← Chapters

စူပါအထက်တန်းကျောင်း အဆင့် လက်ထောက် ညွှန်ကြားရေးမှူး

Vol. 6 Ch. 78

စူပါအထက်တန်းကျောင်း အဆင့် လက်ထောက် ညွှန်ကြားရေးမှူး

Vol. 6 Ch. 78

အဆုံးသတ်တွင် စွန်းယုကို အထိန်းတော်အိုကြီးက အတင်းအကျပ် ဆွဲခေါ်သွားခဲ့သည်။

ဟွာကောရေတံခွန် အဖွဲ့အစည်းမှ အထိန်းတော်များမှာ အသေးအဖွဲလူများ မဟုတ်ပေ။

အထိန်းတော်ကြီးလင်း၊ လင်းစန်းမှာ မမလေး နှစ်ယောက်လုံးကို ကြီးပျင်းလာသည် အထိ ထိန်းကျောင်းခဲ့သူ ဖြစ်သည်။

ထိုအချိန်က ဟွာကောရေတံခွန် အဖွဲ့အစည်းမှာ ကျင့်ကြံခြင်းလောကတွင် ယနေ့လိုမျိုး ကမ္ဘာကျော် အောင်မြင်မှု မရသေးချေ။

လင်းစန်းက အဖွဲ့ထဲတွင် သက်ကြီးပိုင်း တစ်ဦး ဖြစ်ပြီး ကမ္ဘာကြီး၏ ဥပဒေများကို ကောင်းစွာ နားလည်သည်။

သူက အလွန်အမင်း မသန်မာသော်လည်း ဟွာကော ရေတံခွန် အဖွဲ့အစည်း၏ အတွေ့အကြုံရင့် အထိန်းတော် တစ်ဦး ဖြစ်၏။

"အန်ကယ်လင်း.. ငါ့ကို ခွင့်ပြုပါ.. ဒီညီအကို နှစ်ယောက်နဲ့ တိုက်ပါရစေ"

ထိုစကားမှာ စွန်းယုက သူမ၏ သေစေလောက်သော အပျိုစင် ချစ်စဖွယ် လက်သီးကို မစွန့်လွှတ်မီ လင်းစန်းက သူမကို အတင်းအကျပ် ဆွဲခေါ်လာစဥ် သူမ ပြောခဲ့သော နောက်ဆုံးစကားဖြစ်သည်။

လင်းစန်းက စိတ်ထဲကနေ သက်ပြင်းချလိုက်သည်။

သူ၏ ဒုတိယ မမလေးက ငယ်ရွယ်လှပသော်လည်း အတွေ့အကြုံ နုနယ်လွန်းသည်။

အထိန်းတော်လင်းက သူ၏ နှစ်ပေါင်းများစွာ အတွေ့အကြုံများကို အခြေခံ၍ မြို့ပြင်ရှိ ဤအိမ်ငယ်လေးတွင် ကြောက်မက်ဖွယ် ကောင်းသော လူအချို့ ရှိနေသည်ဟု ခံစားမိသည်။

ထိပ်ပြောင်နှစ်ဦးက မီးခိုးရောင် ဇိမ်ခံကားထဲမှ လင်းစန်းကို တလေးတစား ကြည့်လိုက်သည်။

သူတို့က လမ်းအဆုံးတွင် မီးခိုးရောင် ဇိမ်ခံကား ပျောက်ကွယ်သွားသည် အထိ စောင့်ကြည့်နေခဲ့သည်။

"ငါတို့ အကျယ်ချဲ့မိသွားပြီလား.. သခင်က သိုသိုသိပ်သိပ် နေထိုင်တာကို နှစ်သက်တာ ငါတို့မေ့သွားတယ်.. သူ့ကိုသာ စုံစမ်းမိရင်…"

သူ၏ စကားမဆုံးခင် ရော်ဘာလူသားက ကြားဖြတ် ပြောလိုက်သည်။

"ငါတို့ သခင်ရဲ့ အကာအကွယ် မန္တန်ကို မေ့သွားပြီလား"

"ဟုတ်သားပဲ"

"အခုကိစ္စက ဘာပြဿနာမှ ဖြစ်လာမှာ မဟုတ်ဘူး.. အခုအချိန်လောက်ဆို ငါတို့သခင်က အနည်းနဲ့ အများတော့ စာလေ့လာ ပြီးလောက်ပြီ.. အခုက ငါတို့ သူ့ကို အိမ်စာတွေ ကူလုပ်ပေးရမဲ့ အချိန်ပဲ"

….................

ဝမ်လင်းက ဤတစ်ပတ် အတွက် လွဲချော်ခဲ့သော သင်ခန်းစာ အားလုံးကို လေ့လာရန် နာရီဝက်ခန့် အချိန်ယူခဲ့ရသည်။

တစ်ချိန်တည်းမှာပင် သူက လာမဲ့ နှစ်လ၏ တန်ဖိုးရှိသော သင်ကြားရေး ပစ္စည်းများကိုလည်း ကြည့်ရှုခဲ့သည်။

သူက သင်ယူမှု လုပ်ငန်းစဉ်ကို အလွန် နှစ်သက်သော်လည်း စာကျက်ရန် အချိန်အနည်းငယ် ယူရခြင်းကို မုန်းတီးသည်။

ဤအသိပညာ အချက်အလက်များကို ကျွမ်းကျင်ရန်မှာ သူ့အတွက် လုံးဝ မခက်ခဲပေ။

သို့သော် သက်ဆိုင်ရာ ဗဟုသုတ အားလုံးကို ကျွမ်းကျင်လျှင်ပင် အတန်းထဲရှိ လေထု အခြေအနေကို လေ့လာရန် နှင့် အသင့်တော်ဆုံး နေရာကို ရှာဖွေပြီး သာမန် အဆင့်များ ရရှိအောင် အကောင်းဆုံး ကြိုးစားရန် လိုအပ်သည်။

ယင်းမှာ ငယ်စဉ်ကတည်းက ဖေဖေဝမ်နှင့် မေမေဝမ် သူ့ကို ပြုစုပျိုးထောင်ပေးခဲ့သော "သာမန်" ပညာရေး မူဝါဒကို အကောင်အထည်ဖော်ခြင်းလည်း ဖြစ်၏။

ထိုအရာက လုပ်ရ အခက်ဆုံး ဖြစ်၏။

သူက ခေါင်းကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်လိုက်ပြီး သက်ပြင်းရှည်ကို ချလိုက်သည်။

စာရေးသားသော အလုပ်ကို မွန်းစတား ဘောပင်နှင့် မှင်စာ ခဲဖျက်တို့ အတွက် ချန်ထားခဲ့ခြင်းက ပိုကောင်းသည်ဟု ဆုံးဖြတ်လိုက်သည်။

ဝမ်လင်းက အိမ်စာများကို ပြန်လည် သုံးသပ်နေချိန်တွင် ဖေဖေဝမ်ကလည်း အချိန်ဖြုန်း မနေခဲ့ပေ။

လဲမုန့်မုန့် နှင့် ဖုန်းပြောပြီးသည်နှင့် သူ့ဝတ္ထုကို မြန်မြန်ဆက်ရေးခဲ့သည်။

အထူးသဖြင့် လှုံ့ဆော်မှုရသည့် အခါမျိုးတွင် သူက အလွန်လျင်မြန်ပြီး ပြတ်သားသည်။

ကီးဘုတ်ပေါ်ရှိ သူ့ လက်ချောင်းများ၏ စည်းချက်က မြန်ဆန်စွာ ပျံသန်းနေသည်မှာ အသက်ရှင်နေသော ရေဘဝဲ မွန်းစတား တစ်ကောင် အလားပင်။

စိတ်ကူးစိတ်သန်းများ ပြည့်နှက်နေပြီး သူ့နှလုံးသားထဲရှိ အကြောင်းအရာများကို လွတ်လွတ်လပ်လပ် ရေးသားနေသော အချိန်တွင် သူ့လက်ပတ်နာရီက ရုတ်တရက် ထမြည်လာသည်။

သူက အနည်းငယ် မျက်မှောင်ကြုတ်သွားသည်။

စာထဲ စျာန်ဝင်နေရင်း နှောက်ယှက်ခံရသည့် ခံစားချက်ကို သူတကယ် မုန်းတီးသည်။

သို့သော် လက်ပတ်နာရီပေါ်မှ ခေါ်ဆိုသူ ID ကို ကြည့်ပြီး လဲ့မုန့်မုန့်မှန်း သိလိုက်ရသောအခါ သူ့စိတ်တွေက ပြောင်းလဲသွားပြီး ဖုန်းကိုင်လိုက်တော့သည်။

"ဟေ့ ကျွမ်းကျင်သူနီးပါး.. တစ်ခုခု မှားယွင်းပြီး ဆက်နေတာလား.. ငါအခု စာရေးနေတာကွ"

အခြားစာရေးဆရာများက လဲ့ရှို့ကို လဲ့မုန့်မုန့်ဟု ခေါ်ဆိုရသည်အား နှစ်သက်သော်လည်း ဖေဖေဝမ်ကမူ "ကျွမ်းကျင်သူနီးပါး"ဟု ခေါ်ရသည်ကို ပိုနှစ်သက်သည်။

ယင်းမှာ လဲ့ရှို့ကို ဖေဖေဝမ် ပေးထားသည့် အထူးအမည်ပြောင် တစ်ခုလည်း ဖြစ်သည်။

ဝမ်လင်းက ကုတင်ပေါ်ပြန်လှဲအိပ်ပြီး နားကြပ်ကို ဖြုတ်လိုက်သောအခါ အနီးနားရှိ အသံများက သူ့နားထဲသို့ တဖြေးဖြေးပြန်ဝင်လာသည်။

တစ်ချိန်တည်းမှာပင် ဖေဖေဝမ် နှင့် လဲ့မုန့်မုန့်တို့ နှစ်ယောက်၏ စကားသံများက သူ့စိတ်ထဲသို့ စိမ့်ဝင်လာခဲ့သည်။

"အကိုစစ်ထူ… မင်းစာအုပ်က သူတို့ကို သေစေလိမ့်မယ်"

ဖုန်းလိုင်း၏ အခြားတစ်ဖက်တွင် လဲ့မုန့်မုန့်၏ စိတ်လှုပ်ရှားနေသော အသံက ကျယ်လောင်စွာ ထွက်ပေါ်လာသည်။

"မင်းရဲ့ ပထမအခန်းကို VIP ဝဘ်ဆိုက်မှာ တင်လိုက်ပြီ.. ဘယ်လိုထင်လဲ.. နှစ်နာရီ မပြည့်သေးခင်မှပဲ ကလစ်အရေအတွက် သုံးသိန်း ကျော်သွားခဲ့တယ်.. ပထမအခန်းမှာတင် အပြုသဘောဆောင်တဲ့ သုံးသပ်ချက် ရှစ်ဆယ့်ခုနစ်ရာခိုင်နှုန်းရှိတယ်"

လဲ့မုန့်မုန့်က အရူးတစ်ယောက်လို စိတ်လှုပ်ရှားနေပုံ ရသည်။

ပြင်ပလူများ အနေဖြင့် ဤ VIP ဝဘ်ဆိုက်၏ စာရင်းဇယား အယူအဆ တစ်စုံတစ်ရာကို မသိရှိနိုင်ပေ။

ထိုဝဘ်ဆိုက်က ကျင့်ကြံခြင်း စာဖတ်သူ နက်ဝေါ့ခ်မှ တည်ထောင်ထားသည့် VIP ဝဘ်ဆိုက်တစ်ခု ဖြစ်ပြီး စာရင်းသွင်းထားသည့် အနှစ်တစ်ရာကျော် သက်တမ်းရှိ အကောင့်များမှာ ၇သိန်းခန့် ရှိသည်။

ထို့ကြောင့် VIP ဝဘ်ဆိုက်တွင် ဝါရင့်စာဖတ်သူ ခုနစ်သိန်းရှိသည်ဟု သတ်မှတ်နိုင်ပေသည်။

ပုံမှန်အားဖြင့် မှတ်ပုံတင်ထားသော ဝါရင့်စာဖတ်သူများမှာ နှစ်အနည်းငယ်ကြာအောင် လှုပ်လှုပ်ခတ်ခတ် မဖြစ်ခဲ့ပေ။

လက်ရှိတွင် စုစုပေါင်း အသုံးပြုသူ ခုနစ်သိန်း ရှိသည့် အနက် ထက်ဝက်ခန့်မှာ ဖေဖေဝမ်၏ ဝတ္ထုအသစ်ကို ဖတ်ရှုပြီးပြီ ဖြစ်သည်။

ထို့အပြင် သုံးသပ်ချက် အဆင့် သတ်မှတ်ချက်က ပုံမှန်အဆင့်ကို ကျော်လွန်သွားပြီး အယ်ဒီတာရုံး တစ်ခုလုံးကိုပင် လုံးဝတုန်လှုပ် သွားစေခဲ့သည်။

ထိုသတင်းကို ကြားရသောအခါ ဖေဖေဝမ်က သေချာပေါက် ပျော်ရွှင်နေသော်လည်း ၎င်း၏ စရိုက်လက္ခဏာအရ ထိုသတင်း နှင့်ပတ်သက်၍ မည်သည့်အခါမျှ ထင်ထင်ရှားရှား နေမည် မဟုတ်ပေ။

"ကလစ်တွေ အများကြီးနှိပ်အောင် ဘယ်လိုလုပ်လိုက်တာလဲ.. ဘုရင်တစ်ပါးရဲ့ လမ်းစဥ်ထဲက ရောင်းအား ကောင်းစေတဲ့ နည်းလမ်းကို အသုံးချလိုက်တာလား"

"အစ်ကို စစ်ထူ.. သိပ်နှိမ့်ချမနေပါနဲ့.. ငါ့ကို အမှန်အတိုင်းပြောပါ.. မင်းက အနာဂတ်ကလာတဲ့ လူလား"

လဲ့မုန့်မုန့် မေးသော ဤမေးခွန်းက အလွန် လျှို့ဝှက်ဆန်းကြယ်သည်။

"ဟင်"

ဖေဖေဝမ်က အံ့အားသင့်သွားသည်။

"မင်းရဲ့ပထမဆုံး ဝဘ်ဝတ္ထုဖြစ်တဲ့ နို့ထိန်းမိခင်ဆီသွားကြစို့ကလည်း တအား အောင်မြင်ခဲ့တယ်.. အခု အင်မော်တယ်ဘုရင်ရဲ့ တိုက်ရိုက် ထုတ်လွှင့်မှုဘဝကလည်း အကြီးအကျယ် အောင်မြင်ပြီး ဝဘ်ဆိုက် မှတ်တမ်းတွေကို တစ်ဖန် ချိုးသွားပြန်ပြီ.. အနာဂတ်ကနေ အတိတ်ကို ပြန်သွားတဲ့အခါ အောင်မြင်တဲ့ စာအုပ်တွေကို ကူးချသူတွေ အကြောင်း ရေးထားတဲ့ စာအုပ်တချို့ကို အရင်က ဖတ်ဖူးတယ်.. မင်းက သူတို့ထဲက တစ်ယောက်လို့တော့ မပြောနဲ့နော်"

လဲ့မုန့်မုန့်က အံ့အားသင့်စွာ ပြောလိုက်သည်။

"ကျွမ်းကျင်သူနီးပါး.. မင်းဒီလို ဟာသတွေ ထပ်လုပ်ရင် ငါရေးတာ ရပ်လိုက်တော့မယ်"

“မလုပ်နဲ့ မလုပ်နဲ့.. ငါက နောက်တာပါ"

သူတို့ ဝဘ်ဆိုက်တွင် "ကျူးကော" ထွက်သွားခဲ့ပြီ ဖြစ်သည်။

"ဝမ်စစ်ထူ"ပါ ထွက်သွားပါက ဝဘ်ဆိုဒ်က ဆုံးရှုံးမှု ကြီးသွားနိုင်၏။

ဖုန်းခေါ်ဆိုမှု၏ အခြားတစ်ဖက်တွင် လဲ့မုန့်မုန့် လျှို့ဝှက်စွာ ပြုံးလိုက်သည်။

"မင်းအတွက် နောက်ထပ် သတင်းကောင်းတစ်ခု ရှိသေးတယ်"

လဲ့မုန့်မုန့်၏ စကားကို နားထောင်ရင်း ဖေဖေဝမ်၏ အမူအရာက တဖြည်းဖြည်း ထူးဆန်းလာသည်။

"ဘာသတင်းကောင်းလဲ"

"ပရိသတ် တစ်ယောက်က ငါတို့ဝဘ်ဆိုက်မှာ မင်းအတွက် ဆုချသွားတယ်.. အစမ်းသုံး အခန်းအတွက် VIP ကဏ္ဍမှာ တင်ပြီးပြီးချင်းကို ဆုချသွားခဲ့တာ.. ဒီမနက်ကမှ VIP ဝဘ်ဆိုဒ်မှာ မူကြမ်းတင်ဖို့ မင်းနဲ့ငါ ဆုံးဖြတ်လိုက်တာလေ.. ဒီအကြောင်းကို တခြားဘယ်သူမှတောင် မသိဘူး.. ငါတို့ရဲ့ ဝါရင့် စာဖတ်သူတွေတောင် သိမထားဘူး"

"ထူးဆန်းတာက… ငါတို့ ဝဘ်ဆိုဒ်က ဒီ ID ကို စုံစမ်းစစ်ဆေးကြည့်တော့ ဒီ VIP စာဖတ်သူ အကောင့်က အချိန်အတော်ကြာ လှုပ်ရှားမှု မရှိတာကို တွေ့ခဲ့ရတယ်.. ဒါပေမယ့် ဒီနံနက် နှစ်နာရီ၊ သုံးနာရီလောက်မှာ တစ်စုံတစ်ယောက်က ဒီအကောင့်ထဲကို ရုတ်တရက် ဝင်ရောက်ပြီး ID ကို ပြောင်းလိုက်တယ်.. ဒီ အကောင့်ကို မိသားစု အတွင်း လက်ဆင့်ကမ်းထားတာ မဟုတ်ရင် အခြား ချန်နယ်တွေက ဝယ်ယူခဲ့တယ်လို့ ငါတို့ သံသယရှိတယ်"

ဖေဖေဝမ်က မျက်မှောင်ကြုတ်သွားသည်။

"နံနက် နှစ်နာရီ သုံးနာရီလား"

ထိုအချိန်တွင် သူက သူ၏ ဝတ္ထုအသစ် အတွက် လှုံ့ဆော်မှု တစ်ခုရရန် ရွှယ်လေး၏ တိုက်ရိုက် ထုတ်လွှင့်မှုတွင် ပါဝင်ခဲ့သည်ကို သတိရမိသည်။

ဒါဆို ဒီလူက တိုက်ရိုက်ထုတ်လွှင့်မှုက ပရိသတ်အချို့ ဖြစ်နိုင်ပါသလော။

ဖေဖေဝမ် အနည်းငယ် စိတ်ရှုပ်သွားသည်။

ပထမအခန်း၏ မူကြမ်းကို အပြီးသတ်ပြီးနောက် စမ်းသပ်သည့်အနေဖြင့် VIP ဝဘ်ဆိုက်ပေါ်သို့ တင်မည်ကို မည်သူမျှ မသိခဲ့ပေ။

သို့ဆိုလျှင် မည်ကဲ့သို့ ကြိုတင် ပေါက်ကြားခဲ့ပါသနည်း။

"သောက်-ချီးပဲ.. ဒီရက်ပိုင်းမှာ ဝဘ်ဝတ္ထု စာရေးဆရာ တစ်ယောက်တောင် ကေပေါ့စ်အိုင်ဒေါတွေလို သည်းသည်းလှုပ် အားပေးတဲ့ ပရိသတ်တွေ ရှိနေပြီလား"

တစ်ဖက်တွင် လဲ့မုန့်မုန့်က ငြိမ်သက်သွားပြီး

"အစ်ကို စစ်ထူ...ဒီစာဖတ်သူက မင်းကို ဘယ်လောက်ထိ ပေးခဲ့တယ် ဆိုတာ သိရဲ့လား.. အဲဒါက ကျင့်ကြံခြင်း စာပေ ဒင်္ဂါး သန်းတစ်ရာပဲ"

"အရမ်းများတယ်..."

နို့ထိန်းမိခင်ဆီသွားကြစို့ ဝတ္ထု၏ နောက်ဆုံးအပိုင်းကို ရေးနေစဥ်မှာပင် ဖေဖေဝမ်က ယခုလောက် ကြီးကျယ်သည့် စာဖတ်သူကို တစ်ခါမှ မကြုံဖူးခဲ့ပေ။

ကျင့်ကြံခြင်းစာပေ ဒင်္ဂါး သန်းတစ်ရာမှာ ယွမ် တစ်သန်းနှင့် ညီမျှသည်။

၎င်းကို ဝဘ်ဆိုက်နှင့် ခွဲယူပြီးပါက သူ့အတွက် ယွမ် ငါးသိန်း သိမ်းဆည်းနိုင်မည် ဖြစ်သည်။

တစ်စုံတစ်ယောက်က သူ့အား ငွေအမြောက်အမြား လက်ဆောင်ပေးခဲ့သည်ကို ကြားလိုက်ရသဖြင့် ဖေဖေဝမ်က နှလုံးသားထဲကနေ လေးနက်သော ခံစားချက်ဖြင့် သက်ပြင်းချလိုက်သည်။

"ဒါနဲ့ စာဖတ်သူ ID ကဘာလဲ"

"စူပါ အထက်တန်းကျောင်း အဆင့် လက်ထောက်ညွှန်ကြားရေးမှူး"

လဲ့မုန့်မုန့်က ပြန်ဖြေလိုက်သည်။

ထိုစကားကိုကြားလျှင် ဖေဖေဝမ်၏ မျက်နှာက ရုတ်တရက် မည်းမှောင်သွားပြီး သူ့အကြည့်တွေက ဝမ်လင်း၏ အခန်းဆီသို့ ဦးတည်သွားခဲ့သည်။

"အင်း.. တစ်ခုခုတော့ တွေးလို့ရပြီ ထင်တယ်.. နောက်မှ ဖုန်းဆက်လိုက်မယ်"

ဖေဖေဝမ်က စကားစကို ဖြတ်လိုက်ပြီး သူ့ လက်ပတ်နာရီမှ ဖုန်းခေါ်ဆိုမှုကို အဆုံးသတ်လိုက်သည်။

"ဝမ်လင်း.. ဒီကိုလာစမ်း"

ဝမ်လင်း "..........."

All Chapters