ကြောက်လန့်နေသော မျောက်ကုဒ်ဒါ ဘလက်လေး
Vol. 6 Ch. 80
တစ်စုံတစ်ယောက်က သူ့ကို လျှို့ဝှက်စုံစမ်းနေကြောင်း ဝမ်လင်း ကောင်းကောင်းသိသည်။
သို့မဟုတ်လျှင် ကျိုးရီ၏ အကန့်အသတ်ရှိသော အရည်အချင်းလေးဖြင့် လွန်ခဲ့သော ၆နှစ်မှ ဖြစ်ရပ် အပြီးတွင် သူ့ကို ခြေရာခံနိုင်စရာ နည်းလမ်းမရှိချေ။
သို့သော် ဝမ်လင်းက ခြေရာခံသည့်သူကို ဖမ်းချင်သဖြင့် သူ့ကိုယ်သူ စွန့်လွှတ်ကာ တိတ်တဆိတ် စောင့်ဖမ်းခဲ့သည်။
ကျိုးရီက အမှတ်၆၀ အထက်တန်းကျောင်း၏ ဂိတ်တံခါးရှေ့တွင် သူ့ကို စောင့်ဆိုင်းနေချိန် ကတည်းက ဝမ်လင်း အနေဖြင့် ကြိုတင် ပြင်ဆင်ထားပြီးသား ဖြစ်သည်။
ကျိုးရီ၏ နောက်ကွယ်တွင် ပုန်းအောင်းနေသည့်လူက သူ့ကိုယ်သူ ကိုယ်ထင်ပြရန် အတင့်ရဲခဲ့သည်။
ဝမ်လင်းက ဝမ်မင်ကို တော်ရုံဆို အကူအညီ မတောင်းသော်လည်း ယခုတစ်ကြိမ်တွင် အခြေအနေကို အကျဉ်းချုပ်အနေဖြင့် မက်ဆေ့ခ်ျတစ်စောင် ပေးပို့ခဲ့သည်။
ငါးမိနစ်လောက် အကြာတွင် ဝမ်မင်က သူ့ကို နံပါတ်တစ်လိုင်း ပေးပို့လိုက်သည်။
၎င်းမှာ ကျင့်ကြံခြင်း စာဖတ်သူ နက်ဝေါ့ခ်ရှိ "စူပါအထက်တန်းကျောင်း အဆင့် လက်ထောက်ညွှန်ကြားရေးမှူး" စာဖတ်သူ ID မှ တစ်ဆင့် ခြေရာခံခဲ့သော အကောင့် ဝင်ရောက်သည့် တည်နေရာ ကိုသြဒိနိတ်များ ဖြစ်သည်။
ကျိုးရီ၏ နောက်ကွယ်မှ လျှို့ဝှက်ဆန်းကြယ်သော မျောက်ကုဒ်ဒါ သည် အွန်လိုင်း အကောင့်တစ်ခု အသုံးပြုသည့်အခါတိုင်းတွင် ၎င်း၏ တည်နေရာကို ဝှက်ထားရန် တည်နေရာ ကိုသြဒိနိတ်များကို ပြောင်းလဲနိုင်သည့် ပထမတန်းစား ကွန်ပျူတာ ကျွမ်းကျင်ပညာရှင် ဖြစ်သည်။
(Monkey coder= ပရိုဂရမ်မာ သို့မဟုတ် ဆော့ဝဲဖ်ရေးသားသူကို ခေါ်သော ဗန်းစကား အသုံးအနှုန်း)
သို့သော် ကံမကောင်းစွာပဲ ဤတစ်ကြိမ် သူ့ပြိုင်ဘက်က ဟွာရှို့နိုင်ငံ၏ စွမ်းအားအကြီးဆုံး ဦးနှောက် ဖြစ်နေခဲ့၏။
ဝမ်မင် ပေးပို့သော ကိုသြဒိနိတ်များကို လေ့လာပြီးနောက် ဝမ်လင်းက"ကြီးမြတ်သော တည်နေရာ ရွှေ့ပြောင်းခြင်း မန္တန်"ကို အသုံးပြု၍ ဟွာရှို့နိုင်ငံ နယ်စပ်ရှိ လျှို့ဝှက်ဆန်းကြယ်သော မြေအောက် သုတေသန ဓာတ်ခွဲခန်းသို့ ချက်ချင်း သွားရောက်ခဲ့သည်။
..................
ဝမ်လင်းက ကျယ်ဝန်းသော သုတေသန ဓာတ်ခွဲခန်း အတွင်း ရုတ်တရက် ပေါ်လာပြီး လက်နှစ်ဖက်ကို မြှောက်ကာ ဖောက်ခွဲရန် အဆင်သင့် ဖြစ်နေသော အမူအရာဖြင့် စိတ်ဝိညာဥ်ဗုံးကို ကိုင်ထားသည်။
စိတ်ဝိညာဥ်ဗုံးထံမှ အလင်းရောင်ကြောင့် ဓာတ်ခွဲခန်း တစ်ခုလုံးက လင်းထိန်နေသည်။
အနက်ရောင် အသားကပ် အင်္ကျီဝတ်ဆင်ထားသော အမျိုးသားက ထိုမြင်ကွင်းကြောင့် လုံးဝ ထိတ်လန့်သွားသည်။
ယင်းနောက်ပိုင်းတွင် ဝမ်လင်း၏ ညွှန်ကြားချက်အတိုင်း ထိုလူက ကျိုးရီကို တုန်တုန်ယင်ယင်ဖြင့် အပြစ်တင် ဆုံးမနေခဲ့သည်။
သူက သူ၏ ခေါင်းကိုပင် လှည့်မကြည့်ရဲခဲ့ပေ။
ကျိုးရီက သူ၏ စကားတွေကို နှလုံးသားထဲတွင် အမှန်တကယ် လက်ခံသွားမည်ဟု မည်သူသိနိုင်မည်နည်း။
"သောက်.. ဒါက ပြဿနာကြီးပဲဟ.. လခွမ်း"
ကျိုးရီက သာမန် ကျောင်းသားတစ်ဦးကို စုံစမ်းနေသည်ဟု သူအမြဲ ထင်နေခဲ့သည်။
ဤကလေးက အမြောက်တစ်လက်လို ကြောက်စရာကောင်းပြီး နျူကလီယား ဗုံးတစ်လုံး ကိုင်ဆောင်ထားမည်ဟု မည်သူက သိနိုင်မည်နည်း။
အကယ်၍ ဤဗုံးသာ ပေါက်ကွဲခဲ့ရင်.. ဓာတ်ခွဲခန်းတစ်ခုလုံးတင် မကဘဲ နယ်စပ် တစ်လျောက်လုံး တစ်စစီ ဖြစ်သွားလိမ့်မည် မဟုတ်လော။
ဓာတ်ခွဲခန်းမှ လူက ဓားစာခံကဲ့သို့ လက်နှစ်ဖက်ကို အပေါ်သို့ မြှောက်၍ ပြောလိုက်သည်။
"ကြီးကျယ်မြင့်မြတ်တဲ့ အင်မော်တယ်ကြီး.. မင်းခိုင်းတဲ့ အတိုင်း ငါလုပ်ပြီးပါပြီ"
ဖေဖေဝမ်က ဝမ်လင်းကို ကိုယ့်အရှုပ်ထုပ် ကိုယ်ရှင်းရန် ရာဇသံပေးထားသည်။
မလုပ်နိုင်လျှင် သူအနှစ်သက်ဆုံး ခေါက်ဆွဲ အကြွပ်ကြော်များကို ဖေဖေဝမ်က ဘယ်တော့မှ ကျွေးမည် မဟုတ်တော့ပေ။
ဝမ်လင်းက တိတ်တဆိတ် ခေါင်းညိတ်ပြလိုက်ပြီး စိတ်ဝိညာဉ်ဗုံးကို ရုပ်သိမ်းလိုက်သည်။
သူ့နောက်မှ အလင်းရောင်နှင့် လေဖိအားများ သိသိသာသာ လျော့ကျသွားသည်ကို ခံစားလိုက်ရသဖြင့် နောက်ဆုံးတွင် ထိုလူက သက်ပြင်းရှည်ကို ချလိုက်သည်။
အနည်းဆုံးတော့ ဆယ်စုနှစ်များစွာ ကြာအောင် ကြိုးကြိုးစားစား လုပ်ဆောင်ခဲ့သော သုတေသန ဓာတ်ခွဲခန်းကို ထိန်းသိမ်းထားနိုင်ခဲ့ပြီ ဖြစ်သည်။
သို့သော် ဝမ်လင်း၏ ခွင့်ပြုချက်မရဘဲ ထိုလူက အနောက်သို့လှည့်ကြည့်ရန် လုံးဝ မဝံ့ရဲပေ။
ဝမ်လင်းက သူနှင့် ပတ်သက်သည့် စုံစမ်းစစ်ဆေးမှု မှတ်တမ်းအားလုံးကို လုံးဝ ဖျက်ပစ်ရန် ဒုတိယအကြိမ် ညွှန်ကြားခဲ့သည်။
ထိုလူက ချက်ခြင်းပဲ သူ့ကွန်ပြူတာတွင် အလုပ်စလုပ်ခဲ့ပြီး အသက်ပြင်းပြင်းရှူဖို့ပင် မဝံ့ရဲခဲ့ပေ။
နှစ်မိနစ် အကြာတွင် ဂြိုလ်တု လွှတ်တင်သည့် နေရာ၌သာ တွေ့ရှိနိုင်သည့် ကျယ်ပြန့်သော အမျိုးအစား မော်နီတာ ဖန်သားပြင်ပေါ်တွင် "ပယ်ဖျက်ခြင်း အောင်မြင်သည်" ဟူသော အရွယ်အစား ထုထည် ကြီးမားသည့် စာသားတစ်ခု ပေါ်လာသည်။
ထိုလူက သူ့လက်နှစ်ဖက်ကို တဖန် မြှောက်၍ ပြောလိုက်သည်။
"မြင့်မြတ်တဲ့ အင်မော်တယ်ကြီးရဲ့ မှတ်တမ်းတွေ အားလုံးကို ဖျက်ပြီးပါပြီ.. အရန်အနေနဲ့ သိမ်းထားတာတွေလည်း မရှိတော့ပါဘူး"
ဝမ်လင်းက ခဏမျှ တိတ်ဆိတ်သွားသည်။
သို့သော် နောက်ဆုံးတွင် သူက ထိုလူကို အပြည့်အဝ မယုံကြည်သေးပေ။
ဝမ်လင်းက ရှေ့သို့ လှမ်းလိုက်သည်နှင့် ပြင်းထန်သော ဝိညာဉ်လှိုင်းစွမ်းအားက ၎င်းကို ဗဟိုပြု၍ ထွက်ပေါ်လာသည်။
ချက်ချင်းပင် "ဖင်း...ဖင်း.. ဖင်း.." ဟူသည့် သတိပေး အချက်ပြအသံများက မော်နီတာမှ ထွက်ပေါ်လာ၏။
ယခုမှ သူစိတ်သက်သာရာ ရသွားသည်။
အနည်းဆုံးတော့ ဤနေရာ၌ ဒေတာများ အားလုံးကို ဖျက်ဆီးပစ်လိုက်ပြီဟု သူစိတ်ချနိုင်ပြီ ဖြစ်သည်။
ထိုလူက အလွန် ထိတ်လန့်သွားသဖြင့် မြေပြင်ပေါ်တွင် ဝပ်ကာ ခေါင်းကို ငုံ့ထားလိုက်သည်။
ဝမ်လင်းက ပတ်ဝန်းကျင်ကို အကဲခတ်လိုက်ရာ ဤနေရာတွင် မျောက်ကုဒ်ဒါ ဘလက်လေး၏ ထူးဆန်းသော တီထွင်မှုများစွာ ရှိသည်ကို မမျှော်လင့်ဘဲ သဘောပေါက်လိုက်သည်။
၎င်းတို့အထဲတွင် အထင်ရှားဆုံး မျက်မှန်း တန်းမိသည့် အရာမှာ အချင်းတစ်မီတာ ကျယ်သော အမြောက်ကြီး ဖြစ်၏။
၎င်းက ဓာတ်ခွဲခန်း၏ အလယ်တွင် မီးခိုးခေါင်းတိုင် တစ်ခုကဲ့သို့ ငြိမ်သက်စွာ ရှိနေပြီး ဘေးတစ်ဖက် တစ်ချက်စီတွင် စွဲမက်ဖွယ် ကောင်းသော အမြောက်ကျည် နှစ်လုံး ပါရှိသည်။
ဝမ်လင်းက အမြောက်ကို ညွှန်ပြပြီး ဘလက်လေးကို ဝိညာဥ်ရေး အာရုံဖြင့် ပြောလိုက်သည်။
"ဒါက ဘာလဲ"
ဘလက်လေးက ခေါင်းကို ငုံ့ထားသည်။
သူက ဝမ်လင်းကို တိုက်ရိုက်ကြည့်ရန် လုံးဝ ကြောက်ရွံ့နေသည်။
"ဒါက... အမ်းစထရောင်း ဆိုင်ကလုန်း ဂျက် အမ်းစထရောင်း အမြှောက်ပါ"
ဘလက်လေးက မဝံ့မရဲ ပြောလိုက်သည်။
(armstrong=လပေါ်သို့ ပထမဆုံး ခြေချနိုင်ခဲ့သည့် အာကာသယဥ်မှူး)
"..............."
"ဒါက ဘယ်လို သောက်တလွဲ နာမည်မျိုးလည်းဟ"
ဝမ်လင်းက အမြှောက်ကို ပိုကြည့်လေ သံသယဖြစ်စရာ ပေါ်လာလေ ဖြစ်လာသည်။
သူက လက်တစ်ဖက်ကို မြှောက်လိုက်သည်။
စူးစူးရဲရဲ တောက်လောင်နေသော အလင်းရောင်နှင့် အတူ "ဝုန်း" ဟူသည့် အသံကြီး ထွက်ပေါ်လာသည်။
ဤကြီးမားသော အမြောက်က ပေါက်ကွဲကာ ပြာများပင် လေထဲသို့ လွင့်ပျံသွားသည်။
ပေါက်ကွဲမှုကနေ ထွက်ပေါ်လာသည့် မီးခိုးငွေ့များက ဓာတ်ခွဲခန်း၏ မီးကာကွယ်ရေး စနစ်ကို တိုက်ရိုက် အသက်သွင်းပေးလိုက်ရာ ဖြန်းစက်များမှ အားကောင်းသော ရေပန်းများ ထွက်ပေါ်လာ၏။
ဘလက်လေးက မော့ကြည့်လိုက်ရာ ဝမ်လင်း ပျောက်ကွယ်သွားပြီ ဖြစ်ကြောင်း တွေ့လိုက်ရသည်။
…...............
ပျက်စီးသွားသော သုတေသန ဓာတ်ခွဲခန်း၏ ကြမ်းပြင်ပေါ်တွင် ဘလက်လေးမှာ ခွေခွေလေး လဲကျနေသည်။
သူက လုံးလုံးလျားလျား စိုစွတ်နေပြီး သူ၏ အနက်ရောင် အသားကပ်ဝတ်စုံက ယခုအခါတွင် ရေကူးဝတ်စုံနှင့်ပင် တူနေသည်။
သူက တုန်တုန်ယင်ယင်ဖြင့် စီးကရက် တစ်လိပ်ကို ထုတ်ယူကာ မီးညှိလိုက်သည်။
"အားလုံးကို ဖျက်ဆီးပစ်လိုက်တာလား"
ဘလက်လေးက ရင်ထဲတွင် နာကျင်စွာဖြင့် ခေါင်းကို ငုံ့ထားလိုက်သည်။
သူကြိုးစား လုပ်ဆောင်ခဲ့သော တီထွင်မှုများ၊ ဆယ်စုနှစ်များစွာ သုတေသနပြုမှု ရလဒ်များ၊ အမ်းစထရောင်း ဆိုင်ကလုန်းဂျက် အမ်းစထရောင်း အမြှောက်... အားလုံးက တစ်ခါတည်းဖြင့် ပျက်စီးသွားပြီ ဖြစ်သည်။
အရေးအကြီးဆုံး အချက်မှာ ဤလူငယ်နှင့် ပွဲတွင် သူက အနိုင်ရဖို့ နေနေသာသာ သူ၏ စမ်းသပ်ခန်းကိုပင် မထိန်းသိမ်းနိုင်ခဲ့ပေ။
သူ့ ကျင့်ကြံမှု နယ်ပယ်က ကမ္ဘာပေါ်တွင် အကောင်းဆုံး မဟုတ်သော်လည်း အနည်းဆုံးတော့ ထိုကောင်လေးကို လှုပ်ခတ်ရန် လုံလောက်သော စွမ်းအားရှိနေသေးသည်ဟု ကနဦးတွင် ခံစားမိခဲ့သည်။
သို့သော် လက်တွေ့တွင် ဝမ်လင်း၏ ခွန်အားက သူ့ကို လည်ပင်းညှစ်ထားသကဲ့သို့ အသက်ရှူကျပ်လာစေပြီး သေလုမျောပါး ဖြစ်စေခဲ့သည်။
ဘလက်လေးက ကျင့်ကြံခြင်း နယ်ပယ် ကွာဟချက်မှ ထွက်ပေါ်လာသည့် စစ်မှန်သော အရှိန်အဝါ ဖိနှိပ်မှုမျိုးကို မခံစားရသည်မှာ ကြာမြင့်နေပြီ ဖြစ်သည်။
"ဒီလူက အရမ်းကြောက်ဖို့ ကောင်းတယ်"
ဘလက်လေးက စီးကရက်ကိုဖွာ၍ တုန်တုန်ယင်ယင် ရေရွတ်လိုက်သည်။
ဤနှစ်များ တစ်လျှောက်လုံးတွင် သူက ဤကမ္ဘာမြေပေါ်၌ မည်သို့သောသူကို စုံစမ်းနေခဲ့ပါသနည်း။
စီးကရက် တစ်လိပ် သောက်ပြီးနောက် ဘလက်လေး၏ လှုပ်ရှားနေသော စိတ်က ငြိမ်သက်သွားသည်။
အခြေအနေကို အစီရင်ခံရန် တစ်စုံတစ်ဦးကို ဖုန်းခေါ်ချင်သော်လည်း သူ၏ လက်ပတ်နာရီပင် ဝိညာဉ်အားလှိုင်း တုန်ခါမှုကြောင့် ပျက်စီးသွားသည်ကို တွေ့ခဲ့ရသည်။
ဓာတ်ခွဲခန်းရှိ အီလက်ထရွန်နစ် စက်ပစ္စည်းများတွင် မည်သည့်အရာကိုမှ အသုံးမပြုနိုင်တော့ချေ။
ထိုလူငယ်က အလွယ်တကူ သယ်သွားနိုင်သည့် နျူကလီးယားထိပ်ဖူးတပ် လူသားမျှသာ မဟုတ်ပေ။
ထိုလူငယ်က သောက်ရမ်း ကြောက်ဖို့ကောင်းသည့် EMP ဗုံးလည်း ဖြစ်သည်။
(EMP boom=လျှပ်စစ်သံလိုက်စက်ကွင်းဗုံး၊ ထိုဗုံးကြောင့် ဖြစ်ပေါ်လာသော လျှပ်စစ်သံလိုက် စက်ကွင်းက ဆက်သွယ်ရေးကို အနှောင့်အယှက်ပေးနိုင်ပြီး အီလက်ထရွန်းနစ် ပစ္စည်းများကို ပျက်စီးစေနိုင်သည်)
ယခုတော့ စက်ပစ္စည်း အားလုံး ပျက်စီးသွားသဖြင့် ဖုန်းမခေါ်ဆိုနိုင်တော့ပေ။
ဘလက်လေးက အစီရင်ခံစာကို လက်ဖြင့်သာ ရေးသားနိုင်ခဲ့ပြီး ဓာတ်ခွဲခန်း ပျက်စီးမှုကို သတင်းပို့ရန် အခွင့်အရေးကို ရှာဖွေခဲ့သည်။
….............
မေ ၁၆ရက် နေသာသောနေ့.....
ဓာတ်ခွဲခန်းက မကြုံစဖူး ပျက်စီးမှုများနှင့် ကြုံတွေ့ခဲ့ရသည်။
လက်ရှိ ခန့်မှန်းချက်အရ ဂြိုလ်တုကွန်ပြူတာ သုံးလုံး၊ အမ်းစထရောင်း ဆိုင်ကလုန်းဂျက် အမ်းစထရောင်း အမြှောက် နှင့် ဆက်သွယ်ရေး ကိရိယာ အားလုံး ပျက်စီးဆုံးရှုံးခဲ့ရသည်။
ဒေတာအားလုံး ပျက်စီးသွားခဲ့ပြီး ကနဦး ခန့်မှန်းချက်များအရ ဒေတာ ပြန်လည် ရယူနိုင်မည့် ရာခိုင်နှုန်းမှာ သုညနှင့် အတော်လေး နီးစပ်နေသည်။
တစ်ချိန်တည်းမှာပင် ဓာတ်ခွဲခန်းမှ တီထွင်ထားသော အနက်ရောင် နည်းပညာနှင့် ကမ္ဘာ၏ အခြားသော နေရာများရှိ သုတေသန ကိစ္စရပ်များမှာ ထိန်းချုပ်မှုကနေ လွတ်ကင်းသွားခဲ့သည်။
သူ့အနေဖြင့် ဤကိစ္စကို အဖွဲ့အစည်းက အလေးထား ဆောင်ရွက်မည်ဟု မျှော်လင့်ရုံသာ ရှိတော့သည်။
ထို့အပြင် ဓာတ်ခွဲခန်းကို ဖျက်ဆီးခဲ့သူမှာ မည်သူမည်ဝါဖြစ်ကြောင်း ရေးရန် ပြင်လိုက်သည်။
ထိုသို့ရေးနေရင်း ဘလက်လေးက ရုတ်တရက် ရပ်တန့်လိုက်သည်။
".............."
"နေပါဦး..."
ဒီ ကြောက်စရာကောင်းတဲ့ ခွန်အားနဲ့ လူငယ်လေး....
"လခွမ်း.. သူ့ရဲ့ နာမည်က ဘာလဲဟ"