မင်း ရှုံးနိမ့်ရတဲ့ အကြောင်းရင်းကို မင်းသိလား
Vol. 6 Ch. 77
စွန်းယု၏ မျက်လုံးများက သူမ ရှေ့မှ သန်မာသော ယောက်ျားနှစ်ယောက်ကို စိုက်ကြည့်နေသည်။
သူမက အခြေခံတည်ဆောက်ခြင်း အဆင့်သို့ မရောက်သေးသော်လည်း အနည်းဆုံးတော့ ဝိညာဉ်ရေးအာရုံ အသုံးပြုပုံကို သင်ယူခဲ့သည်။
အံ့သြစရာ ကောင်းသည်မှာ သူမက ဝမ်မိသားစု အိမ်ငယ်လေး၏ တံခါးဝတွင် လျှပ်တပြက် ပေါ်လာသည့် သန်မာသော ယောကျာ်းနှစ်ယောက်၏ အရှိန်အဝါကို လုံးဝ အာရုံ မခံစားမိခဲ့ခြင်းပင်။
ယင်းမှာ ထိုနှစ်ယောက်က သူမထက် ပိုသန်မာကြောင်း ပြသနေသည်။
ထို့အပြင် ထိုကတုံး နှစ်ယောက်ကို မျက်နှာချင်း ဆိုင်လိုက်သည်နှင့် မည်သူမဆို ပြင်းပြင်းထန်ထန် ဖိနှိပ်ခံရတော့မည် ဟူသော အသိကို ခံစားရမည် ဖြစ်သည်။
သို့သော် ထို သန်မာသော အမျိုးသားနှစ်ဦးမှာ အလွန်ဖြောင့်မတ်ပြီး ရိုးသားပုံ ပေါ်နေသည်။
စွန်းယုက ဤလူနှစ်ယောက် သူ့ကို မှတ်မိလား ဆိုသည်ကို မေးဖို့ စဥ်းစားမနေခဲ့ပေ။
အဘယ်ကြောင့်ဆိုသော် ဤနှစ်ယောက်က သာမာန် ယောက်ျားတွေ မဟုတ်ဟု သူမ ခံစားမိသောကြောင့် ဖြစ်သည်။
ထိုနှစ်ယောက်တွင် တစ်ယောက်က Iron Man လို ၀တ်ဆင်ထားပြီး နောက်တစ်ယောက်က ခေါင်းပေါ်တွင် အနီရောင် အဝတ်စ ပတ်ထားသည့် ကောက်ရိုးဦးထုပ်ကို ဝတ်ဆင်ထားသည်။
သူတို့သာ သူမ၏ ပရိသတ်တွေ ဆိုလျှင် ယခုလို ထူးဆန်းသော ခံစားချက်ကို ပေးစွမ်းလိမ့်မည် မဟုတ်ချေ။
"အစ်ကိုတို့.. ငါ တစ်ခုခု ပို့ဖို့ လာခဲ့တာပါ.. ပြီးတာနဲ့ ငါထွက်သွားလိုက်ပါ့မယ်.."
"အဲဒါက ဘာလဲ.. ဝမ်းချုပ်ဆေးတွေလား"
စစ်ဆေးရေးမှူးများ ကဲ့သို့ ခေါင်းတုံးပြောင်နှင့် သန်မာသော အမျိုးသား နှစ်ဦးက စွန်းယု လက်ထဲမှ သိုလှောင်အိတ်ကို အနီးကပ် စိုက်ကြည့်နေကြသည်။
Iron Manကဲ့သို့ ဝတ်ဆင်ထားသူက
"ငါတို့ အလောတကြီး ခွင့်ပြုလို့မရဘူး.. အရင်က လာပို့တဲ့ အရာတွေထဲမှာ ဘေးဒုက္ခဖြစ်လုနီးပါး ဒုံးလက်နက်ပေးပို့မှုတွေ၊ APTX-4869 အဆိပ်ဆေးတွေကို ငါတို့တွေ ရရှိခဲ့တယ်.. ဒါကြောင့် အမျိုးသမီးငယ်လေး.. ကျေးဇူးပြုပြီး ငါတို့နဲ့ ပူးပေါင်းပေးပါ...မင်းအထဲကို ဝင်လို့တော့ မရဘူး.. မင်း တစ်ခုခု ပေးပို့ချင်တယ် ဆိုရင်တော့ ငါတို့ကို အရင်ဆုံး စစ်ဆေးခွင့် ပေးရမယ်"
"ဒါက ဘာတွေဖြစ်နေတာလဲ... ဘယ်လို သောက်ရူးက ဒုံးကျည်တွေ ပို့မှာလဲ.. မုန်းဖို့ကောင်းတဲ့ ဒီအိမ်ကြီးက ဘာကြီးလဲ"
စွန်းယုက ကူကယ်ရာမဲ့စွာဖြင့် သိုလှောင်အိတ်ကို လက်ညှိုးထိုးပြလိုက်သည်။
"မင်းတို့တွေ ဟွာကောရေတံခွန် အဖွဲ့အစည်းကို သိလား.. ဒီသိုလှောင်အိတ်ထဲမှာ ကျမတို့ အဖွဲ့က ထုတ်တဲ့ ဆေးတွေ အများကြီး ပါရှိတယ်.. ဝမ်းချုပ်တာကို ကုသဖို့ အတွက် ငယ်ရွယ်နုပျိုမှုကို ထိန်းသိမ်းပေးနိုင်တဲ့ အစိုဓာတ်ထိန်း ဆေးတွေရယ်၊ ရွှမ်းဟွမ် ကိုယ်တွင်း အဆိပ်ထုတ် ဆေးတွေရယ်... အစာအိမ်နဲ့ ဝမ်းချုပ်တာကို ပျောက်ကင်းစေတဲ့ အင်မော်တယ် ကျန်းမာရေး ဆေး၈မျိုးရယ်..."
သူမ စကားကိုကြားလျှင် အမျိုးသား နှစ်ဦး မျက်လုံးပြူးသွားသည်။
"အိုး...မင်းက တကယ်ပဲ ဝမ်းချုပ်ဆေးတွေ လာပို့တာလား"
"သောက်ချီးပဲ"
စွန်းယု အသက်ခပ်ပြင်းပြင်းရှူလိုက်သည်။
"ငါဘယ်အချိန် အထဲဝင်လို့ရမလဲ"
“ငါတို့ သခင်လေး စာလေ့လာတာ မပြီးမချင်း..."
စွန်းယုက အံကြိတ်လိုက်၏။
"အကယ်၍ ငါအတင်း ဝင်လာမယ် ဆိုရင်ရော ဘာဖြစ်မှာလဲ"
"အဲဒါဆို မင်းကို မထိခိုက်စေဘဲ အိမ်ထဲ ဝင်တာကို တားဆီးဖို့ ငါတို့ အစွမ်းကုန် ကြိုးစားမယ်"
"မမလေး.. ငါတို့ဘာလို့ နောက်တစ်ခါမှ ပြန်မလာတာလဲ"
အထိန်းတော်အိုကြီးက စွန်းယု ပြဿနာ တက်နေသည်ကို မြင်ပြီး ချက်ချင်း ရောက်လာ၍ ဖျောင်းဖြလိုက်သည်။
အဆုံးသတ်တွင် စွန်းယုမှာ မွေးကတည်းက ဖူးဖူးမှုတ် အလိုလိုက် ခံထားရသော ဂုဏ်သရေရှိ သခင်မလေး တစ်ဦး ဖြစ်၏။
သူမက ဒေါသထွက်လာပြီး အမျိုးသားနှစ်ဦးကို ကြိမ်းမောင်း လိုက်သည်။
"ကျွန်နှစ်ကောင်ကများ.. ငါ့ကို တားဆီးဖို့ ကြိုးစားရဲတယ်.. မင်းတို့တွေ ဘယ်လိုသတ္တိတွေ ရှိနေတာလဲ.. ငါက နင်တို့ကို ကြောက်မယ်လို့များ ထင်နေလား"
သူမ၏ ပါးစပ်က အလွန်အမင်း ရှုတ်ချမှုကြောင့် အနည်းငယ်မဲ့ရွဲ့သွားသည်။
အထိန်းတော်အိုကြီးက ချွေးသီးချွေးပေါက်များ ကျလာသည်။
သူက ရွှေအမြူတေအဆင့် သခင်တစ်ဦး ဖြစ်သော်လည်း ဤလူနှစ်ယောက်၏ အရှိန်အဝါက သူ့ကို ဒူးထောက်မတတ် ဖြစ်စေခဲ့သည်။
ထို့ကြောင့် ဤလူနှစ်ယောက်နှင့် ပြဿနာ မဖြစ်ပွားရန် သူ့ကိုယ်သူ သတိပေးလိုက်သည်။
ထိုနှစ်ယောက်ကို တစ်ချက်ကြည့်ရုံမျှဖြင့် သူပြောနိုင်သည်မှာ ထိုနှစ်ယောက်က သာမန် မဟုတ် ဆိုသောအချက် ဖြစ်သည်။
ရှင်းလင်းစွာ ပြောရလျှင် ထိုနှစ်ယောက်၏ အရှိန်အဝါက အလွန် ထူးခြားသဖြင့် လူသားဟုပင် သူမထင်ခဲ့ပေ။
"မင်းတို့တွေ ငါ့ကို ဘယ်လို တားနိုင်မလည်း ဆိုတာ ကြည့်ရသေးတာပေါ့
Arale ဦးထုပ်ဆောင်းထားသည့် ချစ်စဖွယ် မိန်းကလေးက အေးစက်စက် ကြုံးဝါးလိုက်သည်။
သို့သော် ကလေးဆန်သော လေသံဖြင့် သူမ၏ ကြုံးဝါးသံမှာ ရယ်စရာ ကောင်းနေသည်။
သူမကိုကြည့်ပြီး သန်မာသော အမျိုးသားနှစ်ဦး အဖြစ်သို့ ပြောင်းလဲသွားသော ဘောပင်နှင့် ခဲဖျက်တို့က ပြုံးလိုက်ကြပြီး သူမ၏ ဘာမဟုတ်သည့် အရှိန်အဝါကို လုံးလုံးလျားလျား ဖိနှိပ်လိုက်ကြသည်။
"မင်းတို့က ငါ့ကို ဖိနှိပ်ရဲတယ်လား"
စွန်းယုက ဒေါသတကြီးဖြင့် ခါးရှိ အိတ်ငယ်လေးထဲမှ အပြာရောင်ဆေးပြားကို ချက်ခြင်းထုတ်ကာ ပါးစပ်ထဲကို ထည့်သွင်းလိုက်သည်။
ယင်းလုပ်ရပ်ကြောင့် အထိန်းတော်အိုကြီးက ထိတ်လန့်သွားသည်။
"မမလေး.. မလုပ်နဲ့"
သို့သော် သူတားမြစ်နေသည့် အချိန်မှာပင် စွန်းယုက ဆေးကို မျိုချပြီးသွားပြီ ဖြစ်သည်။
ဤဆေးပြားက နတ်သားရဲ၏ မျိုးရိုးဗီဇကို ထုတ်ယူ၍ သန့်စင်ထားသော သားရဲအသွင်ပြောင်း ဆေးပြား ဖြစ်သည်။
ဆေးပြားကို သောက်သုံးသူမှ အချိန်ကာလ တစ်ခု အထိ သားရဲအသွင်သို့ ပြောင်းသွားလိမ့်မည် ဖြစ်၏။
ထိုဆေးပြားက ခန္ဓာကိုယ်၏ ကဏ္ဍပေါင်းစုံနှင့် လုပ်ငန်းဆောင်တာတွေ အားလုံးကို သိသိသာသာ တိုးတက်ကောင်းမွန်လာစေသော်လည်း အချို့သော ဆေးများလို ဘေးထွက်ဆိုးကျိုးများ ရှိနေဆဲပင်။
ဆေးပြားက ခန္ဓာကိုယ်မှ စွမ်းအားများကို ကြိုတင် ထုတ်သုံး၍ ကိုယ်ခံအားကို မြှင့်တင်ပေးသောကြောင့် အာနိသင် သက်ရောက်မှု ပျောက်ကွယ်သွားပြီးနောက်တွင် ဆယ်ရက် သို့မဟုတ် ထိုထက်ပိုသော ရက်အတွင်း အားနည်းသော အခြေအနေသို့ ရောက်သွားလိမ့်မည် ဖြစ်သည်။
စွန်းယုက အမှန်တကယ် စိတ်ဆိုးနေမှန်း သိ၍ အထိန်းတော်အိုကြီးက သက်ပြင်းအနည်းငယ် ချလိုက်၏။
သူမ မျိုချလိုက်သော အသွင်ပြောင်းသားရဲ ဆေးပြားတွင် အတောင်ပံ ခြောက်ခု မိုးကြိုး ကျားသစ်၏ မျိုးရိုးဗီဇ ထုတ်ယူမှု ပါ၀င်၏။
၎င်းကို မျိုချလိုက်သည်နှင့် အာနိသင်က စတင် အလုပ်လုပ်တော့သည်။
စွန်းယု၏ ဖြူဝင်းပြီး ပြီးပြည့်စုံသော အသားအရေပေါ်တွင် ကျားသစ်ကွက်များ လျင်မြန်စွာ ဖြစ်ပေါ်လာပြီး သူမ၏ နားရွက်များကပင် ကျားသစ်နားရွက်များ အဖြစ်သို့ ပြောင်းလဲသွားသည်။
သူမ၏ ခွန်အားက အခြေခံ တည်ဆောက်ခြင်း အဆင့်သို့ ချက်ခြင်း မြှင့်တက်လုနီးပါး ဖြစ်သွားခဲ့သည်။
အတောင်ပံ ခြောက်ခု မိုးကြိုး ကျားသစ်၏ ကြောက်မက်ဖွယ် စွမ်းရည်မှာ မိုးခြိမ်းသံနှင့် လျှပ်စီးကြောင်းတို့ ဖြစ်သည်။
ထို့အပြင် စွန်းယု၏ ခြေသည်း တစ်ချက် ပွတ်ဆွဲမိလိုက်လျှင် ရွှေအမြူတေ အဆင့် ကျင့်ကြံသူပင် ဒုက္ခများသွားနိုင်၏။
"ဟမွ့"
သားရဲအသွင်သို့ လုံးဝ ပြောင်းလဲသွားသော စွန်းယုက သူမ၏ လက်ချောင်းများကို ဆန့်ထုတ်လိုက်သည်။
သပ်သပ်ရပ်ရပ် ညှပ်ထားသော ဘဲဥပုံ လက်သည်းများက ရုတ်တရက် ထက်ရှသော ကျားသစ် ခြေသည်းများ အဖြစ်သို့ ပြောင်းလဲသွားသည်။
သူမက ခြေတစ်လှမ်းတည်းဖြင့် ဝမ်မိသားစု အိမ်ငယ်လေး၏ အပြင်ဘက် နံရံပေါ်သို့ အလွယ်တကူ ခုန်တက်သွားခဲ့သည်။
"ဆေးပြားမှာ အတောင်ခြောက်ခု မိုးကြိုးကျားသစ်ရဲ့ မျိုးရိုးဗီဇ ပါတဲ့အတွက် ခြေလက် လေးချောင်းကို သန်မာစေပြီး သွက်လက် မြန်ဆန်မှုကို မြှင့်တင်ပေးပုံရတယ်.. မိုးကြိုး ကျားသစ်ရဲ့ မိုးခြိမ်းသံနဲ့ လျှပ်စီးကြောင်းက ဒုက္ခ ကောင်းကောင်း ပေးနိုင်တယ် "
နှစ်ယောက်သား တိုင်ပင်ပြီးနောက် သန်မာသော အမျိုးသားနှစ်ဦးက တိုက်ရိုက် ပျောက်ကွယ်သွားသည့် အဖြစ်အပျက်များ ကဲ့သို့ ချက်ချင်းပင် မှုန်ဝါး၍ ပျောက်ကွယ်သွားသည်။
"ချီးပဲ"
စွန်းယု မတုံ့ပြန်နိုင်ခင်မှာပင် သန်မာသော အမျိုးသား နှစ်ယောက်က သူမ ခေါင်းထက်တွင် ပေါ်လာသည်။
ကောက်ရိုးဦးထုပ်ကို ဝတ်ဆင်ထားသူက သူမ၏ ခြေလက်လေးချောင်းကို တင်းကျပ်စွာ ဆုပ်ကိုင်ထားသည်။
အတောင်ခြောက်ခု မိုးကြိုးကျားသစ်၏ မိုးခြိမ်းသံနှင့် လျှပ်စီးကြောင်းများက ဤလူအပေါ် လုံးဝ အကျိုးသက်ရောက်မှု မရှိသည်ကို သိလိုက်ရလျှင် စွန်းယုက အထိတ်တလန့် ဖြစ်သွားခဲ့သည်။
ထို့ကြောင့် သူမက ဒုတိယထပ်ရှိ ပြတင်းပေါက်သို့ မရောက်မီတွင် အိမ်နံရံမှ ဆွဲခေါ်သွားခြင်းကို ခံခဲ့ရသည်။
"လက်လျှော့လိုက်ပါ.."
Iron Man ကဲ့သို့ ၀တ်ဆင်ထားသော ထိပ်ပြောင် အမျိုးသားက စွန်းယုကို ကြည့်၍ ပြောလိုက်သည်။
"ငါလေ့လာကြည့်သလောက် မင်းရဲ့ ဒေါင်လိုက်ခုန်တဲ့ အမြင့်ဆုံး အလျင်နှုန်းက တစ်စက္ကန့်ကို ၁၆မီတာပဲ ရှိတဲ့အတွက် ငါက မင်းထက် ပိုမြင့်ဖို့ တစ်စက္ကန့်ကို ၁၈မီတာပဲ ခုန်ဖို့ လိုအပ်တယ်.. မင်းရဲ့ အလျင်နှုန်းက ၁၆မီတာ အမြင့်ကို ရောက်တာနဲ့ တသမတ်တည်း မရှိဘဲ 8.25မီတာနှုန်း ပြန်ကျသွားမှာ ဖြစ်တဲ့ အတွက် ငါ မင်းကိုအေးအေးဆေးဆေး ဖမ်းလိုက်လို့ရတယ်.. ဒါပေမဲ့ ငါတို့ သခင်လေးက ငြိမ်းချမ်းရေးကို လိုလားတာကြောင့် ဒီတစ်ကြိမ်မှာ ငါတို့က တားမြစ်ဖို့ကိုပဲ ကြိုးစားခဲ့တယ်.. ငါတို့ အရင်က ပြောခဲ့သလိုပဲ မင်းကို ထိခိုက်အောင် မလုပ်ပါဘူး.. အတင်းဝင်ရောက်ဖို့ ကြိုးစားနေတာကိုပဲ ရပ်လိုက်ဖို့ တောင်းဆိုနေတာပါ...မင်း ဒီက ထွက်သွားတဲ့အခါ စာများများ ဖတ်ပြီး လေ့လာဖို့ မမေ့ပါနဲ့… အသိပညာ မရှိတာက မင်းရှုံးနိမ့်ရတဲ့အကြောင်းရင်း ဖြစ်နိုင်တယ်"
"သြော် ဒါနဲ့ မိန်းကလေး.. ငါ့ဘေးက ကောက်ရိုးဦးထုပ် ဆောင်းထားတဲ့ ဒီအစ်ကို ခဲဖျက်က ရော်ဘာသား မို့လို့ မင်းရဲ့ မိုးခြိမ်းသံနဲ့ လျှပ်စီးကြောင်းတွေက အသုံးဝင်မှာ မဟုတ်ဘူး.. ကျေးဇူးပြုပြီး ထွက်သွားပေးပါလို့ တောင်းဆိုပါတယ်.. မင်းရဲ့သားရဲ အသွင်ပြောင်းပုံစံကို ခပ်မြန်မြန် ပြန်ပြောင်းသင့်တယ်...ဒီပုံစံနဲ့ ကြာကြာနေရင် မင်းရဲ့ ပြန်လည် ထူထောင်ရေး ကာလက ကြာသွားလိမ့်မယ်"
သူ့ဘေးက ခဲဖျက်က ခေါင်းညိတ်လိုက်သည်။
"မိန်းမပျိုသာ ဒီကနေ ထွက်သွားရင် အဲဒီ ဝမ်းချုပ်ဆေး လက်ဆောင်တွေ အတွက် ငါတို့ သခင်လေးကို သေချာပေါက် အသိပေးလိုက်ပါ့မယ်.. မင်းရဲ့ ကြင်နာမှုအတွက်လည်း ကျေးဇူးတင်ပါတယ်"
စွန်းယု "............."
အထိန်းတော် "............."