယ်ဒီတာကြီးအား "လဲ့မုန့်မုန့်" ဟု အမည်ပြောင် ပေးခဲ့ကြသည်။
(meng meng = မိုးဖွဲလေး)
အယ်ဒီတာချုပ်စုန့်က ဖေဖေဝမ်ကို စာမူခပေးရန် အိမ်ကို အလည် မလာခင် ဝမ်လင်းက ဤလူ၏ နာမည်ကတ်ကို စစ်ဆေးရန် သူ၏ သဘာဝလွန် မျက်လုံး စွမ်းရည်ကို အသုံးပြုခဲ့သည်။
အယ်ဒီတာချုပ်စုန့်က လွန်ခဲ့သည့် ဆယ်နှစ်ကျော် ကတည်းက ဝဘ်ဝတ္ထု လောကသို့ ဝင်ရောက်လာခဲ့ပြီး ဖေဖေဝမ်ကို အပြင် လက်တွေ့လောကတွင် တွေ့ဆုံခဲ့ဖူးသည့် တစ်ဦးတည်းသော အယ်ဒီတာ ဖြစ်သည်။
သူက ဝမ်မင်နှင့်တူသည့် အားနည်းသော သာမန် လူတစ်ယောက် ဖြစ်၏။
သူ၏ နဖူးမှ သေသပ်စွာ ဝဲကျနေသော ဆံစက မြင်သူတကာကို သန့်ပြန်သလို ခံစားရစေသည်။
ဖေဖေဝမ်က ကွန်ပျူတာကို ဖွင့်ထားရင်း လက်ဖက်ရည်သောက်ကာ တိတ်ဆိတ်စွာ စောင့်ဆိုင်းနေခဲ့သည်။
သိပ်မကြာခင်မှာပဲ အယ်ဒီတာချုပ်စုန့်က အကြောင်းပြန်ခဲ့သည်။
ဤရွှေကြယ်ပွင့် အယ်ဒီတာက ထူးချွန်သော အယ်ဒီတာ တစ်ယောက် ဖြစ်သည်။
စာမူကို စစ်ဆေးရန် ပျမ်းမျှကြာချိန်မှာ စက္ကန့်သုံးဆယ် မျှသာ ဖြစ်၍ ဝမ်လင်း အတွက် အထူးပင် ဆန်းကြယ်သော လုပ်ဆောင်မှု တစ်ခုလို ဖြစ်နေသည်။
ဝမ်လင်းက အီးမေးလ် ပြန်ကြားချက်ကို တစ်ချက် ကြည့်လိုက်ရာ အပြင်အဆင်သည် အလွန်ဆွဲဆောင်မှု ရှိနေသည်။
ဖေဖေဝမ်၏ အရေးအသားကလည်း အတော်လေး ကောင်းမွန်သည်။
သို့သော် ဖေဖေဝမ်၏ အွန်လိုင်း ဂုဏ်သိက္ခာနှင့် ပထမဆုံးစာအုပ်၏ ရင်သပ်ရှုမောဖွယ် စွမ်းဆောင်မှုကြောင့် နောက်ထပ် အခန်း အနည်းငယ် ထပ်မံ ရေးသားသင့်သည်ဟု လဲ့မုန့်မုန့်က ဆုံးဖြတ်ခဲ့သည်။
စကားလုံးပေါင်း နှစ်သောင်းကျော်ကို ပေါင်းထည့်ပြီးနောက်တွင် ရောင်းအား စမ်းသပ်ရန် အတွက် ဝဘ်ဆိုဒ်ပေါ်သို့ တင်မည် ဖြစ်သည်။
ဤဝဘ်ဆိုက် အကြောင်းကို ဝမ်လင်း ယခင်က ကြားဖူးခဲ့သည်။
ထိုဝဘ်ဆိုက်က ၎င်းတို့၏ အဆင့်အမြင့်ဆုံး အသုံးပြုသူများဖြစ်သည့် စာရင်းသွင်းထားသော စာဖတ်သူများ အတွက် ကျင့်ကြံခြင်း စာဖတ်သူ နက်ဝပ်ခ်မှ ခွဲထားသည့် VIP ဝက်ဆိုက်တစ်ခု ဖြစ်၏။
ဤ VIP ဝဘ်ဆိုက်တွင် ထိပ်တန်းအဆင့် စာရေးဆရာများ၏ လက်ရာအသစ် မူကြမ်းများကို ဖတ်ရှုနိုင်ပြီး ၎င်းတို့၏ အတွေးအမြင်များကို ပြောပြရန် သို့မဟုတ် အကြံပြုချက်ပေးရန် အတွက် မက်ဆေ့ချ်များ ချန်ထားခဲ့နိုင်သည်။
ဖေဖေဝမ်က အီးမေးလ် ပြန်ကြားချက်ကို ငေးကြည့်ရင်း ခဏတာ တိတ်ဆိတ်သွားခဲ့သော်လည်း နောက်ဆုံးတွင် ခေါင်းညိတ်၍ လက်ခံလိုက်သည်။
နှစ်ပေါင်းများစွာ ဝဘ်ဝတ္ထု လောကတွင် ကျင်လည်ပြီးနောက် ဤကလောင်အမည် ဝမ်စစ်ထူက သူ့ကို ပြီးပြည့်စုံသော နတ်ဘုရားတစ်ပါး ဖြစ်စေခဲ့သည်။
သူ၏ ဒုတိယမြောက် စာအုပ်က မည်မျှ ရောင်းအားရှိမည်ကို မသိသောကြောင့် ဖေဖေဝမ်က အလျင်အမြန် မထုတ်ဝံ့ခဲ့ပေ။
ထိုစာအုပ်သာ VIP ကဏ္ဍတွင် စမ်းသပ်မှု မအောင်မြင်ခဲ့ပါက သူ၏ နတ်ဘုရား တစ်ပါးလို တည်ရှိမှုက ပြိုလဲသွားမည်ဖြစ်သည်။
ထိုအတိုင်းသာ ဖြစ်လာလျှင် သူက ဤလုပ်ငန်းနယ်ပယ်တွင် ပြီးပြည့်စုံသော ဟာသ ဖြစ်လာမည်မှာ မလွဲဧကန်ပေ။
ဝမ်လင်းကမူ ဤကိစ္စတွင် ဖေဖေဝမ်၏ စိုးရိမ်နေမှုအတွက် ဆွံ့အနေခဲ့သည်။
".............."
ဝမ်စစ်ထူ ဟူသည့် ကလောင်အမည် တစ်ခုက ဝဘ်ဝတ္ထုများနှင့် လုံးဝ သက်ဆိုင်ခြင်း မရှိသည့် တိုက်ရိုက် ထုတ်လွှင့်မှု ပလက်ဖောင်း တစ်ခုတွင် လူပေါင်း သုံးသိန်းကို ဆွဲဆောင်နိုင်ခဲ့သည်။
အွန်လိုင်းတွင် မည်သူက ဂုရုကြီး ဝမ်စစ်ထူကို ယှဥ်ပြိုင် ကျော်လွှားနိုင်ပါအံ့နည်း။
…...................
နံနက်ခင်းတွင် မေမေဝမ်က ပေါင်မုန့်ချောင်းကြော်၊ ပဲနို့နှင့် သူမ အထူး ပြုလုပ်ထားသော အားသစ်လောင်း ခေါက်ဆွဲတို့ဖြင့် ပြုလုပ်ထားသည့် နံနက်စာကို ပြင်ဆင်ပေးခဲ့သည်။
မေမေဝမ်က သူမ၏ ရှေ့ဖုံး ခါးစည်းကြိုးကို ချွတ်လိုက်ပြီး လှေကားထစ်ကနေ လှမ်းအော်လိုက်သည်။
"ရှင်တို့ သားအဖ နှစ်ယောက် ဆင်းလာပြီး စားလို့ရပြီ"
ဝမ်လင်းက ပန်းကန်များ ပြည့်နေသော ထမင်းစား စားပွဲကို ငေးကြည့်ရင်း မျက်ရည်ကျလု မတတ် ဖြစ်နေသည်။
အမှတ်၅၉ အထက်တန်းကျောင်းတွင် နေထိုင်သော ရက်အနည်းငယ် အတွင်း အမေကျွမ့်၏ အနက်ရောင် ဟင်းလျာများ နှိပ်စက်ခံရပြီးနောက် မေမေဝမ် ကိုယ်တိုင် ချက်ပြုတ်ထားသော ဟင်းလျာများက သူ၏ ဒဏ်ရာရနေသော နှလုံးသားကို ကုသရန် ဖြစ်ကောင်းဖြစ်နိုင်သည်။
သူတို့စားနေစဉ် ဖေဖေဝမ်က သူ၏ အနက်ရောင်မျက်မှန်ကို ပင့်တင်လိုက်ပြီး ဝမ်လင်းကို အနီးကပ်ကြည့်၍ သက်ပြင်းချလိုက်သည်။
"သားလေး.. ဒီနောက်ဆုံးလေးရက်မှာ မင်း အရင်ကထက် ပြည့်ဖြိုးလာသလိုပဲ"
ဝမ်လင်းက သူ့မျက်နှာကို ထိကိုင်ကြည့်လိုက်သည်။
သူ့ပါးပြင်များက အမှန်တကယ်ပင် အသားတိုးလာပုံ ရသည်ဟု ခံစားလိုက်ရသည်။
ယင်းက အမေကျွမ့်၏ ဟင်းကို စားပြီး ဗိုက်ထဲမှာ အချဉ်ပေါက်နေတာကြောင့် ဖြစ်နိုင်သည်။
ကိုယ်အလေးချိန် လျှော့ချဖို့ ဆိုသည်မှာ သူ့အတွက် ဘယ်တုန်းကမှ မခက်ခဲသည့် အတွက် သူ့အနေဖြင့် အစားအသောက်ကို အရေးမစိုက်ခဲ့ပေ။
ဝမ်လင်းက သူ့ပါးပြင်နှစ်ဖက်ကို လက်နှစ်ဖက်ဖြင့် ပြင်းပြင်းထန်ထန် ပွတ်သပ်လိုက်ရာ သူ့မျက်နှာပေါ်ရှိ အဆီများက ပျောက်ကွယ်သွားပြီး မျက်နှာလေးက ချက်ချင်းပင် ချောမွတ်သွားသည်။
"............"
"လခွမ်း...မင်းဟာက ဒါလည်း အလုပ်ဖြစ်တာပဲလား"
ဖေဖေဝမ်နှင့် မေမေဝမ်က သူ၏ ဤစွမ်းရည်ကို ပထမဆုံးအကြိမ် မြင်တွေ့ခဲ့ရခြင်း ဖြစ်သည်။
ဖေဖေဝမ်က အားသစ်လောင်း ခေါက်ဆွဲတစ်လုတ်ကို စားလိုက်သည်။
"လွန်ခဲ့တဲ့ လေးရက်လောက်က အုပ်စုလိုက် နေထိုင်ရတာ ဘယ်လိုခံစားရလဲ"
ဝမ်လင်းက အံ့အားသင့်သွားသော်လည်း နောက်ဆုံးတွင် ခေါင်းခါယမ်းလိုက်သည်။
"မင်မင် မင်းဆီ တာအိုအဆောင် ယူလာပေးတုန်းက အဖြစ်အပျက်တွေ အများကြီး ဖြစ်ခဲ့တယ်လို့ ငါကြားတယ်"
ဝမ်လင်း ခေါင်းညိတ်လိုက်သည်။
ဖေဖေဝမ်က သက်ပြင်းချလိုက်သည်။
"တကယ်တော့ မင်းက အရမ်း စိတ်လှုပ်ရှားနေတယ်လို့ ငါထင်တယ်.. ပိုပြီး သဘာဝကျကျ နေထိုင်ပြုမူရင် ဘာမှဖြစ်လာမှာ မဟုတ်ပါဘူး.. ရွယ်တူတွေနဲ့ အချိန်ပိုပေးသင့်တယ် နားလည်လား"
ဝမ်လင်းက ဆက်လက် ခေါင်းညိတ်လိုက်သည်။
"တော်ပါတော့.. ကျမတို့ ထမင်းစားပွဲဝိုင်းကို ဘာလို့ အဲဒီကိစ္စတွေ သယ်လာတာလဲ ရှင်ရယ်"
မေမေဝမ်က ဖေဖေဝမ် စကားကို အနှောင့်အယှက် ပေးလိုက်သည်။
"ဒါပေမဲ့ လင်းလင်း .. ဒီနှစ်ရက်အတွင်း ကျောင်းစာတွေ ပြန်နွှေးဖို့ မမေ့နဲ့.. သားကို အရမ်းကြီး တွန်းအား မပေးချင်ပေမဲ့ အတန်းရဲ့ အောက်ဆုံး အဆင့်မှာတော့ မဖြစ်စေချင်ဘူး.. သားလွတ်သွားတဲ့ အတန်းတွေနဲ့ ပတ်သက်ပြီး မေးပြီးပြီ.. အထူးသဖြင့် ပြန်နွှေးရမဲ့ စာတွေကို ယူဖို့ ကျောင်းကို အမေ သွားခဲ့တယ်.. သားအတွက်တော့ ဒါတွေက မိနစ်အနည်းငယ် ကြည့်ရုံနဲ့တင် လုံလောက်ပါတယ်လေ"
"ဟုတ်ကဲ့"
သူက တိုတိုတုတ်တုတ် ပြန်ဖြေလိုက်သည်။
ဤစကားက သူအိမ်ပြန်ရောက်ပြီးနောက် ပြောသည့် ပထမဆုံး စကား ဖြစ်သည်။
သူ့အတွက် တာအို မှော်ပညာနှင့် မှော်အတတ်ပညာ ကဲ့သို့ သင်တန်းများကို ပြန်လည်နွှေးနေရန် မလိုအပ်ပေ။
သို့သော် သမိုင်းနှင့် နိုင်ငံရေးသိပ္ပံ ကဲ့သို့သော ဘာသာရပ်များအတွက်မူ သင်ခန်းစာများကို ကျက်မှတ်ရန် သူက အချိန်အနည်းငယ် ယူခဲ့ရသည်။
လင်းရှောင်ယုနှင့် စွန်းရုံတို့လို ထိပ်တန်း ကျောင်းသားများအတွက်ပင်လျှင် တစ်ပတ်စာ အသိပညာကို ကြေညက်အောင် အားလပ်ရက်တွင် တစ်နေ့တာလုံး ကျက်မှတ်ရသည်။
ဆန့်ကျင်ဘက်အနေဖြင့် ဝမ်လင်းက သူ၏ အရှိန်အဟုန်ဖြင့် စာဖတ်ခြင်းနှင့် အလွတ်ကျက်မှတ်ခြင်း စွမ်းရည်ကို အသုံးပြုနိုင်သည့် အတွက် သူမတို့ထက် ပိုအဆင်ပြေနေသည်။
ထို့ကြောင့် မေမေဝမ်က သူ၏ စာလေ့လာမှုနှင့် ပတ်သက်ပြီး ဘယ်တော့မှ စိတ်မပူခဲ့ပေ။
သို့သော် အံဩစရာကောင်းသည့် သူ၏ လေ့လာမှုကို စတင်ပြီးနောက် တစ်စုံတစ်ယောက်က သူ့ကို နှောင့်ယှက်မည်ကို ဝမ်လင်း မလိုချင်ခဲ့ချေ။
အထူးသဖြင့် သူ၏ အလွတ်ကျက်မှတ်ခြင်း စွမ်းရည်ကို အသုံးပြုနေချိန်တွင် မည်သူမှ စိတ်အနှောင့်အယှက် ပေး၍မရပေ။
ယင်းအချိန်တွင် တစ်စုံတစ်ယောက်က သူ့ကို နှောင့်ယှက်လိုက်လျှင် အမှားအယွင်းတွေကို မှတ်မိသွားစေနိုင်မည် ဖြစ်သည်။
ထိုသို့ မဖြစ်အောင် ဝမ်လင်းက သူ၏ စာရေးကိရိယာအိတ်ကို ဖွင့်လိုက်သည်။
သူအရင်က မှော်ပညာဖြင့် ဖန်တီးထားသည့် မွန်းစတား ဘော်ပင် နှင့် မှင်စာခဲဖျက် တို့က သူ့ကို မည်သူမှ အနှောင့်အယှက် မပေးနိုင်အောင် စောင့်ရှောက် ကူညီပေးနိုင်မည် မဟုတ်ပါလား။